စင်ကာပူနိုင်ငံ စာပေမြတ်နိုးသူများ အဖွဲ့မှ ကြီးမှူးသော တတိယအကြိမ်မြောက် စာပေဟောပြောပွဲကို Singapore Poly, Convention Center တွင် ဧပြီလ ၃၀ ရက်နေ့က အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်သည်။ သည်နှစ် လာရောက် ဟောပြောကြသူများမှာ ဆရာ အောင်သင်း၊ ဆရာ ချစ်စံဝင်း၊ ဆရာ ဖေမြင့်နှင့် ဆရာမ ခင်ခင်ထူးတို့ပင် ဖြစ်သည်။ သည်တကြိမ် စာပေဟောပြောပွဲ၏ ထူးခြားချက်မှာ ဟောပြောပွဲအပြီး ဆရာများအားလုံး (ဧည့်သည်တော် ဆရာ နေဝင်းမြင့် အပါအဝင်) စာဖတ်သူများနှင့် အမေး အဖြေ ဆွေးနွေးခန်း အစီအစဉ် ပါဝင်လာခြင်းပင် ဖြစ်သည်။
ပြောရလျှင် စင်ကာပူနိုင်ငံတွင် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ လွန်စွာများပြားသောကြောင့် သည်နှစ် ၂၀၁၁ ခုနှစ်အတွက် စာပေဟောပြောပွဲ နှစ်ပွဲကို ဧပြီလ တလထဲမှာ တပတ်သာခြားပြီး မနီးမဝေး နေရာ နှစ်ခုမှာ ဆက်တိုက် ကျင်းပသွားသည်။ ကိုယ်ကတော့ ရည်ရွယ်ထားသည့်အတိုင်း ပထမပွဲကို မသွား… ဒုတိယပွဲကိုသာ သွားဖြစ်သည်။
ဆရာများ၏ ဟောပြောချက်များနှင့် အခန်းအနားတခုလုံး၏ အကြောင်းစုံကို အင်တာနက် စာမျက်နှာတွေမှာ စာများ၊ ဓါတ်ပုံများ၊ အသံဖိုင်လ်များနှင့် ဝေဝေဆာဆာ ဖတ် ကြား တွေ့မြင်ပြီး ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် အထက်ပါ အကြောင်းအရာများကို မရေးပြတော့ပါ။ ထိုနေ့က တွေ့ကြုံခဲ့ရသည်များထဲမှ တချို့ကိုသာ ကိုယ် မြင်သလို ရေးပြချင်ပါသည်။
ဟောပြောပွဲက ၁ နာရီမှာ စမည်ဆိုသောကြောင့် တကြောင်း၊ ထိုင်ခုံနံပါတ်များမှာ ဦးရာလူစနစ်ဟု သိထားသောကြောင့် တကြောင်း၊ အိမ်နှင့် နီးသောကြောင့် တကြောင်း Convention Center ကိုရောက်တော့ နေ့လည် ၁၂ နာရီသာသာ…။ ခန်းမတံခါးက မဖွင့်သေး… ကိုယ့်လို စောင့်နေကြသူ အနည်းငယ်မျှသာ တွေ့ရသောကြောင့် နေရာကောင်းကောင်းရတော့မည်ဟု တွေးကာ ပျော်နေမိသေးသည်။ သို့သော်... ကျွန်တော့ရည်မှန်းချက် ဝေးလျှက်နဲ့ ပျော်သည် ပျော်သည် ဖြစ်သွားသည်။ အကြောင်းမူကား စင်မြင့်နှင့် တည့်တည့် အရှေ့အလယ်ပိုင်းမှ ထိုင်ခုံများမှာ အလွန်အရေးကြီးသောသူများ အတွက် ဆိုသောကြောင့်ပင်…။ သူတို့ ချန်လှပ်ထားသော နေရာတွေကို ကြည့်ပြီး စင်ကာပူမှာလည်း အရေးကြီးတဲ့သူတွေက အတော်ကို များသားပါလား ဟု တွေးမိသည်။
သည်လိုနှင့် အနောက်ဖက်ကျကျမှာ နေရာ ရခဲ့သည်။ စင်မြင့်နှင့် ဝေးသောကြောင့် ဓါတ်ပုံရိုက်ရ ခက်သွားသည်။ သို့သော် နာမည်ကျော် ဘလော့ဂ်ဂါများ ဝင်လာလျှင် ကိုယ်က အပေါ်စီးကနေ လှမ်းမြင်နိုင်တာပေါ့ဟု အကောင်းဖက်က လှည့်တွေးလိုက်သည်။ နောက်ထပ် ကောင်းတာတခု ရှိသေးသည်ကို ဟောပြောပွဲပြီးမှ သိလိုက်သည်။ ထိုသည်ကား နာမည်ကျော် ဘလော့ဂါ ဓါတ်ပုံဆရာများ၏ လက်စွမ်းပြ ကင်မရာမြင်ကွင်းမှ လွတ်မြောက်သွားခြင်းပင်…။
သည်နှစ်မှာ Goody Bag တွေ မပေး၊ အမှတ်တရ စာအုပ်နှင့် ဘောပင်တချောင်းစီ လက်ဆောင်ပေးသည်။ အမှတ်တရ စာအုပ်လေးက ပထမအကြိမ်နှင့် ဒုတိယအကြိမ် မှာ ဟောပြောသွားသော ဆရာများ၏ စကားတွေကို အနှစ်ချုပ်ပြီး ဖေါ်ပြထားသောကြောင့် တကယ်ကို အမှတ်တရ ဖြစ်စရာ…။ ပြီးတော့ Feed Back Form နှင့် အင်းလေးမှ ၅ ဒေါ်လာတန် ဘောက်ချာ…။
မနှစ်ကတော့ အိမ်က ရေဘူး ယူလာခဲ့သည်။ သို့သော် ခန်းမထဲ အဝင်မှာ ရေသန့်ဘူး တဘူးစီ ဝေငှတော့ လက်ထဲ စာအုပ်တွေရော ရေဘူးတွေရော မနိုင်မနင်းဖြစ်ရသည်။ ထို့ကြောင့် သည်တခါတော့ နပ်သွားပြီ… အိမ်က ရေဘူး ယူမလာခဲ့…။ သို့သော် မှန်းချက်နှင့် နှမ်းထွက် လွဲသွားပြန်သည်။ ရေသန့်ဘူးကို ညနေစာ စားသောအချိန်ကျမှ ပေးပါမည်တဲ့…။
သွားရေး လာရေး လွယ်ကူသော ခန်းမ၏ တည်နေရာ၊ ကားရပ်စရာ နေရာ၊ ပတ်ဝန်းကျင် အနေအထား၊ အကျယ်အဝန်း၊ ထိုင်ခုံနေရာ ယူရပုံ၊ စာအုပ်ဝယ်ရန် နေရာ၊ ဆရာများ လက်မှတ်ထိုးပေးသောနေရာ အားလုံး သပ်သပ်ရပ်ရပ် ကျယ်ကျယ်ဝန်းဝန်း စနစ်တကျ၊ နေရာတကျနှင့် အစစ အဆင်ပြေလှသည်။ သည်လိုနှင့် ခန်းမထဲ ရောက်ခဲ့သည်။ နေ့လည် ၁ နာရီမှာစမည်ဟု သတ်မှတ်ထားသော်လည်း တကယ်တန်းမှာ ၂ နာရီကျော်မှ စနိုင်သည်။ ပွဲအစ နောက်ကျတော့ အဆုံးမှာလည်း နောက်ကျလေတော့သည်ပေါ့…။
