(Photo from Google)
လူပုံသဏ္ဍါန် အတိုင်း…
အရောင်အဆင်း မွဲခြောက်ခြောက် ကောက်ရိုးမျှင်တွေနဲ့ စုဖွဲ့စည်း…
အကွက်မပေါ်အောင် ဟောင်းနွမ်းပေ့ဆိုတဲ့ အဝတ်စုတ်စုတ်တွေ ဝတ်ဆင်…
မျက်လုံးပြူးပြူး ပါးစပ်ပြဲပြဲ သွားကျဲကျဲနဲ့
ချုပ်ရိုးပြုတ် ဦးထုပ်ဟောင်းတလုံးကို ခေါင်းပေါ်မှာ ငိုက်စိုက်စိုက် ဆောင်းထားပြီး…
အတတ်နိုင်ဆုံး ဇာတ်နာနာနဲ့ အရုပ်ဆိုးအောင် ဖန်တီးထားတယ်…
တချို့က လက်နှစ်ဖက်ကို ဘေးသို့ အဖြောင့် ဆန့်တန်း…
တချို့က အားအင်ကုန်ခန်း တတောင်ဆစ်ကနေ လက်တွေ တန်းလန်းချလို့…
ခြေထောက်နှစ်ဖက်ရှိသော်ငြား အားမပြုနိုင်ပဲ မာကျောကျော တုတ်တချောင်းရှိမှ ကျကျနန မတ်တတ်ရပ်နိုင်တယ်…
အသက်မဲ့တဲ့ စာခြောက်ရုပ်…
ဘေးပတ်ပတ်လည်က အဖူး အငုံ အသီးအပွင့် ပန်းရောင်စုံတွေ…
လှပ မွှေးကြိုင် နူးညံ့ လန်းဆန်းခြင်းတွေကို ခံစားနိုင်တဲ့ နှလုံးသားမျိုး
သူ့မှာ မရှိ… ပကတိ အထီးကျန်လှတယ်…
သို့သော်လည်း လေပြင်းပြင်းတိုက်လိုက်ရင် ခြေတွေ လက်တွေ တရမ်းရမ်းနဲ့…
စာကလေးတွေသာမက လေထဲမှာ အတားအဆီးမဲ့ ပျံသန်းနေကြတဲ့
အတောင်ကောင်း အတောင်ညောင်း အတောင်ဆိုး အတောင်ကျိုး
အရောင်အမျိုးမျိုးနဲ့ ငှက်ငယ်တွေကိုပါ အကောင်းအဆိုးမခွဲပဲ ကြက်သီး ဖြန်းဖြန်းထအောင် အစွမ်းရှိသလောက် ခြောက်လှန့်တယ်…
ဆင်ပြင်ပေးထားတဲ့ သခင် ကျေးဇူးရှင်ကို သစ္စာရှိရှိ တာဝန်သိသိနဲ့
မပျက်စီးသင့်တာတွေ မပျက်စီးရလေအောင် ကြံဆောင်…
နေပူမရှောင် မိုးရွာမရှောင် ရောရော ယောင်ယောင် ခြောက်လှန့်တယ်…
သခင့် အလိုကိုလိုက် သခင့် အကြိုက်ကိုဆောင် ဦးနှောက်မရှိ ဉာဏ်နတ္ထိနဲ့
သခင် စေခိုင်းတဲ့အတိုင်း တသဝေမတိမ်း ယိမ်းကာ ယိမ်းကာ
အစိမ်းလိုက် ခြောက်လှန့်တယ်…
ဒါတင်မက အနီးအနားက မြင်ရသူအပေါင်းကိုပါ သူ့ရဲ့အစွမ်း ရုပ်ကြမ်းကြမ်းနဲ့
ကြောက်စမ်း… ကြောက်စမ်း… ကြောက်ကြစမ်းလို့ စွမ်းစွမ်းတမံ ခြောက်လှန့်တယ်…
စိတ်ထဲမှာလည်း အလို… တယ်ဟုတ်တဲ့ ငါပါလားဆိုတဲ့ ဘာသာ စကားကို
ဂါထာ တပါးလို လျှာဖျားမှာ တလှုပ်လှုပ် ရေရွတ်ရင်း…
အသက်ဝိညဉ်မရှိလေသူမို့ သေလမ်းရယ် ဘယ်မမြင် အခြေအနေကို ဘဝင်လေဟပ်
ဆိုးဆိုးဆတ်ဆတ် လှုပ်ရှားရင်း မိုးတိုးမတ်တပ်ကနေတောင် ရယ်တတ်သေး…
ရယ်နိုင်တုံး ရယ်ထားဦးပေါ့…
သူမသိသေးတာက မိုးဒါဏ် လေဒါဏ် ရာသီဥတုဒါဏ် အဖန်တလဲလဲ ခံလာပြီးနောက်
ကံကြမ္မာ မျက်နှာသာမပေးတော့တဲ့ တနေ့ကို ရောက်ရင် အရုပ်ကြိုးပြတ်သလို မြေပြင်ပေါ်ကို ဘိုင်းဘိုင်းလဲပြီး ဆွေးမြေ့ ကြေကွဲ ခန္ဒာစဲကာ မရှုမလှ သေပွဲဝင်ရလိမ့်မယ်ဆိုတာကိုပဲ…။
Bravo Ma Thet Wai...
