ထိုနေ့က စနေနေ့ ဖြစ်သည်။
တပတ်မှာ ငါးရက် မေမေချက်ကျွေးသမျှ ဖွယ်ဖွယ်ရာရာ ထမင်း ဟင်းတွေကိုစားပြီး ရုံးပိတ်ရက်လေးမှာတော့ တတ်သမျှ မှတ်သမျှ ကိုယ့်လက်ရာလေးဖြင့် လက်စွမ်းပြအုံးမည် ဟူသော စိတ်ကူးအတွေးဖြင့် အိပ်ရာနိုး၊ ကော်ဖီသောက် မုန့်စားအပြီးမှာ ပိုက်ဆံအိတ်ဆွဲကာ ဈေးဝယ်ထွက်ခဲ့သည်။
အိမ်နှင့် မလှမ်းမကမ်းမှာ NTUC, Wet Market နှင့် Sheng Siong Super Market တို့ရှိသည်။ NTUC က ၂၄ နာရီဖွင့်သော ဆိုင်ဖြစ်သော်လည်း သိပ်အကြီးကြီး မဟုတ်သောကြောင့် ပစ္စည်းသိပ်မစုံလှ။ ပေါင်မုန့် ကြက်ဥ နွားနို့ စသော အခြောက်အခြမ်း တွေသာ ဝယ်လေ့ရှိသည်။ Wet Market ကတော့ ပြောရရင် ကိုယ်နဲ့ နည်းနည်းစိမ်းသည်။ ကိုယ့်ကိုတွေ့လျှင် တရုပ်လိုသာပြောတတ်သော ဈေးသည်တွေနှင့် ဈေးဝယ်ရတာ အဆင်မပြေ။ Wet Market မှာ ဝယ်လို့ကောင်းတာက နန်းကြီးဖတ်၊ ညှပ်ခေါက်ဆွဲဖတ်၊ Yam Cake နှင့် Carrot Cake တို့သာ။ Sheng Siong မှာကတော့ မနက်စောစောဆို ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အသားငါးများ လတ်လတ်ဆတ်ဆတ် ရတတ်သောကြောင့် ဈေးဝယ်သူများ ပြည့်နေတတ်သည်။ ထို့ကြောင့် Sheng Siong ကိုသာ အရင်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။
Sheng Siong ကိုရောက်တော့ အများနည်းတူ ဆွဲခြင်းလေးတခုယူပြီး ဟိုဟိုဒီဒီ မျက်စိကစားလိုက်သည်။ အိုရှင်မုန်လာဥဟု ခေါ်ကြသော မုန်လာဥ အဖြူတွေ၊ ဘရိုကိုလီတွေ၊ ပန်းပွင့်တွေ၊ ရွှေဖရုံသီးတွေ၊ အရွက်စိမ်းတွေ လတ်ဆတ်စွာ တွေ့ရတော့ ပျော်သွားသည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ကြည့်ရင်း ဟင်းအတွဲအစပ်ကို စဉ်းစားနေမိသည်။ သည်လိုနှင့် ဟိုကြည့် ဒီကြည့်… ပြီးတော့ အသားငါးတွေနား ရောက်လာသည်။ ငါးခူနှင့် ငါးသလောက်တွေ တွေ့သည်။ ကကတစ် တွေ့သည်။ ကိုယ်နှင့်ရင်းနှီးသော ရေချိုငါးအမျိုးအစားတွေကို တွေ့ရသောကြောင့် ပျော်သလိုလိုဖြစ်သွားသည်။ ရေကန်ထဲမှာ ခရုမျိုးစုံနှင့် ဂဏန်းတွေ တွေ့သည်။ ဂဏန်းတွေတွေ့တော့ မျက်နှာစာအုပ်မှ Chili Crab ပုံတွေကို သတိရပြီး ပြုံးမိသည်။ ဝယ်လို့တော့ မဖြစ်… လှုပ်နေသော သူတို့၏ လက်မတွေကို ကိုယ် ကြောက်သည်။
