ခေါင်းတွေ အုံခဲကာ တဆစ်ဆစ်ကိုက်လို့နေသည်။
ဇက်ကလဲ တော်တော်နာနေသည်။ ခေါင်းကို ဘယ် ညာ လှည့်စောင်းကြည့်မိသည်။ နာလိုက်တာ…။ ပြီးတော့ ခေါင်းကို မော့ကြည့်မိသည်… အား.. ပိုတောင်ဆိုးသွားပါလား…။ သေသေချာချာလဲ မော့လို့မရ…။ ဒုက္ခပါလား…။ ဘာလုပ်ရရင် ကောင်းမလဲ။
ဆေး လိုက်ရှာနေမိသည်။ လိမ်းဆေး လိမ်းရင် ကောင်းမလား…။ သောက်ဆေး သောက်ရရင် ကောင်းမလား…။ ဆေးထိုး ဆေးသောက်၊ ဆေးလိမ်း စသည့် ဝေါဟာရတွေ နှင့် တော်တော်ဝေးဝေးမှာ နေလေ့ရှိသူတစ်ယောက် အဖို့ ဆေး ရှာပုံတော်ဖွင့်နေမည့်အစား ဘာကြောင့် ဤသို့ နာနေရသည်ကို အဖြေရှာဖို့ အရင် ကြိုးစားသင့်သည်ပဲ…။ အိုကေ.. ဒါဆို ဖြစ်နိုင်ချေ အရပ်ရပ်ကို စဉ်းစား တွေးတောခန်း ၀င်တော့မည်…။
*****
ပထမဆုံး စဉ်းစားမိသည်က တနေ့တာ အချိန် ၂၄ နာရီတွင် ၁၀ နာရီနီးပါး မျက်နှာအပ်၍ အချိန်ကုန်ရသော ရုံးမှ ကွန်ပျူတာ - မော်နီတာနှင့် ကုလားထိုင် တို့၏ အနေအထား။ မော်နီတာကများ မြင့်နေသလား။ လူကို ကုလားထိုင်မှာ မတ်မတ်ထိုင်လိုက်လျှင် မော်နီတာကို မော့ကြည့်ရသလို ဖြစ်နေသလား…။ ကိုယ့်မျက်လုံး လယ်ဗယ် ထက်စာလျှင် မော်နီတာ က နိမ့်နေသင့်သည်။ ကိုယ်က ငုံ့ကြည့်နေရသလိုမျိုးဖြစ်နေလျှင် ပိုကောင်းသည် ဟု ဖတ်ရှု မှတ်သားထားဖူးသည်။ အချိန်မဆွဲတော့…။ ညကျရင် အိမ်မှာ ပေကြိုးရှာမည်။ နောက်တပါတ် ရုံးရောက်လျှင် တိုင်းတာမှုတွေ ပြုတော့မည်…။ လိုအပ်ရင် စားပွဲ နှင့် ကုလားထိုင် အနေအထားများကို နဲနဲ ပြောင်းလဲရမည်။
ဒုတိယအနေဖြင့် စဉ်းစားစရာ ကတော့ အနည်းဆုံး ၈ နာရီခန့် အိပ်ရသော အိပ်ရာ နှင့် ခေါင်းအုံး အနေအထား။ ကျောခင်းရသော မွေ့ယာ၏ အနေအထား၊ ထို့ထက်ပို၍ အရေးကြီးသည်မှာ ခေါင်းအုံး… ခေါင်းအုံး၏ အနိမ့် အမြင့်၊ အပျော့ အမာ… အိပ်၍ သက်တောင့်သက်သာ ဖြစ်မဖြစ် တို့ကို သေသေချာချာ စစ်ဆေးကြည့်ရမည်။ လိုအပ်ပါက သုံးလက်စများကို စိတ်လျှော့လိုက်ပြီး အသစ်ဝယ်သင့်လျှင် ၀ယ်ရမည်။ (အိပ်ကပ်ထဲက အကြွေတွေ အပြင်ကို မျက်စပစ်လို့နေ….)
