Saturday, October 11, 2008

အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ ဆိုတဲ့ ခေါင်းစဉ်နဲ့  ကို အောင်သာငယ် ရဲ့ Tag ကို ရေးဖို့ စဉ်းစားနေရတာ တော်တော်အချိန်တွေ ကြာသွားတယ်…။ စဉ်းစားနေရတယ်ဆိုလို့  အချစ်မရှိသူ၊ မချစ်တတ်သူ တစ်ယောက်လားဆိုတော့လဲ… မဟုတ်ပြန်ပါ..။ အဲဒီလို ရှည်ရှည်ဝေးဝေးတွေ စဉ်းစားရင်း စဉ်းစားရင်း နောက်ဆုံးကျတော့ အချစ်ဆိုတာ ဘာလဲ ဆိုတာကို ကိုယ်တိုင် နားလည်ထားသလို ကိုယ်တိုင် ခံယူထားသလို ရိုးရိုး ရှင်းရှင်းဘဲ ရေးဖို့ စဉ်းစားလိုက်ပါတယ်..။ ဖတ်ကြည့်ကြပါနော်…။

အချစ်ဆိုသည်မှာ…
လောကကြီးမှာရှိကြတဲ့ လူသားတိုင်း မကင်းကြတဲ့ အရာတစ်ခု…
အဲဒီ အချစ်ကြောင့် လူတွေ ရဲ့  စိတ်တွေ နူးညံ့ပျော့ပြောင်းကြရသလို အဲဒီ အချစ်ကြောင့်ဘဲ လူတွေရဲ့  စိတ်တွေ ခက်ထန်ကြမ်းတမ်းကြရတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်လာကြတဲ့အခါမှာ အချစ်ကြောင့် ကြည်နူးကြရသလို တစ်ခါတစ်ရံမှာ အချစ်ကြောင့် ပူလောင်လှတဲ့ သောကတွေကိုလဲ ခံစားတတ်ကြရတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ပြီးတဲ့အခါမှာ ရယူပိုင်ဆိုင်လိုကြတဲ့အတွက် လောဘစိတ်တွေနဲ့  ပိုပိုပြီး လောင်မြိုက်လာတတ်ကြတယ်။ ဒီနေရာမှာ သိပ်မချစ်တတ်တဲ့ သူတွေနဲ့ စာရင် ချစ်တတ်တဲ့သူတွေက ပိုပြီး ခံစားရတတ်တယ်။ ချစ်တတ်တာနဲ့ အမျှ စိတ်တွေ ပိုပို ပင်ပန်းဆင်းရဲ ရတာပါဘဲ…။

နောက်ပြီး အားလုံးသိကြတဲ့အတိုင်း အချစ်မှာ ၅၂၈ ချစ်မေတ္တာနဲ့  ၁၅၀၀ ချစ်မေတ္တာ ဆိုပြီး အကြမ်းဖျဉ်း ခွဲခြားထားကြတယ်..။ ၅၂၈ နဲ့  ချစ်ကြရရင် တစ်ယောက်နဲ့  တစ်ယောက် ရယူပိုင်ဆိုင်လိုတဲ့ စိတ်မရှိတာကြောင့် အေးချမ်းတယ်လို့  ဆိုကြပြီး ၁၅၀၀ အချစ်ကတော့ ရယူ ပိုင်ဆိုင်လိုစိတ်တွေကြောင့် အဆပေါင်း များစွာ ပိုမို ပူလောင်တယ်လို့  ဆိုကြတယ်…။

ကိုယ့်သဘောအရ ပြောရရင်တော့ အချစ်ဆိုရင် ဘယ်နည်းနဲ့ ချစ်ချစ် ချစ်မိပြီ ဆိုတာနဲ့ ပူလောင်ရတာဘဲလို့  ထင်ပါတယ်…။ ၅၂၈ လဲ သူ့ နည်းသူ့ ဟန်နဲ့ တော့ ပူလောင်ရတာပါဘဲ… ဒီတော့ အချစ်ဆိုတာ နဲနဲ ချစ်ချစ် များများ ချစ်ချစ် အပူမီးတွေပါ…။ သိရက်နဲ့ မဖြတ်နိုင်တာက ကိုယ်တိုင်က အတ္တတွေ အပြည့်နဲ့  လောကီလူသား တစ်ဦးဖြစ်နေတာကိုး…။ အချစ်နဲ့  ကင်းမှ မကင်းနိုင်တာ…။ ကိုယ်ဆို မကင်းလိုက်သမှ အဲဒီ ၁၅၀၀ အချစ်ကို ပူလောင်မယ်လို့  သိသိကြီးနဲ့  စောစောစီးစီးကို ကိုယ့်ဘဝထဲ ဆွဲခေါ်ခဲ့မိတာ…။