မျက်စိထဲမှာ ကကတစ် အကောင်လိုက်ကြော်ပြီး ငါးချိုချဉ်ချက်ထားပုံကို တွေးမိပြီး ကကတစ်ဝယ်ရန် အနားကို တိုးသွားလိုက်သည်။ တိုင်မှာ ပတ်ထားသော ပလတ်စတစ်အိပ်တခုကို လက်အိပ်သဖွယ်ပြုပြီး ခပ်ရွယ်ရွယ် ကကတစ်တကောင်ကို လှမ်းအကိုင် ငါးက စိတ်ဆိုးမာန်ဆိုးဖြင့် ဝုန်းကနဲ ထခုန်လိုက်သည်။ ရုတ်တရက်ဆိုတော့ ကိုယ်လည်း လိပ်ပြာလွင့်မတတ် ကြောက်သွားပြီး အသံထွက် အော်လိုက်မိသည်။ ကိုယ်အော်လိုက်လို့လားမသိ… ဘေးနားမှ ငါးခူတွေကလည်း လူးလူးလွန့်လွန့်နှင့် လှုပ်ရှားစပြုလာကြသည်။ ဘုရားရေ… သူတို့က Still alive ကြီးတွေပါလား…။ တော်ပြီ… တော်ပြီ… သည်ငါးတွေနဲ့ ကိုယ်နဲ့တော့ မဖြစ်ရေးချ မဖြစ်…။ မီနူးကို နောက်တခု ပြောင်းတော့မည်။
ငါးတွေနားမှ ထွက်လာပြီး ပုဇွန်တွေနားကို ရောက်လာသည်။ ပုဇွန်တွေကို အရွယ်အစားအလိုက် သုံးမျိုး သုံးစား ခွဲထည့်ထားသည်။ သေသေချာချာကြည့်လိုက်တော့ တမျိုးက ခေါင်းတွေ ပြုတ်ချင်နေသည် သိပ်မလတ်၊ နောက်တမျိုးက လတ်သည် သို့သော် အကောင်သေးသည်။ နောက်ဆုံးတမျိုးက အကောင်ကြီးသည် လှသည်။ သို့သော် တကိုယ်လုံး တလှုပ်လှုပ်နှင့်၊ ခြေချောင်းတွေကလည်း တဆတ်ဆတ် လှုပ်နေသည်။ သက်ပြင်းကို မသိမသာ ကြိတ်ချလိုက်မိသည်။ အရေးထဲ အိမ်ကလူက အဲဒီပုဇွန် ခြေချောင်းလေးတွေက တဖြည်းဖြည်း နီလာတာကို တွေ့လား… အဲဒါ သွေးဆုတ်နေတာ သေခါနီးလို့လေ... ဟု လာပြောသေးသည်။ ကဲ… ဆရာသမားရယ်… ကျောင်းစာတွေကို ကျောင်းမှာပဲ ပြန်ထားခဲ့ပါနော် ဟု ပြောမိတော့မလို ဖြစ်သွားသည်။ ကြည့်နေရင်းမှာပင် အမျိုးသမီးတယောက်က လှုပ်နေသော ထိုပုဇွန်တွေကို တကောင်ချင်း ရွေးချယ် ဝယ်ယူနေသည်ကို တွေ့ရသည်။ သည်လိုနှင့် ပုဇွန်တွေအနားမှ အောင်မြင်စွာ ဆုတ်ခွာခဲ့သည်။
အသား ငါး အရှင်တွေထားသော နေရာမှာ ဘာမှ ဝယ်ဖို့ အဆင်မပြေ။ ထို့ကြောင့် အသင့် ခုတ်ထစ်ပြီးသား ငါးတွေ ကြက်သားတွေ ထားသောနေရာကို လာခဲ့သည်။ အသင့် ခြမ်းပြီးသား ငါးခေါင်းတွေ တွေ့တော့ ဟိုတလောက Curry Fish Head Paste အထုပ်ဝယ်ထားမိတာ သတိရပြီး ဟေ့.. ငါးခေါင်းဟင်းစားမလားဟု အဖေါ်စပ်လိုက်သည်။ သူက ကောင်းသားပဲ ဟု ဆိုလာသောကြောင့် ထက်ခြမ်း