Wednesday, February 18, 2009

အဖြေမထွက်သော ပုစ္ဆာ


ခေါင်းတွေ အုံခဲကာ တဆစ်ဆစ်ကိုက်လို့နေသည်။ ဇက်ကလဲ တော်တော်နာနေသည်။
လိမ်းဆေး လိမ်းရင် ကောင်းမလား…။ သောက်ဆေး သောက်ရရင် ကောင်းမလား…။ ဆေးထိုး ဆေးသောက်၊ ဆေးလိမ်း စသည့် ဝေါဟာရတွေ နှင့် (အတတ်နိုင်ဆုံး) ဝေးဝေးမှာ နေလေ့ရှိသူတစ်ယောက် အဖို့ ဆေး ရှာပုံတော်ဖွင့်နေမည့်အစား ဘာကြောင့် ဤသို့ နာနေရသည်ကို အဖြေရှာမည် ဟု တွေးမိကာ ကိုယ့်ရဲ့တစ်နေ့တာကို သေသေချာချာ လေ့လာဆန်းစစ်ပြီး ပြောင်းလဲ သင့်တာတွေကို ပြောင်းလဲကြည့်မည်။ လိုအပ်သော ပြောင်းလဲမှုများကို ပြုပြီး ကိုယ့်ကိုယ်ကိုယ် တပါတ် ဆယ်ရက်လောက် အခြေအနေ စောင့်ကြည့်မည်။ တိုးတက်မှု ရှိပါက ပိုစ့်အသစ်တစ်ခုတင်၍ အပေါင်းအသင်းများကို အသိပေးမည်။ ထူးခြားမှု မရှိပါက ဆေးခန်းသွားပြီး လိုအပ်သော ကုသမှုများကို ပြုလုပ်ရပေတော့မည် ဟု အရင်တစ်ပါတ်က ပြောခဲ့မိသည်။ အခုဆိုလျှင် တစ်ပါတ်ကျော်ခဲ့လေပြီ…။

ကုန်လွန်ခဲ့သော ထိုတစ်ပါတ်အတွင်းက “ဘယ်လိုပြောင်း ပြောင်း တို့မပြောင်း… အမြဲ ခေါင်းကိုက်မည်” ဟု ဆိုရမည့် ကိုယ့်ရဲ့ အခြေအနေတွေကို ပြောပြချင်ပါသည်။


*****

ပထမဆုံး စဉ်းစားမိသလို တနေ့တာ အချိန် ၂၄ နာရီတွင် ၁၀ နာရီနီးပါး မျက်နှာအပ်၍ အချိန်ကုန်ရသော ရုံးမှ ကွန်ပျူတာ - မော်နီတာနှင့် ကုလားထိုင် တို့၏ အနေအထားကို စစ်ဆေးကြည့်သောအခါ မော်နီတာက နဲနဲမြင့်နေသည်ကို တွေ့ရသည်။ မျက်လုံး လယ်ဗယ်ထက် မော်နီတာက ပိုမြင့်နေသောကြောင့် ခေါင်းကို မော့ကြည့်နေရသလို ဖြစ်နေသည်။ ထို့ကြောင့် ဇက်က တောင့်ပြီး နာနေရသည်ဟု ကောက်ချက်ချကာ ရုံးမှ အပေါင်းအသင်းများ၏ အကူအညီဖြင့် မော်နီတာ တင်သည့် စားပွဲကို နှိမ့်ချလိုက်သည်။ ခေါင်းကို အရင်ကလောက် သိပ်မမော့ရတော့တာကို နဲနဲသတိထားမိသည်။ ဒီလိုနှင့် အလုပ်လုပ်ရက် တပါတ် (ငါးရက်) ကုန်သာသွားသည်။ ဘာမှ မထူးခြား၊ ခေါင်းက ကိုက်မြဲ… ဇက်က နာဆဲ နာမြဲပင်…။