ပထမဆုံး ဆရာမ ခင်ခင်ထူးက “အညာဓလေ့ ရွာဓလေ့” ဟူသော ခေါင်းစဉ်ဖြင့် စတင် ဟောပြောသည်။ မြန်မာလူမျိုးတို့၏ ရိုးသားသော ချစ်စဖွယ် အလေ့အထများ၊ အတွေးအခေါ်လေးများကို ပုံပြောသလို အေးဆေးစွာ ပြောပြသွားသည်မှာ အလွန်နားထောင်ကောင်းလှသည်။ ရိုးသားလှသော ကြီးတော်ကြီး တရားရုံးမှ ကျမ်းထုတ်ကြီး အိမ်ပါလာ၍ ကြောက်အားလန့်အားဖြင့် ထားစရာမရှိပုံကို ကြားရသောအခါ ငိုအားထက် ရယ်အားသန်…။
ဆရာတဦးလျှင် ဟောပြောချိန် တနာရီခွဲ သတ်မှတ်သည်ဟု သိရသည်…။ လူ ၁၅၀၀ ခန့် ဆန့်သော ခန်းမတခုလုံး ပရိတ်သတ်များ ပြည့်လျှံနေသည်။ ဆရာမ ခင်ခင်ထူး ပြောနေရင်းမှာပင် ခန်းမ၏ လေအေးပေးစနစ် အလွန်ကောင်းကြောင်း သိလိုက်ရသည်။ ချမ်းလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ သည်လိုနှင့် ဆရာမ ဟောပြောအပြီးမှာ ကော်ဖီပူပူလေးတခွက်လောက် ရလိုရငြား ခန်းမအပြင်သို့ထွက်ကာ ရှာပုံတော်ဖွင့်ရသည်။ ကံကောင်းချင်တော့ မလှမ်းမကမ်းမှာ Mc Donald နှင့် Mc Café ကို တွေ့ရသည်။ ကိုယ့်လိုလူတွေ များလှသည်။ ကော်ဖီတခွက်ရဖို့ အတော်တန်းစီလိုက်ရသည်။
ကော်ဖီသောက်ပြီး အချမ်းပြေသွားကာ ခန်းမထဲပြန်ဝင်တော့ ဆရာ ချစ်စံဝင်း စတင်ဟောပြောနေချေပြီ။ ဆရာ ချစ်စံဝင်းက အဝေးရောက် သားငယ် သမီးငယ်များကို အစဉ်သတိရ လွမ်းဆွတ်နေတတ်သော အမေ့မေတ္တာ အမေ့ပုံရိပ်တွေကို “အမေဟူသည် အလွမ်းသည်” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ထို့နောက် ဆရာ ဖေမြင့်က “ဘဝတိုးတက်ဖို့ စာဖတ်ကြစို့” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောသည်။ လေအေးပေးစက်၏ အအေးဓါတ်လွန်ကဲမှု၊ ဝီရိယအကျိုးဖြင့် မနက်စာကို တော်ရုံသာ စားလာခဲ့သောအမှုတို့ဖြင့် အချိန်များကို အနည်းငယ် ခက်ခဲစွာ ဖြတ်သန်းရင်း ည ၇ နာရီခွဲခန့်မှာ ညစာစားချိန်ကို ရောက်လာခဲ့သည်။
ခန်းမအထွက်မှာ ဝေငှသော ရေသန့်ဘူး နှင့် ဒန်ပေါက်တဘူးစီကို ကိုင်ဆောင်ကာ ထမင်းစားစရာ နေရာ လိုက်ရှာပြီး ခပ်သွက်သွက် စားလိုက်ကြသည်။ တဆိုင်တည်းမှ ဖြစ်သော်လည်း ဒန်ပေါက်ဘူးတွေမှာ အဖုံးအပြာနှင့် အဖုံးအဖြူ နှစ်မျိုး အရသာ မတူ၊ အဖုံးအဖြူက ပိုကောင်းသည်ဟု ပြောနေသံနှင့် အိမ်မှ ငပိကြော်ဘူးလေးကို သတိရကြောင်း ပြောနေသံတွေ တစွန်းတစ ကြားခဲ့ရသည်။ ကိုယ်ကတော့ အဖုံး အပြာ… သို့သော် စားလို့ကောင်းပါသည်။
အချိန်နည်းနေသောကြောင့် ထမင်းစားပြီး ခန်းမထဲ မြန်မြန်လေး ပြန်ဝင်ရန် လိုက်လံနှိုးဆော်နေကြသော လူငယ်လေးများ၊ စားပြီးသော ဘူးအလွတ်များ အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် အမှိုက်အိပ်များ လိုက်ဝေနေသော လူငယ်လေးများ… သူတို့အားလုံး၏ စေတနာပါသော ကြိုးစားအားထုတ်မှုများ၊ တက်ကြွသော လုပ်အားပေးမှုများ၊ စနစ်ကျသော တာဝန်ယူမှုများကို သည်နေရာမှနေ၍ လှိုက်လှဲစွာ ကျေးဇူးတင်ရင်း အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်။
သည့်နောက်မှာတော့ ကိုယ်တို့ အားလုံး စောင့်မျှော်နေခဲ့ရသော “စာပေ လူကြမ်းမင်းသားကြီး” ဟု အမည်ရသော ဆရာအောင်သင်း၏ အလှည့်ကို ရောက်လာခဲ့သည်။ အသက် ၈၅ နှစ်ဖြစ်သော်လည်း ကျန်းမာရေးကောင်းသော ဆရာ့ကို တွေ့ရသည်မှာ ကျက်သရေရှိပြီး ချစ်ခင်နှစ်လိုဖွယ်ကောင်းလှသည်။ ဆရာက ပြည်ပရောက် မြန်မာလူငယ်များအတွက် “ရပ်ဝေးမြေခြား လူငယ်များသို့” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောသည်။ မူလအစီအစဉ်က လူကိုယ်တိုင် မလာရောက်နိုင်သောကြောင့် ဗွီဒီယိုဖြင့် ဟောပြောချက်များကို ပြသမည်ဟု ကြေငြာထားသော်လည်း ယခု ဆရာကိုယ်တိုင် လာရောက်ဟောပြောသဖြင့် အတိုင်းထက် အလွန် ဝမ်းသာရသည်။
