အစိမ်းရောင် အစက်ကလေးရေ…
ကိုယ်တို့ မတွေ့ရတဲ့ရက်တွေ တော်တော်လေး များနေပြီနော်။ စိမ်းစိမ်း ဝိုင်းဝိုင်း အစက်ကလေးကို ခါတိုင်းလို တွေ့နေကျအချိန်တွေမှာ မတွေ့ရတော့ ကိုယ် တော်တော် သတိရနေတာပါ။ ဒီလိုနဲ့ မတွေ့ရတဲ့ရက်တွေ တဖြည်းဖြည်း များလာတော့ သူ ဘာဖြစ်လို့ ပျောက်နေတာလဲ... နေကောင်းရဲ့လား... အစစ အရာရာ အဆင်မှပြေရဲ့လား… အလုပ်တွေများပြီး စိတ်တွေများ ပင်ပန်းနေသလား… အဲဒီလိုတွေ ပူပူပန်ပန် လျှောက်တွေးနေမိတယ်…။ နေရာဒေသတွေရဲ့ အချိန် ကွာခြားချက်တွေကြောင့် တွေ့ကြရတဲ့ အချိန်တွေ နည်းပါးပေမယ့် ရသမျှအချိန်လေးတွေမှာ ရောက်တတ်ရာရာ ပေါ့ပေါ့ပါးပါး စကားတွေ စိတ်တူ ကိုယ်တူ ပြောဖြစ်ကြတာ တကယ့်ကို အမှတ်ရစရာပါ။
ဒါတင် ဘယ်ကမလဲ…။
ခင်မင်ရင်းနှီးလာတဲ့ အချိန်တွေ ရှည်ကြာလာတာနဲ့အမျှ သံယောဇဉ်တွေလဲ ပိုတိုးလာခဲ့ကြတယ်လေ…။ တယောက်အကြောင်း တယောက် ဘာမှ သိပ်သိစရာမလိုဘူးလို့ အရင်က နားလည်ထားတာ… အခုလို ရင်းနှီးကျွမ်းဝင်လာကြတဲ့ အခါမှာတော့ အားလုံးသော အသေးစိတ် အကြောင်းအရာတွေဟာ ကိုယ်တို့အတွက် အရေးတကြီး အကြောင်းအရာတွေ ဖြစ်လို့နေခဲ့ပါရောလား…။ ဆက်သွယ်ရေး နည်းပညာတွေ သိပ်တိုးတက် ထွန်းကားနေတဲ့ ခေတ်ကြီးထဲမှာ ကိုယ်တို့နှစ်ယောက်ဟာ အဲဒီဆက်သွယ်ရေး နည်းပညာတွေကို အပြည့်အဝ အသုံးချပြီး မိုင်ပေါင်းများစွာ အဝေးကြီး ဝေးနေတဲ့ ခရီးတာတွေကို တကယ်ကို နီးနီးလေး ဖြစ်သွားအောင် ချုံ့ပစ်နိုင်ခဲ့ကြတယ်နော်…။ သူရော ကိုယ်ပါ မနေ့က ဘာလုပ်ခဲ့တယ်၊ အခု ဘယ်ရောက်နေတယ် ဘာလုပ်နေတယ် ဆိုတာတွေကို တယောက်နဲ့ တယောက် ပြန်ပြောပြနေစရာ မလိုတဲ့အပြင် မနက်ဖြန် နဲ့ နောက်တရက် နှစ်ရက်တွေမှာ ဘယ်သူက ဘာတွေလုပ်မယ် ဆိုတာကိုပါ အားလုံး ကြိုပြီး သိနှင့်နေခဲ့ကြတာမျိုး…။
ပြောပြရအုံးမယ်…။