ဒုတိယအနေဖြင့် စဉ်းစားခဲ့သလို တနေ့ အနည်းဆုံး ၈ နာရီခန့် အိပ်ရသော အိပ်ရာ နှင့် ခေါင်းအုံး အနေအထား။ ကျောခင်းရသော မွေ့ယာ၏ အနေအထားတို့ကို သတိထားရန် ကြိုးစားမိသည်။ သူတို့အားလုံးလဲ ဘာမှ မှားယွင်းနေပုံမရ...။ အားလုံး သူ့အတိုင်းအတာနှင့်သူ ကောင်းနေကြပါသည်။ ပြီးတော့လဲ ခေါင်းအုံးပေါ်တွင် ခေါင်းချလိုက်သည်နှင့် တစ်ခါတည်း အိပ်ပျော်သွားပြီး မနက်ကျရင် နှိုးစက်မြည်တာတောင်မှ လုံးလုံး မထချင်သောကြောင့် တစ်ခုခုတော့ မှားနေသည်ဟု မဆိုသာပြန်…။

အိမ်က ကွန်ပျုတာ မော်နီတာကို မျက်နှာအပ်ကာ ဘလော့ဂ်ဂင်းနေသည့် အချိန်၊ စာတို ပေစများ ရေးသားသည့် အချိန်၊ သူငယ်ချင်းများနှင့် တခါတရံ ချက်တင်း လုပ်သည့်အချိန်၊ မျက်နှာ စာအုပ် (Face Book) ကို ဖွင့်မိသောအချိန် တို့မှာ အနည်းဆုံး ၂ နာရီလောက် တော့ရှိပေလိမ့်မည်။ ထိုအခါ အိမ်မှ ကွန်ပျူတာ - မော်နီတာနှင့် ကုလားထိုင် တို့၏ အနေအထားကို ပြန်လည်လေ့လာ ကြည့်ရမည်ဟု စကားကြီး စကားကျယ်ပြောလိုက်မိသဖြင့် ချစ်သူ၏ မကျေမနပ် အကြည့်တစ်ခုသာ အဖတ်တင်လိုက်သည်။

သူ့အဆိုအရ ဤစားပွဲနှင့် ကုလားထိုင်တို့မှာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတို့နှင့် ကိုက်ညီအောင် ပြုလုပ်ထားသော အရာများဖြစ်သည်… ထို့ကြောင့် ပြဿနာ ရှိခြင်းရှိ လူမှာသာ ရှိနိုင်လိမ့်မည်။ ဤပစ္စည်းများကြောင့်တော့ လုံးလုံးမဖြစ်နိုင်၊ ပြီးတော့ မော်နီတာကို မျက်နှာအပ်သည့်အချိန် များလွန်းသည်၊ နဲနဲတော့ လျော့ချသင့်သည် ဟု အခိုင်အမာ ဆိုလာသောအခါ….။

(တနည်းအားဖြင့် လူကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတို့နှင့် မကိုက်ညီ၊ လူက အချိုးအစား မကျနပဲ ခေါင်းကပဲ ကြီးနေသယောင်၊ လည်ပင်းကပဲ တိုနေသယောင်၊ မျက်လုံးကပဲ မှေးနေသယောင်… တစ်ခုခုတော့ မှားယွင်းနေသည်ဟု ပြောနေသလို ခံစားမိပါသည်။ တကယ်တော့ ဘာမှ အထူးတလည် မှားယွင်းမနေကြောင်းနှင့် ပုံမှန်အတိုင်း လှလှပပ ရှိနေကြောင်းကိုပါ တစ်ဆက်တည်း ဖြေရှင်းလိုပါသည်။ တောင်တောင်အီအီများ မတွေးကြစေချင်…။)

ရှိစေတော့လေ…။ ဘာဘဲဖြစ်ဖြစ် သူပြောသလို လျော့ကြည့်မည်ဟု စဉ်းစားကာ ကွန်ပျူတာကြည့်ချိန်ကို နဲ နဲ… (ခပ်ဖြေးဖြေးနဲ့ တိုးတိုးလေးပြော…) လျော့ကြည့်မိသည်…။ ဘာမှ သိသိသာသာကြီး မထူးခြားပါ။ လျော့လိုက်ရတာသာ အဖတ်တင်…။ (ဒါကြောင့် ဒီတပါတ်အတွက် တင်စရာ ပိုစ့်အသစ်မရှိ။ ဤကား ဆင်ခြေ...။)

