Monday, May 16, 2011

စိတ်၏ ခေါ်ဆောင်ရာ

ဥမ္မာ့ရဲ့ စာအုပ် ဆိုတဲ့ E Book လေး ထွက်လာပါပြီ။ စာအုပ်လေးကို ဒီနေရာ မှာ Download လုပ်ယူနိုင်ပါတယ်။

စာအုပ်တအုပ်လုံးကို လက်ရေးစာလုံးလှလှလေးတွေ၊ ချစ်စရာ ရုပ်ပုံလေးတွေနဲ့အတူ ထူးထူးခြားခြား လှလှပပ ဖြစ်အောင် အချိန်ပေးပြီး စီစဉ်သူတွေက ဒီမှာပါ။


အခုလို စီစဉ်ပေးသူတွေကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။
ဒီစာအုပ်လေးမှာ ဟန်သစ်ငြိမ်၊ ခိုင်စိုးလင်း၊ အိန္ဒြာ၊ ပန်ဒိုရာ၊ မယ်ကိုး၊ မိုးလှိုင်ည၊ နန်းညီ၊ ကောင်းကင်ကို၊ ကျော်ညိုသွေး၊ သက်ထွေး၊ နေဦး၊ သြမြိုင်၊ နေမြဲ၊ မှူးဒါရီ၊ ကျော်ဇင်ဦး တေလေ၊ ညိုမင်းခတို့ရဲ့ ကဗျာ ဝတ္ထု စာစုတွေနဲ့အတူ ကိုယ်ရေးထားတဲ့ "စိတ်၏ ခေါ်ဆောင်ရာ" ဆိုတဲ့ ဝတ္ထုတိုလေးတပုဒ် ပါပါတယ်…။


ဖတ်ကြည့်ပါ… လိုအပ်တာများရှိရင် ထောက်ပြ ဝေဖန် ပြောဆိုသွားခဲ့ပါ…။

စိတ်၏ ခေါ်ဆောင်ရာ

သည်အခန်းခပ်ကျဉ်းကျဉ်းလေးထဲမှာ သူ တယောက်တည်း နေထိုင်သည်။ ဆေးရောင် အဝါဖျော့ဖျော့ သုတ်ထားသော အခန်း၏ တဖက်တချက်စီမှာ တယောက်အိပ် ကုတင်တလုံး နှင့် စားပွဲတလုံး ရှိသည်။ စားပွဲပေါ်မှာတော့ အမျိုးအမည် မရေတွက်နိုင်သော ပစ္စည်းများ ရှိနေသည်။ ကုတင်ပေါ်မှာ ခေါင်းအုံး နှင့် စောင်ကတော့ သပ်သပ်ရပ်ရပ်။ ကုတင်အောက်မှာ ကြွပ်ကြွပ်အိပ် အစိမ်းရောင် အဖြူရောင်တို့ဖြင့် ထုတ်ပိုးထားသော လေးထောင့် စပ်စပ် အထုတ်များ စီစီရီရီ ရှိနေသည်။ ကုတင်၏ ခြေရင်းဖက်မှာတော့ အိပ်ခန်း အတော်များများမှာ တပ်ဆင်လေ့ မရှိတတ်သော ကြွေလက်ဆေးကန်တခုက အခန့်သား တည်ရှိနေလေသည်။ ထိုလက်ဆေးကန်၏ အောက်ခြေမှာ ကြီးမားသော်လည်း ပေါ့ပါးဟန်တူသော ကြွပ်ကြွပ်အိပ် အထုတ်များလည်း ရှိနေသေးသည်။

သည် လက်ဆေးကန်ကို တပ်ဆင်စဉ်က အိမ်သားများနှင့် တော်တော်လေး အတိုက်အခံ ပြောခဲ့ ဆိုခဲ့ အငြင်းပွားခဲ့ရသည်ကို မှတ်မိနေသေးသည်။ တကယ်ဆို အပြင်က သူစိမ်းတွေ မဆိုထားနှင့် အိမ်က အတူနေ အိမ်သားများကပင် သူ့ကို နည်းနည်းမှ နားမလည်တတ်ကြချေ။ သူပြုသမျှ အပြုအမူတိုင်းကို ရယ်စရာ (သို့မဟုတ်) လက်မခံနိုင်စရာတွေချည်းဟုသာ ထင်မြင်ယူဆတတ်ကြသည်။ ထားပါလေ… ဒီကိစ္စက သူ့အတွက်တော့ အရေးတကြီး မဟုတ်သလို အထူးတဆန်းလဲ မဟုတ်တော့ပါ။

