Friday, March 13, 2009
အမှတ်တရ အူလည်လည်
သူငယ်ချင်း သိင်္ဂီက Tag လာပါတယ်။
အခုအချိန်မှာ အမှတ်တရ....အဲဒီတုန်းကတော့ အူလည်လည်... တဲ့…။
ကိုယ်ဆိုတဲ့ ကိုယ်ကလဲ အရာရာမှာ အူလည်လည်နဲ့ အစဉ်အမြဲ တလွဲတချော်တွေ လုပ်နေကျ၊ လုပ်သမျှ အလွဲတွေတိုင်းကိုလဲ ဘယ်သောအခါမှ သေသေချာချာ အမှတ်မထားတတ်တော့ နောက်တခါ လုပ်လဲ လွဲ… လွဲပြီးရင်းလဲ လွဲ…။ ဒီတော့ ကိုယ့်ဆီမှာ အူလည်လည် အလွဲတွေက မရေမတွက်နိုင်အောင် ရှိနေတာ။ သို့သော်လည်း အလွဲတွေကို ကိုယ်က သေသေချာချာ မှတ်မထားမိတာမို့ ရေးခါနီးမှာ သတိရစရာ အမှတ်ရစရာ အူလည်လည် ဖြစ်ရပ်တွေကို တော်တော် ခက်ခက်ခဲခဲ စဉ်းစားနေရပါတယ်…။ ဒါကြောင့် အချိန်တွေလဲ တော်တော်ကြာသွားတယ်။
ကဲ.. သိင်္ဂီရေ… အခုရေးလိုက်ပြီနော်…။ မှတ်မှတ်ရရ Tag ထားပေးတာလဲ ကျေးဇူးတင်ပါတယ်။
*****
ထိုနေ့က ကြာသာပတေးနေ့…
ကောင်းကင်ကြီးတစ်ခုလုံး မိုးသားတိမ်လိပ်များ ကင်းစင်ကာ ပြာလွင် လှပနေသော ကြာသာပတေးနေ့ ဖြစ်ပါသည်။ ရန်ကုန်ကို အလည်ရောက်နေသော စလုံးမှ မိန်းကလေး သူငယ်ချင်း တစ်ယောက်ကို စကော့ဈေး လိုက်ပို့မည်၊ ဈေးဝယ်ကြမည်၊ ပြီးရင် သူ့ကို ဦးကြွိမှာ ဆီချက်ကျွေးမည်၊ ဒီ့ထက်ပိုပြီး အချိန်ရရင်တော့ ရုပ်ရှင်လေး ဘာလေး ကြည့်ကြမည်ဟု ချိန်းဆို တိုင်ပင်ထားကြပါသည်။ ဂျိမ်းစ်ဘွန်းကား အသစ် ရုံတင်နေသည်ဟု သူက သတင်းပေးလာသောအခါ ရုပ်ရှင်ကြည့်ဖို့ အစီအစဉ်မှာ ပို၍ သေချာသလောက် ဖြစ်သွားပါသည်။
သို့သော် စကော့ဈေးကြီး၏ ဆွဲဆောင်မှုအောက်တွင် ရုန်းမထွက်နိုင်သော ကိုယ်တို့ နှစ်ယောက် ရုပ်ရှင်ချိန်မမှီတော့ပါ၊ ညပွဲကို ကြည့်နိုင်သော်လည်း သူက မိတ်ဆွေတချို့နှင့် ညနေစာ စားရန် ချိန်းထားတာက ရှိသေးသည်မို့ ကိုယ်စီ ကိုယ်ရှိန်သတ်ကာ မနက်ဖြန်ကျမှ တခေါက်ထပ်လာပြီး ကြည့်ကြမည်ဟု ဆုံးဖြတ်ကာ အိမ်ကို ပြန်လာခဲ့ကြပါသည်။
နောက်တစ်နေ့ သူ တည်းခိုသော မီကာဆားမှာ ၀င်ခေါ်ပြီး ရုပ်ရှင်ရုံကိုသာ တန်းတန်းမတ်မတ် သွားလိုက်ကြပါသည်။ ရုပ်ရှင်ရုံအောက်ရောက်၊ တန်းစီနေသော လူက သိပ်မများလှတာမို့ စကားလေး တပြောပြောနှင့် ထိုလူများ၏ နောက်တွင် ပျော်ပျော်ပါးပါး ၀င်ရောက် တန်းစီလိုက်ကြ၏။ သူကတော့ အတွေ့အကြုံသစ်မှာ တပြုံးပြုံးနဲ့ပေါ့…။ ကိုယ့် အလှည့်ရောက်တော့ ဒီစီက လက်မှတ် နှစ်စောင် ၀ယ်လိုက်ကြသည်။ (ဒီစီ လက်မှတ်တစောင် ဘယ်လောက်ပေးခဲ့ရသလဲ ကိုယ် မမှတ်မိတော့။)