လူငယ်တွေ အချိန်တွေကို အလဟဿ ဖြုန်းတီးမပစ်ပဲ ရှိသမျှ အချိန်တွေကို တန်ဖိုးထားတတ်ရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန် ဆရာက သူငယ်စဉ်က သရက်ထောင်မှာ ထောင်ကျနေရင်း အင်္ဂလိပ်စာ လေ့လာ သင်ကြားခဲ့ရပုံများ အကြောင်းကို ဥပမာပြပြီး ပြောဆိုခဲ့သည်။ တနေ့လုံးမှာ စက္ကန့်အနည်းငယ်လောက်ပဲ ဖြစ်ဖြစ် အချိန်ပေးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်ဖို့ အရေးတကြီး လိုအပ်ကြောင်း ကျောင်းဆရာပီပီ လက်ညှိုးလေး တထောင်ထောင်ဖြင့် ပြောသွားသော ဆရာ့အပြောများကို အလွန် နှစ်သက်လေးစားမိသည်။ ဆရာပြောပြသော အိမ်ထောင်ဖက် ရွေးချယ်နည်းမှာ မှတ်သားစရာ။ ဟာသစွက်သော ချစ်စဖွယ် အပြောတွေကြောင့် ပရိသတ်တွေ အလွန်ပွဲကျ နှစ်သက်သည်ကို လက်ခုတ်သံများနှင့် ရယ်မောသံများက သက်သေ…။ ပွဲစချိန် နောက်ကျသွားသောကြောင့် အချိန်သာရှိသေးလျှင် ဆရာအောင်သင်း ဒီထက် အများကြီး ဆက်ပြောနိုင်မှာပဲဟု အားမလိုအားမရ ဖြစ်မိသည်။ ဆရာကသာ ပြောနိုင်မည်ဆိုလျှင် မိုးအလင်း နားထောင်ချင်ပါသေးသည်။
သည်နှစ်ဟောပြောပွဲမှာ ဘလော့ဂ်တွေထဲမှာ စာတွေချင်းရင်းနှီးနေသောသူများ၊ မျက်နှာစာအုပ်မှာ တွေ့ဖူး မြင်ဖူးနေပြီး စိတ်ထဲကနေ အလိုလိုနေရင်း ရင်းနှီးနေသောသူများထဲမှ အချို့နှင့် တွေ့ခဲ့ရသည်။ အပြင်မှာ တခါမှ မမြင်ဖူး မတွေ့ဖူးကြသော်လည်း တွေ့လိုက်တာနှင့် ချက်ချင်း ရင်းနှီးသွားစေသော ရင်းနှီးမှုမှာ အတော်တော့ ထူးဆန်းပြီး ကျေနပ်ဖွယ်ရာလည်း ကောင်းပါသည်။ (ဒါတောင် နေရာယူဖို့ တန်းစီနေရင်းမှာ ညီမငယ်တယောက်က နှုတ်ဆက်တာကို ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားသေး၊ ဆောရီးပါ ညီမရေ… ညီမက ဓါတ်ပုံထဲမှာထက် အပြင်မှာ အရမ်းငယ်ပြီး ကလေးလေးလို တူနေတာကြောင့်ပါ…)
နာမည်ကြီး ဘလော့ဂ်ဂါတယောက်ကတော့ ကိုယ့်ကို မျက်နှာစာအုပ် Profile Picture က ပုံအတိုင်းပဲဟု မှတ်ချက်ချသွားသည်။ မျက်နှာစာအုပ်၏ ကောင်းမှုကြောင့် တချို့သောသူများကို သိနေသော်လည်း ကိုယ်က စတင်ပြီး မိတ်ဖွဲ့ရန် နှုတ်လေးတတ်သော အကျင့်ဆိုးကြောင့် အသိမိတ်ဆွေ မဖြစ်ခဲ့ချေ။ ထိုညက ဆရာအောင်သင်း ဟောပြောအပြီးမှာ ဆယ်နာရီကျော်နေပြီ။ ဆရာ ဆရာမ ၄ ယောက်စလုံး၏ ဟောပြောချက်များကို နှစ်သက် ကျေနပ် အားရစွာ…။ နောက်ဆုံးအစီအစဉ်ဖြစ်သော ဆွေးနွေးပွဲကိုတော့ ဆက်နားမထောင်ဖြစ်ပဲ ပြန်လာခဲ့သည်။
နိဂုံးချုပ်ရလျှင်…
ထိုနေ့က စာပေဟောပြောပွဲမှာ အစစ အဆင်ပြေ အောင်မြင်ခဲ့ပါသည်။ လာရောက် နားထောင်ကြသော ပရိသတ်များအတွက်လည်း စိတ်အဟာရ ပြည့်ဝကျေနပ်ကြသော ပွဲတပွဲဟု ဆိုချင်ပါသည်။ သည်ပွဲကို ဖြစ်မြောက်အောင် ကြိုးစားပမ်းစား အားထုတ် စီစဉ်ကြသော စာပေမြတ်နိုးသူများ အဖွဲ့ကိုလည်း အထူး ကျေးဇူးတင်ပါသည်။ နောက်နောင်ကိုလည်း စာပေချစ်သူ စာဖတ်ပရိသတ်များအတွက် အခုလိုပွဲမျိုးကို မကြာခဏ စီစဉ်ပေးသွားနိုင်ပါစေဟု ဆန္ဒပြု ဆုတောင်းချင်ပါသည်။
မြင်တွေ့သမျှ ပြောပြပါမည် (၁)
ပြောချင်တာလေးတွေ မမသက်ဝေ ပြောပေးသွားတယ်။ ဒီထက် အချိန်ပိုရလို့ ဘဘဆရာ ဆက်ပြောနိုင်မယ်ဆိုရင် ပိုကျေနပ်မိမှာပဲ။ နောက်ကျသွားတော့ ပါပါရာဇီ မလုပ်လိုက်ရဘူး။ နာလိုက်တာ.. :D
ReplyDeleteSWEZIN
မနာလိုပါ....သူတို့က တိုက်ရိုက်နားထောင်နိုင်တယ်.. ဒန်ပေါက်လေးစား ကော်ဖီလေးသောက်ပြီးတော့။ အဟွန့်
ReplyDeleteဆရာအောင်သင်း ဟောပြောပွဲတွေကို အရှင်လတ်လတ်ကြီး နားထောင်ချင်နေမိသည်။
အဲဒီမှာ နေတဲ့လူတွေ ကံကောင်းကြတယ်၊ ဒီလိုဟောပြောပွဲတွေကို ဆက်တိုက်နားထောင် ခွင့်ရတာ နည်းတဲ့အခွင့်အရေး မဟုတ်ပါဘူး၊ အဲဒီနေ့လေးရဲ့ မြင်ကွင်းတွေကို အခုလို ဖတ်ရတော့ အတန်ငယ်တော့ စိတ်အဆာ ပြေစေပါတယ်...။
ReplyDeleteJust jealous and longing for that kind of chance....
ReplyDeleteGyidaw
အဲဒီနေ့ က နောက်ကျသွားလို့  နောက်ဆုံးတန်းကို ရောက်သွားတယ်။
ReplyDeleteမမသက်ဝေတို့နဲ့ မတွေ့ လိုက်ရတာ နာတာပဲး)
ဒန်ပေါက်က ၂မျိုးပါ။ အဖြူက ဇေယျာ။ ငပိကြော် သရက်သီးသနပ်ပါ၏။ အပြာက Taj. အင်း ......။ ။
ReplyDeleteနောက်ဆုံး ပြီးတဲ့အထိ နားထောင်သွားတာ မဟုတ်ဘူး။ :)
:) ပျော်စရာကြီးနော်..။ အစ်မ နှစ်ပွဲလုံးသွားတာလား
ReplyDeletemm
မလေးစာလာဖတ်သွားပါတယ်း)
ReplyDeleteမြင်ဖူးချင်လိုက်တာ..