*****

ပြောရရင် သူသည် သိတတ်စ အရွယ် ခပ်ငယ်ငယ်ထဲက အသန့်အရှင်း သိပ်ကြိုက်သည်…။ စိတ်ထဲတွင် သိပ်မသန့်ရှင်းလှဟု ထင်ရသော တစုံတခုကို ထိမိ ကိုင်မိတိုင်း လက်ကို ဆပ်ပြာဖြင့် သေသေချာချာ စင်ကြယ်အောင် ဆေးရမည်ဟူသော အမေ့စကားကို တသွေမတိမ်း လိုက်နာသည်။ တဖြည်းဖြည်းနှင့် အရွယ်ရလာသောအခါ လက်ကို ပေကျံစေမည့် အရာများ၊ လက်မှာ အနံ့အသက် စွဲတတ်သော အစားအစာများ ကို အတတ်နိုင်ဆုံး ရှောင်တတ်လာသည်။ ကျောင်းမှာ၊ ကစားကွင်းမှာ၊ အပြင်မှာ တခုခုကို ထိမိ ကိုင်မိပြီးတိုင်း လက်ကို အထပ်ထပ် ဆေးကြောမိသည်။ ငယ်စဉ်ကတော့ အတူတူ ကျောင်းသွားဖေါ် ကစားဖေါ်များ၏ မိဘတွေ၊ လူကြီးတွေက သူ၏ သန့်ရှင်းမှုကို ချီးကျူးကြသည်။ ထိုအခါ ကလေးပီပီ အနည်းငယ်တော့ ဘဝင်မြင့်မိသည်သာ…။

ရေခဲချောင်း၊ ရေခဲမုန့်၊ ချောကလက် စသည်တို့ကို လက်နှင့် ကိုင်စားရင်း အရည်ပျော်ပြီး စီးကျလာသည်ကို ကြုံရသော အခါ၊ ဒူးရင်းသီးစားပြီး လက်မှာ စွဲနေသော အနံ့ကို ဖျောက်ရခက်သောအခါ၊ မျှစ်ဟင်းစားပြီး ဘယ်လောက်ဆေးဆေး လက်မှာ အနံ့ မပျောက်သောအခါ နောက်နောင်ကို ထိုအရာများကို သတိကြီးစွာဖြင့် ရှောင်ကြဉ်သည်။ အလွန်အမင်း စားချင်လာသောအခါ ဇွန်းဖြင့်သာ စားသည်။ ထိုအရာများနှင့် မတော်တဆ ထိမိသွားပါက လက်ကို ဆပ်ပြာတတုံး ကုန်လုနီးပါး ဖြစ်ပြီး ပဲကြီးရေ တွန့်လာအောင် တိုက်ချွတ်ဆေးကြောသည်။ ဤသို့ ဆေးလိုက်ရမှ စိတ်ထဲမှာ စင်ကြယ်သွားပြီး နေလို့ ထိုင်လို့ ကောင်းသွားသည်။

သည်လိုနှင့် အချိန်တိုင်း လက်ဆေးတတ်သောအကျင့်မှာ သူ့အတွက် အစွဲအလန်းတခုပမာ ဖြစ်လာသည်။ တနေ့ကို အကြိမ်ပေါင်း မည်မျှ ဟု မရေမတွက်နိုင်အောင် လက်ဆေးသည်။ ရောက်လေရာ နေရာမှာ ဘာမှမလုပ်ခင်၊ ဘာမှ မထိတွေ့ မကိုင်တွယ်ခင်မှာ လက်ဆေးစရာ နေရာကို ဦးစွာ လိုက်ရှာမိသည်။ လက်ဆေးပြီးတော့ လက်သုတ်စရာ တစ်ရှုးပေပါကို သွားလေရာရာ အမြဲမပြတ် ဆောင်ယူသွားတတ်သည်။

