Tuesday, April 12, 2011

ရွှေပြည်ဝေး သင်္ကြန်



မြန်မာ့ရိုးရာ သင်္ကြန်ပွဲကြီး နီးလာပြီ…။ မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့…
အခုလို သင်္ကြန်အချိန်အခါမှာ အမိမြေနဲ့ ဝေးနေကြတဲ့ ပြည်ပရောက် မြန်မာများအတွက် ပျော်စရာ အွန်လိုင်း သင်္ကြန်ပွဲလေးတခုကို အတူတူပါဝင် ဆင်နွဲကြဖို့ ရွှေပြည်ဝေး မဏ္ဍပ်ကို ကြွခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်…။ သင်္ကြန်ရက်တွေမှာ ရွှေပြည်ဝေး မဏ္ဍပ်က ပျော်စရာ သံချပ်တွေနဲ့ စားဖွယ်သောက်ရာ အစုံအလင်နဲ့ ဧည့်ခံခဲ့တာ ဒီနှစ်ဆိုရင် တတိယ အကြိမ်ရောက်ခဲ့ပါပြီ…။ ရွှေပြည်ဝေး မဏ္ဍပ်ပိုင်ရှင်က ဒီနှစ်သင်္ကြန်ပွဲကို ပျော်ပျော်ပါးပါး လာရောက်ဆင်နွှဲဖို့ အခုလို ခွန်းထောက်လေးနဲ့ ဖိတ်ကြားထားပါတယ်။

“သင်္ကြန်ဆိုတာ ပျော်ရေး ပျော်တာ၊ အော်ရေး အော်တာ၊ ဘလော်ဂါ အဖေါ်သဟာ ဘော်ဒါတွေနဲ့ ကဲရာ ကဲကြောင်း နွှဲကြရမယ့် အခါသမယကြီးပဲ မဟုတ်ပေလားဗျာ… (ပလို့... ဂျိ)
ရွှေပြည်ဝေးဘလော်ဂါများက ခံတပ်သဘောပမာ အမြန်စပ်ရောကာ သံချပ်နှောလာကြတာလည်း သုံးနှစ်ကြီးများတောင် တိုင်လာပါပေါ့လား မယ်တို့ မောင်တို့ရဲ့… (အဟမ်း…)
အဲသည်တော့ကာ...
မကြာခင်ရက်ပိုင်းအတွင်း အချိန်အခါမဆိုင်း ကျရောက်လာချေတော့မယ့် မြန်မာတို့ရဲ့အတာသင်္ကြန် ပွဲတော်ကြီးကိုလ (အရင်နှစ်တွေအတိုင်း…) နွှဲပျော်ပြီး ကြိုရအောင်လား အဖေါ်သဟာ ဘော်ဒါများတို့ရေ...”


ဒါကြောင့် စိတ်ကူးရသလို သင်္ကြန်သံချပ်လေးများ ရေးပြီး ရွှေပြည်ဝေးကို လာခဲ့ကြဖို့ ထပ်ဆင့်ဖိတ်ခေါ်ရင်း ကိုယ်တိုင်အတွက်ရော တခြား သံချပ်ရေးကြမယ့် အပေါင်းအသင်း ရောင်းရင်းများအတွက်ပါ သွေးပူလေ့ကျင့်ခန်းအနေနဲ့ မနှစ်က ရေးဖြစ်ခဲ့တဲ့ ကိုယ့်ရဲ့သံချပ်လေးကို တင်လိုက်ပါတယ်…။


သင်္ကြန်ချိန်ခါ ရောက်လို့လာ… ရွှေပြည်ဝေးမှာ တူတူပျော်စို့…
သင်္ကြန်ချိန်ခါ ပျော်စရာ… သံချပ်ထိုးတာ ရိုးရာဓလေ့…
ရွှေပြည်ဝေးရဲ့ စေတနာ… ကြွလာသူတွေ ပျော်ဖို့ ရွှင်ဖို့…

ရွှေပြည်ဝေးရဲ့ မေတ္တာတွေ… လူတိုင်း ကိုယ်စီ ရကြစေသား…
ရွှေပြည်ဝေးရဲ့ စေတနာ… မုန့်လုံးရေပေါ် ကုလားအော်နဲ့…

