Monday, March 24, 2008
လမ်းကလေးများ အကြောင်း
ဘ၀မှာ လျှောက်ခဲ့ဖူးတဲ့ လမ်းကလေးတွေ အများကြီးရှိခဲ့တယ်။ အခု လက်ရှိမှာ လျှောက်နေဆဲ ကိုယ့် လမ်းကလေးရဲ့အကြောင်းကို တွေးကြည့်မိရင်းက… အရင်က လျှောက်ဖူးခဲ့တဲ့ လမ်းကလေးတွေထဲက ကိုယ့်ကို အမြဲတမ်း အမှတ်ရနေစေတဲ့ လမ်းကလေးတွေကို သတိရပြီး ဒီပိုစ့်လေးကို ရေးမိပါတယ်။
အမေ့ရဲ့ ရင်ခွင်လမ်း
လူမှန်းသိတတ်ခါစ လမ်းလျှောက်တတ်ခါစ အရွယ်မှာ ပထမဦးဆုံး လျှောက်ခဲ့ရတဲ့ လမ်းကလေးကတော့ အမေ့ရဲ့ရင်ခွင်လမ်း ကလေးပါ။
အဲဒီလမ်းကလေးဟာ အမေ့ရဲ့ သနပ်ခါးနံ့ လေးတွေ အမြဲတမ်း သင်းပျံ့ နေတတ်တယ်။
အဲဒီလမ်းကလေးမှာ “မပန်းဖြူလေး ကတတ်တယ် ဘယ်သူလာလို့  သင်ပေးတယ်… ဘယ်ညာဝိုက်ကာ လက်ကိုချိုး ကောင်းပေ့ သည်ကကြိုး...” “မမွှေးထုံ မမွှေးထုံ ပါးကွက်ကြားနဲ့  သနပ်ခါးမှုန်.. မမွှေးထုံ ဘာလို့မွှေး ရှင်မတောင် သနပ်ခါးလိမ်းလို့မွှေး…” “နေလုံးနီနီ ညနေစောင်းတော့ အမေ့ကျောင်းကို သွားစို့ကွယ်…” အစရှိတဲ့ ကဗျာ သီချင်းသံ ချိုချိုလေးတွေရယ်၊ “ဖိုးလမင်းကြီးရေ… ထမင်းဆီဆမ်း ရွှေလင်ပန်းလေးပေးပါဟေ့...” တို့  “ရွှေယုန်နဲ့ ရွှေကျား သက်ကယ်ရိတ် အတူသွားကြတာပေါ့…” တို့  ဆိုတဲ့ အိပ်ရာဝင် ပုံပြင်လေးတွေနဲ့  အမြဲတမ်း ပြည့်နှက်နေတတ်တယ်။
မလျှောက်တတ် လျှောက်တတ်နဲ့  ယိုင်တိုင်တိုင် ခြေလှမ်းလေးတွေကို တစ်ချက်ကလေး အတိမ်းအစောင်း မဖြစ်ရလေအောင် ဂရုတစိုက် ပြုပြင် တည့်မတ် ထိန်းကျောင်း ပေးခဲ့တဲ့ အမေ့ရဲ့ရင်ခွင်လမ်း…
ဒီလမ်းကလေးဟာ တစ်ဘဝလုံး ရှေ့ဆက်လျှောက်ရမဲ့ လမ်းပေါင်းများစွာအတွက် ပြည့်ဝ လုံလောက်တဲ့ အားအင်တွေကို အမေ့ရဲ့ချစ်မေတ္တာ စွမ်းအားတွေနဲ့ အတူ အစပြုခဲ့တယ်။
ဗံဒါပင်လမ်း
အဖြူအစိမ်းဝတ်ကျောင်းသူဘဝမှာ ဆယ်နှစ်ကျော် လျှောက်ခဲ့ရတဲ့ လမ်းကလေးကတော့ ကျောင်း စာသင်ခန်းတွေကနေ မုန့်စားဖို့၊ မုန့်ဈေးတန်းလေးဆီကိုအသွား ဗံဒါပင်ကလေးတွေ အုပ်မိုးနေတဲ့ ခပ်ကျဉ်းကျဉ်း ကွန်ကရစ် လမ်းသွယ်ကလေးပါ။