နောက်ဆုံးမှာတော့ အရာရာကို ထိတွေ့ကိုင်တွယ်ရန် မသတီတတ်သော စိတ်နှင့် တခုခုကို ထိမိတိုင်း လက်ဆေးတတ်သော အကျင့်တို့သည် သူ၏ စိတ်ကို တဖက်စွန်းသို့ ရောက်အောင် သိသိသာသာကြီး တွန်းပို့လိုက်လေသည်။ ထိုအခါ အချိန်တိုင်း လွယ်လင့်တကူ လက်ဆေး၍ ရစေနိုင်ရန် သူ၏ အိပ်ခန်းထဲမှာ လက်ဆေးကြွေခွက်တခု တပ်ဆင်လိုက်သည်။ ရေပိုက်များ သွယ်ဆက်ရန် အိမ်နံရံကို ထုနှက် ထွင်းဖေါက်ရသောကြောင့် အိမ်သားများနှင့် စကားများ အငြင်းပွားရသည်။ အိမ်သားများက သူ့ကို လူထူး လူဆန်းတဦးသဖွယ် ဝိုင်းကြည့်နေကြချိန်မှာ သူတို့၏ မျက်လုံးတွေသည် လမ်းထိပ်နားမှာ တယောက်တည်း စကားတီးတိုးရေရွတ်ရင်း အိတ်အကြီးကြီး တလုံးကို လွယ်ကာ ဟိုဟို ဒီဒီ ခြေဦးတည့်ရာ လျှောက်သွားနေတတ်သော သူရူးတယောက်၏ မျက်လုံးများနှင့်ပင် ခပ်ဆင်ဆင် တူနေသေးသည်ဟု တွေးရင်း တယောက်တည်း အသံတိတ် ရယ်မောခဲ့ဖူးသည်။

အခန်းထဲမှာ လက်ဆေးကြွေခွက်တခု တပ်ဆင်ပြီးနောက် အိမ်အနီးမှ ကုန်စုံဆိုင်သို့သွားကာ တစ်ရှုးပေပါ ဆယ်လိပ်တွဲ အထုတ်ကြီးများကို သယ်နိုင်သလောက် ဝယ်လာခဲ့သည်။ အိမ်သားများက သူ့ကို ဆီးကြိုပြီး ဝယ်လာသော တစ်ရှုးထုတ်များကို မီးဖိုခန်းထဲသို့ ယူသွားသောကြောင့် သူတို့ကို ပျာပျာသလဲ တားမြစ်ကာ ထိုတစ်ရှုးလိပ်များအားလုံးကို သူ့အိပ်ခန်းဆီသို့ သယ်ယူသွားခဲ့၏။ အိပ်ခန်းထဲမှာ လက်ဆေးကြွေခွက် တပ်ဆင်ပြီး၊ လက်သုတ်စရာ တစ်ရှုးများ အပြည့်အစုံ ရောက်လာသောအခါ ရရှိခံစားရသည့် စိတ်ကျေနပ် ပြည့်စုံမှုကို ဘယ်အရာနှင့်မှ မလဲနိုင်ပဲ တစိမ့်စိမ့် စားသုံးနေမိသည်။

*****

အားလုံး အဆင်ပြေသွားပြီ…။
ဘယ်မှသွားစရာမလိုပဲ အိပ်ခန်းထဲမှာပင် အချိန်မရွေး လက်ဆေးနိုင်သလို လက်ဆေးပြီးလျှင် သုတ်စရာ တစ်ရှုးတွေလဲ အပြည့်အစုံ ရှိနေပြီ…။ သူ့စိတ်တွင် ကျေနပ်မဆုံးနှင့် လက်ကို စိတ်ရှိတိုင်း ဆေးသည်။ ပြီးလျှင် လက်ကို သုတ်သည်။ လက်တခါဆေးပြီးတိုင်း စိတ်ထဲမှာ တခါ သန့်ရှင်းသွားသည်ဟု ခံစားရသည်။ စိတ်အတွင်းက အညစ်အကြေးများ ကင်းစင်ပြီး အစဉ်သန့်ရှင်းစေရန် လက်များများဆေးဖို့ လိုအပ်မည်မှာ သေချာလှသည်။ ထိုအယူအဆကို ရာနှုန်းပြည့် ထောက်ခံမဲ ပေးမည့်သူ၊ စာရွက်ပေါ်မှာ အမှန်ခြစ် ခပ်ကြီးကြီး ခြစ်ပေးမည့်သူ တစုံတယောက်မျှ ရှိရန် မလိုအပ်ပါ…။