နောက်ဆုံးအစီအစဉ်ရောက်မှ ပြန်တာချင်းအတိုတို..နာမည်ကြီးဘလော့ဂါအစ်မသက်ဝေ ကိုမတွေ့လိုက်မိတာနာသကွာ..ကတောက်း))
ReplyDeleteချစ်တဲ့
အမကိုလှမ်းနှုတ်ဆက်တဲ့တယောက်ကို မမှတ်မိသေးဘူးဟုတ်... အဟိ...
ReplyDeleteပုံ
ပဟေဠိဖွက်သူ
mm
ReplyDeletePls go back to the last sentence of paragraph 2.
ဦးချစ်စံဝင်းအပြီး အပြီးမှာ ဒံပေါက်စားချင်လို. အပြင်ထွက်လာပါတယ်၊ အပြင်က တာဝန်ကျသူတွေက ဦးဖေမြင့် အပြီးမှာကျွေးမယ်ပြောပါတယ်၊ စားချင်သူ စားပါစေ၊ ပြန်ချင်သူပြန်ပါစေဖြစ်သင့်ပါတယ်၊ ခုတော့ စစ်သင်တန်းထက်တောင်ဆိုးသေး၊ ဟောပြောတာမပြီးသေးရင် မစားနဲ.ဆိုသလိုဖြစ်နေပါတယ်၊ NUS မှာတုန်းက ဒံပေါက်စောစောကျွေးပါတယ်၊ အစီအစဉ်က ပိုကောင်းသလိုပါပဲ၊ ခုံနံပါတ်ကလည်း လက်မှတ်ဝယ်ကတည်းက ကြိုပေးသင့်ပါတယ်၊ ကျွန်တော်လည်း ခုံလက်မှတ် ယူပြီး ဟောပြောခန်း ထဲဝင်လာပြီးမှ ဟာဘယ်လိုကြီး လဲ ရေလည်းမပေးပါလား ၊ သူတို.ကရေပေးဖို.မေ့တယ်ထင်ပြီး သွားမတောင်းမိတာ ကံကောင်း၊ ကျွန်တော်လည်းသွားစရာရှိတာနဲ. ကိုယ့်လက်မှတ်ကို ဒံပေါက်တစ်ထုပ်ရအောင် တိုက်ပုံအနက်နဲ. ချာတိတ်လေး တစ်ယောက်ကိုလှူခဲ့ပါ တယ် ၊
ReplyDeleteစာပေဟောပြောပွဲလုပ်တာ အစားအကြောင်းမပြောနဲ.ဆိုရင် အစကတည်းက ဘာမှမကျွေးနဲ.ပေါ့ ၊
ဗိုက်ဆာဆာနဲ. ကလန်မန်တီးမော် မှာသွားပြီးစားတာ တော်တော်ကုန်သွားတယ် ၊ ဒံပေါက် စားချင်စိတ်ကမပျောက်သေးလို. တက်ခ်ျမှာ သွားစားတာ ဆိတ်သားဒံပေါက်က ၇ ဒေါ်လာတဲ့ ၊ စားလို.တော့ကောင်းသား ၊ အင်းလေးက ဘောက်ချာ ၅ ကျပ်ကလည်း သုံးရဦးမယ်ဆိုတော့ ကုန်ပေါက်ကြီးပဲ ..
အစားအကြောင်းမကျေနပ်ကြောင်းပြောီပီး ဟောပြောတာ နဲ.ပတ်သက်ပြီး နောက်တစ်ခေါက်လာ မန်.ပါဦးမယ် ၊
မသက်ဝေကြီးကိုမတွေ.မိတာနာသဗျ ၊ မဆွိကပဲလှသလား မသက်ဝေကပဲ ပိုလှသလား ၊ ဘယ်သူက အသက်ပိုကြီး သလဲဆိုတာလည်းသိချင်သေး၊ ခွိခွိ ..
(မှတ်ချက်။ ကွန်မန်.ရှည်ရေးပြီးမှ မတီတီဆွိက ကျွန်တော့်အား နည်မည်ဖျက်မှာကြောက်သဖြင့် ကွန်.မန်.အားဖျက်ပစ်ရန်စိတ်ကူးမိပါသည်)
VIP ဆို လို့ မြင် တာ လေး တ ခု ပြော ချင် တယ်
ReplyDeleteVIP အ တွက် ချန် ထား တဲ့ နေ ရာ တွေ များ တယ် ဒါ ပေ မယ့် အဲ ဒီ VIP ဆို တဲ့ လူ တွေ က ဖိတ် လို့ ကြား လို့ သာ လာ ရ တယ် စာ ပေ ဟော ပြော ပွဲ ကို ချစ် လို့ လာ တာ ဟုတ် ပုံ မ ရ ဘူး က လေး တွေ အိမ် ဖေါ် တွေ ခေါ် လာ က လေး တွေ က အ ရှေ့ ဆုံး တန်း က နေ ပြေး လိုက် လွှား လိုက် ၀င် လိုက် ထွက် လိုက် က လေး တွေ ထွက် တော့ မိ ဘ တွေ က ပါ ထွက် လိုက် နဲ့ တွေ့ ရ တာ အ ဆင် မ ပြေ ဘူး
ပြော ခွင့် ရ တာ ကျေး ဇူး ဗျာ
ZZZ သို့
ReplyDeleteမသက်ဝေ မဆွီတီ မတန်ခူး မသီတာ တို့သည် အတန်းတူ သူငယ်ချင်းများဖြစ်သောကြောင့် အသက်တူဟု ကောက်ချက်ချလျှင် ရနိုင်သည်။
မည်သူ ပိုလှသနည်း ဆိုတာကတော့ လူတကိုယ် အကြိုက်တမျိုးပင် ဖြစ်ပေတော့သည်။
@MN
ReplyDeleteမသိပါဖူးဗျာ
ဘလော့တွေကိုဖတ်တာ ကွန်.မန်.ရေးတာ နောက်ကျလို.ထင်ပါရဲ့၊ မြန်မာစာကီးဘုတ် လက်ကွက်လည်း ကျင့်နေရလို.ပါ ....