တညနေက ကိုယ်တို့နှစ်ယောက် ဖုန်းပြောနေရင်း ကိုယ်က ဟင်းချက်နေတယ် ဆိုတော့ ဘာဟင်းတွေ ချက်နေလဲ လို့ မေးလာတာနဲ့ ချက်လက်စ ငါး ဟင်းအိုးကို ဖုန်းနဲ့ ဓါတ်ပုံရိုက် တခါထဲ ဖုန်းထဲကနေ E Mail နဲ့ Attach လုပ်ပြီး ပို့ လိုက်တယ်။ ပြီးတော့ စကားတွေ ဆက်ပြောကြရင်း နှစ်မိနစ် သုံးမိနစ်လောက်ကြာတော့ သူက ဓါတ်ပုံကြည့်ပြီး ကိုယ်ချက်တဲ့ဟင်းကို စားချင်စရာ ကောင်းလိုက်တာ လို့ပြောလာတယ်…။ ပြီးတော့ ပြောသေးတယ်… တွေ့ဖြစ်တဲ့နေ့ ကျရင် ချက်ကျွေးပါနော် တဲ့…။ ကဲ… ကြည့်ပါဦး… ဆက်သွယ်ရေး နည်းပညာတွေရဲ့ ကျေးဇူးတွေကြောင့် အဲဒီလောက်အထိကို ကိုယ်တို့ ရင်းနှီးစွာ နီးကပ်နိုင်ခဲ့ကြတာလေ…။
ရုံးကပြန်တဲ့ ကိုယ့်ရဲ့ ညနေခင်းတွေဟာ သူ့ဆီမှာတော့ မနက် မိုးလင်းစ အချိန်တွေ ဖြစ်နေတယ်လေ။ ဒီလိုအချိန်တွေမှာ အိပ်ရာနိုးနိုးချင်း သတိတရနဲ့ ရုံးကပြန်ပြီလား လို့ မေးလေ့ရှိတဲ့ အစိမ်းရောင် အစက်ကလေးဟာ သူ ပဲပေါ့။ တနေ့လုံး ရုံးမှာ ပင်ပန်းနေတဲ့ ကိုယ့်ကို အပြန်လမ်းမှာ ကားမောင်းရင်း အိပ်မငိုက်ရလေအောင် အဖေါ်လုပ်ပေးမယ်လို့လဲ သူက တခါတခါ ဆိုလာတတ်သေးတယ်။ ဖုန်းထဲကနေ ကားကို ဖြေးဖြေးမောင်းဖို့၊ စိတ်ရှည် လက်ရှည်မောင်းဖို့၊ မလိုအပ်ပဲနဲ့ စိတ်တိုတိုင်း ဟွန်းမတီးဖို့ တွေကို မကြာခဏ သတိပေးရင်း ကိုယ့်ကားကို လေထဲက လိုက်စီးနေတာ၊ ဇိမ်လေးနဲ့ စီးမယ်နော် လို့လဲ ပေါက်ပေါက်ရှာရှာ ပြောတတ်သေးတာမျိုး…။ ပြီးတော့ ကိုယ်ပြောသမျှ တနေ့တာ ပေါက်ကရ တသိန်းကို နားထောင်ရင်း ဟာသတွေ့သလို တဟားဟားနဲ့ အကြီးအကျယ် အော်ရယ်တတ်သေးတာ…။ သူ အဲဒီလို ဟန်မဆောင်တတ်ပဲ စိတ်လွတ်လက်လွတ် အော်ရယ်ရင် ကိုယ်က သိပ်သဘောကျတာ...။
အခုတလောမှာတော့ ကိုယ်ကလဲ ကိုယ့် ကိုယ်ရေး ကိုယ်တာ ကိစ္စတွေနဲ့ ရှုပ်နေတာက တကြောင်း၊ ရုံးအလုပ်ကလဲ ဟိုသွားရ ဒီသွားရနဲ့ စားပွဲမှာ ငြိမ်ငြိမ်မနေရတဲ့ ရက်တွေ များနေတာက တကြောင်း၊ အိမ်ပြန်ရောက်တော့လဲ လုပ်စရာတွေ အများကြီးက တန်းစီပြီး ကြိုလင့်နေကြတာက တကြောင်း အဲဒီလို အမျိုးမျိုးသော အကြောင်းတွေကြောင့် ကိုယ့်ရဲ့ G Talk လေး အစိမ်းရောင် မပြနိုင်တာ ရက်တွေ တော်တော်ကြာနေခဲ့တယ်…။ သတိရတိုင်း အချိန်တိုလေးတော့ ဝင်ကြည့်ပါတယ်…။ ဒါပေမယ့် သူ့ကို မတွေ့ရဘူး။ ကြာပြီပဲ…။ ပြီးတော့ ဆက်နေကျ အချိန်တွေမှာ ကြားနေကျ ဖုန်းသံတွေလဲ ထူးထူးခြားခြား ငြိမ်သက် တိတ်ဆိတ်လို့…။ စိုးရိမ်ပူပန်ရင်း သတိရတဲ့စိတ်နဲ့အတူ သူ့ဖုန်းကို ခေါ်ကြည့်တော့လဲ အင်္ဂလိပ်လိုပြောတတ်တဲ့ လူကြီးမင်းနဲ့သာ တွေ့ရတယ်လေ…။
ခါတိုင်းဆို အလုပ်များနေရင်တောင် Mail box ထဲမှာ သတိရကြောင်း နှုတ်ဆက်စကားကို စာကြောင်း တိုတိုလေးတွေ ရေးပြီး ချန်ထားခဲ့တတ်တဲ့ သူ… အခုတလောတော့ ဘာသံမှမကြားရအောင်ကို ပျောက်ချက်သား ကောင်းနေလိုက်တာ။ ကိုယ့်ရဲ့ ဘလော့ဂ်လေးမှာလဲ ခါတိုင်းလို စာလာဖတ်တာ မတွေ့ရဘူး။ နှုတ်မဆက်ပဲများ တိတ်တိတ်လေး လာလည်သွားသလား ဆိုတာကို ကိုယ့်ရဲ့ Site Meter မှာ အမြဲလိုလို ရှာကြည့်နေမိသေးတယ်…။ အော်.. Site Meter ဆိုလို့ သတိရတာလေးတခု ပြောပြရအုံးမယ်…။
ခရီးတွေ ခဏ ခဏသွားနေရတဲ့ သူက ရောက်လေရာ နေရာကနေ ကိုယ့်ဘလော့ဂ်လေးကို လာလာလည်တတ်တယ်လေ။ ပိုစ့် အသစ်မတွေ့လဲ အဟောင်းတွေ ပြန်ဖတ်သွားတာပေါ့ လို့လဲ ချစ်စရာကောင်းအောင် ပြောတတ်သေးတာပါ။ အဲဒီမှာ ဘလော့ဂ်ပါး တော်တော်ဝလာတဲ့ ကိုယ်က သူ ဘယ်နေရာ ကနေ ရောက်လာတယ် ဆိုတာကို Site Meter ကနေ ရှာပြီး ကြည့်တတ်လာတယ်ပေါ့။ သူနဲ့ G Talk ပေါ်မှာ တွေ့တဲ့ အခါကျရင် အခု ဘယ်မြို့မှာ မဟုတ်လားလို့ (အကျော်အမော် စုံထောက်တယောက်ရဲ့ လေသံ ဟန်ပန်မျိုးနဲ့…) သူ့ကို အပိုင် မေးလိုက်တာပေါ့။ ပထမတော့ သူ တော်တော်ကြီးကို အံ့တွေသြပြီး လန့်နေတာ…။ ကိုယ့်ကို စင်္ကာပူက ဘယ်ဌာနမှာ အလုပ်လုပ်တာလဲ လို့အတင်းမေးနေတာ…။ သူက နှစ်ရက်ခြား သုံးရက်ခြား တခါလောက် နေရာပြောင်း ခရီးသွားနေတဲ့ သူဆိုတော့ သူပြောင်းသမျှ နေရာတွေကို သိနေတဲ့ ကိုယ့်ကို တကယ်ကို လန့်နေတာပါ။ အချိန်တွေ တော်တော်ကြီး ကြာတော့မှ Site Meter ရဲ့ အစွမ်းကြောင့်ဆိုတာ သိသွားလေတယ်။ အဲဒီ သူငယ်ချင်းဖြစ်ခါစ အချိန်တွေကို ပြန်တွေးမိတော့ လွမ်းစရာ… ပြီးတော့ ပျော်စရာ…။ အခုတော့ သူ ဘာကြောင့် ပျောက်နေလဲ… ဘယ်တွေရောက်နေလဲ ကိုယ် တကယ် မသိပါ…။