သည်လိုနှင့် နေ့နေ့ ညည သူ လက်ဆေးသည်။ ပြီးတော့ လက်သုတ်သည်။ ဆေးပြီးရင်းလည်း ထပ်ဆေးသည်…။ ကုတင်စွန်းကို ကိုင်မိလည်း လက်ဆေးသည်။ အိပ်ရာသိမ်းပြီးလည်း လက်ဆေးသည်။ တံခါးလက်ကိုင်ဖုကို ကိုင်မိလည်း လက်ဆေးသည်။ စားပွဲပေါ်မှ အရာတခုခုကို ကိုင်မိတိုင်းလည်း လက်ဆေးသည်…။ ပြီးတော့ လက်သုတ်သည်။ လက်ဆေးသည်။ ပြီးတော့ လက်သုတ်သည်။ လက်ဆေးသည်။ ပြီးတော့ လက်သုတ်သည်…။ ထိုအခါ ရက်အနည်းငယ်အတွင်းမှာ သူ့အိပ်ခန်းတခုလုံး တစ်ရှုးစက္ကူများ ဟိုထောင့်မှာ တပုံ ဒီထောင့်မှာ တထွေးနှင့် ဖွေးဖွေးလှုပ်အောင် ပြည့်လာသည်။

ထိုတစ်ရှုးများကို ထည့်စရာ ကြွပ်ကြွပ်အိတ် အကြီးစားများဝယ်ရန် အိမ်အနီးမှ ကုန်စုံဆိုင်သို့ နောက်တခေါက် သွားခဲ့သည်။ လမ်းတလျှောက်မှာ တွေ့နေ မြင်နေကျ အိမ်နီးချင်းများနှင့် တွေ့သောအခါ သူတို့၏ အကြည့်တွေကို မကြိုက်ချင်။ သူတို့၏ မျက်လုံးများသည် ကြောင်တောင်တောင်ဖြစ်နေရုံသာမက အရောင်ရင့်ရင့် အညစ်အကြေးရိပ်များ စွန်းထင်းနေသလို… စိတ်ထဲမှာ သူတို့ကို လက်ဆေးရန် ပညာပေးနေမိသေးသည်။ လက်ကို သေသေချာချာ မဆေးကြောသောကြောင့် ထိုမှတဆင့် အညစ်အကြေးများ မျက်နှာတွေ မျက်လုံးတွေဆီသို့ ကူးစက် ညစ်ထေးနေကြဟန်တူသည်ဟု ကောက်ချက်ဆွဲလိုက်သည်။ ထို့နောက် ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ပြုံးရင်း လမ်းတလျှောက် တွေ့သမျှ လူတိုင်း၏ ကြောင်စီစီ အကြည့်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခဲ့သည်။

ကြွပ်ကြွပ်အိတ်ရောင်းသော ဆိုင်မှ ဆိုင်ရှင်က သူ့ကို စေ့စေ့ကြည့်ပြီး နေကောင်းရဲ့လား ဟု မေးသည်။ ပြီးတော့ ကောင်းကောင်းသွားနော်… အိမ်ရောက်အောင် ပြန်တတ်ရဲ့လား ဟူသော ခပ်ကြောင်ကြောင် အမေးကိုပါ တဆက်တည်း မေးလိုက်သေးသည်။ အို.. အဓိပ္ပါယ် မရှိလိုက်တာ… သူတို့ အားလုံး တခုခုတော့ အကြီးအကျယ် မှားယွင်းနေကြပြီ…။

ဈေးဝယ်ပြီး အိမ်ပြန်ရောက်သောအခါ အိမ်သားများက သူ့ကို အကြည့်တမျိုးနှင့် ကြည့်ကြပြန်သည်။ သူတို့ကြည့်ရတာ စိုးရိမ်တကြီးနှင့်… မူလည်း မမှန်လှ…။ သူတို့တွေကို လက်မှန်မှန်ဆေးရန် လိုအပ်နေကြောင်း၊ သို့တည်းမဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ ဆေးစား ဆေးကု ပြုသင့်ကြောင်း ခပ်တိုတို ပြောကာ အခန်းထဲသို့ ဝင်လာခဲ့သည်။ ပြီးလျှင်တော့ လက်ဆေးကြွေခွက်မှာ လက်ကို စိမ်ပြေနပြေ ဆေးကြောမိသည်။ ကျေနပ်လိုက်သည်မှာ ဆိုဖွယ်ရာ မရှိ။ ပြီးတော့ တစ်ရှုးများဖြင့် လက်သုတ်သည်။ ပြီးတော့ တခန်းလုံး နေရာ အနှံ့ရှိနေသော တစ်ရှုးစက္ကူများကို ခုနက ဝယ်လာခဲ့သော ကြွပ်ကြွပ်အိတ် အကြီးကြီးထဲသို့ ထည့်ကာ တအိတ်ချင်း သေသေချာချာ စုစည်းမိသည်။