ပြီးတော့ ရုံထဲမှာစားဖို့ နေကြာစေ့၊ အချဉ်ထုပ်၊ အာလူးကြော်၊ အအေး စသည့် အရာတွေ တပွေ့တပိုက် ၀ယ်ကာ ရုံထဲကို ၀င်လာခဲ့ကြသည်။ ရုပ်ရှင်ကြည့်နေတုန်း ရုံထဲမှာ မုန့်စားလို့ရတယ် ဆိုတာကို သူက မယုံမရဲနှင့် အံ့တွေသြလို့ မဆုံး။ ဟေ့…ဒါ စလုံး မဟုတ်ဖူး၊ မြန်မာပြည် လို့တောင် ကိုယ်က ခပ်ကြွားကြွားလေး ပြောလိုက်သေးသပေါ့။
အချိန်တန်တော့ မီးတွေမှိန်ကာ အလံတော်ကို အလေးပြုကြသည်။ သူလဲ ရောရော ယောင်ယောင်နှင့် အလေးပြုပါသည်။ ပြီးတော့ သင့်ကြောင့် မီးမလောင်ပါစေနဲ့ အစချီသော ကြော်ငြာတချို့ ပြအပြီးမှာ နောက်လာလတ္တံ့သော ရုပ်ရှင် အသစ်များကို ကြော်ငြာပြန်ပါသည်။ ရုံထဲ ကြည့်တော့လဲ လူက ခပ်ချောင်ချောင်… ဒီ ဂျိမ်းစ်ဘွန်းကားက ရုံတင်နေတာ ကြာနေပြီမို့ လူနဲသွားပြီဟု ကိုယ်က သူ့ကို လူတတ်ကြီးလုပ်ကာ ရှင်းလင်းပြနေမိသေး။ အချို့ မြန်မာကြော်ငြာများကိုလဲ ကိုယ်က သူ့ကို ရှင်းပြ၊ သူကလဲ တပြုံးပြုံးနဲ့ နားတွေထောင်… ဟုတ်လို့။
ရုပ်ရှင်များ ကြော်ငြာနေသည်မှာ တော်တော်ကြာပါသည်။ တတိယမြောက် ကြော်ငြာမှာ မြန်မာကား တစ်ကား ဖြစ်ပါသည်။ မင်းသား ရဲအောင်နှင့် မင်းသမီး စိုးမြတ်သူဇာတို့ပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်ကား ဖြစ်ပါသည်။ (ရုပ်ရှင် နာမည်တော့ မမှတ်မိတော့ပါ) သူက မြန်မာမင်းသမီးများ လှပကြောင်း ချီးကျူးတော့ ကိုယ်က သဘောတွေကျနေတာပေါ့။
သို့သော် ရုပ်ရှင် နမူနာပြတာကလဲ ကြာလိုက်တာ ဟု သူက ပြောလာတာကို အော်.. ဂျိမ်းစ်ဘွန်းကားက နဲနဲတိုလို့ ရှေ့မှာ ကြော်ငြာတွေ များနေတာဖြစ်မှာပါ ဟု အလိုက်သင့်ပြန်ပြောရင်း စားလက်စ နေကြာစေ့ထုပ်ကို သူ့ကို လှမ်းပေးလိုက်ပါသည်။ ထိုမြန်မာကား ပြနေချိန် ၁၅ မိနစ်လောက်ကြာလာသောအခါ ကိုယ့်စိတ်ထဲမှာ တမျိုးတော့ ဖြစ်လာပါသည်။ ဒီလောက်တောင် အကြာကြီး ပြနေရအောင် ဂျိမ်းစ်ဘွန်းကားက ဖလင်တွေ ဘာတွေများ ပျောက်သွားလို့လား ဟု အူကြောင်ကြောင်လည်း တွေးနေမိသေး။ သို့သော် အဲဒီ မြန်မာကားမှာ မိနစ် ၂၀နှင့်လည်း မပြီး၊ နာရီဝက်နှင့်လဲ မပြီး ဖြစ်နေသောအခါ….
