Friday, August 28, 2009

မာနကြီးသော နှင်းဆီနီ



ဒီနေ့မနက်စောစော နှင်းဆီနီတပွင့်အကြောင်း စဉ်းစားမိသည်။ ထိုမှတဖန် ချစ်ခြင်းမေတ္တာ နှင့် နှင်းဆီနီ… မည်သို့ ပတ်သက် ဆက်စပ်နေသနည်း ဟု ဆက်၍ စဉ်းစားမိသည်။ ပင်ကိုယ်သဘာဝအရ တင့်တယ် စိုပြေသော အရောင်၊ စွဲမက်ဖွယ် လှပသော အဆင်း၊ ရုန်းမထွက်နိုင်အောင် မွှေးပျံ့သော ရနံ့၊ တည်ကြည် ခိုင်မြဲသော ဟန်ပန် တို့နှင့်အတူ မာနတရားကိုပြသော ဆူးကလေးများစွာ ပါဝင်လေသော ထို နှင်းဆီ…။ နှင်းဆီသည် ချစ်ခြင်းကိုပြသော သင်္ကေတ တခုဟု ယူဆကြပါလျှင် ထိုချစ်ခြင်းသည် အရောင် အဆင်းအားဖြင့် လှပခြင်း၊ ရနံ့မွှေးပျံ့ခြင်း၊ တည်ကြည်ခိုင်မြဲခြင်း တို့နှင့်အတူ ဆူးများဝိုင်းရံသော မာနတရားလဲ မလွဲမသွေ ပါဝင်နေလိမ့်မည် ဟု ကောက်ချက်ချမိပါသည်။

မည်သို့သော မာနမျိုးမျှ မရှိလောက်ဟု ကိုယ်တိုင် အသေအချာ နားလည် ယုံကြည်ခဲ့ရသူ ကိုယ်တိုင် ချစ်ခင်စုံမက်လှစွာ စိတ်တိုင်းကျ ရွေးချယ်ထားခဲ့သော ကိုယ့်နှင်းဆီဦးတွင် ဘယ်သူနှင့်မျှမတူသော ထက်မြက် ပြတ်သား တင်းမာသော မာနတရားတခု ရှိနေကြောင်းကို ထင်ထင်ရှားရှား သိရှိ တွေ့မြင်လိုက်ရသော ဟိုးခပ်ဝေးဝေးက နေ့တနေ့ အကြောင်းကို ပြန်တွေးမိတိုင်း ကိုယ့်နှလုံးသားကို ချွန်ထက်သော နှင်းဆီဆူးများ အစင်းပေါင်းများစွာ ပြိုင်တူ နစ်ဝင်သကဲ့သို့ လတ်ဆတ် နာကျင်စွာ ခံစားနေရဆဲ ဖြစ်ပါသည်။ ထိုနေ့က သူကိုယ်တိုင် ရေးပြီး ကျောင်းရှေ့ ခရေပင်တန်းအောက်တွင် ကိုယ့်လက်ထဲသို့ သူကိုယ်တိုင် ထည့်ပေးခဲ့သော စာအုပ်ထဲမှ တကြောင်းတည်းသော စာလေးကိုလဲ ယနေ့ထက်တိုင် ကိုယ်ကောင်းကောင်း မှတ်မိ မြင်ယောင်နေပါသေးသည်။

ထိုနေ့ကအကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း စာရွက် ဖြူဖြူပေါ်တွင် စိုလက်နေသော မင်အနက်ရောင်ဖြင့် “သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်...” ဟုရေးပြီး ကိုယ့်နာမည် အပြည့်အစုံကို လက်ရေးခပ်ကြီးကြီးဖြင့် ရေးထားသော သူ့စာသည် ကိုယ့်မျက်စေ့အောက်သို့ အခု လောလောလတ်လတ် ပြန်လည်ရောက်ရှိလာသလို ယနေ့တိုင် ခံစားနေရဆဲ...။ ကိုယ်တို့ နှစ်ယောက်၏ အကြောင်းကို အစ အဆုံးသိသော သူငယ်ချင်းတချို့က ပြောလာကြသည့် ကောက်ချက်များအရကတော့ ထိုအဖြစ်တွေသည် သူ့မာနကို ထိပါးစေသော၊ မဆင်မခြင်ပြောခဲ့သော ကိုယ့် စကားတခွန်းကြောင့်ပင် ဖြစ်သည်တဲ့...။