ရွှေပြည်ဝေးရဲ့ မေတ္တာတွေ… ကောင်မလေးတွေ ရှေ့ကို လာခဲ့…
(သင်္ကြန်ရေ အေးအေးလေး လောင်းမလို့ပါဗျာ… တလွဲမတွေးပါနဲ့…)

ရွှေပြည်ဝေးကို ချစ်တယ်ဆို… ဂျော်နီအပြာ ယူလာခဲ့ကြ…
ရွှေပြည်ဝေးက မေတ္တာဝေ… ကောင်မလေးတွေ အားလုံးအတွက်…

(ပိတောက်ပန်း လက်ဆောင် ဝေပေးမလို့ပါ… ခွိ… ခွိ…)
ဝိုင်းစုခိုင်သိန်း လာမယ်ဆို… အကိုတို့မှာ ရင်တွေခုန်ကြ…

ဝိုင်းစုခိုင်သိန်း လာမယ်ဆို… ရှေ့ဆုံးတန်းမှာ ဘယ်သူတွေလဲ…
(ဟာ… ဟိုမှာ ကလူသစ်ကြီးပါလားဗျို့…)

ကဲ… ကဲ… ရွှေပြည်ဝေးက အကိုတော်တွေ အကြိုက်တွေချည်း ပြောနေလို့ မဖြစ်သေးဘူး… ကျွန်တော်တို့ ရွှေပြည်ကြီး အကြောင်းလေးလဲ သိရသလောက်လေး ဖေါက်သည်ချချင်ပါသေးတယ် ဗျ…။

ရန်ကုန်မြို့ကြီး မီးမလာ... နေပြည်တော်မှာ လင်းလို့ ထိန်လို့…
တိရိစ္ဆာန်ရုံ ဟိုပြောင်းတာ… နေပြည်တော်မှာ လင်းလို့ ထိန်လို့…

ရန်ကုန်မြို့ကြီး မီးမမှန်… မီးစက်ကိုသာ အားကိုး အားကိုး…
သင်္ကြန်ရက်လဲ ရေမလာ… မီးစက်ကိုသာ အားကိုး အားကိုး…

ဈေးဆိုင်ကြီးတွေ မီးတွေလောင်… နေရာကောင်းတွေ သိမ်းဖို့ သိမ်းဖို့…
တဲပေါ်ကလူ တိုက်ပေါ်တင်… နေရာကောင်းတွေ သိမ်းဖို့ သိမ်းဖို့
(တို့မီး ရှို့မီး… အလို မရှိ… တို့မီး ရှို့မီး… အလို မရှိ…)

ဂုဏ်ထူးဆောင်တဲ့ ချုပ်ကြီးတွေ… နေပြည်တော်ဆို ပိုက်ဆံဖြုန်းကြ…
လက်လုပ်လက်စား လူများမှာ… ဆန်ပြုပ်ကိုတောင် နပ်မမှန်တဲ့…

သံရုံးတွေမှာ အခွန်ဆောင်… နေပြည်တော်ကို လှုဖို့ တန်းဖို့…
တလ တခါ အခွန်ဆောင်… လူကြီးလာရင် ဆေးဘိုး ဝါးခ…

ပြောရအုံးမယ်ဗျ…. ကျွန်တော်တို့ ရန်ကုန်မြို့ကြီး မှာလေ…

သုံးနိုင်သူတွေ မိုဘိုင်းလ်ဝယ်… ဖုန်းပြောနေရင် ခေါင်းမလှုပ်နဲ့…
မိုဘိုင်းလ်ဖုန်းတွေ ကိုယ်စီကိုင်… လမ်းမပေါ်မှာ ထွက်အော်ပြောကြ…
(မကြားရဘူးဗျို့… ကျယ်ကျယ်ပြောပါ…)

ဖုန်းဘိုးတသောင်း ပေးရရင်… ဟဲလို အတွက် ခုနှစ်ထောင်တဲ့…
ဖုန်းဘိုးတသောင်း ပေးရရင်… ကြားလား အတွက် ခုနှစ်ထောင်တဲ့…
(ဟဲလို… ဟဲလို… ကြားလား… ကြားရလား…)