အိပ်ရာလဲမှာ လှဲလျောင်းရင်း စာဖတ်သည့် အချိန် ၁ နာရီလောက်ကိုတော့ဖြင့် ဘယ်နည်းနဲ့မှ မလျှော့နိုင်။ အတတ်နိုင်ဆုံး အနေအထားမှန်အောင်၊ အလင်းရောင် လုံလောက်အောင် သတိထားပြီး ဖတ်ပါသည်။ သို့သော်လည်း… ထူးမခြားနား…။

ကျန်သောအချိန် ၃ နာရီမှာ ကိုယ်လက် သန့်စင်၊ ရေမိုးချိုး၊ ချက်ပြုတ်၊ စားသောက်၊ ဟိုလျှောက် ဒီလျှောက်၊ အိမ်ရှင်း၊ မီးပူတိုက် စသည့် နေ့တဒူဝ ကိစ္စ များကို ဆောင်ရွက် ခြင်းသည် ဘယ်နည်းနှင့်မှ ခေါင်းကို မကိုက်စေနိုင်၊ ဇက်ကို မနာစေနိုင် ဟု ကိုယ်ပိုင် မိသားစု ဆရာဝန်က တိတိကျကျ ပြောလာသောအခါ…. ကိုယ့်ကိုယ်ကိုယ် အရမ်းကို သနား ကြင်နာစိတ်များ ဖြစ်သွားရပါသည်။


*****

ခေါင်းကိုက်ရခြင်း နှင့် ဇက်နာရခြင်းတို့အတွက် အကြံကောင်းများကို ချစ်ခြင်းအားဖြင့် မျှဝေသွားကြသော၊ ခေါင်းကိုက်ဝေဒနာ မြန်မြန် ပျောက်အောင် ဆုတောင်းပေးသွားကြသော ကိုဝင်းဇော် နုစံ ကျော်ကြီး Hmoo နှင့် မျိုး တို့အပါအ၀င်
အချိန်လျှော့၍ နားနားပြီး ဘလော့ဂ်ခိုင်းသော ကိုအောင်သာငယ် သိင်္ဂီ ချိုသင်း နိနိ နှင့် အပြုံးပန်း...
အိပ်ယာပေါ်ကနေ မျက်နှာကျက်မှာ ဆလိုဒ် နဲ့ အင်တာနက်သုံးနည်း တီထွင်ပေးတော့မည့် မကေ...
အနှိပ်ခံလိုက်ရင် ကောင်းသွားမယ် ဟုဆိုလာသော ပန်ပန် Craton နှင့် ပုံရိပ်...
အဖြေရလျှင် ဝေမျှပါဟု ဆိုလာသော Mirror နှင့် Sin Dan Lar...
အိပ်ချိန်ကို လျှော့ခိုင်းသော မမခင်ဦးမေ...
သီချင်း ဆိုပြသွားသော သူငယ်ချင်း တန်ခူးတို့အပြင်
ပိုစ့်တစ်ခု သပ်သပ်တင်၍ အကြံပေးခဲ့သော ကိုသူကြီးတို့ကို ကျေးဇူး အထူး (အထူး) တင်ရှိပါကြောင်းနှင့် ထုံးစံအတိုင်း ဆေးခန်းသွားပြဖို့ကို နဲနဲလေးမှ ဆန္ဒမရှိသောကြောင့် နောက်တစ်လလောက်တော့ ဒီအတိုင်း (မတတ်သာတဲ့ အဆုံး Panadol Extra လေးကို အဖေါ်ပြုကာ) ပေပေတေတေ ဆက်နေသွားဦးမည် ဖြစ်ကြောင်း ချစ်ခင်စွာ အသိပေးအပ်ပါသည်။

29 comments:

  1. သြော်... ခေါင်းကိုက်မပျောက်သေးဘူးကိုး....
    မျက်စိအားနည်းတာနဲ့ရော ဆိုင်နေမလားမသိဘူးနော်..

