Friday, August 1, 2008

တနေ့ တာ ဒိုင်ယာရီ

၆ နာရီ ၃၀ မိနစ် ။ ။ အိပ်ပုတ်လေး.. ထတော့.. ထတော့.. တဲ့။ နှိုးနေပြီ..။
ဝါး.. မနိပ်ပါလား.. အိပ်ရာက ထဖို့ ဆို ဘယ်လိုပျင်းမှန်းမသိပါဘူး။ ဒါပေမယ့်လဲ အိပ်ရေးထက် စားရေးခက် ဆိုသလိုပါဘဲ…။ ထမှ.. ထမှ…။ အလုပ်မရှိ အစားမရှိ လို့  ခဏခဏ နောက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရပြီး ပြုံးဖြဲဖြဲဖြစ်သွားမိ။ ဒါပေမယ့် ခဏလောက်တော့ ဆက်နှပ်လိုက်အုံးမယ်ကွယ်..။

၆ နာရီ ၅၀ မိနစ် ။ ။ ရေချိုးခန်းထဲက သစ်ပင်ပေါက်စကလေးတွေကို ရေနဲနဲလောင်း..။ တစ်ကိုယ်ရေ သန့် ရှင်းရေးတွေ ဘာညာ ဘာညာတွေလုပ်..။ ရေချိုး..။ ဒီနေ့ ရုံးကို ဘာဝတ်သွားရပါ့မလဲ လို့ ပါ တစ်ဆက်တည်း စဉ်းစား..။ ခေါင်းများတောင် ခြောက်ရပါဘိတော့…။

၇ နာရီ ၂၀ မိနစ် ။ ။ သိပ်လှသွားပြီလို့  ကိုယ့်ကိုယ်ကိုယ် ကျေနပ် အားရသွားတဲ့ အချိန်မှာ ပေါက်ထွက်တော့မတတ် အထပ်ထပ် ကြည့်ထားတဲ့ မှန်ရှေ့ ကခွာ…။ ဒီအချိန်မှာ သူက ထမင်းစားပွဲမှာ ကော်ကော် နှစ်ခွက်နဲ့  ပေါင်မုန့် တွေနဲ့  ဟီးဟီး.. အဆင်သင့် စောင့်နေပြီပေါ့…။ မစားခင် ဘုရားကို ဘိုဆန်ဆန်ဘဲ Coffee နဲ့  ပေါင်မုန့် ကပ်ရင်း ဘုရားရှိခိုး..။ ဘာဆုတွေတောင်းသေးလဲ.. ဟုတ်လား..။ ဟင့်အင်း... မပြောပြဘူး..။

၇ နာရီ ၃၅ မိနစ် ။ ။ မုန့် စားတော့ ထုံးစံအတိုင်းဘဲပေါ့.. လောနေပြီ။ ဒီနေ့  ရုံးမှာ အစည်းအဝေးရှိတယ်တဲ့၊ မြန်မြန်စားနော် တဲ့၊ အိပ်ပုတ်လိုက်တာကလဲ လွန်ရောဘဲ တဲ့…။ စကားမစပ်.. သူက အမြဲတမ်း မနက်ဆို ၆ နာရီဆို ထ.. ရေမိုးချိုး.. TV မှာလာတဲ့ သတင်းတွေကြည့်.. Breakfast အဆင်သင့်ပြင်ပြီး စောင့်နေကျ..။ လိမ္မာတယ်နော်… ဟီဟိ..။ (ကြုံကြွား…)

၇ နာရီ ၅၀ မိနစ် ။ ။ စားပြီးတော့မှ နှုတ်ခမ်းနီဆိုး… ညကထဲက အဆင်သင့်ပြင်ထားတဲ့ ပိုက်ဆံအိပ်ကို ဆွဲပြီး အိမ်ကထွက်ကြတယ်..။ ကံကောင်းတာတစ်ခုက နှစ်ယောက်စလုံး အလုပ်သွားရတဲ့ နေရာက မနီးမဝေးတွေမို့  အသွားအပြန် အတူတူ သွားလို့ ရတာပေါ့..။

