Wednesday, April 6, 2011

ချစ်ခြင်း၏ အစွန်းများ

Daily Dislike ကို ရေးနေတုန်းမှာ ကြားဖြတ်ပြီး ဒီပိုစ့်လေး တင်ချင်ပါတယ်…။
Invisible လူသားတယောက်ကို အချစ်အကြောင်း ပြောရအောင် ဆိုတဲ့ တက်ဂ်ပိုစ့် ရေးပေးပါလားလို့ ပြောလိုက်လို့ ရေးပေးလာတာပါ…။ စာနဲ့ လိုက်ဖက်တဲ့ ပုံလေးတွေကိုပါ တခါတည်း ပေးလာတာမို့ အတော် အဆင်ပြေသွားတယ်…။ ချစ်ခြင်း၏ အစွန်းများ တဲ့… ဖတ်ကြည့်ပါအုံးနော်…။

*****


ချစ်ခြင်းဆိုတဲ့ အကြောင်းအရာက တကယ့်ကို သိမ်မွေ့နူးညံ့လွန်းတယ်။ တယောက်နဲ့ တယောက် တမိသားနဲ့ တမိသား အကြားအမြင် အတွေ့အထိတွေနဲ့ စွဲလမ်းမှုတွေ တစစ ပွားများဖို့ မဟုတ်လား။ သူ့ကို ကိုယ်လို၊ ကိုယ့်ကို သူ့လို ဖြစ်အောင် ချစ်ကြဖို့ဆိုတာ တကယ်တမ်း လွယ်လင့်တကူ ဖြစ်ပေါ်စေတတ်တာမှ မဟုတ်တာ။ ဒါပေမယ့် အမှန်တကယ် ချစ်တတ်ကြဖို့ကိုတော့ ဘယ်သူကမှ သတိမပြုတတ်ကြပါဘူး။ ချစ်ခြင်းရဲ့ အစွန်းတွေရဲ့နောက်မှာ ကောက်ကောက်ပါရင်း ချစ်ခြင်းကိုပဲ အပြစ်မြင် အပြစ်ဖို့ နေတတ်ကြစမြဲ။

သမုဒယသစ္စာဆိုတဲ့ အစွဲတွေကြောင့် ဒုက္ခသစ္စာဆိုတဲ့ အကျိုးတွေ ဆက်တိုက်ဖြစ်ဖို့ ချစ်ခြင်းဆိုတဲ့ အရာတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖန်ဆင်းရင်း အမြဲအသင့်ဖြစ်နေခဲ့ ကြတာပဲမဟုတ်လား…

ကိုယ်တိုင်ရေးတဲ့ အချစ်ဇာတ်လမ်းတွေထက် အများသူငါ သိပြီးဖြစ်တဲ့ ဇာတ်လမ်းတပုဒ်နဲ့ပဲ ချစ်ခြင်းရဲ့ အစွန်းတွေကို ခွဲထုတ်ကြည့်မိတယ်။ တကယ်တမ်းတော့ အချစ်ဆိုတာ ပူလောင်ခြင်းလား အေးမြခြင်းလားဆိုတာ မှန်ကြည့်သူတွေ မှန်ရှေ့ရပ်သလိုမျိုးပါ။ ရာမယဏဇာတ်တော်ဆိုရင် အာရှတိုင်းရင်းသားတွေအတွက် အစိမ်းသက်သက်မဟုတ်တာတော့ သေချာပါတယ်။

