(Photo from Google)
ချစ်ခြင်းအစ သိပ္ပံကော်ပြားက ဖြစ်ပါသည်။
ဆယ်တန်းနှစ်က ဓါတုဗေဒအချိန်မှာ ဆရာမက ကျောက်သင်ပုန်းပေါ်တွင် နိုက်ထရိုဂျင်ဓါတ်ငွေ့ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ရေးဆွဲသင်ပြနေသည်။ ဆရာမက ပုံရော စာတွေပါ လိုက်ကူးရေးကြဟု ဆိုလာသောအခါ အတန်းသား အားလုံးက သိပ္ပံကော်ပြား ကိုယ်စီဖြင့် ပုံဆွဲကြပါတော့သည်။ နေရာတကာမှာ ရှပ်ပြာ ရှပ်ပြာနှင့် ဟိုမေ့ ဒီမေ့ မေ့လျော့တတ်သော ကျွန်မ… ထိုနေ့က ပုံဆွဲစရာ သိပ္ပံကော်ပြား ပါမလာပါ။ ဒီဆရာမက သူ့စာသင်ချိန်မှာ ကျောင်းစာအုပ်တွေ ကျန်ခဲ့လျှင်၊ ပစ္စည်းကိရိယာ စုံစုံလင်လင် ပါမလာလျှင် နည်းနည်းမှ ဆင်ခြေပေး၍မရ၊ လုံးဝ ခွင့်မလွှတ်တတ်ပဲ အတန်းရှေ့တွင် တချိန်လုံး မတ်တပ်ရပ်ခိုင်းပြီး ဒါဏ်ပေးတတ်သည်။ ထို့ကြောင့် ဉာဏ်နီ ဉာဏ်နက်တွေထုတ်ကာ ဘေးဘီဝဲယာကို (ဆရာမ မသိအောင်) တိတ်တိတ်ကလေး မျက်စိကစားလိုက်သည်။
ကျွန်မနှင့် အနီးဆုံး လူသွားလမ်းကလေးသာခြားသော ညာဖက်စာရေးခုံမှာ သိပ္ပံကော်ပြား အဖြူရောင်လေးနှင့် အကျအန ပုံဆွဲနေသူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ကို အရင်က အတန်းထဲတွင် တခါမှ မတွေ့ဖူးခဲ့၊ ကျောင်းသားအသစ်လား... အခုမှ အတန်းပြောင်းလာသူတယောက်လား သေချာမသိပါ။ သူ ပုံဆွဲအပြီးကို မသိမသာ စောင့်ကြည့်ရင်း ဆရာမအလစ်မှာ သူ့စားပွဲပေါ်မှ သိပ္ပံကော်ပြားကို ဖျတ်ကနဲ ဆွဲယူလိုက်သည်။ မထင်မှတ်သော ကျွန်မ၏ အပြုအမူကြောင့် ထိုကျောင်းသား လန့်သွားဟန်တူပါသည်။ တခုခုကိုပြောရန် ပါးစပ်ပြင်နေသည်ကို တွေ့လိုက်သောကြောင့် ဘာမှမပြောရန် ရှုး တိုးတိုး ဟူသော အမူအယာ လုပ်ပြလိုက်သည်။ သိပ်ကျေနပ်ပုံမရပဲ အောင့်သက်သက် အမူအယာဖြင့် မျက်နှာလွှဲသွားသော သူ့ကို ရယ်ချင်စိတ်ကြောင့် ကျွန်မ နှုတ်ခမ်းကို နာနာ ကိုက်ထားလိုက်ရသည်။ ထိုစာသင်ချိန်အပြီးမှာ ရယ်ကျဲကျဲနှင့် ကော်ပြားကို ပြန်ပေးလိုက်သည်။ ကျေးဇူးတင်စကား ဆိုခဲ့သလား မဆိုခဲ့သလား ကျွန်မ မမှတ်မိတော့ပါ။