    ReplyDelete
  2. အဖြေထွက်သေးဘူးလား--migraine လား။ ခရီးထွက်လိုက်။ ပိုက်ဆံတော့ပျောက်မယ်..း)

    ReplyDelete
  3. ဖြုတ်လဲလိုက် သက်ဝေ ဘာမှစဉ်းစားမနေနဲ့

    ReplyDelete
  4. အမ ထင်တာက အာရုံကြော ကြောင့် ဖြစ်မယ် ။ ဆေးခန်းမြန်မြန်ပြစေချင်ပါတယ်။
    ဆေးသောက်ရုံနဲ့ ပျောက်နိုင်ပါတယ်။ မပေါ့စေချင်ပါ။
    နောက် အတွေ့အကြုံတခုအရ သွေးကိုစစ်ပြီး သွေးထဲက ဓါတ်တချို့ လျော့နည်းရင်လဲ ခေါင်းကိုက်တတ်ကြောင်း သိထားပါတယ်။ ဒီ ၂ မျိုး ထဲက တခုခု ဖြစ်နေမှာ စိုးလို့ပါ။

    ReplyDelete
  5. ကျွန်တော်ထင်တာတော့ မှန်နေပြီထင်တယ်... ဟီးဟီး.. (ဒုတိယံမိ ထပ်စခြင်း) :P

    ReplyDelete
  6. မမသက်ဝေ ခေါင်းကိုက် ဇက်နာက မပျောက်သေးပဲကိုး.. အမ မျက်မှန်တပ်ရလားဟင်.. ကျနော်ဆို မျက်မှန်တပ်တာ ပျင်းပြီး ကွန်ပျူတာ ကြည့်တာ များရင်လည်း ခေါင်းကိုက်တယ်.. ဇက်နာတာတော့ မဟုတ်ဘူး.. ဇက်ကြောတက်တယ်.. ပြီးတော့ မကေ ပြောသလိုလဲ migraine ဖြစ်နိုင်တယ်.. migraine သမားတွေပြောတာ ကျတော့ ခေါင်းတခြမ်းပဲ ကိုက်တာတဲ့... နောက်ဆုံး အကြံပေးရရင်တော့ ဆေးခန်းသာသွားပြလိုက်ပါတော့ အမရယ်... :D

    ReplyDelete
  7. ဆေးများတွေ့ ပြီလားလို့  အပြေးလာဖတ်တာ။ လင်းလဲ မထူးမခြားနားပဲ ။ အိမ်ပြန်ရောက်ချိန် ကွန်ပျူတာကို ပစ်ထားပြီးနေတော့လဲ စာအုပ်ဖတ်ရင်ဖတ် မဖတ်ရင် ရုပ်ရှင်ကြည့်မို့ သိပ်မထူးပါဘူး။

    ReplyDelete
  8. ဦးနှောက်ကင်ဆာ ဖြစ်တာထင်တယ်။ ညဖက်အိပ်ရင် ခေါင်းကို ရင်ဘတ်ပေါ်တင်မအိပ်နဲ့ အသက်နဲ့ နီးတယ် သတိထား :)

    ReplyDelete
  9. ကြားဘူးတာနဲ့ လူသစ်ပြောတာနဲ့တော့တူနေပြီ

    ReplyDelete
  10. ဆေးခန်းမှ မသွားတာ
    အဖြေဘယ်ထွက်မလဲ
    မဖြစ်ပါဘူး
    လက်တို့လိုက်ဦးမယ်

    ReplyDelete
  11. လူပျံတော် ပတ္တာမြားလေး ..ဘယ်လိုသဘောရသလဲ။ ဒါမှ မဟုတ် စုစုအေးအောင် ဆေး.။

    ReplyDelete
  12. မျက်လုံးစစ်ကြည့်... (မျက်မှန်မတပ်ရသေးရင်)
    ဆားနဲ့အဆီလျှော့စား... (သွေးတိုးရှိရင်)
    ဟင်းသီးဟင်းရွက်များများစား... (၀မ်းချုပ်တတ်ရင်)

    အသက် ဥာဏ်စောင့်...
    ဆေးခန်း ဆရာဝန်စောင့်...
    ကိုယ့်ကျန်းမာရေး ကိုယ့်ဘာသာစောင့်...