နေ့ စဉ်နေ့ တိုင်း ကျောင်းစာသင်ချိန်တွေအပြီးမှာ သူငယ်ချင်းတွေနဲ့ တပျော်တပါး မုန့်စားသွားတိုင်း ဒီလမ်းကလေးကနေ လျှောက်သွားခဲ့ရတယ်။ လေခပ်ကြမ်းကြမ်း တိုက်လိုက်တိုင်း အဲဒီ ဗံဒါပင်တွေဆီက ကြွေကျလာတဲ့ ဗံဒါသီးလေးတွေကို သူငယ်ချင်းတွေ အတူတူ လုကောက်၊ အုတ်နီခဲတွေနဲ့ ထုပြီး ဗံဒါစေ့လေးတွေ ထုတ်စားခဲ့ကြဘူးတယ်။
အမေ့ရင်ခွင်ရယ် ကျောင်းကသင်ခန်းစာတွေရယ် စားဖို့ အိပ်ဖို့ ဆော့ကစားဖို့ရယ်ကလွဲပြီး ဘဝအမော သောကအပူ ဘာဆိုဘာမှ ခံစားနားလည်ဖို့ မလိုသေးတဲ့ ဖြူစင်လှပ လွတ်လပ်ပေါ့ပါးတဲ့ ကလေးအရွယ်မှာ လျှောက်ခဲ့ရတဲ့ ဗံဒါပင်လမ်း…
ဒီလမ်းကလေးဟာ တစ်ဘဝလုံး ဆက်လျှောက်ရမဲ့ လမ်းပေါင်းများစွာအတွက် ဖြူစင်တဲ့စိတ်ထားတွေနဲ့ အတူ ပြည့်ဝတဲ့ အတန်းပညာတွေကို ဆရာ ဆရာမတွေ၊ ချစ်တဲ့ သူငယ်ချင်းတွေ ရဲ့မေတ္တာတွေနဲ့ အတူ အစပြုခဲ့တယ်။
ခရေပင်လမ်း (Lover’s Lane)
တစ်ဆင့်တက်လို့  စွယ်တော်ရိပ်ကို ရောက်ခဲ့တဲ့အခါမှာ လျှောက်ခဲ့ရတဲ့ လမ်းကလေးကတော့ ခရေပင်လေးတွေ ဝေဝေဆာဆာ စီတန်းနေတဲ့၊ ချစ်သူစုံတွဲလေးတွေက ချစ်စနိုး Lover’s Lane လို့ နာမည်ပေးထားကြတဲ့ ခရေပင်လမ်းကလေးပါ။
အဲဒီလမ်းကလေးနဲ့ ဆိုရင် ဆယ်စုနှစ် တခုနီးပါး လက်ပွန်းတတီး ရင်းနှီးခဲ့ဘူးတယ်။
သူငယ်ချင်းတစ်စု အတန်းအားချိန်တွေတိုင်းမှာ အဲဒီလမ်းတစ်လျှောက် စကားတပြောပြောနဲ့လျှောက်ရင်း ခရေပင်တွေဆီက ကြွေကျလာတဲ့ ခရေပွင့်ငယ်လေးတွေကို တပျော်တပါး ကောက်ယူ သီကုံးခဲ့ကြဘူးတယ်။ အဲဒီလမ်းကလေးမှာ လာလျှောက်ကြတဲ့ အသစ်စက်စက် ချစ်သူစုံတွဲတွေကို စပ်စပ်စုစု လိုက်ချောင်းခဲ့ဘူးတယ်။ အဲဒီလမ်းကလေးမှာ တစ်ခါတစ်ခါ လာရောင်းတဲ့ ဝက်သား တုတ်ထိုးသည် ဦးလေးကြီးဆီမှာ တုတ်ထိုးတွေ တစ်ဝစားပြီး ကျောင်းတက်ခေါင်းလောင်းသံ ကြားတော့ အပြေးအလွှားအသွား ဦးလေးကြီးကို တုတ်ထိုးဖိုး ပိုက်ဆံပေးဖို့ မေ့ခဲ့ဘူးတယ်။ (အတန်း ပြီးတော့မှ ပြန်သွားပေးရတယ်။) အဲဒီလမ်းကလေးမှာ ချစ်သူနဲ့အတူ တယောက်လက်ကို တယောက်ဆုပ်ကိုင် တွဲလျှောက်ရင်း ရှေ့ဆက်ရမယ့် အနာဂတ်အတွက် မဆုံးတဲ့ အတွေးအိမ်မက်တွေကို ပုံဖေါ်ကြည်နူးခဲ့ကြဘူးတယ်။