၈ နာရီ ၂၀ မိနစ် ။ ။ ရုံးရောက်တော့ အလုပ်တွေက စားပွဲပေါ်မှာ ကိုယ့်ထက်အရင်စောပြီး မိန့် မိန့် ကြီး နေရာယူနေကြပြီ..။ ဘာမှ စမလုပ်သေးခင် Computer အရင်ဖွင့် G Talk နဲ့  MSN Messenger ကို Sign In အရင်လုပ်..။ Class 95 FM ကို ခပ်တိုးတိုးဖွင့်..။ ဘုရားစူးပါ.. ဒီနေ့  သက်ဝေ အလုပ် အရမ်း အရမ်းကို များမှာမို့ လို့  ဒါတွေကို စောစောစီးစီးပြီးအောင် အရင်ကြိုလုပ်ထားတာပါ။ ဝီရိယလေ… ဝီရိယပေါ့..။ တစ်မျိုးမထင်ကြပါနဲ့ နော်…။

၈ နာရီ ၃၀ မိနစ် ။ ။ Pantry ကိုသွား.. လမ်းမှာ ဟိုလူ ဒီလူတွေနဲ့  ဟိုပြော ဒီပြောတွေပြော.. Coffee Mug ခပ်ကြီးကြီးနဲ့  Coffee ကျကျ တစ်ခွက်ဖျော်.. (သောက်နိုင်လှချည်လားလို့  မမေးပါနဲ့ .. တစ်နေ့ လုံးစာပါ..) ။ သောက်ရေဗူးထဲကို ရေဖြည့် ၊ အသားအရေ နူးညံ့ ချောမွေ့ စိုပြေ လှပဖို့ အတွက် တစ်နေ့ ကို ရေ ၁ လီတာလောက်တော့ အနဲဆုံး သောက်ရမယ် လို့  စာအုပ်ထဲမှာ ဖတ်ထားတယ်လေ..။ စည်းကမ်းလိုက်နာ ဘေးကင်းကွာ မဟုတ်လား…။ အိုး… ဟို Admin က တရုပ်မက ဒီနေ့  အလှတွေ တော်တော်ပြင်လာပါ့လား..။ မဟုတ်မှလွဲရော.. ဒီညနေ ရီးစားနဲ့  ချိန်းထားလို့ ဖြစ်လိမ့်မယ်။ ဟွန်း.. ရုပ်ကိုက…။ အောင်မယ်.. ဟိုခေါင်းမြီးခြုံကလဲ ဒီနေ့  အစောကြီး ရောက်နေပါပေါ့လား..။ ခါတိုင်းဆို အကြောင်းမျိုးစုံနဲ့  အမြဲနောက်ကျတတ်တာ။

၁၀ နာရီ ၃၀ မိနစ် ။ ။ တလစပ်ဝင်လာတဲ့ တယ်လီဖုန်းတွေ ဖြေရင်း.. လက်ကလဲ အဆက်မပြတ်လှုပ်ရှား၊ ခေါင်းထဲကလဲ စဉ်းစား..၊ မော်နီတာကိုလဲ ပြူးပြဲပြီးကြည့်..။ Design တစ်ခုရဖို့  ဒီပစ္စည်းကို ဟိုနားလေးရွှေ့ ကြည့်လိုက်.. ဟိုပစ္စည်းကို ဒီနားလေးပို့ကြည့်လိုက်နဲ့  လုပ်လိုက်ရတာ.. လူကို မောလို့ ..။ တွေးမိတယ်.. သြော်.. ဘ၀.. ဘ၀.. ကြွက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘ၀ ပါလားနော်လို့ ..။ (ကြွက် = Mouse)