ခြမ်းထားသော ငါးခေါင်းတခုကို လက်လှမ်းလိုက်သည်။ ကြည့်ရတာ အိုကေသားပဲဟုတွေးကာ အိတ်ထဲထည့်ရန်အလုပ်… ငါး ပါးစပ် ဟ နေပုံနှင့် ငါး၏ ကြောင်တောင်တောင် မျက်လုံးပြူးပြူး ဝိုင်းဝိုင်းကြီးကို တွေ့လိုက်ရသောအခါ စိတ်ထဲ ထိတ်လန့်သွားပြီး စားရမှာ မဝံ့မရဲဖြစ်သွားပြန်သည်။ ကျွတ်… ခက်တော့နေပါပြီ…
ကိုယ်ကသာ ခက်နေတာ… ပုဇွန်အရှင်တွေ ဝယ်နေသူများ၊ လေးထောင့်မှန်ပုံးတွေထဲက ငါးအရှင်တွေကို ဇကာဖြင့် ဆယ်ယူကာ ဝယ်ယူနေကြသူများ၊ ရေစပ်စပ်ထဲက ခရုတွေ ဂဏန်းအရှင်တွေကို ရွေးချယ် ဝယ်ယူနေကြသူများမှာ တန်းကို စီလို့…။
ဒါဆို ဘာဝယ်ရရင်ကောင်းမလဲ…။
ဝက်သားတွေ ကြက်သားတွေကလည်း အမြဲစားနေရလို့ ရိုးနေပြီ… မဝယ်ချင်။ ထိုစဉ် မလှမ်းမကမ်းမှာ လှီးပြီးသား ဆယ်လမွန်ငါး နီနီလေးတွေကို တွေ့လိုက်သောကြောင့် Grill လုပ်စားလျှင် ကောင်းမည်ဟု တွေးမိပြန်သည်။ ကောင်းတယ်… အဲဒါကောင်းတယ်ဟု ကိုယ့်ဖာသာ ထပ်ဆင့် အတည်ပြုပြီး ငါးတွေ ရွေးနေဆဲ မျက်စိထဲ တရိပ်ရိပ်နှင့် အနားမှာ တခုခု လှုပ်နေသလို ခံစားရသည်။ ရှေ့မှာတွေ့ခဲ့ရသော ငါးတွေ ပုဇွန်တွေ၏ ခြောက်လှန့်မှုကြောင့် လူက တလှပ်လှပ် ဖြစ်နေတာကြောင့်များလား…။ မျက်စိထဲ နောက်တကြိမ် လှုပ်နေသလို ခံစားရ၍ ဘေးကို ကြည့်လိုက်ရာ ဘေးနားက မှန်ပုံးထဲမှာ မျက်လုံးရယ် ကြောင်တောင်နှင့် ငုတ်တုတ်ထိုင်ပြီး ကိုယ့်ကို လှမ်းကြည့်နေကြသော ကိုရွှေဖါးတို့ကို အကောင်လိုက် နီးနီးကပ်ကပ်ကြီး မြင်တွေ့လိုက်ရပါတော့သည်။ လူတွေကြားထဲ နောက်တကြိမ် အသံထွက် မအော်မိအောင် ကြိုးစား ထိန်းချုပ်ရင်း ရွေးလက်စ ငါးတွေကို ပစ်ချကာ ထိုနေရာမှ ချက်ချင်း လှည့်ထွက်ခဲ့ပါတော့သည်။
ဘယ်လိုဖြစ်တာပါလိမ့်… အရင်က ဈေးဝယ်တုန်းက ဒီလို အရှင်တွေ မတွေ့ရတတ်ပါ…။ ဒီနေ့ ရုံးပိတ်ရက် ဈေးဝယ်သူများလို့လား… လူတွေက ဒီလို လတ်လတ်ဆတ်ဆတ် အရှင်တွေကို ဝယ်ယူဖို့ကို ပိုပြီး ဆန္ဒရှိကြလို့လား...။ အခုတလော Asia Food Channel တို့ Food Network Channel တို့မှာလည်း အရှင်တွေကို ချက်ချင်း လုပ်ကိုင် ချက်ပြုတ် စားတာတွေ တွေ့နေရတော့ လူတွေဟာ ဒီလိုစားဖို့ကို ပိုပြီး နှစ်သက်လာကြတာလား…။ နားမလည်နိုင်အောင် ဖြစ်ရသည်။ အသားတွေ ငါးတွေ စားကြတာချင်းအတူတူ ပံ့သကူသားခေါ်တဲ့ (ရှင်မနေတော့တဲ့) အသား ငါးတွေကို ဝယ်မစားချင်ကြတော့ဘူးလား…။ လျှာတဖျားမှာ အရသာ နည်းနည်း ကွာခြားတာကို ပိုပြီး အလေးထားကြတာလား…။
