Friday, February 11, 2011

Malware ကာကွယ်ရေး

အလုပ်တွေနဲ့ ချာချာလည်ပြီး စိတ်ရော လူရော မအားရပါဘူးဆိုမှ ရတက်မအေးစရာ ကြုံရပြန်ပါတယ်။ အခုရက်ပိုင်းမှာ Malware ဆိုတဲ့ Virus တမျိုးက ဘလော့ဂ်တွေကို ထိုးနှက် တိုက်ခိုက်နေပါတယ်တဲ့…။ ဒီကိစ္စကို သိသိချင်း ကိုအောင် (ပျူနိုင်ငံ) ဘလော့ဂ်မှာ တင်ထားတဲ့ ဒီလင့်ခ် ကနေတဆင့် ကိုယ့်ဘလော့ဂ်လေးကို စစ်ကြည့်လိုက်တော့ သေချာပေါက်ပဲ အဲဒီ Malware ဆိုတာကြီး ရှိနေပါတယ်။

ဘလော့ဂ်နဲ့ပတ်သက်ရင် စာရေးတတ်တာ၊ ပိုစ့်တင်တတ်တာ၊ ဓါတ်ပုံလေးတွေ attach လုပ်တတ်တာကလွဲလို့ ကျန်တာတွေ ဘာမှ မလုပ်တတ်တဲ့သူမို့ တခုခု ပြဿနာပေါ်ရင် ဘယ်လိုမှ မရှင်းတတ်ပါဘူး။ ဒါကြောင့် စစ်ကြည့်လိုက်ပြီး Malware ရှိတဲ့ Link တွေ တခုချင်း လိုက်ဖြုတ်နေဖို့ကလဲ အချိန်မရတော့တာမို့ သုံးနှစ် သုံးမိုး စုဆောင်း ချိတ်ဆွဲထားတဲ့ Link အားလုံးကို စိတ်မကောင်းစွာနဲ့ ဖြုတ်ချလိုက်ပါတယ်။ ကံကောင်းတာက ကိုယ့်ရဲ့ ပိုစ့်တွေမှာ Malware မရှိနေပါဘူး။ ကိုယ့်ဆီကို ဝင်လာကြတဲ့ Link တချို့နဲ့ Sidebar က Link တချို့မှာပဲ အဲဒီ Malware ကိုတွေ့ရပါတယ်။ ဒါကြောင့် ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေနိုင်တော့ပဲ Sidebar ကို ရှင်းလိုက်ရပါတယ်။ အဲဒါတွေ ဖြုတ်ပြီး ပြန်စစ်ကြည့်တော့မှပဲ Malware ကင်းရှင်းကြောင်း ထောက်ခံစာလေး ရလာပါတော့တယ်။

ပြီးတော့ အခုပဲ Facebook ကို ဝင်ကြည့်လိုက်တော့ Comment တွေကတဆင့် Virus မကူးရလေအောင် Comment တွေကို Moderate လုပ်ဖို့နဲ့ အဲဒီ Malware မရှင်းသေးချိန်မှာ ကော်မန့်တွေပေးကြတဲ့အခါ G mail Account ကို မသုံးပဲ Name/URL ဆိုတဲ့ နေရာမှာ ကိုယ့်နာမည်ကို ရေးပြီး URL နေရာမှာ ဘာမှ မထည့်ပဲ ကော်မန့်ပေးကြဖို့ ပြောထားတာ ဖတ်ရပါတယ်။ မလွဲမသွေ သတိပြုရမယ့် အချက်ပါပဲ။

ပြီးတော့ ဘလော့ဂ်ပိုင်ရှင်တွေအတွက် သတိရတာလေးတခု ပြောချင်ပါတယ်။ အခုလို Link တွေ ဖြုတ်လိုက်တော့ စာဖတ်သူတွေအတွက် ကိုယ်ဖတ်ချင်တဲ့ ဘလော့ဂ်ကို ရှာချင်ရင် အလွယ်တကူ ရှာလို့ရအောင် Google မှာ နာမည်စာလုံး (သို့) Keyword တခုခု ရိုက်ပြီး ရှာလို့ရတဲ့ Function လေးကို ဖွင့်ထားပေးစေချင်ပါတယ်။

အောက်ကပုံမှာ ပြထားသလို ဘလော့ဂ်ကို Log in ဝင်ပြီး Setting အောက်က Basic ဆိုတဲ့ Tab လေးအောက်မှာ Let search engines find your blog? နေရာမှာ အခုလို Yes လို့ ရွေးပေးထားရင် ကိုယ့်ဘလော့ဂ်ကို စာဖတ်သူတွေ အလွယ်တကူ ရှာတွေ့နိုင်မှာပါ။


ဥပမာ ပန်ဒိုရာ ဘလော့ဂ်ကို ရှာချင်ရင် Google မှာ ပန်ဒိုရာ လို့ ရိုက်လိုက်ရင် အခုလို အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။


ကိုအောင် (ပျူနိုင်ငံ) ဆိုရင်လဲ Pyustate လို့ ရိုက်လိုက်ရင် အခုလို တွေ့ကြရမှာ ဖြစ်ပါတယ်။