Without ကားတွေ သိပ် တွင်ကျယ်… နံပါတ် လှတာ ရွေးကာ စီးကြ…
ကားပါမစ်တွေ ချပေးမည်… ပြောနေကြတာ ကြာ ကြာလှပေါ့…

ရွေးကောက်ပွဲကြီး နီးလို့လာ… တခါလာလဲ မဲပြာ ပုဆိုး…
ရွေးကောက်ပွဲကြီး နီးလို့လာ… ပြောကြစမ်းပါ ဘာထူးမှာလဲ…

နောက်နှစ်သစ်ကို မကူးခင်… ကောင်းမှု ကုသိုလ် အထူးပြုကြ...
နောက်နှစ်သစ်ကို မကူးခင်… မကောင်းတာတွေ ဖယ်ကာရှားကြ…

မကောင်းတာတွေ ဖယ်ရှားချင်… တောထုတ်ကြတာ မြန်မာဓလေ့…
ရွေးကောက်ပွဲကြီး နီးလာပြီ… တောထုတ်ကြတာ မြန်မာဓလေ့…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
ရွေးကောက်ပွဲကြီး နီးလာပြီ… သံပုံးတီးကာ တောထုတ်ကြစို့…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
သံပုံးတီးကာ တောထုတ်ကြစို့… မကောင်းဆိုးဝါး အကောင်တွေ…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
(သံပုံးတီးသံ ဆူဆူညံညံဖြင့် သံချပ်ကို သိမ်းပါရန်…)


အိုကေ... လှပတဲ့ ကောင်းကင်ပြာပြာ အောက်က သစ်တောရနံ့လေး သင်းမွှေးနေတဲ့ ရွှေပြည်ဝေး သင်္ကြန်မဏ္ဍပ် မှာ ရိုးရာ အတာ သင်္ကြန်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြရအောင်… သံချပ်ထိုးရင်း၊ သီချင်းဆိုရင်း၊ မုန့်စားရင်း၊ ရေလောင်းရင်း၊ စကားလက်ဆုံ ပြောကြရအောင် သူငယ်ချင်း မိတ်ဆွေတွေ အားလုံး မပျက်မကွက် ဆက်ဆက် အရောက် လာခဲ့ကြစေချင်ပါတယ်…။
See you there...!!




၂၀၀၉ ရွှေပြည်ဝေး သင်္ကြန် သံချပ်များ
၂၀၁၀ ရွှေပြည်ဝေး သင်္ကြန် သံချပ်များ

13 comments:

  1. မကောင်းဆိုးဝါးတွေ မောင်းထုတ်ကြစို့..
    ဟေလာ..မောင်ရို့..ဝါးးးးးးးးးးးးးးး
    (အနော် မပါဘူးဗျို့... :D)

    မမကဒါမျိုးတွေလည်းရတယ်နော်..တော်ချက်..နက်ဖြန်ရွှေပြည်ဝေးမဏ္ဍပ်ကိုလာခဲ့မယ်..(ပလို့..ဂျိ)..ဟိဟိ..
    မရေ..အပျော်တွေကူးဆက်လို့ သံယောင်လိုက်သွားပါသည်..

    မင်္ဂလာရှိသောနှစ်သစ်သင်္ကြန်မှာ အေးချမ်းပျော်ရွှင်ပါစေ မရေ..
    ချစ်တဲ့..

    ပန်းချီ :)

    ReplyDelete
  2. မထင်ရဘူးနော်
    သက်ဝေက ဒါတွေရေးလိမ့်မယ်လို့
    မိုက်တယ်။

    ReplyDelete
  3. ကဲ..တော်ပါပေတယ်...ကားပြာကြီးပေါ်တက်လိုက်
    တော့..ဒန်.ဒန့်.ဒန်...........