မသက်ဝေကို ဘလာ့ဂါတစ်ယောက်ရဲ့ ကဗျာတစ်ခုမှာ (ဘလော့ဂါအမည်မေ့သွား) ကွန်မန်.မှာ ဗျာတွေ ဘာတွေနဲ.မန်.ထားတော့ အော် သက်ဝေဆိုတာ ကိုသက်ဝေဖြစ်မယ်ပေါ့ (ယောကျာင်္းကြီးပေါ့) ၊
မတီဆွိဆိုတော့ အော် .. ချက်နည်းတွေရေးနေ တော့ အသက် ၅၀ ကျော် အန်တီကြီးလို. ထင်မိလို.ထင်မိ
(ခွင့်လွှတ်တော်မူကြပါ)
အော်ဓါတ်ပုံတွေ.တော့မှ အင်ဂျင်နီယာ ကျောင်းသူတွေလဲ မခေပါလား (ချောသားပဲလို.ထင်မိပါတယ်)
ခင်တဲ့
တိုးကြောင်ကလေးဘူတာ
ကို ZZZ ရေ။
ReplyDeleteFeedback တွေအတွက်ကျေးဇူးပါ။ ကျွန်တော်တို့တွေအစီအစဉ်တွေမှာ ညံ့ဖျင်းခဲ့မူတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပရိသတ်တွေဗိုက်ဆာနေပြီမှန်း သိပေမယ့် အချိန်အရ နောက်ကျမှပြီးတော့မယ်မှန်းသိလို့ လူတွေညကျ တစ်ခေါက်ဗိုက်ပြန်ဆာမှာစိုးတာရယ်၊ ဆရာဖေမြင့်က မြန်မြန်လေးပြော
ပေးမယ်ဆိုတာကြောင့် Break Time ကိုမရွှေ့လိုက်တာပါ။ အဲဒီအချိန်မှာ ဝေပေးလိုက်လို့ လူတွေပြုံထွက်လာရင် အထဲမှာဟောနေတဲ့ပွဲပျက်သွားမှာစိုးလို့လဲ ငြင်းလိုက်ရတာပါခင်ဗျာ။ ခုံနံပါတ်ပေးပြီးရောင်းရင် တနေရာထဲမှာပဲထိုင်ရောင်းမှ အဆင်ပြေမှာမို့လို့ ကျွန်တော်တို့ Cityhall မှာတနေကုန် ထိုင်ရောင်းနိုင်တဲ့သူမရှိတော့ အဆင်မပြေလို့ပါ။ ရေမပေးတဲ့
ကိစ္စကတော့ Convention စည်းကမ်းအရအထဲမှာ NO Food, No Drink ကြောင့်မို့လို့ပါ။ အဆင်မပြေတွေဖြစ်သွားတာကိုတော့ အားနာမိပါတယ်ဗျာ။ နောက်နှစ်မှာပိုကောင်းအောင် လုပ်ပေးပါ့မယ်။ ပွဲစမယ့်အချိန်ကြမှ Projector ကဖွင့်မရတာနဲ့ ပြင်နေတာကြောင့် ပွဲစချိန်နောက်ကျခဲ့ရပါတယ်။ နားလည်သည်းခံခွင့်လွှတ်ပေးကြတဲ့အ
တွက်ကျေးဇူးပါ။ ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးပါ့မယ်။ Feedback များလည်းပေးကြပါအုံးလို့။
ကျေးဇူးတင်စွာဖြင့်။
မသက်ဝေရဲ့ ဘလော့မှာ feedback လိုလို complain လိုလို ကျွန်တော့်ရဲ့ ကွန်မန်.တွေ အတွက် ကြိုတင်တောင်းပန်ပါရစေ ....
ReplyDeleteပြောစရာရှိတာကိုတော့ ဆက်ပြောပါရစေ .
ကိုစည်သူရေ အကျိုးအကြောင်းပြန်လည်ရှင်းပြတဲ့ ကွန်မန်.အတွက် ကျေးဇူးပါပဲ
ကျွန်တော် က NUS ပွဲလည်းသွား ခဲ့ပါတယ်၊ နေရာကို နှိုင်းယှဉ်ရ ရင်တော့ Poly က ပွဲကပိုပြီးကောင်းပါတယ်၊ ကျွန်တော့်တို.လို public transportation သုံးတဲ့ အတွက် MRT နဲ. နီးတဲ့ အတွက် တော်တော်လေးအဆင်ပြေ ပါတယ်၊ NUS ကတော့ တက္ကစီနဲ.အသွား/အပြန် လုပ်လိုက်ရပါတယ်၊
ခုံနဲ.လက်မှတ်ကတော့ ခုံနံပါတ်ကို ခွဲပြီး ရောင်းရင်လည်းဖြစ်ပါတယ်၊ NUS အဖွဲ.လည်း ခွဲရောင်းပုံရပါတယ်၊
အမှန်အတိုင်းပြောရရင် ပထမအဖွဲ.က ဦးကျော်ဝင်း ၊ ဦးဘုန်းတို.ကို ကျွန်တော် မသိပါ ၊ ဒါပေမဲ့ သွားနားထောင်တဲ့ အခါ တကယ့်ကိုကောင်းပါတယ်၊
ဟောပြောတဲ့ ဆရာတွေရဲ့ မြန်မာနိုင်ငံအပေါ် သူတို.ထားတဲ့ စေတနာကိုလေးစားမိတဲ့ အပြင် သူတို.ရဲ့ ဗဟုသုတ၊ အတွေ.အကြုံ ကိုလည်း သတိထားမိပါတယ်၊
ကျွန်တော်ဟာ ဆရာဦးချစ်စံဝင်းရဲ့ ပရိတ်သတ်တစ်ယောက်ပါ၊ သူ.ရဲ့ ဤခရီးနီးသလားနဲ. အမေနဲ.အမေအကြောင်း စာအုပ်တို.ကို ကြိုက်နှစ်သက်ပါတယ်၊ ဒါပေမဲ့ ဆရာရဲ့ ဟောပြောမူက အစီအစဉ် မရှိနဲ. ဖြစ်နေပါတယ်၊ အသက် အရွယ်ကြီးမြှင့်လာလို.လဲဖြစ်နိုင်ပါတယ်၊ ကျွန်တော်နှိုင်းယှဉ်မိတာက နာမည်ကြီးအဆိုတော်တစ်ယောက်ဟာ စီးရီးထုတ်တဲ့အခါ အခွေက နားထောင်လို.ကောင်းပါတယ်၊ ရီကော်ဒင်း စက်အကောင်းအစားနဲ. အထပ်ထပ်အခါခါ ဆိုထားတာကို၊ ဒါပေမဲ့ အဲဒီ့အဆိုတော်ကပဲ live ပွဲဆိုတဲ့အခါ သံစဉ်တွေမညီမညာဖြစ်နေ သလိုပေါ့ ၊
နောက်တစ်ခုအတွေ.အကြုံက ကိုယ့်ခုံနံပတ်နဲ. မထိုင်တဲ့ပြဿနာပါပဲ၊ ကျွန်တော် NUS ပွဲရောက်တဲ့အခါ နည်းနည်းနောက်ကျပါတယ်၊ အဲ့ဒါနဲ.စလုံးအမျိုးသမီးလုံခြုံရေးကို ကျွန်တော်လက်မှတ်ပြပြီးခုံနံပါတ်ကို ပြတဲ့အခါ သူမက ကျွန်တော့်ခုံမှာ တစ်ခြားသူထိုင်နေပြီ ဖြစ်တဲ့ နောက်က ခုံမှာ ထိုင်လို.ပြောပါတယ်၊ အဲဒါနဲ. ကျွန်တော်က ဘာကြောင့်ငါခုံမှာ ငါထိုင်ခွင့် မရှိတာလဲ လို. ပြန်ပြောတဲ့အခါ သူမက အဲဒါဆိုရင် ထိုင်နေတဲ့သူကို ဖယ်ပေးဖို. သူမက ပြောပေးမယ်တဲ့၊ ကျွန်တော်လည်း ကိုယ့်မြန်မာအချင်းချင်းဆို ပဲ နောက်ကခုံမှာ ၀င်ထိုင်ပါတယ်၊ နဂိုကတည်း က စောစောပြန်ဖို.ထာင့်စွန်.ခုံကိုရွေးထား တာပါ၊
Poly ပွဲမှာလည်း ထောင့်စွန်. ခုံကိုရွေးပြီး သွားတဲ့အခါ သူများက ၀င်ထိုင်ထားပါတယ်၊ ကျွန်တော့်ခုံက EE 37 ပါ၊ တာဝန်ကျတဲ့သူက ခင်ဗျားခုံမှာ အခြားလူထိုင်နေပြီ နောက်ခုံမှာထိုင်ဆိုပြီး ပြောပြန်ပါတယ်၊ အဲဒါ့နဲ. NUS cultural hall မှာလို သီးခံပြီးနောက်ခုံမှာထိုင်ရပါတယ်၊ ကိုယ့်က ဟောပြောပွဲကိုနားထောင်နေစဉ်မှာ ပဲ ကိုယ်လိုနောက်ကျတဲ့သူတွေက ၀င်လာပြီး ကိုယ့်ခုံနားမှာ ရစ်သီသီလုပ်နေရင် ကိုယ်ကပဲ ခုံကထပေးရမလိုဖြစ်နေပါတယ်၊ ကိုယ်က သူများခုံမှာထိုင်မိနေပြီကို ...