တကယ်တော့ ဘလော့ဂ်တွေတိုင်းမှာ ချိတ်ထားကြတဲ့ Blog List တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဘလော့ဂ်လိပ်စာတွေကနေတဆင့် တဦးဆီတဦး အပြန်အလှန် ကူးသန်းသွားလာရတဲ့ သဘာဝရှိတဲ့ ဘလော့ဂ်စဖီးယားထဲမှာ အခုလိုဖြစ်လိုက်တော့ အလည်အပတ် အကူးအသန်းတွေ အတော်ရော့သွားကြမှာ သေချာသလောက်ပါပဲ…။

ဘာပဲဖြစ်ဖြစ် ဖြစ်လာမှတော့ ဘယ်တတ်နိုင်ပါ့မလဲ… အားလုံး တက်ညီလက်ညီ အတူတူပူးပေါင်းပြီး ကိုယ့်ရဲ့ ဘလော့ဂ်နဲ့ ကိုယ် ကူးသန်းသွားလာနေကျ Link တွေကို သန့်ရှင်းအောင် ကြိုးစားပေးကြပါလို့ ပြောချင်ပါတယ်။ ပြီးတော့ ဘလော့ဂ်ပိုင်ရှင်များကလဲ ကိုယ့်ဘလော့ဂ်ကို မကြာခဏ စစ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

ဒါကတော့ ကိုယ့်ဘလော့ဂ်လေးကို စစ်ထားတာပါ။ အချိန်ပါ သိရအောင် Phone နဲ့ စစ်ပြီး Screen Shot ရိုက်ထားလိုက်ပါတယ်…။ Malware ကင်းရှင်းကြောင်း ထောက်ခံစာ ဆိုပါတော့…။


Malware နဲ့ ပတ်သက်လို့ အတူတူ တွဲဖတ်စရာ ပိုစ့်တွေက ဒီမှာပါ။

ဘလော့ဂ် ၀ဲစွဲခြင်းနှင့် ကင်းရှင်းကြောင်း - ပန်ဒိုရာ

Blogspot နှင့် ဘလော့ဂင်းနေသူများ သို့ အထူးသတိပေးချက် - လင်းထက်

ကော်မန့်မှတဆင့် မဲဝဲ (malware) တင်ပို့မှု ကာကွယ်ရေး - ကိုအောင် (ပျုနိုင်ငံ)

ဘလော့အများအပြား မဲဝဲလ် ကူးစက်ဖြစ်ပွားမှု - ကိုအောင် (ပျုနိုင်ငံ)

Malware ကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ပြီ - Rose

ဘလော့ဂ်စဖီးယားတခုလုံး Malware ရန်မှ အမြန်ဆုံးကင်းဝေးပြီး စာမျက်နှာတိုင်း သန့်ရှင်းစင်ကြယ်သွားပါစေလို့ ဆုတောင်းနေပါတယ်။



7 comments:

  1. ကိုအောင်(ပျူနိုင်ငံ)February 11, 2011 at 1:26 AM

    ကျနော်တို့ အနာဂတ်က ခပ်ယဲ့ယဲ့လား ဘာတွေ
    ထပ်ဖြစ်အုံးမလဲ မသိဘူး ...

    ReplyDelete
  2. အလုပ်တွေ ရှုပ်နေတာနဲ့ ဘလော့ဂ်လဲ နပ်မမှန်တော့ အဲလိုအဖြစ်မျိုးတွေရှိတာ မသိဘူးဗျာ။ ပြန်စစ်ကြည့်ဦးမယ်။ ကျေးဇူး။

    တီတီဆွိ

    ReplyDelete
  3. ညီမလဲ လင့်တွေဖြုတ်လိုက်မှ ကောင်းသွားတာ.. ဖြေးဖြေးချင်းမှပဲ ပြန်ချိတ်ရမှာပဲ..

    ReplyDelete
  4. ကျနော်လည်း ညကမှ ၀ဲသတ်လို့ပြီးတယ် ၀ဲကင်းတဲ့ ဘလော့တွေကိုတော့ လင့်ပြန်ချိတ်ထားတယ်း)

    ReplyDelete
  5. ဒီက အိုင်တီကျွမ်းကျင်ဆိုတော့ ကော်မန့်အချို့ဖျက်လိုက်မိသေးတယ်... နှမြောလိုက်တာ :(

    Rose of Sharon

    ReplyDelete
  6. မရေ... malware ကာကွယ်ရေးအကြောင်း စုံစုံလင်လင်လေး ဖတ်လိုက်ရလို့ ပြင်စရာရှိတာတွေပါ ကိုယ် blog မှာပါပြင်လိုက်တယ်.. ကျနော့်ဆီမှာတော့ comment တချို့မှာပါ တွေ့တယ်လို့ ပြောတာနဲ့ အလုပ်မအားတဲ့ကြားထဲက blog လေး ၀ဲစွဲနေမှာစိုးလို့ မနည်း ကျိတ်ကုလိုက်ရသေးတယ်.. အခုတော့ မရှိတော့ဘူးလို့ ပြောတာပါပဲ :D နောက်မှ ၀ဲကင်းကြောင်း သက်သေနဲ့တကွပြမယ်နော်.. :D

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...