ဒါပေမယ့် ချစ်သူသက်တမ်း တော်တော်ကြာကြာ အိမ်ထောင်သက်တမ်းလဲ တော်တော်လေး ရလာတဲ့ အခုလက်ရှိအချိန်မှာတော့ အရာရာဟာ အတန်အသင့် တည်ငြိမ်လာခဲ့ပြီး တစ်ယောက်ကို တစ်ယောက် နားလည်မှု၊ ယုံကြည်မှုတွေနဲ့  အေးအေးချမ်းချမ်း ကြည်ကြည်လင်လင် အချစ်မျိုးတွေနဲ့ ချစ်နိုင်လာတာမို့  ပူလောင်မှုတွေ နဲနဲ လျော့သွားသလို ခံစားရပါတယ်။

ကိုင်ဇာရဲ့  ရွှေရတု အချစ် သီချင်းထဲကလို “မင်းဆံပင်ဖြူဖြူမှာ စပါယ်ကုံးလေး ပန်ပေးမယ်… အဖိုးကြီး ငါ့ကို အဖွားကြီး မင်းက မောင်တွေ ဘာတွေ ခေါ်ပါအုံး“ ဆိုတဲ့ သီချင်းမျိုးဆိုရမယ့် အရွယ်တွေကျရင်တော့ အခုထက်ပိုပြီး အေးချမ်းရလိမ့်မယ်လို့  မျှော်လင့်မိတာပါဘဲ…။


ကဲ… အချစ်ဆိုသည်မှာ ကို သက်ဝေ နားလည်သလိုတော့ ရေးလိုက်ပါပြီ…။
ဆက်ပြီး ရေးစေချင်တဲ့သူတွေကတော့…


- တန်ခူး (လေနုအေး)

- ပန်ဒိုရာ

- နုစံ

- မိုးချိုသင်း

- မသီတာ (Sonata-Cantata)

- မြတ်နိုး

- ကိုဇနိ + မဇနိ (အိုးဝေ)

- မမ ခင်ဦးမေ နဲ့ 

- Megumi တို့ ပါ…။
အချိန်ရတဲ့အခါ အေးအေးဆေးဆေး ရေးပေးကြလေ... နော်….။


*** သတိတရ Tag ထားတဲ့ အကိုကြီး ကိုအောင်သာငယ် ကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်…။


15 comments:

  1. မမရေ
    ဒီတခုတော့ ခွင့်လွှတ်မလား။
    စိစစ်ရေးနဲ့ ငြိမယ် ထင်တယ်။ :P

    ReplyDelete
  2. ရေးပေးတာ ကျေးဇူးပါ ညီမရေ

    ဖွင့်ဆိုချက်တွေကတော့ တယောက်နဲ့ တယောက်တော့ ဘယ်တူနိုင်မလဲနော

    ReplyDelete
  3. အမရေ... ဒီတခုတော့ ဦးနှောက် စာပေစီစစ်ရေးက ပါမစ်မပေးဘူး အမရေ.. သူများတွေရေးထားတာပဲ
    အားလုံး တူမှာပေါ့..။
    ကျေနပ်ပေးပါ နော်...။

    အချစ်ဆိုရင်ကြောက်လို့ ရေခဲခြစ်တောင်မစားတော့ဘူး
    ရေခဲမုန့်နဲ့ရေခဲချောင်းပဲ ပြောင်းစားလိုက်တယ် အဟီး

    ReplyDelete
  4. မမက အကုန်ပြောသွားတော့ နိနိတို့ ဘာဆက်ပြောရမလဲ ဟင် :P

    ReplyDelete
  5. အမသက်ဝေရေ တက်ဂ်ထားတာကို ရေးထားပါတယ်.. လာဖတ်ပါဦးနော်.... Have a nice day!

    ReplyDelete
  6. ဟယ်.. မသက်ဝေရေးထားတဲ့အချစ်အကြောင်းက တကယ်ကောင်းတာပဲ အမ။ ၅၂၈ နဲ့ ၁၅၀၀ အတွက် ချစ်မိပြီဆိုမှ ပူလောင်ရတာ အတူတူပါပဲနော်.. အင်း ကျနော့်အတွက်ဆိုရင်တော့ .. ဘယ်လိုပြောရမှန်းတောင် သိတော့ပါဘူး အမရာ.. ရေးပေးမယ်နော်.. အမရေ.. လာမည် ကြာမည်ပေါ့... :D

    ReplyDelete
  7. ဟုတ်တယ်နော်.. ဒါပေမယ့် အချစ်ဆိုတာကို ဖွင့်ရင် ဖွင့်သလောက် ကျယ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ကြုံဆုံပုံချင်းက မတူနိုင်လေတော့ ကိုယ့်အချစ်ကလေးနဲ့ ကိုယ်ပျော်နေဖို့ပဲ လိုတယ် ထင်ပါရဲ.။ :)

    ReplyDelete
  8. ဟုတ်ကဲ့ရှင့်။ အခုလို သတိတရ TAG ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။ သိပ်နားမလည်တဲ့အကြောင်းအရာမလို့ ၊စဉ်းစားပြီး ရေးရမှာမလို့ ရေးပြီးရင် အကြောင်းကြားလိုက်ပါမယ်ရှင့်။ :P :P