အို... ကိုယ်က တမင် ရည်ရွယ်ခဲ့ခြင်း မရှိသော်လည်း ကိုယ့်စကားက သူ့ကို ထိထိခိုက်ခိုက် နာကျင်စေခဲ့သည်ကိုး။ ကိုယ်က မထင်မှတ်ပဲ နှုတ်လွန်ကာ စကားပြော မှားခဲ့လေသည်ကိုး။ ထိုအခါ သူ့နှုတ်ဖျားမှ ချစ်စကားလေးတခွန်းဖြင့် လှပစွာ စတင်ခဲ့သော ကိုယ်တို့နှစ်ယောက်၏ အချစ်မှတ်တမ်းလေးတခုသည် သူ၏ စကားလေးတခွန်း (အမှန်ကတော့ စာလေး တကြောင်းပါ) ကြောင့်ပင် လွင့်စင် ပျက်ပြယ်သွားခဲ့ပြီကော...။ ပြန်လည် ပြင်ဆင်ခွင့်လဲ မပေးနိုင်တော့ပြီ ဟု သူငယ်ချင်းတယောက်မှ တဆင့် ပြတ်တောက်သော စကားလူကြုံလဲ ပါးခဲ့သေးသည်လေ။ ကိုယ့်စိတ်တွေ အလွန်တရာထိခိုက် ကြေကွဲခဲ့သော်လည်း ကိုယ်ပြုံးနေခဲ့ပါသည်။ ကိုယ် သူ့ကို ချစ်သည်ပဲ။ အရာရာသည် သူ့ဆုံးဖြတ်ချက်အတိုင်းသာ ရှိစေရမည်ပေါ့။ ကိုယ် ကျေနပ်ပါသည်...။

သည့်နောက်တော့ ကိုယ်တို့ချင်း ဝေးကွာခဲ့ကြရသည်။ သို့သော်လည်း တကယ့် တကယ်မှာ သိပ်မဝေးကွာလှသော ပတ်ဝန်းကျင် အသိုင်းအဝိုင်းတို့ကြားတွင် တယောက်အကြောင်းကို တယောက်က မစုံစမ်း မမေးမြန်းသော်လည်း သူ့အလိုလို ကြားသိနေကြရပြန်သည်။ ထားလိုက်ပါတော့လေ...။ သည်လိုနှင့် နှစ်အနည်းငယ်ကြာသောအခါ သူငယ်ချင်းတယောက်က သူ့အကြောင်း သတင်းတပုဒ်ကို သယ်ဆောင်လာခဲ့သည်။ မာနတရားကို ထိပါးသောကြောင့် ကိုယ့်ကို ချန်ထားရစ်ခဲ့သော်လည်း ကိုယ့်အပေါ်တွင် အချစ်တွေကဖြင့် မပြယ်၊ တရက်တနေ့မှလဲ မေ့မရပါပြီ တဲ့... သူ့ကို ခွင့်လွှတ် လက်ခံစေရန် ကိုယ့်ကို ပြန်တောင်းပန် လိုပါသည် တဲ့...။ ဘုရားရေ... နှစ်တွေ ဒီလောက်ကြာလာကာမှ သူက ကိုယ့်ကို တောင်းပန်ချင် သတဲ့လား...။ ကိုယ် အပြုံးတဝက်နှင့် ခေါင်းကို အသာ ခါယမ်းလိုက်မိသည်။

ကိုယ်အတွက် အရယ်ရဆုံး ပျက်လုံးတခုဖြစ်ပေလိမ့်မည် ဟုဆိုကာ ထိုသတင်းကို သယ်ဆောင်လာသော သူငယ်ချင်းသည် ကိုယ့် မျက်နှာအမူအယာကို အဖတ်တတ်ဆုံးသော၊ ကိုယ့်ကို နားအလည်ဆုံးသော၊ ကိုယ်နှင့် သူ့အကြောင်းကို ကကြီးမှ အ အထိ သိထားသော ကိုယ့်ငယ်ပေါင်း အချစ်ဆုံး သူငယ်ချင်း တယောက်ဖြစ်ပါသည်။ ကိုယ်ဘာမှ ပြန်မပြောရသေးခင်မှာပင် “အေး... နင် ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာ ငါသိပါတယ်... ဒီကောင်က တဆိတ်တော့ လွန်လွန်းတယ်၊ စိတ်ချ… နင့်ရှေ့ကို သူပြန်မရောက်လာစေရဘူး... ဒီကိစ္စ ငါ ကြည့်ရှင်းလိုက်မယ်...” ဟု ဆိုကာ ပြောပြောဆိုဆိုနှင့် ကျောပိုးအိပ် အညိုရောင်လေးကို ဆွဲကာ စိတ်မြန်လက်မြန် ထ ထွက်သွားသော သူငယ်ချင်းကို ကိုယ် တားမည်ဆိုလျှင် အချိန်မှီ နိုင်သော်လည်း... “လူတယောက်က သင့်အပေါ်တွင် တကြိမ်မှားမိလျှင် ထိုအမှားသည် သူ့အမှားဖြစ်သည်၊ နှစ်ကြိမ် အမှားခံရပါက ထိုအမှားသည် သင့်အမှားသာလျှင် ဖြစ်သည်” ဟူသော စကားကို စိတ်ထဲတွင် စွဲနေအောင် အကြိမ်ကြိမ် အထပ်ထပ်ရေရွတ်ကာ သူငယ်ချင်းကို တားဖို့ မကြိုးစားတော့ပဲ မျက်စေ့တဆုံး ငေးကြည့်ပြီး ထိုနေရာမှာ ငြိမ်သက်စွာ ခြေစုံရပ် ကျန်နေခဲ့မိပါသည်။