အတွေးတွေနှင့် လူက စိတ်လက် မကြည်လင်တော့…။ ကြောက်လည်း ကြောက်မိသည်။ လူတိုင်း လူတိုင်းသည် မိမိတို့ အသက်ဆက်ရှင်သန်ရန် အဟာရအဖြစ် သည်အသား ငါးတွေနှင့် ရပ်တည်နေရသည်မှာ မှန်သော်ငြားလည်း တကူးတက အရှင်လတ်လတ်တွေကို ဝယ်ယူစားသုံးမှပဲ ဖြစ်တော့မည်လား ဟု တွေးမိသည်။ ပြီးတော့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် လူသားတွေ အစုလိုက် အပြုံလိုက် သေကြေ ပျက်စီးကြရပုံတွေကို မဆီမဆိုင် မြင်ယောင်နေမိပြန်သည်။
နောက်ဆုံးမှာတော့ အသင့် ခုတ်ထစ်ပြီးသား ကြက်သားတွေ နှင့် အသားလွှာထားသော ငါးတချို့ကို ဝယ်ခဲ့သည်။ ပန်းပွင့်၊ ဘရိုကိုလီ၊ မုန်လာဥနီ၊ မုန်ညင်းဖြူ၊ မှို၊ ရွှေပဲသီးနှင့် အရွက်စိမ်းများဝယ်ခဲ့သည်။ ကြက်သားတချို့ကို အသားလွှာ၊ အချို့ကို ပြုတ်ပြီး အရည်ကို ကြက်သား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေနှင့် ကြက်သား မှိုလုံး၊ ငုံးဥတွေကို ရောကာ Hot Pot ပဲ လုပ်စားလိုက်တော့မည်။ အချဉ်အတွက် Maggi Extra Hot Chili တပုလင်းပါ ဝယ်ခဲ့သည်။
ပိတ်ရက်မှာ အိမ်သားတွေကို အထူးတလည် လက်စွမ်းပြ ချက်ပြုတ်ကျွေးမွေးရန် ရည်ရွယ်ထားသော်လည်း လက်တွေ့မှာ အကောင်အထည် မဖေါ်နိုင်ခဲ့။ အိမ်ပြန်ရောက်တော့ အသက်ဝဝရှု၊ ရေဝဝသောက်ပြီး သည်မနက် ဈေးမှာ တွေ့ကြုံခဲ့ရပုံတွေ ပြောပြလိုက်သည်။ ပြီးတော့ သည်နေ့အဖို့ Hot Pot နှင့်သာ ကျေနပ်ကြစေရန်…။ သို့သော်လည်း အိမ်သားတွေကို နှစ်သိမ့်သည့်အနေဖြင့် အုန်းနို့ သာကူ ကျောက်ကျော တဗန်းကို ခပ်မြန်မြန်လေး လုပ်လိုက်သည်။ Bonus ပေါ့…။
Hot Pot စားပြီး အချိုပွဲ အဖြစ် ကျောက်ကျောစားနေကြသော သူတို့ကိုကြည့်ရင်း သက်ပြင်းအသာချပြီး ဒီပိုစ့်လေးကို ရေးဖြစ်သည်။ ကိုယ်ဘာတွေ တွေးလို့ ဘာတွေ ရေးနေသည်ကို သူတို့ကတော့ သိဟန်မတူ…။
Bonus : အုန်းနို့ သာကူ ကျောက်ကျော ပုံပြင်