    ReplyDelete
  9. သက်ဝေ ဆိုတာ အချစ်သီချင်း တစ်ပုဒ်ရဲ့ title

    ရေးပြီးပြီ။
    ရေးခိုင်းလို့ ကျေးဇူး။

    ReplyDelete
  10. သက်ဝေရေ… ခုတလော ဘယ်လောက် အလုပ်ရှုပ်လဲဆို ဘလော့ဂ်ပေါ်ရောက်တာ ဒီအချိန်… ခေါင်းတွေ ခြောက်နေတော့ ဘာရေးရမှန်းကို မသိဘူး… သက်ဝေက တက်ဂ်လို်က်တော့ ရေးစရာ ရသွားတယ်… ကျေးဇူးပါသက်ဝေရေ… ဒီညပဲရေးလိုက်မယ်နော်..
    သက်ဝေရဲ့ အချစ်အကြောင်းလေးက ဖတ်လို့ လဲကောင်း စုံလဲစုံလင်… ဟုတ်ပါရဲ့ ၅၂၈လဲ ပူတာပဲလေ… သားလေးကို ချစ်လွန်းလို့ ပူလိုက်ရတာ… သက်ဝေဆံပင်ဖြူဖြူမှာ စံပယ်ကုန်းလေးနဲ့ … လူတွေရှေ့ ကျ အိမ်က အဖိုးကြီးတဲ့… ကွယ်ရာကျတော့ မောင်တဲ့… ဟုတ်တယ်ဟုတ်… အဲဒီအခါကျတော့ သွားတွေ မရှိတော့တဲ့ တန်ခူးကလဲ တုန်ချိချိလက်တွေနဲ့  သက်ဝေဘလော့ဂ်ပေါ် ကော်မန့် တွေ လာရေးနေဦးမှာ…

    ReplyDelete
  11. သက်ဝေရေ… ညက Mood၀င်သွားလို့ ရေးလိုက်တာ ၃ နာရီလောက်မှ အိပ်ရာဝင်ဖြစ်တယ်… သက်ဝေကို ချစ်လို့ အချစ်အကြောင်းလေး ချက်ချင်းရေးဖြစ်သွားတယ်…

    ReplyDelete
  12. ပေါက်ကရတွေ ရေးပြီးကြောင်း သတင်းပို့ပါသည်။ :P :P

    ReplyDelete
  13. သက်ဝေ ရေ- သီတင်းကျွတ်ပြီလေ။ ထ- ထ..အသစ်ရေးတော့။း)

    အချစ် အကြောင်း ကတော့လား..ရပ်ကွက်ထဲ လိုက်ပတ် ဖတ် တာ..သီတင်းကျွတ် နိဗ္ဗန်ဈေးက..မုန့်ဆိုင်တွေ ကျ နေတာပဲ..တယောက်တမျိုး။

    ReplyDelete
  14. မမသက်ဝေ... သီတင်းကျွတ်လပြည့်နေ့မို့ လာကန်တော့တယ်.. အဟီး.. :D အချစ်အကြောင်းရေးနေတာ ပြီးသေးဘူး အမရယ်... :P

    ReplyDelete
  15. တစ်ယောက်နဲ့  တစ်ယောက် ဖွင့်ဆို ယူဆပုံခြင်း မတူညီကြသော်လည်း အရောင်အသွေး စုံလင်သော ရောင်စုံ ပန်းခင်းကြီးကဲ့သို့  လှပသော ချစ်ခြင်း၏ အနက် အဓိပ္ပါယ်များ အတွက်....

    - အမှတ်တရ Tag ထားသော ကိုအောင်သာငယ်...

    - ချစ်ခြင်းအားဖြင့် ရေးပေးကြသော နိနိတို့ စုံတွဲ...

    - လှလှလေး ဖွဲ့ နွဲ့ တတ်သော ချစ်သူငယ်ချင်း တန်ခူး...

    - ညွှန်းစာနွဲ့  ဖွဲ့ လို့ မမှီသော ကိုယ်ပိုင် ဇာတ်လမ်းကလေးကို ချန်လှပ်ထားခဲ့သော မသီတာ (ဟွန်း... )

    - သီချင်းလေးနဲ့  အဓိပ္ပါယ်ဖေါ် ရေးပေးသော နုစံ...

    - ကြိုးစားပြီး ရေးပေးသော ညီမလေး Megumi...

    - စီစစ်ရေး ငြိမှာစိုးလို့  မရေးပေးသော်လည်း ချစ်မြဲ ချစ်နေအုံးမယ့် ညီမလေး ချိုသင်း...

    - အချစ်ကို ကြောက်၍ ရေခဲခြစ် မှ ရေခဲမုန့်  ရေခဲချောင်း ပြောင်းစားသော မြတ်နိုး (ဘာစားစား ချိုပြီး အေးတာကတော့ တူတူပါဘဲနော်...)

    - တစ်ယောက်တစ်မျိုး ရေးသီထားကြသော အချစ်အကြောင်းတွေ လိုက်လေ့လာနေသော မကေ...

    - ကိုယ့်အချစ်ကလေးနဲ့ ကိုယ်ပျော်နေဖို့ပဲ လိုတယ် ဆိုတဲ့ သိင်္ဂီ...

    အားလုံးကို ကျေးဇူးတင် ချစ်ခင်လျက်....။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...