၁၁ နာရီ ၃၀ မိနစ် ။ ။ ရေသောက်ဖို့ မေ့နေတာ.. သတိရတော့ ကဗျာကရာ သောက်ရတယ်။ ဟဲ့.. ပလုတ်တုတ်… Taskbar မှာ လိမ္မော်ရောင်လေးတွေ ပလပ် ပလပ်နဲ့  ပေါ်နေပါလား..။ MSN က သူငယ်ချင်းတစ်ယောက် ခေါ်နေတာ..။ ဘယ်သူများလဲ ဆိုတော့ မျက်စောင်းထိုး စားပွဲက ကိုယ့် Colleague.. နေ့ လည်စာ ဘယ်သွား၊ ဘာစားကြမလဲတဲ့.. မေးနေတာ။ တယ်လဲ ၀ီရိယ ကောင်းနေကြပါလား လို့ တွေးပြီး ရယ်မိသေး..။ ရယ်လိုက်တာ အသံပါထွက်သွားလို့  သူလှည့်ကြည့်ပြီး မျက်စောင်းထိုးတာကို မသိချင်ယောင် ဆောင်လိုက်တယ်။ ခပ်တည်တည်ဘဲ ဆရာ..။

၁၂ နာရီ ၃၀ မိနစ် ။ ။ စားမည်.. ၀ါးမည်..။ Slice Fish Bee Hon လို့ ခေါ်ကြတဲ့ ကြာဆံနဲ့  ငါးနဲ့  ပြုတ်ထားတဲ့ ဖြူဖျက်ဖျက် ပေါ့ရွှတ်ရွှတ် အပြုတ်ကိုသောက်..။ ဖြစ်နိုင်ရင်တော့ စိတ်ထဲမှာ အင်းလေးကို အပြေးသွားပြီး ကြေးအိုးကလေးသောက်ချင်၊ ဘူးသီးကြော်လေး စားချင်တာပေါ့လေ…။ ဒါပေမယ့်လဲ… ဆန္ဒတွေကို မြိုချထားရတာ…။ ရင်ဘတ် တစ်ခုလုံးနဲ့  အပြည့်...။

၁ နာရီ ၁၅ မိနစ် ။ ။ ရုံးကိုပြန်ရောက်တော့ ရတုန်းရခိုက် အချိန်လေးကို အကျိုးရှိရှိအသုံးချ…။ ဘာလုပ်သလဲ သိချင်တယ်မဟုတ်လား..။ ဟဲဟဲ.. ဘာရှိရမှာတုန်း..။ ဘလော့ဂ်တွေ လည်တာပေါ့..။ ဒီနေ့  တန်ခူး ဆီမှာလဲ အသစ်တင်ထားတယ်.. မောင်နဲ့  ကျွန်မ တဲ့..။ ရေးထားလိုက်တာ.. ချစ်စရာ..။ မပန် ကလဲ ဘာတဲ့... သင်္ကေတများကို ဖြတ်ကျော်စဉ်ဆိုဘဲ.. ။ တွေးမိပါတယ်… မပန်က နှုတ်စကားကြားမှ ယုံလိုသူ တစ်ယောက်တော့ မဟုတ်တန်ရာပါ လို့ …။ သြော်.. နုစံ ရဲ့ Totoro ကို ဖတ်ပြီးတော့လဲ အဲဒီ ချစ်စရာ မွေးပွကောင်ကို လိုချင်တဲ့ လောဘစိတ်တွေက ရင်ထဲမှာ တဖွားဖွား..။ သူတို့ ဆီမှာ Comment တွေ ၀င်ရေး..။ အချိန်ကြည့်လိုက်တော့… လုပ်ငန်းပြန်စဖို့  အချိန်တော်ပြီမို့ …။