လက်တွေ ဆေးလိုက်၊ ပြီး လက်သုတ်လိုက်၊ လက်သုတ်ပြီးသော တစ်ရှုးများကို အိတ်ထဲ ထည့်လိုက်၊ တခါ လက်သွားဆေးလိုက်၊ ပြီးတော့ လက်သုတ်လိုက်၊ တစ်ရှုးများကို သိမ်းလိုက်… နောက် လက်ကို ပြန်ဆေးလိုက်… … …

သည်လိုနှင့် တရက်ပြီး တရက် ကုန်လာခဲ့သည်။ နောက်ပိုင်းရက်များတွင် အိမ်သားများ၏ ပြူးကြောင်ကြောင် မျက်လုံးများကို ရင်မဆိုင်ချင်သောကြောက့် အခန်းအပြင်ကိုတောင် ထွက်ပြီး အစား မစားဖြစ်တော့ချေ။ အခန်းထဲမှာ ရှိနေသမျှ အခြောက်အခြမ်းများကိုသာ စားသောက်ပြီး အချိန်ရှိသ၍ လက်ကိုသာ တွင်တွင် ဆေးနေမိသည်။ အိမ်သားများ အခန်းထဲသို့ စားစရာများ လာပို့သောအခါ သူတို့၏ ကြောင်စီစီမျက်လုံးများနှင့် စပ်စပ်စုစုနိုင်လှသော ကျီးကန်းတောင်းမှောက် အကြည့်များကို မနှစ်မျို့သောကြောင့် တံခါးကို အထဲမှနေ၍ အသေပိတ်ထားလိုက်သည်။

*****

ရက်အနည်းငယ် ကြာသွားသောအခါ အိပ်ခန်းတံခါးကို အပြင်ဖက်မှ တခုခုနှင့် လှည့်ဖွင့်နေသံ ကြားရသည်။ မကြာခင် တံခါးပွင့်သွားပြီး အိမ်သား နှစ်ယောက်နှင့်အတူ လူစိမ်းတယောက် အခန်းထဲဝင်လာကြသည်။ ထိုလူစိမ်း၏ လက်ထဲတွင် ရေအပြည့် ဖြည့်ထားသော အပြာရောင် လက်ဆွဲပုံးတပုံးနှင့် ပန်းပွင့်ရောင်စုံလေးများပါသော တစ်ရှုးတလိပ်ကို ကိုင်ဆောင်လာသည်။ ထိုသူ၏ အပြောအရ သန့်ရှင်း သန့်ပြန့်ပြီး အချိန်မရွေး လက်ဆေးရန်၊ စိတ်ရော လူရော စင်ကြယ်စွာ ဆေးကြောနိုင်မည့် နေရာတခုကို အလည်လိုက်ရန် လာရောက် ဖိတ်ခေါ်သည်ဟု ဆိုသည်။ သူ့လက်ထဲမှာ ကိုင်ဆောင်လာသော ပစ္စည်းများကိုကြည့်ရင်း သူပြောသောနေရာကို စိတ်ဝင်စားလှသည်။ ဘဝမှာ စိတ်ဓါတ်တွေ သန့်ရှင်းဖို့သာ အရေးအကြီးဆုံး မဟုတ်ပါလား…။ ထို့ကြောင့် အချိန်မဆိုင်းပင် လက်သုတ်ပြီးသော တစ်ရှုးစများထည့်ရန် အိတ်တလုံးကို ဆွဲယူပြီး လိုက်သွားရန် ပြင်ဆင်သည်။

ထို့နောက်တွင်တော့ ထိုလူနှင့်အတူ ပါလာသော ရေပုံးထဲသို့ လက်နှစ်ဖက်ကို စိမ်ပြေနပြေ နှစ်ဆေးရင်း၊ ပန်းပွင့်ရောင်စုံလေးများပါသော တစ်ရှုးဖြင့် လက်သုတ်ရင်း၊ သုတ်ပြီးသော တစ်ရှုးစများကို အသင့်ယူဆောင်လာသော အိတ်ထဲကို စုဆောင်းထည့်သိုရင်း၊ အိမ်သားများ၏ အရောင်စွန်းနေသော ပြူးတူး ကြောင်တောင် မျက်ဝန်းများကို ဥပက္ခာပြုပြီး အတတ်နိုင်ဆုံး လက်ကို စင်ကြယ်စွာ ဆေးကြောကြရန် တတွတ်တွတ် မှာကြားရင်း… လာခေါ်သော သူစိမ်းနောက်သို့ တရွေ့ရွေ့နှင့် လိုက်ပါသွားတော့သည်။