ကိုယ်ကနောက်ကျလို. ဘယ်သူ.မှမလာဖူး ထင်ပြီး လာထိုင်တာလည်းဖြစ်နိုင်ပါတယ်၊ နောက် တစ်ဖွဲ.က အဲ့ဒီ့ခုံမှာလာထိုင်တော့မှ တစ်ဖွဲ.လုံး ဖယ်ပေးပါတယ်၊ အဲ့ဒီ့အသစ်ရောက်လာတဲ့အဖွဲ.ကလည်း ကျွန်တော့်ခုံမှာလဲမှားပြီးဆက်ထိုင်နေတော့ လည်း ကျွန်တော်သွားမထိုင်ချင်တော့ပါ ၊
(Google Account နဲ. sign in လုပ်လို.မရ လို.အမည်မသိနဲ.ရေးလိုက်ရခြင်းဖြစ်ပါတယ်)
ခင်တဲ့
ZZZ
ဆရာအောင်သင်းက ဆက်ပြောချင်ပါသေးတယ်။ ဒါပေမယ့် ခန်းမ အချိန် အဆင်မပြေတာကြောင့်ပါ။ ဆရာ ဆက်ပြောမယ်ဆိုရင်တော့ မိုးအလင်းကို နားထောင်ချင်ပါသေးတယ် အန်တီသက်ဝေ။ အန်တီ သက်ဝေကို ကျွန်တော့်အသိတစ်ယောက် ပြသော်လည်းပဲ ကျွန်တော်ရဲ့ မျက်လုံးမကောင်းတာကြောင့်လား သူ့ရဲ့ လက်ညိုးက လူအုပ်ကို ထိုးပြတော့ ဘယ်သူလို့ ကျွန်တော် ခနွဲ ခွဲခြား မသိတော့ မမှတ်မိလိုက်ပါ။ အန်တီသက်ဝေက လှမှာ သေချာပါကြောင်း။ နောင်တွေ့ရင်တော့ မုန့်ကျွေးရမယ်။
ReplyDeleteညီမ ဆွေဇင်... အမလည်း အဲလိုပဲ တွေးမိတယ်...
ReplyDeleteမိုးယံ ညီလင်း နဲ့ GD... ဒီလိုပွဲမျိုး နားထောင်ရစေချင်ပါတယ်... နောက်တော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ညီမ သဇင်... အမလည်း အနောက်ဖက်မှာပါပဲ... လူတွေကများတော့ ဘယ်သူ ဘယ်ဝါ ခွဲမသိနိုင်တော့ဘူးပေါ့...။
ကိုသက်... အိမ်ကထွက်လာတာ မနက် ၁၁း၄၅ လေ... အချိန်တွေ အရမ်းကြာနေလို့ နားထောင်ချင်ရဲ့သားနဲ့ ပြန်သွားတာပါ။ ဒန်ပေါက်က နှစ်မျိုးမှန်း ကိုသက်ပြောမှ သိတော့တယ်...း))
မွန်... အမက ဒုတိယပွဲ တပွဲပဲ ရောက်တယ်ညီမ...
မလေး... ဘယ်သူ့ကို မြင်ဖူးချင်တာလဲ... အဟိ...း))
ပန်းချီ... ပန်းချီ့ကိုတော့ အမ မြင်လိုက်ပါတယ်... အပြာလေးရောင်လေးနဲ့လေ... ဟုတ်ရင် မုန့်ဝယ်ကျွေး...း))
အမကို လှမ်းနှုတ်ဆက်တဲ့ ညီမလေး ငယ်ငယ်လေးကို ကောင်းကောင်းသိရှိ မှတ်မိကြောင်းပါ...
ZZZ နဲ့ VIP အကြောင်းပြောသွားတဲ့ Anonymous... Feedback တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီပိုစ့်တင်ထဲက မိတ်ဆွေတွေ သူငယ်ချင်းတွေဆီက Feedback တွေကို မျှော်နေတာပါ။
စည်သူ ပြောပြသွားတဲ့ သူတို့ဖက်က အခက်အခဲလေးတွေကိုလည်း ဖတ်ပြီး နားလည် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ခနွဲ... ဆရာအောင်သင်းရဲ့အပြောကတော့ ဘယ်အချိန်ဖြစ်ဖြစ် လူတိုင်းကို ဖမ်းစားတာပါပဲ... ကိုယ့်ကို သေသေချာချာတော့ မတွေ့လိုက်ရပဲ လှမှာ သေချာတယ်လို့ ပြောလို့ ဘယ်ရမလဲ...း))
ဒီပိုစ့်ကိုလာဖတ်သူများနဲ့ Feedback ပေးသူများကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် Feedback များကိုလည်း ကြိုဆိုပါတယ်...