သူငယ်ချင်းကလဲ အငြိမ်မနေနိုင်တော့… တလှုပ်လှုပ်နဲ့ နောက်က ဆလိုက်ဒ်ထိုးသော နေရာကိုတောင် လှည့်ကြည့် လှည့်ကြည့်လုပ်နေပါသည်။ ပါးစပ်က ဖွင့်မပြောသော်လည်း သူနားမလည်သော ဘာသာစကားတွေကြားမှာ တော်တော် အဆင်မပြေဖြစ်နေကြောင်း သိသိသာသာ တွေ့နေရပါသည်။
ကိုယ် သိလိုက်ပါပြီ။ ဂျိမ်းစ်ဘွန်းကားက မနေ့က ကြာသာပတေးနေ့က နောက်ဆုံးဖြစ်ရမည်။ ဒီနေ့ သောကြာနေ့မှာ မြန်မာကား အသစ်တကား ရုံတင်တာ ဖြစ်ရမည်။ ကိုယ်က ရုပ်ရှင်ရုံရှေ့က ကြော်ငြာဆိုင်းဘုတ်ကြီးကို တချက်ကလေးမှ မော့မကြည့်မိပဲ ခပ်တည်တည်နှင့် ဒီရုံမှာ ပြနေတာကတော့ ဂျိမ်းစ်ဘွန်းကားပဲဟု သေသေချာချာကြီး တွက်ကာ ရုံထဲကို ၀င်လာခဲ့မိသည်ပဲ။
ကိုယ်လဲ သက်ပြင်းအကြီးကြီးကို ခိုးချကာ ပေါက်တဲ့နဖူး မထူးတော့ဟု သဘောပိုက်ကာ အတတ်နိုင်ဆုံးတော့ သူ့ကို ဘာသာပြန် ပြနေပါသေးသည်။ သို့သော်လည်း ကြာရှည်မှာ ကိုယ်လဲ ခြေကုန် လက်ပန်းကျလို့ လာပါသည်။ သူလဲ တော်တော် အူနေပေလိမ့်မည်။ တ၀က်တပျက်မှာ ထပြန်ဖို့ရာကလဲ ရုပ်ရှင်ရုံ၏ လုံခြုံရေး၊ ကြွရောက်လာကြသော ပွဲကြည့် ပရိသတ်များ၏ လုံခြုံရေးကို ရှေးရှု၍ ချမှတ်ထားသော စည်းကမ်းအရ ရုံထဲဝင်ပြီးလျှင် ရုပ်ရှင် မပြီးမခြင်း အပြင်ကို ပြန်ထွက်လို့မရ။
ထိုနေ့က ရှည်လျားထွေပြားလှသော မြန်မာရုပ်ရှင်ကားကြီး၏ ဒါဏ်ကို စလုံးကျွန်းသူ တစ်ယောက် လှလှပပကြီး ခံလိုက်ရသလို ကိုယ့်မှာလဲ အားတွေနာ၊ မျက်နှာတွေပူ၊ ဒီကြားထဲ မကောင်းတတ်လွန်းတော့ သူ နားမလည်တဲ့ ဘာသာစကားတွေကို ပါးစပ်က တတွတ်တွတ် ဘာသာပြန်ပေးရ၊ အချိန်ကုန်တော့ ခေါင်းတွေက တဒိန်းဒိန်း ထိုးကိုက်၊ အပြန်လမ်းမှာ သူ့ကို ဆောရီး အခါ တစ်သိန်းလောက် ပြောပြီး မီကားဆားမှာ မြန်မြန်ပြန်ချခဲ့ကာ အိမ်ရောက်တော့ ဆေးသောက်ပြီး ချက်ချင်း အိပ်ရာထဲ ထိုးအိပ် ခဲ့ရပါတော့သည်။