သေချာပါသည်… သူ အခု သွားမည့်နေရာသည် သူ၏ စိတ်အစဉ်ကို လိုအပ်သော သန့်ရှင်းမှုများနှင့် ကြည်လင်သော စင်ကြယ်ခြင်းများကို ပေးစွမ်းနိုင်သော နေရာတခု ဖြစ်လိမ့်မည်ဟု သူ သေသေချာချာ ယုံကြည်နေပါသည်…။

သက်ဝေ
(၆ မတ် ၂၀၁၁)


24 comments:

  1. စိတ္တဇ .... လူတွေမှာ စိတ္တဇ ကိုယ်စီ ရှိတယ်နော်။ များ တာနဲ့ နည်း တာပဲ ကွာမယ်ထင်တယ်။

    ReplyDelete
  2. ဖတ်ပြီးပြီ လူတောင် နဲနဲကြောင်ချင်သလိုလို၊ လက်ပဲထဆေးရမလိုလို ဖြစ်သွားတယ်....:))

    ReplyDelete
  3. စိတ်ရောဂါ တမျိုးပေါ့..
    Obsessive–compulsive disorder (OCD)
    လို့ခေါ်ပါတယ်..
    အသေးစိတ်ဖတ်လိုရင်
    http://en.wikipedia.org/wiki/Obsessive%E2%80%93compulsive_disorder
    နဲ့ အလားတူလင့်တွေ ရှိပါတယ် ..

    မသက်ဝေ... ဘာဖြစ်လို့များ အဲ့ဒီအကြောင်းရေးချင်စိတ်ပေါ်လာရသလည်း လို့  စဉ်းစားနေမိတယ်..
    အရေးအသားကောင်းတော့ ကိုယ်တိုင်ပဲ ဖြစ်နေသလား လို့ ပါ .. ( ဟဲဟဲ..စတာနော် .. )

    ReplyDelete
  4. အနော့ကိုစောင်းရေးတာလားဟင် .. ဟိဟိ ..
    အနော်က အဲလောက်တော့မဆိုးသေးဘူး လက်တော့ဆေးတယ် ခွိ

    ReplyDelete
  5. မမရေ..သရုပ်ဖော်ကောင်းလွန်းလို့ အနော်တို့ လမ်းထိပ်က လက်သုပ်သည် ကိုသူ့ဆီခေါ်လာပြီး လက်ဆေး၊ လက်သုတ် သင်တန်းပေးခိုင်းရင်ကောင်းမလားပဲ..း))

    လေးစားချစ်ခင်စွာဖြင့်

    ReplyDelete
  6. အဲဒီ OCD ရှိတဲ့ လူတွေအကြောင်း ရိုက်ထားတဲ့ documentary တစ်ခုကြည့်ဖူးတယ်၊ တစ်ယောက်က အိမ်တံခါး သော့ခတ်ပြီးတိုင်း သော့တွေကို ပါးစပ်ထဲမှာ တုတ်ထိုးသကြားလုံးလို စုပ်တဲ့ရောဂါ...၊ နောက်တစ်ယောက်ကတော့ အိမ်ပြူတင်းတွေကိုပိတ်၊ ပြီးမှ သေချာအောင် အားလုံးပြန်ဖွင့်ပြီး ပြန်ပိတ်တဲ့ အကျင့်...၊ မသက်ဝေရဲ့ ဝတ္ထုလေးက ဇတ်ကောင်မှာ OCD ရနေတဲ့ လူတစ်ယောက်ရဲ့ အမူအရာကို အပြည့်အဝ ဖမ်းလို့ရတယ်၊ ကျစ်ကျစ်လစ်လစ်နဲ့ နှစ်သက်စရာ ဝတ္ထုလေးပါပဲ...။

    ReplyDelete
  7. ၀တ္ထုတိုလေး လာဖတ်တယ် မမသက်ဝေ...။ ဇာတ်လမ်းထဲက ဇာတ်ကောင်လေး သနားပါတယ်း(

    ReplyDelete
  8. အိမ်မှာလက်ဆေးတာဘဲ လက်သုတ်ပုဝါလေးနဲ့ သုတ်တာ ပိုကောင်းတယ်လို့ ထင်တယ်..အပြင်မှာတော့ တစ်ရှုးလေးနဲ့ သုတ်ပေါ့.......စတာနော်
    ဖက်လို့ ကောင်းတယ်...