အစိမ်းရောင် အစက်ကလေးရေ…
ကိုယ် သတိရနေပါတယ်…။
ဘာတွေ ဖြစ်နေလို့ အခုလို ပျောက်ခြင်းမလှ ပျောက်နေသလဲဆိုတာ ကိုယ် ဘယ်လိုမှ မသိနိုင်ပေမယ့် ရောက်နေတဲ့ နေရာတခုမှာ အစစ အရာရာ အဆင်ပြေ ပျော်ရွှင် ချမ်းမြေ့ပါစေလို့ အမြဲတမ်း ဆုတောင်းပေးနေတယ်နော်။ အခြေအနေပေးတဲ့ တနေ့ကျရင် ကိုယ့်ရဲ့ G Talk လေးထဲမှာ စိမ်းစိမ်း ဝိုင်းဝိုင်းအစက်လေး တခုကို ပြန်တွေ့ရပြီး အရင်ကလိုပဲ ပျော်ပျော်ပါးပါး စကားတွေဆိုကြရမယ် လို့ ကိုယ် တထစ်ချ ယုံကြည် မျှော်လင့်နေဆဲပါ။

(မျက်စေ့အောက်မှ ပျောက်နေတာ အတော်ကြာနေပြီဖြစ်သော ကိုယ့်ရဲ့ အစိမ်းရောင် အစက်ကလေး တစက်ကို ချစ်ခြင်းအားဖြင့် သတိတရ ရည်ညွှန်း ရေးသားပါသည်။)
** အစိမ်းရောင် အစက်ကလေး
သတိရတဲ့ သူက မျှော်လင့်တမ်းတခြင်းတွေနဲ့  အတူ မောပန်းနွမ်းနယ်နေသလို သတိအရခံ ရတဲ့ သူကလည်း သိတတ်ခဲ့ရင် ဒီလောကထဲ ပျော်စရာအတိနဲ့ ပြီးလောက်ပါရဲ့ ....
ReplyDeleteအေးမြသာယာပါစေ
အလည်ရောက်ရင်း ဖတ်ရှုခံစားသွားပါတယ်
:D
He said...Miss U .. :D
ReplyDeleteကျနော်ကလဲ တကယ် သတိရနေပါတယ်..
ReplyDeleteမမ သက်ဝေ ရေးတတ်လိုက်တယ်...ဟုတ်တယ် တစ်ခါတစ်လေ...မှာ ဘယ်တော့များမှ စိမ်းလာမလဲ လို့မျှော်ရင်မောရတယ်နော်.... မမသက်ဝေ အစိမ်းရောင်လေး အမြန်ဆုံး ပြန်လင်းလာပါစေ...။
ReplyDeleteသူများကလည်း တကယ် သတိရနေတာပါ.. လို့
ReplyDeleteအစိမ်းရောင်အစက်လေး..ကိုယ်ပိုင်အမှတ် ၀၀၇..အွန်လိုင်းတနေရာမှ ပျောက်ဆုံးနေပါသဖြင့် သူငယ်ချင်းအပေါင်းအသင်းများမှ စိတ်ပူနေပါကြောင်း..ရောက်ရာအရပ်မှ အမြန်ဆုံး ဆက်သွယ်ပါရန်... ကူပြီး သတိရသွားပါတယ် သက်ဝေရေ... ဒီလို သံ...ယောဇဉ်တွေ.... မလွယ်ဘူးနော်..။
ReplyDeleteအို...တို့ကလဲ သူ့ကို သတိရနေပါတယ်ကွယ်။
ReplyDeleteမတွေ့တာက တို့လဲ ဟိုအလုပ်ဒီအလုပ်တွေနဲ့
အလုပ်ရှုပ်နေလို့ပါ။ အဟဲ..၀င်ရှုပ်လိုက်တယ်။
း)
mm
အစိမ်းရောင်အစက်...