အဲဒီ ညနေက ဘာလုပ်ရမှန်း မသိ၊ တယောက်တည်း ယောင်လည်လည်၊ ပြီးတော့ ကြောင်တောင်တောင်နိုင်လှစွာဖြင့် လှည်းတန်းဈေးထဲဝင်ကာ စိုလက် တောက်ပနေသော နှင်းဆီ အနီရဲရဲ တစည်းကိုဝယ်မိပါသည်။ ပြီးတော့ စုစုပေါင်း အပွင့် ဆယ်ပွင့်ပါသော နှင်းဆီအစည်းကို ဖြည်ကာ အလှပဆုံး အရဲရင့်ဆုံးဟု ဖာသာ ကောက်ချက်ချမိသော နှင်းဆီတပွင့်ကို ရွေးယူ၍ ကျန်ကိုးပွင့်ကို ဈေးသည်ထံ ပြန်လည် ကမ်းပေးလိုက်မိပါသည်။ နှင်းဆီ ဆယ်ပွင့်ဖိုး ပိုက်ဆံပေးပြီး တပွင့်သာ ယူဆောင်သွားသော ကိုယ့်ကို နားမလည်နိုင်စွာ ခပ်ကြောင်ကြောင် ငေးကြည့်နေသော ဈေးသည် ကောင်မလေးကို ကြည်ကြည်လင်လင် ပြုံးပြရင်း၊ နှင်းဆီနီတပွင့်ကို ကိုင်ဆောင်ကာ ကိုယ် ပေါ့ပါးစွာ လှည့်ထွက်ခဲ့ပါသည်။ ထိုညက ကိုယ့်အိပ်ရာဘေးတွင် ထိုနှင်းဆီနီလေးကို တင်ထားရင်း နှင်းဆီ၏ တိမ်းမူးဖွယ် ရနံ့ကြားမှာ ကိုယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါသည်။

သူငယ်ချင်းတွေကြား မိတ်ဆွေတွေကြား အထူးသဖြင့်တော့ ချစ်သူနှစ်ယောက်ကြားတွင် မရှိသင့်သော မထားသင့်သော ထိုမာနတရားကို ရှေ့တန်းတင်ခဲ့သော သူ့ကို ကိုယ် တကယ်ပဲ မမုန်းတီး မခါးသီး မနာကျင်နိုင်ခဲ့ပါ။ နှင်းဆီနီတပွင့်နှင့်တူသော သူ၏ချစ်ခြင်းကို ကိုယ် ကြိုးစားပြီး နားလည်ပေးချင်ပါသည်။ ကမ္ဘာပေါ်ရှိ နှင်းဆီပွင့်တိုင်းသည် အသွေးအရောင်အားဖြင့် မတူညီစွာ ကွဲပြားနိုင်သော်လည်း သူတို့အားလုံးတွင် တူညီသော မာကျော ချွန်မြ ထက်ရှသော ဆူးများ ပါနေသည်ကိုတော့ဖြင့် မည်သူမျှ မငြင်းနိုင်ပြီပဲ။ ထို့ကြောင့် နှင်းဆီကဲ့သို့ အရောင် အဆင်းအားဖြင့် လှပခြင်း၊ ရနံ့မွှေးပျံ့ခြင်း၊ တည်ကြည်ခိုင်မြဲခြင်း တို့နှင့်အတူ ဆူးများဝိုင်းရံသော မာနတရားလဲ မလွဲမသွေ ပါဝင်နေမည်မှာ သေချာလှသော သူ၏ နှင်းဆီနှင့်နှင့်တူသော ချစ်ခြင်းကို ကိုယ် ပြန်လည်လက်ခံနိုင်စွမ်း မရှိတော့သည်ကိုလဲ သူ... ကိုယ့်ကို ခွင့်လွှတ်စိတ်ဖြင့် အတတ်နိုင်ဆုံး ကြိုးစား နားလည်နိုင်ပါစေ ဟု ကိုယ် ဆုတောင်းနေမည် ဖြစ်ပါသည်။