    အကောင်းဆုံးကတော့....
    ကျုပ်ကျက်လိပါ... မပေနဲ့...း)

    ReplyDelete
  13. မနော်လို ပင်လယ်လေထွက်ရှုလိုက်ပါလား... အပြောင်းအလဲပေါ့။ ခွင့်မယူနိုင်လည်း ရုံးပိတ်ရက်မှာ သွားလို့ရတာပဲ။ ပို့စ်အသစ်အတွက် ကုန်ကြမ်းတောင် ရဦးမယ်.. :)

    ReplyDelete
  14. စိတ်ဖိစီးတာနဲ့ဆိုင်မယ် ထင်တယ်။
    ခေါင်းလျှော်တာရော ကြာလား။
    သွေးဆေးလေးဘာလေးလဲသောက်၊
    မျက်စိစစ်၊ အငန်လျော့စား။
    လမ်းလဲလျှောက်၊
    mm

    ReplyDelete
  15. အစ်မသက်ဝေကလည်း ပေတာပဲ။ ဆရာဝန် သွားပြလိုက်ပါ။

    ReplyDelete
  16. ခေါင်းကိုက်ရတဲ့ အကြောင်းရင်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ချာဝန်မဟုတ်လို့ တပ်အပ်သေချာ မပြောနိုင်ပေမယ့် ကိုယ်တွေ့အနေနဲ့ ..
    (၁)ကိုးနတ်ရှင်မကောင်းတဲ့အခါ။
    (၂)ကောင်းပြန်တော့လည်း ဘလောဂ့်ထဲ အလည်လွန်မိတဲ့အခါ။
    (၃)ဘော်ဒါတွေရဲ့ ပို့စ်တွေကို ကွန်မင့်လှ၂လေး ပေးဖို့ အကြိမ်၂ဖတ်ပြီးစဉ်းစားရတဲ့အခါ။
    (၄)ကိုယ့်ဘလောဂ့်မှာ ပို့စ်အသစ်မတင်နိုင်တဲ့ အခါ။ အဲဒါတွေလို့ ထင်မိပါတယ်။ ဒါပေမယ့် ခြေတံပိုရှည်ပြီး ဘာမှ မညီးငြူတတ်တဲ့ မကြီး kom က ပိုသိမယ် ထင်ပါတယ်။
    ကျန်းမာရေး ဂရုစိုက်ပါ။

    ReplyDelete
  17. welcome ပြောခါမှ ကိုက်သွားတယ်။

    ReplyDelete
  18. "ခေါင်းတွေ အုံခဲကာ တဆစ်ဆစ်ကိုက်လို့နေသည်။ ဇက်ကလဲ တော်တော်နာနေသည်။ ဆေးခန်းသွားဖို့လည်း ဆန္ဒ မရှိပါ" ပေတာခြင်းတူပါသည်

    ReplyDelete
  19. ချိုသင်းလဲ အဲဒီလို ဖြစ်ဖူးတယ်။ အာရုံကြော အားနည်းတာ ထင်တာပဲ။ Vitamin B Complex သောက်တာ သက်သာသွားတယ်။ ဘေးမဖြစ်ဘူး ထင်လို့ စမ်းကြည့်ပါလားဟင်။
    ချိုသင်းကတော့ မမနဲ့ ပြောင်းပြန်။ ဆေးဆိုရင် ကောင်းမယ် ထင်လို့ တိုက်တာပဲ ဆိုပြီး အမြဲ ယုံယုံကြည်ကြည်နဲ့ သောက်တယ်။ ချောင်းဆိုးပျောက် ဆေးရည်က လွဲရင်ပေါ့။ လိမ်မာတယ်ဟေ့ သောက် သောက် လို့ ဆေးသောက်ခါနီးတိုင်း သူက ပြောလို့ သောက်တာပဲ။ တကယ်လိမ်မာတာ။ ဆေးတွေတော့ သောက်ရ၊ ထိုးရတာ များလွန်းလို့ ရိုးတောင် နေပါပြီ။