    ReplyDelete
  4. သံချပ်က တယ်မိုက်ပါလားဗျ..၊ ဖတ်နေရင်းနဲ့ နားထဲမှာ အိုးစည်၊ ဒိုးပတ်သံတွေ ကြားမိသလိုလို...၊ နှာဝမှာ ပိတောက်ရနံ့လေး ရှူရှိုက်မိသလိုလို...၊ ပျော်ရွှင်စရာ နှစ်ကူးသင်္ကြန်လေး ဖြစ်ပါစေ မသက်ဝေရေ....။း)

    ReplyDelete
  5. သံချပ်လေး သဘောကျလို့ တခွိခွိနဲ့ ရယ်နေမိတယ်။ သင်္ကြန် လွမ်းနေတာနဲ့ အစ်မသက်ဝေ ဖိတ်တဲ့ ရွှေပြည်ဝေး မဏ္ဍပ်ကို လာလည်မယ်နော်။ ရွှေရင်အေး သောက်ချင်တယ် မမး)

    ReplyDelete
  6. မသက်ဝေ နဲ့ အတူ သင်္ကြန်လာနွှဲသွားတယ်နော်။
    သံချပ်ကတော့ အမိုက်ဆုံးဘဲ။ Tusker တွေတယ်များလှပါလား။း)
    အိုင်အိုရာ

    ReplyDelete
  7. ရန်ကုန်မှာ သင်္ကြန်ရုံးပိတ်ရက်နဲ.ပျော်ရွှင်စရာ ၊ စလုံးမှာအလုပ်လုပ်နေရတာ NO MOOD ပဲဗျို. ၊

    သံချပ်ကတော့ ရှယ်ပဲ ...ရယ်လိုက်ရတာဗျာ .. အမှန်တွေပဲဗျို. ....

    ကျွန်တော်သာ သံချပ်အဖွဲ. အကဲဖြတ်ဆိုရင်တော့ ပထမဆုပေးမိမှာသေချာတယ် ၊

    မသက်ဝေကြီးနှင့် မိသားစု မြန်မာနှစ်သစ်ကူးနဲ. အတူ ပျော်ရွှင်ချမ်းမြေ.ပါစေ ....

    ReplyDelete
  8. ကောင်းပါတယ်... အပျော်ပေါ့။

    နှစ်သစ်မှာ ပျော်ရွှင်ပါစေ..။

    ReplyDelete
  9. သံချပ်တော့ မရေးတတ်ဘူး အစ်မ။ သူများရေးတာတွေပဲ လိုက်ဖတ်တော့မယ်။ ;)

    ဒါလေးက ဂျီတော့ခ်က အသိတစ်ယောက်ရဲ့ စတေးတပ်စ်ကို ကော်ပီကူးလိုက်တာ။ “မူးကြမယ့်ပုလင်းသံ...ပျံ့လွင့်လို့နေ... ကူးပြောင်းစ တန်ခူးလေမှာ.... တစ်ယောက်တစ်ခွက်နဲ့ကမ်းကာ.... သောက်လိုက်ကြစဉ်...မသောက်ဘူးပြောကာ... အန်အောင်သောက်သူရေ” :D

    ReplyDelete
  10. မသက်ဝေရေ.......သံချပ်လေးလာဖတ်သွားတယ်....
    သဘောကျလိုက်တာ.....မနက်ဖြန်အတွက်ကြိုရင်ခုန်
    နေပြီ..........လာလည်မယ်နော်......

    ReplyDelete
  11. သံချပ်က အမိုက်စားပဲ။ ဒါပေမဲ့ ရွှေပြည်ဝေးသင်္ကြန်မှာပဲ ရမယ်။ မြန်မာပြည်မှာ သံချပ်ထိုးခွင့်မပေးဘူးလို့ သတင်းထဲမှာ တွေ့တယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

    ReplyDelete
  12. ရွေပြည်ဝေး ဆီလာမယ့်သာလာရတာ...ခပ်လန့်လန့်ရယ်...
    တော်ကြာ လာတဲ့သူတွေပါ ခဏလိုက်ခဲ့ပါဆိုလို့ ဟုတ့်ပေ့
    ဖြစ်နေမှ........:))))

    ReplyDelete
  13. ရွှေပြည်ဝေးမှာ လာနွှဲသွားတယ်... ငယ်ငယ်က သံချပ်ကြည့်ရသလိုပဲ... သက်ဝေရေ... ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေးကနေ... မျှော်လေးတိုင်းနီးပါစေလို့  အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...