၂ နာရီ ၃၀ မိနစ် ။ ။ ဗိုက်တွေလေးပြီး ကြီးစိုးစပြုလာတဲ့ အိပ်ချင်စိတ်တွေကို ရန်ကုန်က သူငယ်ချင်းတွေ ပို့ ထားတဲ့ အချဉ်ထုတ်တွေနဲ့  ကြိုးစားပမ်းစားဖြေဖျောက်..။ ဒီ့ထက်နဲနဲ ပိုဆိုးလာရင် ရုံးထဲမှာ.. ဟိုအခန်းလျှောက် ဒီအခန်းလျှောက်နဲ့  လမ်းနဲနဲသလား.. ဟိုလူ ဒီလူတွေနဲ့  လေနဲနဲပေါ…။ မဆိုးဘူး.. အလုပ်ဖြစ်တယ်..။ အိပ်ချင်ပြေသွားပြီ။

၃ နာရီ ၃၀ မိနစ် ။ ။ ပျင်းရိလေးကန်.. အချိန်တွေက ကုန်ခဲလွန်း..။ ပျော်စရာကောင်းလာအောင် ဘာအကြောင်းတွေးရပါ့…။ ဟိုမိန်းမနှစ်ယောက်ဆီ ဖုန်းဆက်ပြီးတော့ စနေနေ့  Orchard သွားကြရအောင်လို့  လှမ်းချိန်းမလို့  စဉ်းစားမိ..။ အိုး.. မဖြစ်ဖူး.. မဖြစ်ဖူး.. ဒီစနေမှာ သွားစရာတစ်ခု ချိန်းထားတာ ခပ်မြန်မြန်သတိရလိုက်တယ်..။ မဟုတ်ရင် မအားဘဲနဲ့  ရှည်ကဲပြီး သူတို့ ကို ချိန်းရသလားလို့  ရွှေစိတ်တော်တွေ ကောက်ကြအုံးမှာ..။

၅ နာရီ ၃၀ မိနစ် ။ ။ ပြန်ရတော့မယ်..။ ရာသီဥတုကတော့ အားသစားသမားတွေ အကြိုက်ပါဘဲ..။ မိုးမရွာ.. နေမပူ.. မအေးလွန်း.. မပူလွန်း..။ ဘေးနားက Colleague တွေအားလုံးလဲ Coffee ပန်းကန်တွေ ဆေးတဲ့သူနဲ့  ၊ ခေါင်းဖြီးတဲ့သူနဲ့  ၊ အလှတွေ ပြန်ပြင်နေကြတဲ့သူနဲ့  ပြန်ကြဖို့ ပြင်နေကြပြီ…။ ရေး.. ရေး… အိမ်ပြန်ရတော့မယ်…။

၆ နာရီ ၃၀ မိနစ် ။ ။ ဒီနေ့ ရုံးမှာ ပင်ပန်းလိုက်တာ.. ထမင်းတောင် စားချင်စိတ် မရှိပါဘူးလို့  သနားစရာရုပ်လေးနဲ့  ပြောလိုက်တော့ ဒါဆိုရင် အပြင်မှာ သွားစားကြမယ်လေတဲ့…။ ဟီး.. ဒီစကားကို စောင့်နေတာ လို့ တော့ မပြောဖြစ်လိုက်ပါဘူး..။ စိတ်ပြောင်းသွားမှာစိုးလို့ ..။ ဒါဆို ရေမြန်မြန်ချိုးမှ..။

၉ နာရီ ၃၀ မိနစ် ။ ။ ဘလော့ဂ်တွေထဲကို လည်လည်သွားရန် အချိန်အခါသင့်ပြီမို့ ..။ အသစ်ရေးဖို့ ကတော့ ခေါင်းထဲက ဘယ်လိုမှ စဉ်းစားလို့ မရ..။ အကြံတုံး ဥာဏ်တုံး.. ဘာဆို ဘာတစ်လုံးမှ မထွက်လာ..။ သူများတွေ ရေးထားတာတွေဘဲ ဖတ်ကောင်းကောင်းနဲ့  လိုက်ဖတ်နေလိုက်တာ.. ၁၁ နာရီကို ဘယ်လို ထိုးသွားမှန်းတောင် မသိလိုက်..။