ReplyDeleteကိုယ်ကတော့ သူ့အတွက် အစိမ်းရောင် အစက်လေးပါ...
သူကတော့ ကိုယ့်ကို အနီရောင် မျဉ်းဖြတ်
အဲ..အနီရောင် မျဉ်းဖြတ်ထဲကပဲ သံယောဇဉ်စာလုံးတွေ ထွက်ထွက်ကျလာတာ...
bye..going back home...See u တဲ့
Gtalk ရဲ့ အစိမ်းရောင်အစက်လေးက အဲလောက်ထိ အရေးပါတယ်နော်.... သက်ဝေရေ.... သူအလုပ်များနေတာများလား... သက်ဝေ သတိရနေတာသူသိပါစေကွယ်
ReplyDeleteဒီပို့စ်ဖတ်မိရင်တော့ မမသက်ဝေရဲ့ အစိမ်းရောင်လေး ပြန်လင်းလာမှာပါ အမရဲ့.. :)
ReplyDeleteခံစားချက်တွေ
ReplyDeleteအဖြစ်အပျက်လေးတွေ
တိုက်ဆိုင်နေတာမို့ တအံ့ တသြ ဖြစ်မိတယ်
ရေးထားတာလေး လဲ ဖတ်လို့ အရမ်း ကောင်းပါတယ်
အဆင်ပြေပါစေ နော်
Thank U :)
ReplyDeleteအမ ဒါဆို မီးကို ပြောတာဟုတ်ဖူးပေါ့နော်...
ReplyDeleteအဟင့်ဟင့်...
တော်ပီ..ဒါဆို အစိမ်းလေးမှိတ်ထားလိုက်မယ်..။
သတိရနေစေဖို့ တခါတလေ အစိမ်းရောင်လောကက ခဏအနားယူတာလဲ ဖြစ်မှာပေါ့ အမရဲ့..။
အစိမ်းရောင်အစက်ကလေးလို့ တင်စားသွားတာ အရမ်းလှတာပဲ... အစ်မခင်မင်တဲ့ အစိမ်းရောင်အစက်ကလေး အမြန်ဆုံးပြန်ပေါ်လာပါစေလို့ ဆုတောင်းပေးပါတယ် အစ်မ...း)
ReplyDeleteမမရေ အစိမ်းရောင် အစက်ကလေး မရှိတာ ပုန်းနေလို့များလား ၊ နှုတ်ဆက်ကြည့်ပါလား..
ReplyDeleteဒီကလည်း သတိရနေပါသည် မသက်ဝေ ရေ။ (ထပ်ရှုပ်သွားပါသည်... :D)
ReplyDeleteမမက အစိမ်းရောင်အစက်ကလေးဆိုတာ ချိုသင်းကို ပြောတာ ဟုတ်ဖူးလား။
ReplyDelete(မင်းအချစ်က တခြားတယောက်ဆီမှာလား၊ တခြား တယောက်ဆီမှာလား၊ ပြောပါ..ပြောပါ..)
သီချင်းလေး ညည်းပြီး ပြန်ပြီ။ :)
Sorry naw :)
ReplyDeleteတနေရာစီမှာဆိုတော့ ကိုယ်မဟုတ်ဘူးဆိုတာ ထင်ယောင်ထင်မှား ဖြစ်စရာမလိုအောင် သေချာနေတော့ အဲဒီအစိမ်းရောင်အစက်လေးကို မနာလိုဘူးကွယ်…တကယ်ဆို ကိုယ်လဲ ခုတလောပျောက်နေတာပဲဟာကို…
ReplyDeleteအရမ်းထိမိတဲ့ အရေးအသားပဲနော် ...ခံစားချက်နဲ့ကွက်တိပဲ...ကိုယ်ချင်းစာပါတယ်...
ReplyDelete