ဟိုးရှေးရှေးတုန်းက ကျွန်းပိစိလေးတခုမှာ ဘာချက်ချက် ဘယ်တော့မှ မြည်းလေ့မရှိတဲ့၊ ပါဝင်တဲ့ ပစ္စည်းတွေရဲ့ အချိုးအစားတွေကို တိတိကျကျ မှတ်ထားလေ့မရှိတဲ့ ရမ်းသမ်းကွတ်တယောက်ရှိသတဲ့…။ ဘာချက်ချက် အဲဒီလို ရမ်းသမ်း ချက်ပေမယ့် သူ့ကိုယ်သူတော့ ဒါဟာ ချက်ခြင်း၏ အနုပညာပါ လို့ ကြီးကြီးကျယ်ကျယ် ပြောလေ့ရှိသတဲ့။ ဒီလိုနဲ့ ဈေးဝယ်ရတာ အဆင်မပြေတဲ့ တနေ့မှာ ကြံရာမရဖြစ်ပြီး အချိုပွဲအတွက် အုန်းနို့ သာကူ ကျောက်ကျော တဗန်း လုပ်သတဲ့။
မပျော့ မမာ အနေတော် အုန်းနို့ သာကူ ကျောက်ကျောလှလှလေးတွေ ရလာတော့ သူ့ရဲ့ မရေမရာ Recipe တွေကို အခုလို ပြောပြသတဲ့…။
သာကူစေ့တွေကို “ခဏ” ရေစိမ်ပြီး ရေနွေးဆူဆူထဲမှာ သာကူ မျက်စိလေးတွေ ပျောက်တဲ့အထိ ပြုတ်ပြီး ရေစစ် အအေးခံထားပါတယ်။ ကျောက်ကျောမှုန့် “အနေတော်” ကို သကြား “ကြိုက်သလောက်” ထည့်ပြီး ကျို၊ ကျောက်ကျောတွေ ခဲခါနီးလောက်မှာ အရည် “နည်းနည်း” ကို ခုနက သာကူပြုတ်ထဲကို ခွဲထည့်ပြီး ကျန်တဲ့အထဲကို အုန်းနို့ရည် “သင့်ရုံ” ထည့်လိုက်ပါတယ်...။ ပြီးတော့ အရောင်လေးလှဖို့ အနံ့လေး မွှေးဖို့အတွက် သာကူပြုတ်ထဲကို Rose Syrup “အနည်းငယ်” ထည့်ပါတယ်။ အအေးခံမယ့် ဗန်းထဲမှာ အုန်းနို့နဲ့ ကျောက်ကျော အရောကို လောင်းထည့်၊ ပြီးတော့ ပန်းရောင်ဖျော့ဖျော့ သာကူတွေ ထည့်လိုက်ပါတယ်။
သာကူတွေက လိမ်မာတယ်... ထည့်လိုက်ရင် သူ့ဟာသူ အောက်ဆင်းသွားကြတယ်...။ ပြီးတော့ အုန်းနို့တွေကလည်း လိမ်မာကြတာပါပဲ... သူတို့ဟာသူတို့ အလိုက်တသိနဲ့ အပေါ်တက်လာကြတယ်... သာကူတွေ ကျောက်ကျောတွေ ခဲသွားတော့ ဓါတ်ပုံရိုက်ခါနီးမှာ မျက်နှာလိုက်ပြီး ပန်းနုရောင် သာကူတွေကို အပေါ်ဖက်မှာ ထားလိုက်တော့ ပုံထဲမှာ တွေ့ကြတဲ့အတိုင်း အုန်းနို့ သာကူ ကျောက်ကျောလှလှလေးတွေ ရလာပါသတဲ့…။
ကဲ... မောင်လေး ညီမလေးတို့ရေ… အုန်းနို့ သာကူ ကျောက်ကျော ပုံပြင်လေးကတော့ ဒါပါပဲကွယ်...း))
*** အုန်းနို့ သာကူ ကျောက်ကျော လုပ်နည်းတွေ ဒီမှာ နဲ့ ဒီမှာ လဲ ရှိတယ်...။ သူတို့ လုပ်ထားတာ ပိုလှတယ်...။
Bonus လေးကိုမြည်းသွားတယ်အစ်မ...:)
ReplyDeleteအစ်မဈေးဝယ်ထွက်သောနေ့က ကံမကောင်းသောနေ့ဖြစ်
သွားတယ်ပေါ့နော်....။