၁၂ နာရီ ကျနော်လည်း ရောက်ပါတယ် မသက်ဝေကို သူများပြလို့ မြင်မိပါတယ်၊ ရောက်ရောက်ချင်း တံခါးမဖွင့်သေးတာကိုလည်း သတိထားမိပါတယ် အမှန်ကတော့ တံခါးမဖွင့်သေးပေမယ့် ဖွင့်ဝင်သွားလို့ရတယ် ထင်မိတယ်၊ ဒါမှမဟုတ် ကျနော်ကိုယ်တိုင်က sp ကျောင်းသားဟောင်းမို့ အသိမိတ်ဆွေနည်းနည်းရှိလို့ ရောက်ရောက်ချင်း ကိုယ့်ဘာသာ ဝင်သွားမိတာလဲ ဖြစ်နိုင်ပါတယ်။ မနှစ်က နေပူကျဲတဲထဲမှာ တန်းစီခဲ့တာကို ပြန်တွေးမိရင် တော်တော်ကွာသွားတယ်ဆိုတာ ပိုကောင်းလာတယ်ဆိုတာကို သတိထားမိတယ်။
ReplyDeleteဒီနှစ်တော့ ဓာတ်ပုံရိုက်ဖို့ စိတ်ကူးထားတာမရှိလို့ ကင်မရာလဲ ယူမသွားမိသလို ကိုယ့်မှန်ဘီလူးနဲ့မှီမယ့် နေရာတို့ ထိုင်ခုံတို့လဲ ကြိုတွေးမထားမိခဲ့ဘူး။ မနှစ်က ပွဲတုန်းက နားထောင်ရတာနဲ့တင် အခြားအရာတွေ မေ့သွားတော့ ဒီနှစ် ဓာတ်ပုံရိုက်ဖို့တို့ ဘာတို့ လုံးလုံးမလုပ်မိဘူး။ စောရောက်ပြီး နေရာနောက်ပိုင်းဘက်ရတာ feedback ပေးတာ ကောင်းပါတယ် စီစဉ်တဲ့သူတွေ နောင်နှစ်တွေကျ ထည့်စဉ်းစားနိုင်တာပေါ့ ဒီနှစ် ခုံနံပါတ်တွေနဲ့ ဖြစ်သွားတာကိုက အရင်နှစ်က ခုံလုသလိုဖြစ်တာတွေ ကာမိသွားတာကိုက ပရိတ်သတ်တွေရဲ့ feedback ကြောင့်ပဲဖြစ်ရမယ်။
ငတ် မရှက် ဆိုသလို ဗိုက်ဆာလို့ ကျနော်ကိုယ်တိုင်လည်း ဆာတယ်လို့တော့ တွေးမိပါတယ် ဒါကလည်း ကိုယ်ညနေစာ စားတဲ့အချိန်ပုံမှန်က ရုံးဆင်းချိန် ၆ နာရီဝန်းကျင်ဖြစ်နေကျမို့ ဖြစ်တာလို့တွေးမိတယ်။ တချို့မိသားစုတွေတော့ ည၇ နာရီလောက် စားတယ်လို့ တွေ့မိတယ်။ လူအလိုက် တချို့လည်း ပိုဆာတယ် တချို့လည်း သိပ်မဆာသေးဘူး တချို့လည်း ကျွေးချိန်က အန်ကိုက်ပဲ ဘယ်လိုပဲဖြစ်ဖြစ် ဒန်ပေါက်ဗူးရလို့စားပြီး ဗိုက်ပြည့်သွားတော့ ဆရာဘဘအောင်သင်း ဟောပြောတာနားထောင်ရတာ အရသာရှိပါတယ်။ =D
@ZZZ ကိုယ့်ခုံသူများထိုင်တာ ကတော့ ကိုယ်တိုင်လည်း မကြုံလိုက်ရလို့ ဘယ်လိုခံစားရမယ် တွေးပေးလို့မရပါဘူး၊ ထိုင်နေတဲ့သူကို ဖယ်ခိုင်းလို့ရပါတယ် ခုံနံပါတ်နဲ့ စနစ်ဆိုမှတော့ နေရာမှားထိုင်နေလည်း ပြောလို့ရမယ် တွေးမိတာပဲ။ စစ်သင်တန်းထက်ဆိုးသေးဆိုတော့ စစ်သင်တန်းမှာ ဒီ့ထက်ဆိုးတာ ကြုံခဲ့ပြီ ဒီလောက်က စာမဖွဲ့လောက်ပါဘူး မဟုတ်ဘူးလား ဒါမှမဟုတ် ကြားဖူးနားဝများလား =)
ကလင်မန်းတီးမှာ ထမင်းဆိုင်တွေ များပါတယ် Mall မှာသွားစားလို့ တော်တော်ကုန်သွားတယ်ဆိုတာ မြင်ယောင်ကြည့်ပေးလို့ရပေမယ့် တရုတ်တန်းမှာ ဒန်ပေါက်တကူးတက သွားစားနိုင်မှတော့ အစားအသောက်အကြောင်းက အကုန်အကျများတယ် ပြောတာ မထူးဆန်းတဲ့ကိစ္စလို့ပဲ သတ်မှတ်တာပေါ့။
မြန်မာနိုင်ငံမှာ နေတုန်းက ဒီလိုဟောပြောပွဲတွေ မကြုံခဲ့ရတဲ့ ကျနော့်အတွက်တော့ ဒီပွဲတွေ စင်ကာပူမှာ ရှိလာတာကိုက အလွန်တန်ဖိုးရှိပါပြီ။ ကိုယ်တတ်နိုင်တဲ့ငွေကြေားနှုန်းနဲ့တင် နားထောင်ခွင့်ရတာ တစ်နှစ်နဲ့တစ်နှစ် စာရေးဆရာတွေ မထပ်ပဲ တစ်ဦးပြီးတစ်ဦးရဲ့ အာဘော်တွေ ဟောပြောတာတွေ နားထောင်ခွင့်ရတာ စီစဉ်သူတွေကို ကျေးဇူးတင်မိတယ်။
မမသက်ဝေရဲ့ အတွေ့အကြုံကို ပြန်ကြားရသလို ကျေးဇူးတင်စကားကို စာပေမြတ်နိုးသူများ အဖွဲ့မှာ ကူညီကြတဲ့ လူငယ်အများစုက ဖတ်မိရင် သူရို့ တွေလည်း ကိုယ့်တစ်နေရာက ဝင်ကူညီနိုင်မှုကို ကျေနပ်ကြသလို ပီတိစားနိုင်ကြမယ်လို့ မြင်မိပါတယ်။ =)
VIP ဆို လို့ မြင် တာ လေး တ ခု ပြော ချင် တယ။် VIP အ တွက် ချန် ထား တဲ့ နေ ရာ တွေ များ တယ် ဒါ ပေ မယ့် အဲ ဒီ VIP ဆို တဲ့ လူ တွေ က ဖိတ် လို့ ကြား လို့ သာ လာ ရ တယ်
ReplyDelete==> VIP ဆိုတာ အလှူရှင်တွေပါ။ ဒီစာပေဟောပြောပွဲလုပ်ဖို့အတွက် တဆိုင်ကိုဘယ်လောက်စသည်ဖြင့်အလှူငွေလဲထည့် ကြော်ငြာလဲထည့် ဆိုရင် လက်မတ် ၅စောင်လောက်အလကားပေးပါတယ်။ အများစုက မအားလို့ မလာနိုင်ကြတာကြောင့် ခုံတွေလွတ်နေတာပါ။ နောက်ကို စလို့နာရီဝက်လောက်အထိခုံလွတ်နေရင် အဲမာသွားထိုင်လို့ရတယ် ဟီး