(ကိုရွာသားလေး Tag ထားသောကြောင့် ဤပိုစ့်ကို ရေးပါသည်။ တသီတတန်းကြီး Tag ထားသောအထဲတွင် ကိုယ့်ကို မေ့လျော့မသွား၊ ကျော်မသွားပဲ သတိတရ ရှိသော ကိုရွာသားလေးကို ကျေးဇူးတင်ပါသည်။ သူလိုချင်သော Theme မှ လွဲချော် ထွက်မသွားရလေအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါသည်။ သူ Tag ထားသော ပိုစ့်ကို ရေးရသည့် အတူတူ မထူးဘူး ဟုတွေးကာ ရေးရကျိုးနပ်သွားအောင် သူ့ နှင်းဆီပန်း ဓါတ်ပုံကိုပါ ယူသုံးထားလိုက်သေးသည်။ ထိုအတွက်လဲ ကိုရွာသားလေးကို ကျေးဇူး နောက်တခါ ထပ်တင်ပါသည်။)

20 comments:

  1. စကားလုံးတွေနဲ့ ထိရှလွယ်သူမို့ ကိုယ်တိုင်ခံစားမိတယ်။ မေ့လွယ်ပျောက်လွယ်စကောင်းပေမယ့် အဟောင်းတွေ အသစ်ဖြစ်စေခဲ့ရင် မနာကျင်တန်ကောင်းလောက်ဖူးထင်ပါတယ်။ ပြုံးလျက်နှုတ်ဆက်သူ အဖြစ် ကိုယ်တိုင်လည်း ကြိုးစားနေပါတယ်။ အင်း ခေါင်းတစ်ချက်ယမ်းလိုက်ရင် အားလုံးမေ့နိုင်စွမ်းစေလို့........

    အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

    ReplyDelete
  2. မာန တွေကြောင့် ဆိုတာ ... ထင်းခနဲပဲ.... တယယ်တော့ ချစ်သူတွေ ကြားမှာ မာန နဲ့ သံသယ ဟာ မထားကောင်းလို့ တွေးမိဖူးတယ်...။ ဟုတ်မဟုတ်တော့ မသိသေးဘူ။...း))

    ReplyDelete
  3. The rose look very beautiful when view in full zoom. like a real.
    Cheers..

    ReplyDelete
  4. နှင်းဆီရဲ့ နှင်းဆီကလည်း မာနကြီးတာပဲနော်...။

    ReplyDelete
  5. ကျမထင်တယ်.. အဲ့ဒီ အရွယ်..အဲ့ဒီ အချိန်တွေက.. နှင်းဆီ တွေ အကုန်..မာန တခွဲသားနဲ့နော်..
    ခုတော့....
    ဘာဖြစ်လဲ..
    သိပါဘူး..ဟိဟိ
း)))

    ReplyDelete
  6. တခါတလေတော့လည်း တချို့အတွက် ဘာမှ မဟုတ်လောက်ပေမယ့် အဲဒါကိုမှ အသဲခိုက်အောင် နာကျင်မိတတ်တာမျိုးလည်း ရှိတတ်ပါတယ်လေ...။ ကိုယ့်ကို တမင်တကာ နာကျင်စေလိုတဲ့ စေတနာ ထိခိုက်စေလိုတဲ့ စေတနာ မရှိခဲ့ဘူးဆိုရင်တော့ အဆင်ပြေကောင်းပါရဲ့နော်..။ မာနနဲ့ ချစ်ခြင်းမေတ္တာ သံယောဇဉ် ခင်မင်မှု တွေနဲ့ လဲလိုက်ရလောက်အောင်ကို ဖြစ်သွားတာကိုတော့ မာနကြီးတဲ့ နှင်းဆီနီအတွက် စိတ်မကောင်းပါဘူး သက်ဝေ..။

    ဆရာမ အရေးအသားကောင်းလွန်းလို့ မျောသွားပါတယ်..:)

    ReplyDelete
  7. I love rose...
    I love wild land
    I love wild rose
    I love ur post

    ReplyDelete
  8. အဲဒါအချစ်ပဲ.....
    ဒါလေးဖတ်ပြီးလဲ လွမ်းမိသွားတယ်....