ယခုအချိန်အထိ ထိုသူငယ်ချင်းနှင့် ပြန်ဆုံတိုင်း အားနာ မျက်နှာပူနေသေးသော ကိုယ့်ကို သူက အနေမကျပ်စေရန် မြန်မာ ရုပ်ရှင်မင်းသမီးများ အလွန် ချောမောလှပကြောင်း၊ သူ့အနေဖြင့် ထိုရုပ်ရှင်ကို သေသေချာချာ နားမလည်သော်လည်း မင်းသမီးလေးက လှသဖြင့် အချိန်တွေ ကုန်လို့ ကုန်မှန်းတောင် မသိလိုက်အောင် Enjoy ဖြစ်ရပါကြောင်း အလိုက်တသိ ပြောနေဆဲပါ။
နေရာတကာမှာ သေသေချာချာ မစူးမစမ်း ပြီးစလွယ် လုပ်တတ်သော၊ အူလည်လည် လို့ပြောရမလား... မအူမလည်လို့ ပြောရမလား... ဘယ်လို အမည်တပ်ရမှန်းမသိသော ကိုယ့်အတွက်တော့ ထိုတနေ့သည် တကယ်ကို အမှတ်ရစရာ ဖြစ်ခဲ့ရပါသည်။
နမော်နမဲ့ (12 July 2008)
18 comments:
  1. အဟတ်ဟတ်
    မကြီးတို့က လုပ်ချလိုက်ပြန်ပြီ ..
    အပိုင်ပဲဆိုပြီး ဘာဆိုင်းဘုတ်မှ မကြည့်တော့ဘဲ
    တကယ့်ကို အူလည်လည်နိုင်တာ
    အမှန်ပါပဲ ....
    ပျော်ရွှင်စွာနဲ့ ဖတ်သွားပါတယ်
    နာ(၁)
    ReplyDelete
  2. ရယ်ရတယ်။ မကြုံဘူးဘူး။
    ဒါဆိုရင် ကိုယ့်ထက်ဆိုးတယ။်
    ကိုယ်က ဒါမျိုး မရှိဘူး။ငှင်း ငှင်းငှင်း
    (အရူးက တစ်မှူးပိုရှူသွား၏။)
    ထပ်မတက်နဲ့နော်။ ပြောစရာ မရှိဘူး။
    ( ယုံချင်ယုံ မယုံချင်နေ)
    ReplyDelete
  3. အမသက်ဝေ တကယ့်ကို အမှတ်ရစရာပါ့လား။ တချိန်လုံး မျက်နှာတွေ ပူနေမှာ မြင်ယောင်သေး။ ဟိုတယောက်လည်း ဘယ်လောက်ထပြေးချင်နေမလဲ မသိ။ တော်သေးတာပေါ့ မြန်မာမင်းသမီးလေးတွေ လှတယ်ပြောလို့။
    ReplyDelete
  4. အံ့ရော.. လွဲချက်ကတော့ လက်ကုန်ပဲ...း)
    ReplyDelete
  5. ဖြစ်မှ ဖြစ်ရလေ..
    သူတော်တော် ကြောင် သွားမှာ..
    ဒါပေမဲ့ အဲဒါ မြန်မာပြည်လာလည်တုန်း တကယ့်အမှတ်တရ ပေါ့။ မမတော့ ဘာသာပြန်ရလွန်းလို့ လျှာထွက်နေမှာ သိနေတယ် :D
    ReplyDelete
  6. That's just for post,right?...I don't think real...
    ReplyDelete
  7. Nice,funny and pretty...post...Thank u Ma Thet Wai....
    ReplyDelete
  8. သက်ဝေရေ..ဟိဟိ..