    ReplyDelete
  9. အဲ....လက်ဆေးချင်စိတ်တောင်ပေါက်လာပြီ...:)
    စိတ္တဇသမားတစ်ယောက်ပုံကိုပေါ်လာအောင်ရေးနိုင်စွမ်း
    ရှိလိုက်တာ....။

    ReplyDelete
  10. အစကနေ အဆုံးအထိ မျောပါသွားအောင် ဆွဲဆောင်နိုင်သော စာတပုဒ်...
    သက်ဝေ စာတွေ အများကြီး ဆက်ရေးနိုင်ပါစေ..

    ReplyDelete
  11. Oops!!! I might need to re-analyze my state of mind, Ma Ma Thet Wai!!!

    ReplyDelete
  12. ဝမ်းနည်းနေတယ်၊ကိုယ့်ကိုကိုယ်ထင်တယ်.. :)

    ReplyDelete
  13. အဲဒီလို လူမျိုး အပြင်မှာ တွေ့ဖူးတယ် မမ.. သူက RIT ကျောင်းသားပဲ.. ကျောင်းဆက်မတက်ဖြစ်တော့ဘူး.. သားလေး တစ်ယောက်တည်းမို့ သူ့အဖေနဲ့ အမေက အရမ်းကို ချစ်ပြီး သူ့ကို ဖြည့်ဆည်းပေးတယ် မရယ်.. သူ လက်ဆေးပြီဆိုရင် ရေတုံကင်ခေါ်မှာပေါ့နော်.. အဲဒါ အကြိုက်ဆေးလို့ရအောင် အဖေနဲ့ အမေက တလှည့်ဆီ တုံကင်နှိပ်ပေးကြတယ်.. အမ ဝတ္ထုတိုဖတ်ပြီး သူ့ကိုတောင် သတိရမိသွားတယ်.. :)

    ReplyDelete
  14. ဝတ္ထုလေးဖတ်ပြီး ကိုယ်နဲ့ နည်းနည်းဆင်နေတာကို သတိထားမိတယ်။
    ဟုတ်တယ် အပြင်သွားတဲ့အခါ လက်မဆေးရသေးဘဲ အစားအသောက်တွေကို လက်နဲ့တိုက်ရိုက်ကိုင်ပြီး စားဖို့ အတော်ကို စိုးရွံ့မိတယ်
    တူနဲ့ ဇွန်းနဲ့ ကိုင်စားရတာကို မဆိုလိုပါ။ လက်နဲ့ထိပြီးကိုင်စားရတဲ့ စားသောက်ဖွယ်ရာတွေပါ
    အရင်က ဒီလိုစိတ်မျိုးမရှိခဲ့ဖူးဘူး
    ဘီပိုးစီပိုး ကူးစက်ခံရတဲ့ သူငယ်ချင်းတွေရဲ့ ပညာပေးတိုက်တွန်းမှုတွေကြောင့် ထိတ်လန့်စွာနဲ့ ဒီအကျင့် ရလာတော့တာပါဘဲ။ အင်း စိတ်ရော ကိုယ်ရော လက်ရော သန့်ရှင်းရေးလုပ်လို့ရမဲ့နေရာကို သွားဖို့များ လိုနေပြီလားမသိး)

    ReplyDelete
  15. တို့များ အလုပ်ထွက်ပြီးကာစ အိမ်ထဲနေရတော့ ဖုန်ပဲ လှဲနေတာ...နောက်တဖြေးဖြေးနဲ့ ရိုးရိုးမဟုတ်တော့ဘူး။
    မြန်မာပြည်က ဖုန်က မညစ်ပတ်ဘူး
    ဒီက ဖုန်က ပိုညစ်ပတ်တယ်လို့ကို ထင်လာတော့တာ...း)
    အမြဲ သန့်ရှင်းနေဖို့မလိုဘူး...တခါတခါ ညစ်တစ်တစ်လေးတွေလည်း လက်ခံပေးရတယ်လို့ စိတ်ထားလိုက်တော့မှ နေကောင်းသွားတာ...းP