    ReplyDelete
  9. သိပ်ကောင်းတာပဲ မမ။ ၀တ္ထုလား တကယ်လားဟင်။

    ReplyDelete
  10. မြတ်နိုးAugust 28, 2009 at 10:22 PM

    အမ..အဲလို နှင်းဆီ နီကြောင့် လောကမှာ ...

    အဲလို အဖြစ်မျိုးတွေ များခဲ့ပါတယ်..။

    နှင်းဆီဆိုတာလဲ ဆူးရှိနေမှာပါပဲ အမရာ..။

    စကားမစပ် အဲဒါ တကယ်လားဟင်

    ReplyDelete
  11.း)
    မာနရယ်၊ မနာလိုခြင်းရယ်၊ ပူပန်ခြင်းရယ်ဟာ အချစ်ပဲ။

    ReplyDelete
  12. tag လို့ မထင်ဘူး... အမ ၀တ္ထုတို ရေးနေပြီထင်လို့။ ဖတ်လို့ကောင်းလိုက်တာ... နောက်တပုဒ် ရေးပါဦး။

    ReplyDelete
  13. မမသက်ဝေရေ..
    မာနတွေဝေနေတဲ့ နှင်းဆီနီလေးအကြောင်းဖတ်သွား
    ပါတယ်ရှင်။ဖတ်လို့ကောင်းလိုက်တာ.

    ReplyDelete
  14. သက်ဝေရေ… နှင်းဆီနီလေးနဲ့ အတူ ကိုယ်ပါစီးဝင်မျောပါသွားတယ်…
    မာနနဲ့ တူတဲ့ဆူးတွေကြောင့်ပဲ ချစ်တဲ့သူတွေ ဝေးကြရဖူးတယ်မိုလား…
    နှလုံးသားနုနုလေးကို ဒဏ်ရာရစေမယ့် ဆူးမျိုးက ကြာလာရင် သက်လုံမကောင်းတာကြောင့် သက်ဝေဇာတ်လမ်းထဲက ကောင်မလေး ဆုံးဖြတ်ချက်ကို တို့ က ထောက်ခံတယ်…
    ချစ်သူမဖြစ်ခင်တောင် မာနဆူးတွေ ပြင်းထန်နေရင် ချစ်သူဖြစ်တဲ့အခါ ဆူးတွေသန်စွမ်းလာမှဖြင့်…
    ကောင်မလေးရဲ့ဆူးလေးတွေကို နှစ်သက်တယ်…
    နှင်းဆီနီလေးက ဆူးရှိမှ ပိုတင့်တင်တယ်မိုလား…

    ReplyDelete
  15. ခံစားချက်လွယ်တဲ့လူမို့လို့ဖြစ်မယ်ထင်တယ်နော်။ စိတ်ဆိုးတာလောက်ဆိုတော်ပါသေးတယ် အဆက်ဖြတ်တာလောက်ကတော့ နည်းနည်းလွန်သွားတာဖြစ်မှာပေါ့...

    အမရေ... အခုပဲကွန်မန့်ထွက်ပေးမိတာ အမရေးထားတာ ဖတ်လိုက်တော့ ဘာကိုလွမ်းလဲမသိ... လွမ်းမိသွားတယ်။

    ReplyDelete
  16. မာနတွေ ကာ ထားရင် အချစ်ကို မမြင်နိုင်တော့ဘူး။
    မာနတံတိုင်းတွေကို ကြောက်မိတယ်။ ပင်ပန်းလို့။
    မမ အဲဒါ တကယ်လား။

    ReplyDelete
  17. မမရဲ့ အဖြစ်လေးကို ဖတ်ရတော့ ခုလေးတင် ဖတ်နေတဲ့ လရဲ့အောက်ဖက် မိုင်အဝေးမှာ ထဲက ကိုနေရောင်ခန့်ပြောတဲ့ စကားလုံးတွေကို ပြန်သတိရသွားတယ်. “ကျွန်တော်တို့ယောက်ျားတွေဟာ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက်ချသူတွေ အဖြစ် ဂုဏ်ယူတက်ကြတယ်။ ကိုယ့်ဆုံးဖြတ်ချက်ကို နောင်တရ တွေဝေနေတဲ့ အချိန်မှာ မိန်းမတွေက ကျွန်တော်တို့ အတွက်ပါ ဆုံးဖြတ်ချက် ချပေးသွားတယ်..သေရောတဲ့” .. ဟိုအစ်ကိုကြီးလဲ အဲဒီိလို တွေးနေမိမလားမသိ။

    ReplyDelete
  18. မယ်ကိုးAugust 24, 2011 at 10:09 PM

    မမ စာလေးက သိပ်လှတယ်း)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...