ထိုနေ့မှစပြီး သူနှင့် ကျွန်မ မျက်မှန်းတန်းမိသွားကြသည်။ သို့သော် တိတ်ဆိတ် အေးဆေးပြီး စကားသံ လုံးဝမထွက်သော သူနှင့် ကျွန်မ… ရင်းနှီး ခင်မင်သော သူငယ်ချင်းများ ဖြစ်မလာကြပါ။ သူငယ်ချင်း အပေါင်းအသင်း များလှသော၊ နေရာတကာ စပ်စပ် စပ်စပ် ပါတတ်သော၊ စကားများပြီး အငြိမ်မနေတတ်သော ကျွန်မနှင့် သူ စရိုက်ချင်း မတူကြသောကြောင့် နောက်ပိုင်းမှာ သူ့ကို ဖာသိဖာသာနှင့် သိပ်သတိမထားမိတော့ပါ။
သို့သော် တစ်ရက် နေ့လည် မုန့်စားဆင်းချိန်မှာ သူ့ကို ထမင်းဗူးလာပေးသော ကျောင်းစိမ်းဂါဝန်လေးနှင့် ငါးတန်း ခြောက်တန်းအရွယ် ကလေးမလေးတစ်ယောက်ကို သတိထားလိုက်မိသည်။ သူ့မျက်နှာနှင့် ချွတ်စွတ်တူသော ထိုကလေးမလေးက အတန်းဘေး ပြူတင်းပေါက်နားမှာ ခေါင်းလေး ပြူတစ် ပြူတစ်လုပ်ပြီး အသံသေးသေးလေးနှင့် ကိုကြီး ဟု လှမ်းခေါ်သည်။ ထို့နောက် ကလေးမလေးက ထမင်းဗူးကို သူ့လက်ထဲ လှမ်းပေးပြီး တဆက်တည်းမှာ မုန့်ဘိုး ဟု ပြောလိုက်သည်။ ထိုအခါ သူက ရှပ်အင်္ကျီအိပ်ထဲမှ ငွေစက္ကူ တစ်ရွက်ကို ထုတ်ပေးလိုက်သည်ကို တွေ့ရသည်။ နေရာတကာ စပ်စုတတ်သော ကျွန်မအကျင့်ကြောင့် နောက်ရက်များမှာလည်း သူတို့ မောင်နှမတတွေကို သတိထားကြည့်မိပါသည်။ ကိုကြီး… မုန့်ဘိုး… ဟူသော အခိုက်အတံ့လေးကို နေ့စဉ်ရက်ဆက် မြင်ရ တွေ့ရဖန် များလာသောအခါ ဘာကြောင့်မှန်းမသိ ကျွန်မစိတ်ထဲ သဘောကျ နှစ်သက်လာမိသည်။ ပြီးတော့ ကျွန်မ၏ ဖျောက်မရသော ဗီဇကြောင့် သူ့ကို တွေ့တိုင်း ကိုကြီး မုန့်ဘိုး ဟု တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ရေရွတ် နောက်ပြောင်မိလေတော့သည်။
ပထမရက်ပိုင်းများတွင် မျှော်လင့်မထားသော ကျွန်မ၏ နောက်ပြောင်မှုကြောင့် သူ့မှာ မနေတတ် မထိုင်တတ်နှင့် ရှက်ရွံ့သွားသလို… အရယ်အပြုံးမရှိ မှုန်တေတေနှင့်။ သို့သော် နောက်ရက်များတွင်တော့ အနည်းငယ် တိုးတက်လာပါသည်။ ကျွန်မ၏ နောက်ပြောင်မှုကို ပြုံးစစ မျက်နှာပေးဖြင့် တုံ့ပြန်ဖေါ်ရလာသည်။ ရက်တွေ ကြာလာသည်နှင့်အမျှ သူ့ကို တွေ့တိုင်း ကိုကြီး မုန့်ဘိုး ဟု မမေ့မလျော့ ပြောရခြင်းအပ်ါမှာ နှစ်သက်လာသလို ပြုံးရုံထက် မပိုသော သူ၏ တုံ့ပြန်မှုကိုလည်း နွေးထွေး နှစ်လိုလာပါသည်။