သူတို့က ဘာမှသိပုံ မရဘူးဆိုပေမယ့် သိခဲ့ရင်လည်း မျှမျှတတ ပြန်ပြီး ဘိုးနပ်စ်ပေးတဲ့ ဒီ chef ကိုတော့ နားလည်ခွင့်လွှတ်မှာ သေချာပါတယ်...။း)
ReplyDeleteအကောင်အရှင်တွေ ရှမ်စောင်းမှာ ရောင်းတာ တွေ့ဖူးတယ်။ ကိုယ်လိုလူတွေချည်းပဲဆို အဲဒါတွေ သေမှ ရောင်းရမှာပဲ။
ReplyDeleteငယ်ငယ်က အိမ်နားကဈေးမှာ အမေက ငရန့်ဆိုမှာတာ မသိတော့ ငါးရှဉ့် အရှင်တွေ အထွေးလိုက်ကြီး ၀ယ်ချလာတာ သတိရတယ်။ လွှတ်လဲ မပစ်ချင်တော့ အမေ့မှာ ငါးအရှင်တွေကို မကိုင်ချင့်ကိုင်ချင်နဲ့ ကိုင်လိုက်ရတာ။ သွေးသံရျဲရဲနဲ့။ အဲဒါကို ခုထိမျက်စိထဲမြင်နေမိတယ်။
ကိုယ်တိုင်သတ်ပြီး စားတဲ့သူတွေ ဘယ်လိုများ စိတ်ထဲ နေလဲ သိချင်စမ်းပါဘိ။
ဒီမှာလည်း ငါးအရှင်တွေချည်း ရောင်းတာ
ReplyDeleteအသေရောင်းရင် ဈေးမရတော့ဘူး
ဒါကြောင့် တစ်ဈေးလုံးက ငါးအရှင်တွေချည်း ရှိတယ်
ငါးအသေလိုချင်ရင် မနည်းဘဲ ရှာဝယ်ရတာ
တစ်နိုင်ငံနဲ့တစ်နိုင်ငံ လူတွေရဲ့ စိတ်သဘောထားချင်း မတူကြလို့ ဖြစ်လေမလားလို့ တွေးမိတယ်
ဒီလိုတွက်ကြည့်ရင် မြန်မာလူမျိုးတွေဟာ တစ်ခြားလူမျိုးနဲ့စာရင် အစားအသောက်အတွက် သူတစ်ပါးအသက်ရှင်ရက်ကို မစားချင်တာ ၉၀%လောက် ရှိမယ်ထင်ပါတယ်။
အမ အုန်းနို.သာကူ ဆိုတာ လုပ်နည်းလေး တင်ပေးပါလားနော်
ReplyDeleteမမ မြတ်စွာဘုရားကဟောထားတယ်။ မြင်သား ကြားသား မစားရဘူးတဲ့။ :) Chefကိုသာဓုခေါ်ပါတယ်။
ReplyDeleteဘောနပ် လုပ်နည်းလေး တင်ပေးပါလား သာကူပြင်လုပ်နည်းပါ သိရင် တင်ပေးပါမသက်ဝေ
ReplyDeleteGood chef like me...:)
ReplyDeleteI'll try the desert:D
Gyidaw
ရမ်းသမ်းကွတ်ထဲမှာကိုယ်လည်းပါမယ်။ ချန်မထားနဲ့ ။ မှန်းရမ်းထဲ့တဲ့ ရမ်းသမ်းကွတ် အိုင်အိုရာ
ReplyDeleteမမရေ.. ညီမလဲတူတူပဲ.. အရှင်တွေဆို မ၀ယ်ရဲဘူး.. ခုတလော ပူလို့ထင်တယ်.. အသားငါးတွေမစားချင်ဘူး.. အသီးအရွက်လေးတွေပဲစားဖြစ်နေတယ်..း)
ReplyDeleteမနက်စောစောစီးစီး စားစရာသောက်စရာ အကြောင်းရေးထားတဲ့ပိုစ့် လာဖတ်မိတာ ကိုယ့်အမှား..ဂလု..ဂလု ဖြစ်ပြီးပြန်သွားရကြောင်းပါ..မမသက်ဝေး|
ReplyDeletep.s ကျောက်ကျောပုံပြင်ကိုကြိုက်တယ်..နောက်တစ်ပုံ ကျောကျဦး..နော်..နော်..း))