    ဒါမျိုး မကြားဖူးသေးဘူး.. ရီလိုက်ရတာ.. သက်ဝေလည်း ပြန်တွေးတိုင်း ရီချင်နေမှာပဲနော်..ဒီလိုမျိုးဆိုတော့လည်း အလွဲများနဲ့ တို့ကမ္ဘာမှာ အဖော်တွေ အများကြီးပဲပေါ့..ဟားဟား။
    မှတ်မှတ်ရရ ဒီပို့စ်လေး ရေးပေးတဲ့ အတွက် ကျေးဇူးပါ သက်ဝေရေ..။
    ReplyDelete
  9. ကွန်မက်တွေ ကိုလာပြနဖတ်သွားသည်
    ReplyDelete
  10. မမသက်ဝေအလွဲက ရီရတယ်.. တော်သေးတယ်.. မရေ.. မြန်မာကားပြလို့ ကုလားကားသာဆို အမလည်း သူ့ကို ဘာသာပြန်ပေးလို့ရမှာ မဟုတ်ဘူးနော်.. ကျနော်လည်း ရုပ်ရှင်ရုံကိုရောက်ခဲတယ်။ တော်ရုံ ကားကောင်းမှ သွားကြည့်ဖြစ်တာ။ အဲဒါဆိုတော့ ဘယ်နေ့ နောက်ဆုံးလဲဆိုတာမျိုးကိုသိပ်ဂရုမစိုက်မိဘူး.. :)
    ReplyDelete
  11. သက်ဝေတယောက်ကတော့လေ တကယ်ပါပဲ..အဟုတ်..ပြောကိုမပြောချင်ဘူး..မနိုင်ဘူး။
    ချိုသော အလွဲလေးတွေကလည်း လောကကြီးကို တနည်းတဖုံ အလှဆင်လေသလား...(နို့မဟုတ်ရင် သိပ်ကို ပျင်းစရာကောင်းနေလေမလားလို့)
    ReplyDelete
  12. သက်ဝေရဲ့ အလွဲလေးက ငိုအားထက် ရယ်အားသန်ပါပဲ…
    သက်ဝေနဲ့ အတူ တို့ ပါ ခေါင်းတွေ ပူလာတာ… ချက်ချင်းကြီး ဘာသာပြန်ရတာ တကယ်မလွယ်ပဲနော်… ရုပ်ရှင်မကြည့်တာကြာတော့ အဲဒီလို ပြန်ထွက်လို့ မရတာ မသိဘူး... သက်ဝေတော့ နောက်ဆို ရုပ်ရှင်ကြည့်ရင် ရုံရှေ့ က ပန်းချီကားကြီးကို အရင်ပြေးပြေးကြည့်မှာ မြင်ယောင်မိသေးတယ်…
    ReplyDelete
  13. မသက်ဝေရဲ့ အူလည်လည်ကို ဖတ်သွားတယ်... ရီရတယ်.. ဖြစ်တတ်တယ်နော်
    ReplyDelete
  14. မသက်ဝေ ရဲ့ အူလည်လည် ဇတ်လမ်းလေးဖတ်ပြီး ရီသွားတယ်..
    ReplyDelete
  15. ဘယ်လောက်တောင် အူလည်လည်ဖြစ်တယ်ဆိုတာသိပြီ၊ ကြိုက်တာတွေကို အမှတ်တရသိမ်းထားတဲ့ ဘလော့ခ်ထိတောင် လာပြီးအူလည်လည် လုပ်နေသေးတယ်။ ဟုတ်ပါတယ် TZA ဆီမှာတွေ့ တွေ့နေတဲ့ ကြည်ပါ။
    ကြည်
    ReplyDelete
  16. အဲဒါများ မသက်ဝေကလဲ..အပြင်လဲ ထွက်မရတဲ့အတူ.. သူ့ကို တရေးလောက် အိပ်ခိုင်းလိုက်ပေါ့။း)
    စလုံးမကို သနားလိုက်တာ။
    ReplyDelete
  17. ပုံရိပ်ဆိုလည်း အားနာလို့ ဆုံးမှာ မဟုတ်။ ဖြစ်မှဖြစ်ရလေ။
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...