ရာမယဏ ဇာတ်တော်ကို အကြမ်းဖျင်း ကြားဖူးနားဝလောက်တော့ သီချင်းတွေ စာတွေ ကဗျာထဲမှာ အမျိုးမျိုး သီကုံးခဲ့ကြတာမို့ပါပဲ။ ဒီဇာတ်တော်ထဲမှာ သနားဖို့အကောင်းဆုံးသူက ဒဿဂီရိပဲ မဟုတ်လား။ သူရဲ့ ဆွေမျိုးညာတိတွေ သူ့ရဲ့အာဏာ နောက်ဆုံး သူ့အသက် အရာအားလုံးကို ဆုံးရှုံးရသည်အထိ ချစ်ပြခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ ချစ်ခြင်းကို သူ မထိန်းကျောင်းနိုင်ခဲ့ဘူး။ ချစ်ခြင်းရဲ့ အစွန်းဆိုတဲ့ မျက်နှာအရပ်တွေဆီ ပြေးထွက်ရင်း နောက်ဆုံး အရှုံးတွေ ပူဆွေးခြင်းတွေ ငိုကြွေးခြင်းတွေကို လက်ဝယ်ပိုက်ခဲ့ရတဲ့ သူ့အဖြစ်က အားလုံးအတွက် ဥပမာပြုစရာ လူကြမ်း လူရမ်းကားကြီးရယ်လို့ အပြစ်ဖို့စရာ ဖြစ်စေခဲ့တယ်။

လက္ခဏာရဲ့ အနစ်နာခံစွန့်လွှတ်တဲ့ ချစ်ခြင်းမေတ္တာ။ ဒီမေတ္တာက အေးမြမှုရဲ့ သရုပ်ပါ။ မိမိချစ်ခင်သူရဲ့ စိတ်ချမ်းမြေ့ပျော်ရွှင်မှုကို ဘေးကနေ ကြည့်ရင်း မိမိကိုယ်တိုင် ပီတိသောမနဿဖြစ်စေဖို့ဆိုတာ ခက်ခဲတဲ့ အရာ။ အသွားရှိတဲ့လမ်းပေမယ့် အမှန်စစ်စစ် လျှောက်ဖို့တော့ ခက်တယ်။ ကိုယ်တိုင် ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့ ဒီလမ်းကို ငြင်းပယ်ဖြစ်မိမယ် ထင်တယ်။ ပိုးဖလံမျိုးဆိုတာ မီးကိုပဲ တိုးတယ်လို့ ဆိုတာကိုး။

သီတာရဲ့ သစ္စာ။
ခုခေတ်အခါထဲမှာ သစ္စာဆိုတဲ့ စကားလုံးကို စာအုပ်တွေထဲမှာပဲ သုံးနှုန်းကြတော့တယ် ထင်ပါတယ်။ မိမိချစ်သူ အိမ်ထောင်ဖက်အတွက် သစ္စာစောင့်သိဖို့ဆိုတာ ယုံတမ်းစကားတွေလို့ ထင်နေမိတယ်။ ချစ်သူဆိုတဲ့အရာမှာတင်ပဲ ထည်လဲအပြိုင် သူနိုင်ကိုယ်နိုင် ကြဲရုံမကဘူး အိမ်ထောင်ဖက် ဖြစ်လာတော့လည်း ဝေးနေလို့၊ ခွဲနေရလို့၊ အနေနီးစပ်သွားလို့ စတဲ့အကြောင်းပြချက် (တကယ်က အကြောင်းပြချက်ဆိုတာ ရှာတတ်တဲ့သူတွေအတွက် အရာ အထောင် အသောင်းမက) တွေနဲ့ ဖောက်လွဲဖောက်ပြန်ခြင်းကို ထမင်းစားရေသောက်လို ကျူးလွန်းတတ်ကြပြန်တယ်။ သူတပါးလက်အောက်မှာ ခြိမ်းလို့ တခါ ခြောက်လို့ တမျိုး ချော့လို့ တသွယ် နည်းမျိုးစုံသုံးပေမယ့် ခိုင်ကျည်တဲ့ မယ်သီတာရဲ့ သစ္စာတရားကိုတော့ ဒီဇာတ်လမ်းမှာ အသိအမှတ် မပြုပဲကို မနေနိုင်ဘူး။ ခုခေတ်ခါမျိုးဆို မယ်သီတာ ဒဿကတော် ခပ်လွယ်လွယ်နဲ့ လုပ်လိုက်မှာ မုချအမှန်ပဲ။