**အပေါ်ကမန့်ထားတာ ဘယ်လိုဖစ်မှန်းသိဘူး..တစ်ဝက်တစ်ပြတ်ပဲပေါ်နေလို့ဖျက်ပလုက်တယ်.မရေ..
ပါဏာတိပါတ အဂါၤ
ReplyDeleteပါဏာတိပါတ ကျူးလွန်တဲ့ အခါ မှာ….
၁။ သတ္တ၀ါလည်း ဖြစ်ရမယ်။
...
၂။ သတ္တ၀ါမှန်းလည်း သိရမယ်။
၃။ သတ်လိုသော စေတနာရှိရမယ်။
၎။သတ်ဖြတ်မှု လုံ့လတစ်ခုခုကို ပြုဖြစ်ရမယ်။
၅။ထိုလုံ့လကြောင့် ပင် သေသည်လည်း ဖြစ်ရမယ်၊
ဒီအဂါင်္ (၅)ပါး စုံမှ ပါဏာတိပါတ ကမ္မပထ (သတ်ခြင်းအမှု) မြောက်ပါတယ်။
အပြစ်
၁။ မျက်စိ၊ နား၊ နှာခေါင်း အင်္ဂါခြေလက် ချွတ်ယွင်းခြင်း။
၂။ ဖြစ်ရာဘ၀မှာ ရုပ်အဆင်း အင်္ဂါ မွဲပြာခြောက်ညို၍ မစိုပြေခြင်း။
၃။ အားအင်နည်းခြင်း။
၎။လျှင်လျှင်မြန်မြန် ဖျတ်ဖျတ်လတ်လတ် မရှိခြင်း။
၅။ ဘေးရန် ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း။
၆။ သူများ အသတ်ခံရခြင်း၊ကိုယ်တိုင် အဆိပ်သောက်၍ သေရခြင်း။
၇။ အနာရောဂါများခြင်း။
၈။အခြွေအရံ ပျက်စီးတတ်ခြင်း။
၉။ အသက်တိုတတ်ခြင်း … စသည်ဖြင့် အပြစ်တွေ များလှပါတယ်။
အကျိုး
၁။ ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း။
၂။ ရုပ်ဆင်း စိုပြည်တင့်တယ်ခြင်း။
၃။ အားအင် ပြည့်ဖြိုးခြင်း။
၎။ သွက်လက်လျှင်မြန်ခြင်း၊
၅။ ဘေးရန်ကို မကြောက်မရွံခြင်း။
၆။ သူများလက်ချက်ဖြင့် အသက်မသေရခြင်း
၇။ အနာရောဂါ ကင်းခြင်း။
၈။အခြွေအရံ မပျက်စီးခြင်း။
၉။အသက်ရှည်ခြင်း .. စတဲ့ အကျိုးတွေကို ရနိုင်ပါတယ်။
အရှင်တေဇနိယ ဆီမှ ဝေငှလိုက်ပါတယ်။
http://lovelove1349.multiply.com/journal/item/174See More
လှေလုပ်ဖို့ သစ်ပင်ကြီးခုတ်ရင်း နောက်ဆုံးကျ သွားကြားထိုးတံ ဖြစ်သွားတဲ့ ပုံပြင် သတိရပါ၏။
ReplyDeleteကကတစ်..ဈေးကြုံမှာမလို့ဟာ..အရှင်ဆိုလို့ နေပါစေတော့.. ကြက်ကင်နဲ့..မှိုပွင့်လတ်လတ်တွေ့ရင်..၀ယ်ခဲ့ပေးနော်။ ဈေးဖိုးတော့ နောက်မှ ယူတော့ ဟီး :D