    ReplyDelete
  20. သက်ဝေရေ… ဒီတပတ်လုံး တို့ လဲ အဲဒီလို ဖြစ်နေတယ်…
    တို့ က အစာအိမ်ရှိတော့ အကိုက်အခဲပျောက်ဆေး သိပ်မသောက်ဖြစ်ဘူး…
    ခေါင်းလျှော်တာ သိပ်မိုးမချူပ်စေနဲ့ လေ…
    တခါတလေကျတော့ လေကြောင့်လဲဖြစ်တတ်တယ်…
    အစာကို အချိန်မှန်မှန်စားကြည့်ပါလား…
    တို့ ကတော့ မျက်ကပ်မှန်ကြောင့် ထင်ပြီး အိမ်ကို အသစ်တခုမှာထားတယ်…
    အဘထ မြန်မာရှုဆေးလဲကောင်းတယ်… ထုံးနဲ့ လျှက်ဆားနဲ့  ရှူလဲ သက်သာတယ်…
    ဟီးဟီး… ဆေးမြီးတိုတွေ ပြောနေတာ သက်ဝေကိုကြီးသိမှာ ကြောက်သား….

    ReplyDelete
  21. "ကေသီပန်"လေးလည်းသုံးကြည့်ဖို့မမေ့နဲ့နော်

    ReplyDelete
  22. တထုပ်နဲ့ အလုပ်မဖြစ်ရင် နှစ်ထုတ်သောက်ပါ။

    ReplyDelete
  23. Ama, dont go to office more than one week. you will feel better than before. hand over one of ur project (NC) to Manager.
    Ha Ha
    the best sugesstion from One of ur brother

    ReplyDelete
  24. ကြားဖူးသလောက်တော့ ခေါင်းကိုက်ရောဂါက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်တတ်တာပါ။ သာမာန်ဆိုရင်ကတော့
    အိပ်ရေးဝဝအိပ်လိုက်ရင်ပျောက်ပါပြီ ။
    ဒီထက်ပိုရင်တော့ ဆရာဝန်စမ်းသပ်မူ့ခံယူတာအကောင်းဆုံးပါ။

    ReplyDelete
  25. That's not joke,go N check up...please!

    ReplyDelete
  26. Give me your address I need to inform police.

    ReplyDelete
  27. သက်ဝေရေ ပျောက်ပြီလား ဗျို့၊လည်ပင်းအပေါ်ပိုင်းဖြုတ်
    လဲကြည့်ပါလား

    ReplyDelete
  28. yours address please,I'll inform Internation Red Cross..

    ReplyDelete
  29. ဆေးခန်းမသွားပဲ ဆက်ပေနေရင် သက်ဆိုင်ရာကို လက်တို့ပြောတော့မယ့်သူတွေ၊ အသက်နဲ့နီးတယ်လို့ အားပေးသွားသူတွေ၊ ခေါင်းကို ဖြုတ်လဲခိုင်းတဲ့သူတွေ အပါအ၀င် ခွင့်ယူပြီး Project တွေကို အထက်လူကြီးဆီ ပြန်လွှဲခိုင်းတဲ့သူ၊ Police ကို အကြောင်းကြားမယ်၊ Red Cross ကိုတိုင်မယ် ဆိုသူတွေကြောင့် မနေ့က ဆေးခန်းသွားလိုက်ပါပြီ... ဆေးသောက်နေပါတယ်...။
    ခေါင်းကိုက်တာ တော်တော်သက်သာသွားပါပြီ...
    ဇက်ကတော့ နဲနဲနာနေပါသေးတယ်...
    ဒါလဲမကြာခင်မှာ သက်သာသွားလိမ့်မယ်လို့
    ဆရာဝန်ကပြောပါတယ်...

    မေတ္တာ စေတနာများဖြင့် အကြံပေး မှတ်ချက်ရေးသွားကြသူများ အားလုံးကို ကျေးဇူး အများကြီး အများကြီး တင်ပါတယ်...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...