ကျောင်းသင်ခန်းစာတွေတစ်ဖက် ချစ်သူကတစ်ဖက်နဲ့ အစစ မျှတအောင် ကြိုးစားရင်း ရှေ့ဆက် လျှောက်ရမယ့် ဘဝလမ်းအတွက် လက်တွေ့ ကျကျ စဉ်းစားစရာတွေကို တွေးတော ရင်မောရင်းနဲ့  လျှောက်ခဲ့ရတဲ့ ခရေပင်လမ်း …
ဒီလမ်းကလေးဟာ ကျောင်းစာသင်ခန်းထဲက စာတွေကိုသာမက အပြင်လက်တွေ့ မှာ တကယ်လျှောက်လှမ်းရမယ့် ဘဝလမ်း အတွက် အသိပညာ အတတ်ပညာတွေ သင်ခန်းစာတွေ အများကြီးရယ်၊ အရောင်တွေစုံလှတဲ့ လောကကြီးရဲ့ရိုးသားခြင်း၊ မရိုးသားခြင်း၊ ဖြူစင်ခြင်း၊ ညစ်ထေးခြင်း၊ လှည့်ဖျားခြင်း၊ ဟန်ဆောင်မာယာတွေ၊ ပရိယာယ်ကြွယ်ဝခြင်းတွေ၊ လူ လူခြင်း အနိုင်ကျင့် ခေါင်းပုံဖြတ် အမြတ်ထုတ် တတ်တာတွေ အစရှိတဲ့ ပြင်ပသင်ခန်းစာအချို့ တွေကို ပထမအဆင့်အဖြစ် စတင် နားလည်စ ပြုလာစေခဲ့တယ်။
ဘဝလမ်း
ဘဝတစ်ဆစ်ချိုးမှာ ကိုယ်တိုင်လျှောက်ဖို့  ကိုယ်တိုင်ကိုယ်ကျ၊ ကိုယ့်စိတ်တိုင်းကျ တည်ဆောက် ဖေါက်လုပ်ခဲ့တဲ့ လမ်းကလေးကတော့ ဘဝလမ်းပါဘဲ…
ဘဝတစ်ခုလုံးနဲ့ ရင်းပြီး လျှောက်ရမယ့်လမ်းကလေးတစ်ခုမို့  ဘဝလမ်း လို့ခေါ်ချင်ပါတယ်။ ကိုယ့်ကိုချစ်တဲ့သူနဲ့ ကိုယ်ကလဲ ချစ်တဲ့သူနဲ့အတူ ဘဝတစ်ခုကို စတင်ထူထောင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ယူဆခဲ့တဲ့ တစ်နေ့ မှာ ဒီလမ်းကလေးကို စတင်လျှောက်လှမ်းခဲ့ပါတယ်။
ချစ်ခြင်း မေတ္တာပန်းရနံ့ တွေ အစဉ်အမြဲ မွှေးပျံ့ နေတဲ့ ဒီလမ်းကလေးမှာ တယောက်နဲ့ တယောက် ချစ်ခင်ကြင်နာတွေမှုတွေ အလိုက်သိ ယုယမှုတွေ ယုံကြည်မှုတွေ နားလည်ခွင့်လွှတ်မှုတွေနဲ့  ပြည့်နှက်နေတတ်တယ်။ အဲဒီလမ်းကလေးမှာ ရင်ခုန်သံတွေ ဝါသနာတွေ ကာရန်တွေတူညီ နေတဲ့ အချစ်ရဲ့သံစဉ်တွေ အမြဲ ဆွတ်ပျံ့နေတတ်တယ်။ အဲဒီလမ်းကလေးမှာ အေးအတူ ပူအမျှ၊ ကောင်းတိုင်ပင် ဆိုးတိုင်ပင်၊ ပျော်ရွှင်ကြည်နူးစရာ အချိန်ပေါင်းများစွာကို အတူတကွ ကျော်ဖြတ်ခဲ့ကြသလို စိတ်ညစ်စရာ စိတ်သောကရောက်စရာ အခိုက်အတန့် လေးတွေ ကြုံတွေ့ ခဲ့ကြရရင်လဲ အတူတူ မျှဝေခံစားခဲ့ကြတယ်။ အဲဒီလမ်းကလေးမှာ အရင်က လျှောက်ခဲ့ဘူးတဲ့ လမ်းကလေးတွေနဲ့ မတူ တမူထူးခြားတာက လူ့ ဘဝရဲ့ လေးနက်တဲ့ အဓိပ္ပါယ်တစ်ချို့ကို တစထက်တစ သိနားလည်ခွင့် ရခဲ့တာပါဘဲ။