၁၁ နာရီ ၁၀ မိနစ် ။ ။ ဘုရားရှိခိုး..။ ကွန်ပြူတာပိတ်..။ မီးတွေပိတ်..။ အိပ်ပြီဗျို့ ….။ Good Night...!!! သူကလား.. သူက အိပ်နေတာ ကြာလှပေါ့…။ တကယ်ပြောတာပါ…။

အင်း.. နောက်တစ်နေ့ လဲ ထုံးစံအတိုင်း ပုံစံခွက်ထဲကအတိုင်း အချိန်ဇယားတွေအတိုင်း စက်ရုပ်လူသားတွေလို ကျင်လည် လှုပ်ရှားရအုံးမှာပါလား လို့ တွေးတွေးပြီး မော…။ မောနေလို့ တော့ဖြင့်လဲ မပြီးသေး…။ ဘ၀ဆိုတာ.. ဒီလိုပါဘဲလေ လို့ .. ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ရင်း…။


ဝန်ခံချက် ။ ။ အိပ်မပျော်တဲ့ တစ်ညက Bridget Jone’s Diary ၀တ္ထုကို ပြန်ဖတ်ရင်း ဖန်တီးထားသော ပိုစ့်တစ်ခုဖြစ်ပါသည်။

10 comments:

  1. တနေ့တာကို ဒီလိုရေးတော့လည်း ဖတ်ကောင်းသား
း)

    ReplyDelete
  2. -အိပ်ယာက နိုးလာရင် မနက်စာက အဆင်သင့်..
    - နေ့လည်ထမင်းစားချိန်ဆိုရင်လည်း စားချင်တာတွေ်စားလို့ရတယ်..
    -အိပ်ချင်ပြေအောင် ဇီးထုပ်လည်းစားရတယ်။
    -နေ့လည်နေ့ခင်း blog လည်တာတော့ တူတယ်.. :P
    -အဟဲ.. ရုံးအပြန်မှာ ညစာကို ချစ်ချစ်နဲ့ အပြင်မှာသွားစားတယ်ဆိုတော့.. အိုး..အို.. (အလုပ်ရှုတ်တာတွေ စိတ်ညစ်တာတွေ ဘေးဖယ် ထားလိုက်... ) လောကကြီးက ပျော်စရာအတိပါလား သက်ဝေရေ... :D

    ReplyDelete
  3. မနက် ၅၃၀ထ. အိမ်ကနေ ၆၃၀ မတိုင်ခင်ထွက်. ညနေ ရှစ်နာရီ မတိုင်ခင်ရောက်. သူက ထမင်းချကိထား ကိုယ် က ကြက်သားကြော်နဲ စွမ်တမ်ဟင်ရည်ဝယ်လား ည ၁၀ နာရီ သူအိပ်. ကိုယ်အိက်တော.သန်းခေါင်ကျော် အလှတွေလည်.ပျက်ြ့ပီ. အိပ်ရေးမဝလို.

    ReplyDelete
  4. အမ.. စက်ရုပ် ဘ၀ဖြစ်နေပီနောါ်..
    ခေါက်ရိုးကျိုးနေတဲ့ဘဝ
    တခါတခါ ပြန်တွေးရင်းနဲ့ ဘာမှလဲ .. မဟုတ်ပါလား ဆိုပီး တွေးမိတယ်..
    အိပ်ယာထ.. ရုံးသွား ကျောင်းသွား ထမင်းစား ည ဆို အိပ်..
    သံသရာနဲ့ တခါတလေ တွေးကြည့်ဘူးတယ်..။
    ဘ၀ဆိုတာ ဘာလဲလို့..
    ဟီး... သိဘူးးးးး