ရာမ ရဲ့ ပူလောင်ခြင်းများ။ ရာမရဲ့ ချစ်ခြင်းတွေက ဒဿလောက်မပြင်းထန်သလို လက္ခဏာလောက်လည်း မအေးချမ်းပြန်ဘူး။ သီတာပါသွားပြီဆိုတဲ့နောက်ကို တကောက်ကောက်လိုက်ရင်း သံသယဆိုတဲ့ ပူလောင်ခြင်းတွေကို ပျိုးယူခဲ့တာ။ သီတာကို ပိုင်ပိုင်ပြန်လည်ရရှိသည့်တိုင် အစွန်းအထင်းရှိခဲ့ဖူးတဲ့ အထည်တခုလို ကြည့်ခဲ့တဲ့ ရာမ ရင်ထဲက ပူလောင်ခြင်းကို ကူးယူခံစားမိတယ်။ တရှိန်ငြီးငြီးနဲ့ပါ။

အထက်က ချစ်ခြင်းတွေအပြင် နောက်ထပ် ညီအစ်ကိုမောင်နှမတွေရဲ့ ချစ်ခြင်းကိုပဲ ဒီဇာတ်ထဲမှာ ထည့်သွင်းဖော်ပြထားပြန်တယ်။ လက္ခဏာရဲ့ အတိုင်းမသိ အစ်ကိုအပေါ်မှာ ပေးဆပ်ခြင်း၊ စောင့်ရှောက်ကာကွယ်ခြင်းတွေက ဒီခေတ်ထဲမှာ ဘယ်လိုမှ အစရှာလို့ မရနိုင်တော့။ အစ်ကိုကလည်း သူ့အတ္တနဲ့ သူ၊ ညီကလည်း သူ့အတ္တနဲ့ သူ မင်းလမ်းမင်းသွား ငါ့လမ်းငါသွားဆိုတဲ့ ချစ်ခြင်းတွေပဲ တွေ့ရတာများပါတယ်။ သုချိပ်နဲ့ ဘာလီလို သူတပြန်ကိုယ်တပြန်သတ်ကြမယ့် ညီအစ်ကိုမောင်နှမတွေ များသည်ထက် များမယ်ထင်ရဲ့။

သေသွားတဲ့သားနှစ်ယောက်အတွက် မိခင်ရဲ့ချစ်ခြင်းမေတ္တာအစွန်းကိုလည်း မြင်တွေ့နိုင်တယ်။ သူသာ ဒဿကို မတိုက်တွန်းခဲ့ရင် ဆိုတဲ့ အတွေးမျိုး တချိန်လုံးတွေးနေမိတယ်။ မိခင်တယောက်ရဲ့ သောကအပူမီးကို ခံစားနားလည်ပေးနိုင်ပေမယ့် အမျက်သိုကလဲ့စားချေဖို့အထိတော့ လိုက်လျောမပေးချင်မိဘူး။ သေသူမရှိတဲ့ အိမ်က မုန်ညင်းဆီ အတောင်းခိုင်းမယ့် လူမရှိတဲ့အတွက် ဒီမိခင် ဒီလိုဖြစ်ရတယ်လို့ပဲ ယူလိုက်ရပါတယ်။

ရာမနဲ့ ဒဿရဲ့ လက်အောက်ခံတွေက သူတို့ရဲ့ အကြီးအကဲအပေါ်ချစ်ခြင်းတွေ။ ခေါင်းဆောင်ရဲ့ နောက်ကို တောက်လျှောက်လိုက်ပါဖို့ ဆိုတာ ခေါင်းဆောင်ရဲ့ အာဏာတည်တံ့မှုပါပဲ။ လက်အောက်ငယ်သားတွေရဲ့ ချစ်ခင်ကိုးစားမှုကို ရမှသာ မိမိသွားလိုတဲ့လမ်း၊ မိမိခင်းလိုတဲ့လမ်းကို ဖြောင့်ဖြောင့်ရောက်မယ် မဟုတ်ပါလား။ ခေါင်းဆောင်ကလည်း ခေါင်းဆောင်ကောင်းပီပီသသနဲ့ လက်အောက်ငယ်သားတွေကို ရင်ဝယ်မခြား ချစ်ခင်ဖို့လည်း လိုအပ်ပါတယ်။