တနေ့တာတွင် အလုပ်ချိန်နှင့် အိပ်ချိန်ကို နှုတ်လိုက်လျှင် အချိန်အပိုဆို၍ ၆ နာရီသာ ကျန်တော့သည်။ စေ့စေ့တွေးကြည့်တော့ ဘ၀ကြီးက တော်တော်ဆိုးလှပါလား ဟု ကိုယ့်ကိုယ်ကိုယ် သနားစိတ်ဖြင့် ဂရုဏာတွေးလေး (မဆီမဆိုင်) တွေးနေမိသေးသည်။ ဒါဆိုရင် ထိုကျန်သောအချိန် ၆ နာရီမှာ အိမ်က ကွန်ပျုတာရှေ့ မှာ ဘလော့ဂ်ဂင်းနေသည့် အချိန်၊ စာတိုပေစများ ရေးသားသည့် အချိန်၊ သူငယ်ချင်းများနှင့် တခါတရံ ချက်တင်း လုပ်သည့်အချိန် တို့မှာ အနည်းဆုံး ၂ နာရီလောက် တော့ရှိပေလိမ့်မည်။ အရေးထဲ အရင်တစ်ပါတ်ကမှ သူငယ်ချင်းတစ်ယောက်၏ ကောင်းမှုကြောင့် မျက်နှာ စာအုပ် (Face Book) ကို ဖွင့်မိလေသည်။ (ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများကို မိမိ၏ လက်ရှိ ဓါတ်ပုံလေးများပြ၍ အဆက်အသွယ် ပြုနိုင်သည်။ ဓါတ်ပုံရိုက် ၀ါသနာထုံသူများ၊ ဓါတ်ပုံထဲတွင် ပြုံးပြုံးလေးနှင့် ထာဝစဉ် လှနေတတ်သူများ၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း ပေါများသောသူများ အတွက် ပျော်စရာတော့ အကောင်းသား။ ဤကား စကားချပ်။)
လိုရင်းကို ပြန်ဆက်ရသော် ထိုထိုသော အကြောင်းများကြောင့် အရင်ကထက်စာလျှင် အိမ်မှ မော်နီတာကို မျက်နှာအပ်သည့်အချိန် အနည်းငယ် ပိုလာလေသည်။ ထိုအခါ အိမ်မှ ကွန်ပျူတာ - မော်နီတာနှင့် ကုလားထိုင် တို့၏ အနေအထားကိုလဲ ထည့်သွင်းစဉ်းစားရန် လိုပေလိမ့်မည်။ ပေကြိုး… ပေကြိုး… ပေကြိုး ဘယ်မှာလဲ။
တဖန် ကျန်သောအချိန် ၄ နာရီလောက်မှာ မအိပ်ခင် အိပ်ရာထဲမှာ ခွေခွေခေါက်ခေါက် လှဲလျောင်းရင်း မဖြစ်မနေ စာဖတ်သည့် အချိန် တစ်နာရီလောက်ကိုလဲ သတိထားကြည့်ဖို့ လိုကောင်း လိုပေလိမ့်မည်။ အဘယ်သို့သော အနေအထားနှင့် လှဲလျောင်း၍ စာအုပ်ကို ဘယ်ပုံဘယ်နည်းနှင့်ကိုင်ကာ စာဖတ်သင့်ပါသနည်း ဟု သေသေချာချာ စဉ်းစားရမည်…။ အနေအထား မမှန်ပါက မျက်စေ့လဲပျက်နိုင်ပြီး ဇက်လဲ နာနိုင်သည် ဟု ကိုကိုက ပြောနေသည်။ (ကြည့်မရတာ ကြာပြီ ဖြစ်သောကြောင့် ဆူချင် ပူချင်နေသည်ကို ထိန်းချုပ်ထားရသော အသံမျိုးဖြင့်…)
ဒါဆိုရင် ကျန်သောအချိန် ၃ နာရီမှာ ဘာတွေလုပ်သေးသနည်း…။ ကိုယ်လက် သန့်စင်၊ ရေမိုးချိုး၊ ချက်ပြုတ်၊ စားသောက်၊ ဟိုလျှောက် ဒီလျှောက်၊ အိမ်ရှင်း၊ မီးပူတိုက် စသည့် နေ့တဒူဝ ကိစ္စ များ… အင်း.. ဒါတွေကတော့ဖြင့် ခေါင်းကို မကိုက်စေနိုင်၊ ဇက်ကို မနာစေနိုင် ဟု ယူဆမိသည်…။
ဒါဆို ၂၄ နာရီကုန်ပြီပဲ။
*****
ခေါင်းကိုက်ရခြင်း နှင့် ဇက်နာရခြင်းတို့၏ ဖြစ်နိုင်ချေရှိသော အကြောင်းရင်းများကိုတော့ဖြင့် ရှာဖွေ၍ ပြီးလေပြီ။ ဒီရုံးပိတ်ရက် နှစ်ရက်မှာ ထိုအရာတွေအားလုံးကို အသေးစိတ် လေ့လာ အဖြေရှာမည်။ ပြီးတော့ နောက်တပါတ် ရုံးဖွင့်ရင် ရုံးမှ အနေအထားကို လေ့လာမည်။ ပြောင်းလဲ သင့်တာတွေကို ပြောင်းလဲကြည့်မည်။ လိုအပ်သော ပြောင်းလဲမှုများကို ပြုပြီးသကာလမှာ ကိုယ့်ကိုယ်ကိုယ် တပါတ် ဆယ်ရက်လောက် အခြေအနေ စောင့်ကြည့်မည်။ တိုးတက်မှု ရှိပါက ပိုစ့်အသစ်တစ်ခုတင်၍ အပေါင်းအသင်းများကို အသိပေးမည်။ ထူးခြားမှု မရှိပါက… အင်း… ဆေးခန်းသွားပြီး လိုအပ်သော ကုသမှုများကို ပြုလုပ်ရပေတော့မည်။