    ဘာပဲဖြစ်ဖြစ် ဖတ်လို့ကောင်းတယ်..။

    ReplyDelete
  5. သက်ဝေရေ…ဒိုင်ယာရီလေးက ဖတ်လို့ ကောင်းလိုက်တာ… မနက်စာအဆင်သင့်ပြင်ပေးတဲ့သူက အနားမှာ… အားကျလိုက်ပါဘိ… တို့ လဲမနက်တိုင်း class 95 FM နားထောင်တယ်… DJတွေကြိုက်လို့ … ခေါက်ရိုးကျိုးနေတဲ့ ဘ၀ထဲမှာပဲ ပျော်စရာလေးတွေ ကြံဖန်ရှာယူရတာပေါ့နော်…

    ReplyDelete
  6. သူကတော့ အိပ်တာကြာလှပေါ့။ ဟုတ်တယ်လေ..အလုပ်ထဲမှာ မောလာမှာကိုး။ မနက်ကျမှ စောစောပြန်ထပြီး တူတူလမ်းလျှောက်ထွက်ဖူးလား သက်ဝေရဲ့။

    ReplyDelete
  7. ဒိုင်ယာယီကို ဖတ်လိုက်တာ သက်ဝေတယောက် တော်တော့် တော်တော်လေးကို အလုပ်ရှုပ်တာပဲကိုး :D

    ReplyDelete
  8. အားလုံး သိကုန်ကြပြီ အဟဲ...

    ကိုဇနိ... ကျေးဇူး။

    နုစံရေ... ဟုတ်ပါတယ်။ အရာရာကို အကောင်းဖက်ကသာ တွေးကြည့်တတ်တဲ့ သက်ဝေ အတွက်တော့ (လောကကြီးနဲ့  ချီပြီး မပြောသာရင်တောင်) ဘ၀က နေပျော်ပါတယ်လေ..။ ဘလော့ဂ်ထဲမှာ နေရတာကတော့ အပျော်ဆုံးပေါ့.. ယုံ။

    မမခင်ဦးမေ... အလှတော့ အပျက်မခံနိုင်ပေါင်... (နဂိုကလဲ တော်တော်လေး လှရှာသကိုး) သက်ဝေကတော့ အချိန်ရရင် ရသလို အိပ်တာဘဲ..။

    ညီမလေး မြတ်နိုး... သိပ်မတွေးနဲ့ ...။ ဆံပင်တွေ ဖြူကုန်မယ်။

    တန်ခူးရေ...
    ကျေးဇူးပါ။ သက်ဝေက အိပ်ပုတ်ဆိုတော့ သူက မနက်စာ ပြင်ရတာပေါ့လေ...။ ညစာတွေကျတော့ အပြင်မှာစား... အဲ..အဲ.. ယောင်လို့  သက်ဝေကိုယ်တိုင် ချက်ပါတယ်... ယုံ။
    Class 95 အကြိုက်ချင်း တူနေပြီနော်.. လူငယ်ကြိုက်ပေါ့.. ဟီး။ သူကတော့ Gold 90 FM တဲ့။ Oldies တွေ...။ မနက် ရုံးသွားတိုင်း လမ်းမှာ FM လိုင်း လုဖွင့်ရင်းလဲ သတ်ကြရသေးတယ်... ယုံ။

    မမယုဝရီ...
    တစ်ခါတစ်ခါတော့ လျှောက်ဖြစ်ပါတယ်...။ Weekend တွေမှာပေါ့။ Weekdays တွေမှာတော့ ကုတင်ကို ပတ်ပြီး လျှောက်တာပေါ့လေ...။

    ကိုစေးထူး...
    ဟီး.. သိသွားပြီ..။ ရှက်လိုက်တာ..။ အမှန်တရားတွေရေးမိတော့...။ လာလည်တာ မှတ်ချက်ရေးသွားတာ ကျေးဇူး အထူးပါနော်။

    ReplyDelete
  9. တနေ့တာလေးက ပျော်စရာကောင်းပါ့အစ်မရေ။ အနားမှာ ချစ်ချစ်လည်း ရှိ။ အားကျသဗျာ။
    မဇနိ

    ReplyDelete
  10. in a day of ma ma thetwai wife pop..
    interesting.. keke.. :P

    me me also wan to have such life!
    can i?

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...