    ReplyDelete
  16. “စိတ်၏ခေါ်ဆောင်ရာ” ပါသွားလို့ လက်သွားဆေးလိုက်ဦးမယ်။
    စာရေးကောင်းလိုက်တာ။

    ReplyDelete
  17. ပို့ စ်ဖတ်ပြီး လက်အရင်သွားဆေးနေလို့ ကော်မန့် ခုမှ ရေးဖြစ်တာ သက်ဝေရေ... အိမ်မှာဆို လက်ခဏခဏဆေးလို့  အမေက ဂေါက်နေပြီလို့ ခဏခဏပြောတယ်... သက်ဝေဒီပို့ စ်လေး အမေ့ကို ပြောပြလိုက်ဦးမယ်... သမီးဒီအခြေအနေမရောက်သေးပါဘူးလို့ ...

    ReplyDelete
  18. အခုမှ လာဖတ်မိတယ် အမသက်ဝေ။ ညီမထင်တာတော့ လူတိုင်းလူတိုင်း စိတ္တဇတစ်မျိုးစီ ရှိကြမှာပဲလို့။ ဒီဂရီ အနည်းနဲ့အများပဲ ကွာမှာ။ ညီမဆီမှာလည်း ဘာရှိသလဲ ပြန်စဉ်းစားနေမိတယ်။ ဟိုနဲနဲ ဒီစပ်စပ်နဲ့ particular ဖြစ်တတ်တော့ အင်း... ဒါကြောင့်လည်း အပျိုကြီးဖြစ်တာလို့ ပြောခံရဖို့က ပိုပြီးနီးစပ်နေတယ်။ :D

    ReplyDelete
  19. အဲ...မန့်ဖို့ကျန်သွားတယ်။ ကိုညီလင်းသစ်ပြောသလိုပဲ အမရေးဖွဲ့ထားတဲ့ OCD ခံစားနေရတဲ့ ဇာတ်ကောင်စရိုက်က တကယ်ပီပြင်တယ်။

    ReplyDelete
  20. really creative writing.....

    www.baydinmaykyamae.blogspot.com

    ReplyDelete
  21. အဲဒီလို လက်တွေကို ခဏခဏဆေးတဲ့ စိတ်ဝေဒနာအကြောင်း အရင်ကကြားဖူးတာ သတိရမိသွားပါတယ်...

    အစ်မသက်ဝေဖွဲ့ပြသွားတာ ဝေဒနာရှင်တွေရဲ့ စိတ်ခံစားချက်ကို ပေါ်ပေါ်လွင်လွင် မြင်လိုက်ရလို့ စိတ်မကောင်းလည်း ဖြစ်ရပါတယ်...

    ReplyDelete
  22. ကဲ..မအားတဲ့ကြားက ဖတ်ဖြစ်သွားပါတယ်။ ရေးထားတာသဘောကျလို့ ပြီးအောင်ဖတ်သွားပါတယ်။ သိပ်ကြိုက်တယ်။
    ကိုယ်လည်းလက်ဆေးတယ်။ အလွန်အကျွံတော့မဟုတ်။ အများထိကိုင်ထားတာတွေထိမိပြီးရင် ဆေးလေ့ရှိတယ်။
    ဆေးရုံတို့ ၊ ဘတ်စကားတို့ ။ အစားအသောက် ပြင်ဆင်ရင်၊စားရင် ပိုဂရုစိုက်တယ်။ ချောရေ..အဖေါ်ရှိတယ်။း)
    အိုင်အိုရာ

    ReplyDelete
  23. this essay is a kind of cool...
    ur pattern is a bit similar with sayar tar yar min wai..

    ReplyDelete
  24. ရင်လှိုင်းJune 28, 2013 at 11:12 PM

    စိတ်ရဲ့ခေါ်ဆောင်ရာ နောက်ကို လိုက်မိပြီ ဆိုရင် လူတွေ က အမြင်တွေ ပြောင်းလာ ကြတယ်...။ တစ်ခါတစ်လေ တော့ လည်း လိုက်ပါ သင့်ပါတယ်..။ လိုက်ပါခဲ့တာတွေ လည်း မနဲ ပါဘူး..လေ..။ စိတ်၏ ခေါ်ဆောင် ရာ နောက်ကို ပေါ့..။ တစ်ခါတစ်လေ ဆို ဘယ်သူမှ မသိလိုက်ဘူးလေ..။ ဖြေးဖြေး ငြိမ့်ငြိမ့်လေး ကို လိုက်သွားလိုက်တယ်..။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...