ReplyDeleteခုတလောကိုယ့်ကိုယ်တွေ့နဲ့တူနေလို့ သဘောကျမိတယ် မသက်ဝေ .. ခလေးက ဂဏန်းကြိုက်တတ်လွန်းလို့ ( ဂဏန်းကလည်း အရှင်မှစားကောင်းတာလေ ) ဂဏန်းအရှင် တကောင် တကျပ်နဲ့ ၁၂ ကောင်ဝယ်ပြီး သတ်ခိုင်းလိုက်တယ် အိမ်ရောက်တော့ အမျိုးသားက အဲလိုသတ်ခိုင်းတာ သဘောမကျလို့ အဆူခ...ံလိုက်ရတယ် ပံ့သကူသားဘဲ စားပါတဲ့ .. ကိုယ်က အစ က မသိဘူးလေ အသားတွေ စားနေမှတော့ ဘာထူးလဲပေါ့ နောက်မှ ပံ့သကူဆိုတာ အိမ်ကလူပြောပြမှသိရတယ် ခုတော့ ခလေးပူဆာလည်း မကျွေးတော့ဘူး .. အပေါ်က သာကူလေးတော့ တအားသဘောကျတယ် ချက်နည်းပြောပြတာကျေးဇူးပါ ..See More
ReplyDeleteHop pot ကလည်း အများကြီးတော့ ထည့်စားရတာပါပဲလေ။
ReplyDeleteမမသက်နဲ့တောင် wet market လိုက်ချင်တာ...။
ReplyDeleteနောက်တခါ ချက်စားရင် ခေါ်လိုက်ပါ ဒါပါဗြဲ....:))
ReplyDeleteဈေးဝယ်ထွက်ခြင်းဆိုလို့ တို့အမသက်ဝေ အော့ချက်မှာ ဈေးဝယ်ထွက်တယ်ထင်လို့... လက်စသတ်တော့ ရှန်စောင်းမှာ ဈေးဝယ်ထွက်တာကိုး။ အိမ်ဘယ်နားမှာလဲလို့ မှန်းကြည့်နေတယ်...ဟင်း..ဟင်း...
ReplyDeleteနောက်တစ်ခါ အုန်းနို့သာကူကျောက်ကျော လုပ်စားရင် လာစားလို့ရအောင်လို့ :P
P.S. အစ်မက လူလဲချစ်ဖို့ကောင်း၊ ရေးတဲ့စာတွေလည်း ချစ်ဖို့ကောင်း... နောက်တစ်ခါတွေ့ရင် မုန့်ဝယ်ကျွေးနော် :D
သာကူနဲ့ အုန်းနို့က အဲလောက်လိမ်မာမှန်း မသိဘူး.. အစက သပ်သပ်စီကျိုပြီး ၂ထပ်လုပ်ထားသလား ထင်တာ။ အမ recipe တွေကို အဲလို ပုံပြင်လို ပြောပြပါလားဟင်.. အမရေးထားတာ ဖတ်ပြီး ချက်ချင်း လုပ်စားချင်စိတ် ပေါက်လာတယ် :)
ReplyDeleteဖတ်လို့ကောင်းတယ်၊အဲဒီဈေးထဲလိုက်လည်ရသလိုဘဲ
ReplyDeleteအကုန်စားချင်တယ်မမ
ReplyDeleteစားချင်တယ်.. ကျွေးပါ မမသက်ဝေ
ReplyDeleteမေ
သက်ဝေလေး စိတ်ညစ်သွားလား...
ReplyDelete