ဇာတ်လမ်း တခုလုံးကို ချစ်ခြင်းဆိုတဲ့ အရာတွေနဲ့ပဲ ထုံမွှမ်းနေခဲ့တာ။ ချစ်ခြင်းတွေမှာ အေးမြတဲ့ချစ်ခြင်းတွေ၊ ရမ္မက်ဆန္ဒတွေနဲ့ ပူလောင်ပြင်းပြတဲ့ ချစ်ခြင်းတွေ၊ ညီကိုနောင်ရင်း ချစ်ခင်ခြင်းတွေ၊ မိဘနဲ့ သားသမီးဆိုတဲ့ ချစ်ခြင်းတွေ အမျိုးစုံ။ ချစ်ခြင်းမေတ္တာတိုင်းမှာ အစွန်းတွေရှိတတ်ပါတယ်။ အစွန်းတွေကို နိုင်အောင် ကိုင်တွယ်ပြီး ပြည့်စုံအေးမြတဲ့ ချစ်ခြင်းတွေ အတိုင်းမသိ များသည်ထက်များ လာခဲ့ရင်ဖြင့် ဒီလောကမှာ အချစ်ဆိုတဲ့ အရာထက် ပိုချိုမြိန်တဲ့ အရာ ရှိတော့မယ် မဟုတ်ပါဘူး……………………


*** Invisible လူသားရေ… စာအတွက်ရော… ပုံအတွက်ပါ ကျေးဇူးနော်…။


20 comments:

  1. ဒီအချစ်အကြောင်းလဲ ဖတ်လို့ကောင်းတာပဲ..း)

    ReplyDelete
  2. ဖိတ်စင်တတ်သော အချစ်များ... :P

    ReplyDelete
  3. Invisibleလူသားက..ဘယ်သူလဲ..။ မိနီရဲ့ ပိုင်ရှင်လို့ပဲ ထင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်..ပို့စ်လေးကိုကြိုက်ပါတယ်။
း)

    ReplyDelete
  4. ဟင်..နာမည်ကျန်ခဲ့တယ်..ဘယ်လိုဖစ်တာလဲ။ အပေါ်က များနော်။

    ReplyDelete
  5. invisibleလူသားဆိုတာရယ်၊ အရေးအသားရယ်၊ ပုံရယ်ပေါင်းပြီး ကြည့်လိုက်တော့...
    အဲ့ဒီ လူသားကို သူ့ စာဟောင်းတွေကြိုက်တဲ့အပြင် စာသစ်တွေဖတ်ချင်နေတဲ့ အကြောင်း ပြောပေးပါ မမသက်ဝေ

    ReplyDelete
  6. ဂန္ဓ၀င်ဝတ္ထု တပုဒ်ကို ကောက်နုတ်ချက် ရေးထားတာ အလွန်ကောင်းပါတယ်။
    ဖတ်ခွင့်ရလို့ ကျေးဇူးပါ Invisible လူသားရေ

    ReplyDelete
  7. အင်း အချစ်အကြောင်းကို အဲလိုလေး နမူနာလေးနဲ့ ရေးတော့လဲ ကောင်းသားပဲ....


    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  8. ဒီလက်စလက်နကို သိသလိုပဲ :))

    ReplyDelete
  9. Invisible ဆိုပင်မဲ့ လက်ရေးလက်သားကတော့ အရင်တိုင်းပဲလို့ ပြောချင်ပါတယ်။ တိတ်တဆိတ်ရေးထားတဲ့ ပိုစ့်လေးတွေကိုလည်း ဖတ်ချင်ပါတယ်ဗျာ။ ဘာပဲပြောပြော အမသက်ဝေကိုလည်း ကျေးဇူးတင်ပါတယ်။ သူဆီက ရအောင်ဆွဲထုတ်နိုင်လို့။

    ReplyDelete
  10. စာကောင်းပေမွန်လေး တစ်ပုဒ်ပါပဲ၊ အပွေးမြင် အပင်သိ ဆိုတဲ့ စကားလေးတောင် သတိရမိသား....၊း)