ဘာတွေဘယ်လိုဘဲဖြစ်ဖြစ်…
ကိုယ်ကိုတိုင်ရွေးချယ်လျှောက်လှမ်းခဲ့တဲ့ ဒီလမ်းကလေးကို တနေ့ ထက်တနေ့  ပိုပြီးသာယာဖြောင့်ဖြူးအောင် အတတ်နိုင်ဆုံး ကြိုးစားပြုပြင်ရင်း၊ ဒီလမ်းကလေးတလျှောက်မှာ အေးမြတဲ့အရိပ်အာဝါသ ရစေဖို့ အတွက် နှစ်ဦးသား အတူတကွ စိုက်ပျိုးထားတဲ့ သစ်ပင် ပန်းပင်ကလေးတွေကို အမြဲတမ်း စိမ်းလန်းစိုပြေစေအောင် နေ့ စဉ် ရေလောင်း ပေါင်းသင်ရင်း တဘဝလုံး ဆုံးခန်းတိုင်သည် အထိ ဘဝခရီးဖေါ်နဲ့ အတူ လျှောက်လှမ်းသွားကြရမယ့် ဘဝလမ်း…
အရင့်အရင် လျှောက်ခဲ့တဲ့ လမ်းကလေးတွေနဲ့ ရင်ခုန်သံခြင်း၊ လေးနက်ပုံခြင်း ၊ တာဝန်ရှိပုံခြင်း မတူညီကြတဲ့ ဒီလမ်းကလေးကို အစဉ်အမြဲ သာယာချမ်းမြေ့အောင် ချောမွေ့ ဖြောင့်ဖြူးအောင် နှစ်ယောက်စလုံးမှာ ညီတူညီမျှ တာဝန်တွေရှိနေကြတယ် ဆိုတာကို အပြည့်အဝ နားလည် လက်ခံ လာစေခဲ့တဲ့ လမ်းကလေးတစ်ခုပါဘဲ။
11 comments:
  1. တာဝန်တွေ ကိုယ်စီဝေမျှ ထမ်းဆောင်မဲ့ လက်တွဲဖော်က
    လမ်းတ၀က်မှာ လမ်းခွဲထွက်သွားတော့ တယောက်တည်း
    ခရီးလမ်းဆုံးထိရောက်အောင် လမ်းဆက်လျှောက်နေဆဲ။
    ပြန်လည်တမ်းတရင်းလေ
    ReplyDelete
  2. သက်ဝေရေ...ဒီpostလေးကို အရမ်းကြိုက်တယ်။ အရွယ်အပိုင်းအခြားကို လမ်းကလေးတွေနဲ့ဖွဲ့သီထားတာ အရမ်းလှပါတယ်။ သက်ဝေတို့ ဘဝလမ်းလေး ပန်းခင်းသောလမ်းလေးဖြစ်ပါစေ။(btw,ခရေပင်လမ်းက ဝက်သားဒုတ်ထိုးတခါမှ မစားဖူးလိုက်ဘူးကွယ်)
    ReplyDelete
  3. သက်ဝေတို့ ဘဝလမ်းလေး ပန်းခင်းသောလမ်းလေးဖြစ်ပါစေ။(ခရေပင်လမ်းက ဝက်သားဒုတ်ထို;သည်ရှိတယ်!ဒီဘက်ခေတ်မှာတော့ ရှိဘူးထင်တယ်။
    ReplyDelete
  4. ငြိမ်းချမ်းသောလမ်းမှာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ မသက်ဝေ။
    ReplyDelete
  5. လမ်းပေါင်းစုံလျှောက်ခဲ့ပြီးတဲ့ မမသက်ပေါ့နော်...။