ပထမအစမ်းစာမေးပွဲအတွက် အမှတ်များထွက်သောအခါ သူ၏ သမိုင်းရမှတ်မှာ ၄၂ မှတ်ဖြစ်ပြီး ကျွန်မက ၈၂ မှတ် ဖြစ်ပါသည်။ ထိုအခါ သူက ကျွန်မကို သမိုင်း ကျူရှင် ယူ မယူ လာမေးရာမှအစပြုကာ ခါတိုင်းထက် စကားအနည်းငယ် ပိုပြောဖြစ်ခဲ့ပါသည်။ ဆရာမကို ခွင့်တောင်းပေးလိုက်သောကြောင့် သူနှင့် ကျွန်မ သမိုင်းကျူရှင် အတူတူ တက်ဖြစ်သွားကြပါသည်။ သူသည် ကျွန်မ၏ အတန်းဖေါ် ယောင်္ကျားလေးသူငယ်ချင်းများအားလုံးထဲတွင် စကားအနည်းဆုံးသူ တစ်ယောက်ဖြစ်ပါသည်။ ကျွန်မနှင့် စကားပြောလျှင်လည်း သူက နားထောင်သူ သက်သက်သာ။ သူသည် မိသားစုထဲတွင် သားအကြီးဆုံးဖြစ်ပြီး ညီမလေးများရှိပါသည်။ ထိုအချိန်က ဂျူး၏ တဦးတည်းသော သား ဝတ္ထု နှင့် ရုပ်ရှင်များ ခေတ်စားနေချိန်ဖြစ်သောကြောင့် ကျွန်မက သူ့ကို ယူက ဒါဆို တဦးတည်းသောသားပေါ့ ဟု ပြောသောအခါ သူက ရယ်နေပါသည်။ စကားများများ မပြောသော်လည်း ကျူရှင်လာလျှင် ကျွန်မအတွက် ခေါင်းအုံးသကြားလုံးများ ယူလာပေးတတ်ပါသည်။ ကျွန်မ မကြာခဏ တောင်းတောင်းနေသော မုန့်ဘိုးတော့ မပေးပါ။
ဆယ်တန်းစာမေးပွဲအတွက် ကျောင်းတက်၊ ကျူရှင်တက်၊ စာတွေကျက်ရင်း စာမေးပွဲကြီးနီးလာသောအခါ ကျောင်းမှာ အမှတ်တရ အော်တိုရေးခြင်းဟူသော အမှုများ ခေတ်စားလာပြီး လူတိုင်း လူတိုင်းလက်ထဲတွင် အော်တိုစာအုပ်များ ပလူပျံနေပါသည်။ ရိုးရိုး ကျောင်းသုံးဗလာစာအုပ်များကို အဖုံးလှလှလေးများ ဖုံးအုပ်ကာ အော်တိုစာအုပ်သဖွယ် အသုံးပြုကြသူများရှိသလို မျက်နှာဖုံးလှလှနှင့် စာအုပ်များကို တမင် ဝယ်ယူ အသုံးပြုကြသူများလည်း ရှိပါသည်။ ကျွန်မလို စာ ကဗျာများ၊ သီချင်းများကို စိတ်ဝင်စားသူတစ်ယောက်အဖို့ အော်တိုရေးခြင်းသည် အလုပ်ကြီး အကိုင်ကြီး တစ်ခုဖြစ်လာပါသည်။ စာကျက်ချိန်တွေမှာ စာကို ကောင်းကောင်းမကျက်နိုင်ပဲ စကားလုံး လှလှ၊ ကဗျာလှလှများ၊ သီချင်း အပိုင်းအစများ ရှာဖွေကာ ဘောလ်ပင်ရောင်စုံ၊ လှပသောလက်ရေးတို့ဖြင့် အော်တိုကို အကျအန ရေးတတ်ပါသည်။ ပြီးတော့ အော်တိုစာအုပ်ပေါင်း များစွာကိုလည်း ကျွန်မ ပိုင်ဆိုင်ပါသည်။ ဆရာမတွေအတွက် တစ်အုပ်၊ အရင်းနှီးဆုံး သူငယ်ချင်းတွေအတွက် တစ်အုပ်၊ ကျောင်းက သူငယ်ချင်းတွေအတွက် တစ်အုပ်၊ ကျူရှင်က သူငယ်ချင်းတွေအတွက် တစ်အုပ် စသည်ဖြင့်။
တစ်ရက်မှာတော့ တစ်ယောက် တစ်လက် လက်ဆင့်ကမ်းရေးသားနေကြသော ကဒ်ထူဖုံး အပြာရောင်နှင့် ကျွန်မ၏ အော်တိုစာအုပ်ကို သူကိုယ်တိုင် ကျွန်မလက်ထဲ လာထည့်ပါသည်။ အော်… သူလည်း အော်တိုရေးပေးသကိုး ဟု တွေးကာ ဘာတွေများ ရေးထားပါလိမ့်ဟု သိချင်ဇောနှင့် စာအုပ်ကို လှန်လှော ရှာဖွေမိပါသည်။ စာအုပ်၏ ပထမဆုံးစာမျက်နှာမှ စာတစ်ကြောင်းနှင့် သူ့ လက်မှတ်သည် ကျွန်မကို မိနစ်ပေါင်းများစွာ အငိုက်မိ တိတ်ဆိတ် ငြိမ်သက်သွားစေပါသည်။ သတိပြန်ဝင်လာသောအချိန်ကျမှ လက်စသတ်တော့ သူ ငါ့ကို ရီးစားစာ ရေးပေးတာပဲ ဟု သဘောပေါက်သွားပါသည်။ အရင်က ဖတ်ခဲ့ဖူးသော ဖွဲ့ဖွဲ့နွဲ့နွဲ့ ရီးစားစာ တရှည်တလျားများနှင့်မတူ၊ စာတစ်ကြောင်းတည်း ရိုးရှင်းစွာ ရေးသားထားသော သူ့စာသည် ကျွန်မအတွက် တခါမှ မကြုံဖူးသော၊ ထူးဆန်းပြီး သိမ်မွေ့ညင်သာသော ခံစားမှုမျိုး ပေးစွမ်းနိုင်ကြောင်း တအံ့တသြ သိလိုက်ရသည်။ ထိုအော်တိုစာအုပ်ကို ဘယ်သူ့ကိုမှ ဆက်မရေးခိုင်းတော့၊ ဘယ်သူ့ကိုမှလဲ မပြတော့ပဲ လုံခြုံ လျှို့ဝှက်သော နေရာမှာ သိမ်းဆည်းထားမိပါသည်။ ဘယ်သူမှ မတွေ့နိုင်သော မမြင်နိုင်သော နေရာမျိုးကျမှ တကြောင်းတည်းသော ထိုစာကို (တစ်ယောက်တည်း မလုံမလဲနှင့်) မပြီးနိုင် မစီးနိုင်အောင် အထပ်ထပ် အခါခါ ဖတ်နေမိပါသည်။