    Invisible man ကို ပြောလိုက်ပါဗျာ၊ ကိုယ်ပိုင်ဓါတ်ပုံ ဆိုရင် နောက်တခါ ပုံပေါ်မှာ နာမည်တတ်ဖို့ မမေ့ပါနဲ့လို့၊ မတော်.. သူများ ယူသုံးနေမှ ဖြင့်ဗျာ....။း)

    ReplyDelete
  11. ဖေ့ဘွတ်မှာ တဂ်ပို့စ်တွေလိုက်ဖတ်ရင်း ဒီပို့စ်လေးဆီရောက်လာတယ်။ စကားကြုံပါးချင်လို့ ကွန်မန့်တော့ ရေးဖြစ်အောင် ရေးဦးမှပဲလို့...။ စာတွေအကုန်မဖတ်ရသေးတဲ့အတွက် မကျေနပ်ကြောင်းကို Invisible လူသားကို ပြောပေးပါ မမသက်ဝေ...။ :)

    ReplyDelete
  12. Invisibleလူသားဆိုလို့ စိတ်ဝင်စားမိသလို
    ရေးထားတာလေးဖတ်မိတော့လဲ ပိုစိတ်ဝင်စားဖို့ကောင်းနေပြန်တယ်.. လက်ရာရှင်ဟာ စာတွေရေးနေကျ ရေးခဲ့ဖူးတဲ့ လက်ရာမျိုးပါ။
    ဒီလိုစာတွေဖန်တီးနိုင်သူတစ်ယောက်က Invisible အဖြစ် ပုန်းအောင်းနေတာ မဖြစ်သင့်ဘူး။း)
    ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်

    ReplyDelete
  13. ဖတ်ကြည့် လိုက်တော့ သေသပ် လှပတဲ့ အရေးအသားလေးတွေနဲ့ အချစ် အကြောင်းကို ရာမယဏ ဇာတ်တော် အထဲက ဇာတ်ကောင်တွေနဲ့ ခိုင်းနှိုင်း ပြောပြသွားတာလေးမို့ နှစ်သက်မိတယ်။ အပေါ်မှာ ကွန်မန့် ရေးသွားတဲ့ အစ်မချော ပြောသလိုပဲ စာအရေးအသား ကောင်းလို့ အဲ့ဒီလို ပုန်းမနေဘဲ ဘလော့ဂ် သို့မပာုတ် နေရာ တစ်ခုခုမှာ ကိုInvisible Man ရေးထားတဲ့ စာပေလေးတွေကို အများကို ဝေမျှပါလို့။

    ReplyDelete
  14. ပို့စ်လေးကချစ်စရာကောင်းတယ် မ..
ှုInvisible လူသား နဲ့ မ ကိုကျေးဇူး..

    muahhhh..

    ReplyDelete
  15. သီတာရဲ့ သစ္စာ ဆိုတဲ့အပိုဒ်လေးကို အင်မတန် သဘောကျမိတယ်....

    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  16. ဒီပိုစ့်လေးကို အားပေးကြတာ ကျေးဇူးတင်ပါတယ်...
    Invisible လူသားကို ဒီကော်မန့်တွေကို လာဖတ်ဖို့ ပြောလိုက်ပါ့မယ်... သူ့ဆီက စာအသစ်တွေဖတ်ရဖို့အတွက်လည်း ကြိုးစားကြည့်ပါအုံးမယ်...း)))

    ReplyDelete
  17. အဲဒီ Invisible လူသား ကို ပြောပေးပါဦး။
    စာပြန်ရေးပါ။ ဘလော့ ပြန်ဖွင့်ပါ...လို့။

    မချို

    ReplyDelete
  18. သူက တစ်သက်လုံး ဘလော့ပြန်မဖွင့်တော့ဘူးတဲ့လား အစ်မ? :(

    ReplyDelete
  19. ဟုတ်တယ်နော်... ဒီအစွန်းတွေကို နိုင်နင်းဖို့ပဲလိုတာ။ နောက် အဲဒါက အခက်ဆုံး...

    မဖတ်ရတာကြာတဲ့ Invisible လူသားရဲ့ လက်ရာအတွက် အစ်မသက်ဝေကို ကျေးဇူးတင်ပါတယ်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...