ပထမပွဲ ဒုတိယပွဲ တတိယပွဲတွေနဲ့ယှဉ်ရင် အလွန်ပျင်းစရာကောင်းပါတယ်။ ဆရာချစ်စံဝင်းပြောနေတုန်း ရှေ့ဆုံးတမ်းက ဘုန်းဘုန်းတွေ အကုန်အိပ်နေတာ မျက်မြင်။ ဆရာဦးဖေမြင့်က အရှည်ကြီးပြောနေတော့ ဗိုက်စာတာနဲ့ သိပ်တောင် အာရုံမရတော့ပါ။ အချိန်မရလို့ စားပြီ: ပြန်မဝင်တော့တာမို့ အလွန်ကောင်းတဲ့ ဆရာဦးအောင်သင်းကို လက်လွတ်လိုက်ရတယ်။
ခရေဖြူ
VIP ခုံလွတ်နေရင် သွားထိုင်လို့ရတယ် ဆိုတာ ဘာသဘောနဲ့ ပြောသလဲ.. တကယ်သိချင်မိတယ်။
ReplyDeleteအလှူရှင်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ VIP လက်မှတ် မပေးသင့်ဘူးလား။
ပြီးတော့ လုပ်ငန်းရှိတဲ့လူတွေပဲ.. ကိစ္စတွေရှိမယ်၊ အလုပ်များလို့ နောက်ကျရောက်လာရင်.. ပေးထားတဲ့ နေရာကို သူများကထိုင်နေရင် ပွဲစီစဉ်တဲ့လူတွေ ပြန်ဖြေရှင်းပေးနေရတာ သိပ်မကောင်းဘူး ထင်ပါတယ်။ ဘေးလူတွေလည်း အာရုံနောက်ပါတယ်။
ကိုယ်ချင်းစာစေချင်ပါတယ်။
@ Phyo Maw
ReplyDeleteအမှန်ကတော့ ကိုယ်ပိုက်ဆံပေးထားတယ် ၊ ဒံပေါက်တွေ.တယ် ၊ အချိန်တွေကန်. သတ်ထားတာကို NUS နမူနာနဲ. ပတ်သက်ပြီး နှိုင်းယှဉ်ပြီး နောက် ပွဲတွေ မှာ ဘယ်လိုအကောင်း အဆုံးဖြစ်နိုင်အောင် လုပ်ကြ မလဲဆိုတာပြောချင်တာပါ၊
ဒံပေါက်တစ်ထုတ်မစားရတာနဲ. ဘာမှမဖြစ်ပါဖူး၊ ကျွန်တော်အရင် ကွန်မန်.မှာ ပြောသလိုနောက်ပိုင်းပွဲတွေမှာ လက်မှတ်ကိုဈေးလျော့ပြီး အစား မကျွေးပဲ ရေတစ်ဗူးလောက်ပေးရင်လည်း ဖြစ်ပါတယ်၊ အစားအသောက် ကို ဟောပြောပွဲနဲ.ပူးတွဲကြေညာချင်ရင်လဲ အဘက်ဘက်က အဆင်ပြေအောင် စဉ်းစားပေးပေါ့၊ အမှန်ကတော့ ကလန်မန်တီးမောက Swensen's မှာသွားစားတာပါ ၊ မိသားစု ၃ ယောက်သွားစားရင် ဘယ်လောက် ကုန်ကျတယ်ဆိုတာ စားဖူးရင် သဘောပေါက်ပါ့လိမ့်မယ်၊ ကျွန်တော် ဆိုလိုချင်တာက ကျွန်တော်က သိပ်မချမ်းသာသလို ဒံပေါက်တစ်ထုတ် အတွက် သိပ်တွက်နေတာမဟုတ်ဖူး ဆိုတာကိုပြောချင်နေတာပါ၊ ဆက်ပြီးလဲ မစောင့်နိုင်ပါဖူး၊ ပိုက်ဆံကုန်မှာကိုလဲ သိပ်ပြီးတွက်နေတဲ့သူ မဟုတ်ဖူးဆိုတာ သိစေချင်ပါတယ်၊ ဒံပေါက်တစ်ထုတ်ကို ကိုင်ထားပြီး နောက်လူပြောတာကို ပြီးအောင် စောင့်ရမယ်လို. blackmail သဘောမျိုး လုပ်တာကတော့ မကောင်းပါဖူး၊ အဲ့ဒီ့အချက်ကို အဓိက illustrate လုပ်နေတာပါ၊ ကျွန်တော့ကွန်မန်. ကို သေသေချာချာဖတ်ပါလေ၊ စစ်သင်တန်းထက် ဆိုးတယ်ဆိုတာက အဲ့ဒီ့ blackmail လုပ်တဲ့ကိစ္စကိုပြောနေတာပါ ၊ ထိုင်ခုံကိစ္စ ကို စစ်သင်တန်းနဲ. မနှိုင်းယှဉ်ပါဖူး၊ စားချင်သူ စား၊ ပြန်ချင်သူပြန်၊
နားထောင်ချင်သူနားထောင်
ဆိုတဲ့ ဒီမိုကရေစီလေးရှိရင်ကောင်းမယ်၊ ခင်ဗျားတို. အဲ့ဒီ့အချက်လေးကို သဘောပေါက်သွားရင် ကျွန်တော့်ရဲ့ ကွန်မန်.ရှည်ရှည်ရေးရကျိုးနပ်ပါပြီဗျာ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရအောင်လုပ်ဖို. ခဏထားဦး အဲ့ဒီလို အသေး အဖွဲ့ လေးတွေကစပြီး လွတ်လပ်မူလေးတွေ ရှိရင်ကောင်းလိမ့်မယ်၊ စည်းကမ်းရှိတဲ့လွတ်လပ်မူမျိုးပေါ့၊ အပြင်မှာစားစေပြီး ဟောထဲမှာမစားဖို. ကြီးကြပ်ပေါ့၊ နောက်ပြီး ခင်ဗျားတို. ပွဲလုပ်တဲ့သူတွေက NUS မှာလုပ်တဲ့ပွဲကို သွားကြည့်သင့်တယ်၊ ဘာပဲဖြစ်ဖြစ်ကောင်း တာလေးတွေ နမူနာယူသင့်ပါတယ်၊ ဒါမှမဟုတ် အဲဒီ့အဖွဲ.က ငါတို.ရဲ့ ပြိုင်ဘက်၊ သွားစရာမလိုဖူး ဆိုရင်တော့ ကွန်မန်.ရေးမိတာက ကျွန်တော့်ရဲ့ မဟာအမှားပါပဲ၊ အဲဒါကတော့ ကာယံကံရှင်တွေပဲ သိပါလိမ့်မယ်၊ ကျွန်တော်တို.ပရိတ်သတ်ကတော့ နောင်မှာ ခင်ဗျားတို.အဖွဲ.လုပ်တာပဲဖြစ်ဖြစ်၊ အခြားတစ်ဖွဲ.လုပ်တဲ့ပွဲဖြစ်ဖြစ် သွားနားထောင်ဖြစ်ပါ့မယ်၊ ကျွန်တော်တို. ပရိတ်သတ်တွေကတော့ရှင်းပါတယ်၊ ပုဂ္ဂိုလ်ရေး၊ ဂိုဏ်းဂ္ဂဋ အဖွဲ.တွေမရှိပါဖူး၊
မသက်ဝေရဲ့ ကွန်မန်.ဖတ်ပြီးတော့ ဒီပို.စ်အတွက် ကွန်မန်.ကို ဆက်ပြီးမရှည်၊ မရေးတော့ဘူးလို. စဉ်းစားမိပေမဲ့ ကိုယ့်နာမည် တတ်ပြီးရေးလာတော့ လည်း ရေးလိုက်ရပြန်ပြီ၊ ဘလော့ ပိုင်ရှင်ကြီးကိုလည်း အားတော့ နာပါရဲ့ ..
ခင်တဲ့
ZZZ