ဆယ်တန်းစာမေးပွဲ အောင်စာရင်း ထွက်ပြီးနောက် သူနှင့် ကျွန်မ ချစ်သူတွေ ဖြစ်သွားကြပါသည်။ တက္ကသိုလ်ကျောင်းတွေမဖွင့်ခင် အချိန်များကို သူ့ညီမလေးများနှင့်အတူ တပတ်တခါ အိမ်ကို အလည်လာခြင်း၊ ဖုန်းပြောခြင်း၊ စာရေးခြင်းတို့ဖြင့် ကုန်လွန်စေခဲ့ပါသည်။ ကျောင်းတွေဖွင့်သောအခါမှာ သူက လိပ်ခုံး၊ ကျွန်မက ကြို့ကုန်း။ နေ့တိုင်းတွေ့ဖို့ မလွယ်သောကြောင့် ဖုန်းပြောခြင်း၊ စာရေးခြင်း အလုပ်တွေ မပျက်မကွက် ဆက်လုပ်ရပြန်ပါသည်။ ကျွန်မက စာရေးလျှင် မြန်မာလိုရေးသော်လည်း သူက အင်္ဂလိပ်လိုသာ ရေးလေ့ရှိပါသည်။ ဆယ်တန်းနှစ်က စာသင်ခန်းထဲမှာ ကျွန်မ ဖျတ်ကနဲ အလစ်ဆွဲယူသွားခဲ့သည်မှာ သိပ္ပံကော်ပြားကို မဟုတ်… သူ့ နှလုံးသားကို ဖြစ်သည်ဟု အဓိပ္ပါယ်ရသော စာကို ဖတ်လိုက်ရသောအခါ ဟိုတွေး ဒီတွေးနှင့် ကျွန်မစိတ်ထဲ ဇဝေဇဝါ ဖြစ်သွားသေးသည်။ သိပ္ပံကော်ပြားကို လှမ်းယူကာ သူ သတိထားမိအောင် တမင်လုပ်ခဲ့သလိုများ ဖြစ်သွားလေရော့သလား ဟု တွေးမိကြောင်း ပြောတော့ သူက ဒါ တွေးစရာလား… ပြောင်စပ်စပ် မျက်နှာပေးနှင့် ဘရုတ်ကျကျ ကျွန်မကို ဟိုးအစောကြီးထဲက သူ သိနှင့်နေပြီးသား… အဲဒီနေ့ကမှ ချစ်တယ်ဆိုတာ သေချာသွားတာ ဟု ရှင်းပြပါသည်။ ထိုအခါ ကျွန်မကလည်း ကျေနပ်စွာ ပြုံးရင်း ချစ်ခြင်းအစ သိပ္ပံကော်ပြားက… ဟု ပြောတော့ သူက ကိုကြီး မုန့်ဘိုး လို့ ပြောအုံးလေ ဟု ပြန်ပြောပါသည်။
စကားတွေကို ဝေဝေဆာဆာ မပြောတတ်သော သူက ကျောင်းပြီးရင် လူတွေနဲ့ ဝေးပြီး အေးချမ်းတဲ့ နေရာတစ်ခုမှာ နှစ်ယောက် အတူတူ သွားနေကြမယ်၊ နှစ်ယောက်ပေါင်းပြီး ထင်ရာ မြင်ရာတွေလုပ်လည်း တို့ကို လာဆူမဲ့သူတွေ မရှိဘူးပေါ့… ဟု စိတ်လိုလက်ရ ပြောလာပြီးနောက် သိပ်မကြာခင်မှာ ကျွန်မတို့ လက်ထပ်လိုက်ကြပါသည်။

* * * * * * * * * *
ဒီနေ့ မနက် ရုံးလာခါနီးမှာ သူ့ကိုနှုတ်ဆက်ရင်း ကိုကြီး မုန့်ဘိုး... ဟု ပြောလိုက်သောအခါ သူက ကျွန်မခေါင်းကို မနာအောင် ပုတ်လိုက်ပြီး ဆယ်တန်းတုံးက လုသွားတဲ့ သိပ္ပံကော်ပြား ပြန်ပေးမှ မုန့်ဘိုးပေးမယ် ဟု ပြောပါသည်။ ပြီးတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သဘောတကျ ရယ်မောမိပါသည်။
အနှစ်နှစ်ဆယ်တေးတစ်ပုဒ် ဖြစ်ပါသည်။
သို့သော် လှပသော သံစဉ်များနှင့်အတူ မနေ့တနေ့ကလို နုနယ် ပျိုမြစ် သစ်လွင် လန်းဆန်းဆဲ။