    အင်း... လေးမ တော့ ခရေပင်လမ်းမလျှောက်ခဲ့ရဘူး...။
    လမ်းလေးတွေအကြောင်း..တစ်မျိုးစီဖတ်လိုက်.. လေးမ ရောလျှောက်ခဲ့ဖူးသလားပြန်စဉ်းစားလိုက်နဲ့... ။ ကောင်းတယ်..မသက်ရေ..။
    ReplyDelete
  6. လမ်းလေးတွေအကြောင်းရေးထားတာ ကောင်းတယ် သက်ဝေ... ခရေပင်လမ်းဆိုတော့ ဘယ်ကျောင်းက လမ်းလဲဟင်.. (အဟိ.. တက္ကသိုလ်တက်တုန်းက ကျောင်းပြေးနေတာ များတယ် သက်ဝေရ.. ).. :P
    သက်ဝေတို့ ရဲ့ ဘ၀လမ်းလေး အမြဲတမ်း သာယာဖြောင့်ဖြူးပါစေ... :)
    ReplyDelete
  7. လင်း.. စိတ်ချမ်းသာပါစေ..။
    တန်ခူး မြတ်နိုး မပန် လေးမ မနုစံ...
    အားပေးစကားများ နဲ့  ဆုတောင်းလေးတွေအတွက် ကျေးဇူး အထူးပါ။
    ရန်ကုန် စက်မှုတက္ကသိုလ် ခရေပင်လမ်း က ဝက်သားတုတ်ထိုး အကြောင်း ရယ်၊ ကျောင်းကဘဲ နောက်ထပ် ထူးထူးခြားခြား လမ်းလေးတစ်ခု အကြောင်းရယ်ကို နောက် ပိုစ့်အသစ်မှာ ရေးပါ့မယ်။
    မကြာမီ... လာမည်... မျှော်...။ :-P
    ReplyDelete
  8. သက်ဝေရဲ့ လမ်းကလေးတွေကို အကိုလည်း ကြည်နူး နှစ်သက်စွာ ပြန်လျှောက်ကြည့် သွားပါတယ်။ အဲဒီလမ်းလေးတွေပေါ်မှာ သားချော့တေးသံတွေ၊ ငှက်ကလေးတွေရဲ့ သီချင်းသံတွေ၊ ကျောင်းတက် ခေါင်းလောင်းသံတွေ၊ အနှောင်အဖွဲ့ကင်းတဲ့ ဘယ်တော့မှ ပြန်မရနိုင်တဲ့ လွတ်လပ်စွာ ရယ်မောသံလေးတွေ ပြန်ကြားလိုက်ရတယ်။ ဒါပေမယ့် အဲဒီအသံတွေအားလုံးကို ဘ၀လမ်းပေါ်က ဆူညံသံတွေက တခါတခါ ဘာမှ မကြားနိုင်အောင် ဖုံးဖုံးသွားတတ်တာကိုပဲ စိတ်တိုပါတယ်လေ။
    ReplyDelete
  9. သက်ဝေရဲ. လမ်းကလေးများအကြောင်းကို စိတ်ဝင်တစားဖတ်သွားပါတယ်။
    ReplyDelete
  10. ဘ၀လမ်းအဖုံဖုံကို
    ခြေလှမ်းအစုံစုံနဲ့
    လျှောက်လှမ်းခဲ့တဲ့ အစ်မရဲ့ဘ၀ပုံရိပ်ကို
    သေချာ ဖတ်သွားပါတယ်
    အဆင်ပြေ ပျော်ရွှင်ပါစေ .. ..
    ReplyDelete
  11. လမ်းကလေးကိုလျှောက်ရင်း လင့်ကလေးလည်း ယူသွားတယ်ဗျာ..
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...