ReplyDeleteNice poem...
Happy to see your new post...
Write more please.
ချစ်ဦးညို ရဲ့ ဒဿဂီရိ ကိုတင်ပြသလိုမျိုးခံစားရပါတယ်။ ပြောင်းပြန်ပေါ့။ ကိုယ်ကတော့ စာခြေက်ရုပ် ကိုသနားနေမိတယ်။ စာခြောက်ရုပ်အစား အခြားအရာနဲ့ တင်စားလိုက်စေချင်မိတယ်။ စာခြောက်ရုပ်က သူ့ အကျိုးမပါဘဲ ကပြနေရတာလို့ ခံစားရတယ်။ ကိုယ်က ထူးထူးဆန်းဆန်း စာခြောက်ရုပ်တွေကို ချစ်တတ်တဲ့သူမို့ လို့ ပါ။ အရေးအသားကတော့ ဆိုဖွယ်ရာမရှိ။ ကြိုက်ပြီးသား။
ReplyDeleteအပေါ်က Iora ပြောသလိုပဲ ... ညီမလဲ စာခြောက်ရုပ်ကလေးတွေကို သနားတယ်။
ReplyDeleteဒါပေမဲ့ အမသက်ဝေ ရေးတာကောင်းတော့ စာခြောက်ရုပ်က အသက်ဝင်သွားပြီး အဲဒီ စာခြောက်ရုပ်နေရာမှာ တခုခုကို အစားထိုး ခံစားလိုက်တယ်။
ဟိုတလောတုန်းက အိမ်နဲ့ သိပ်မဝေးတဲ့ စိုက်ခင်းတွေ ထဲမှာ စာခြောက်ရုပ်အစား တောကျီးကန်း အသေတွေ ကို ကြိုးနဲ့ချည်၊ တိုင်မှာ ချိတ်ပြီး စာခြောက်တာ လမ်းသွားလမ်းလာတွေ ရဲကိုဝိုင်းတိုင်ကြလို့ ပွဲဆူသွား သေးတယ်၊ မသက်ဝေရဲ့ စာခြောက်ရုပ်ကတော့ မတူတဲ့ မြင်ထောင့်တွေအောက်မှာ တဟီးဟီး တဟဲဟဲနဲ့ ခြောက်လှန့်ကောင်းတုန်း ထင်ပါရဲ့...။း)
ReplyDeleteစာခြောက်ရုပ်တွေကိုတော့ချစ်တယ်၊
ReplyDeleteစစ်သားတွေကိုတော့စိတ်ပျက်တယ်.. :)
Scare crow is doing what it has to do.If birds are not afraid of it and enjoy around......What's the meaning of being scare crow?
ReplyDeleteGyidaw
အဲဒီရုံးကစာခြောက်ရုပ်တွေကိုလဲစိတ်ပျက်တယ်.. :)
ReplyDeleteစာခြောက်ရုပ် ...စာခြောက်ရုပ် .... နောက်ဆုံးစာကြောင်းကို ဖတ်လိုက်မှ တစ်စုံတစ်ခု တစ်စုံတစ်ယောက်ကို သွယ်ဝိုက်ရေးထားသလိုပဲ ... ၀င်္က၀ုတ္တိအလင်္ကာနဲ့ ရေးထားတာလားလို့ ... နဲနဲတော့ ပေါက်သလိုပဲ ...
ReplyDeleteHi Ma Thet,
ReplyDeletevery good poem,we need not worry the time will come for him.
Bye/Nang Myint
စာခြောက်ရုပ်တွေ သင်ခန်းစာရသင့်ပြီ.. ရှေ့မှာလဲ သာဓကတွေရှိပါရက်နဲ့ မမြင်နိုင်လောက်အောင် ဘာတွေကများ သူတို့မျက်လုံးတွေကို ကန်းစေခဲ့တာလဲလို့တွေးမိတယ်..
ReplyDeleteစာခြောက်ရုပ်ရဲ့ ဘ၀သရုပ်ကို ပီပီပြင်ပြင် ရေးသားပြသသွားနိုင်တဲ့ အစွမ်းကတော့ မမသက်ဝေတို့ပညာပဲ........။ တကယ်ကောင်းတဲ့ ကဗျာရှည်တစ်ပုဒ်ပဲ...။
ReplyDeleteခင်တဲ့
မိုးငွေ့
♫♪ ဟေးးးး..စာခြောက်ရုပ်ကလေးရာ..ငါနောက်ဆုတ်မပြေးပါ... မင်းဆီကိုအရောက်လာ ငါ့ချစ်သူအကြောင်းရာ....ကောင်းကောင်းကြီးပြောပြမယ်ကွာ..ကြားချင်သလား..နား.ဆင်.ထား.ရှက်မသွားနဲ့ကိုယ့်ဆရာx2 ♪♫
ReplyDeleteအဲဒီသီချင်းလေးကို သတိရစေတယ်လို့ သိလား မမး)
အခြေအနေကို ဘဝင်လေဟပ်
ဆိုးဆိုးဆတ်ဆတ် လှုပ်ရှားရင်း မိုးတိုးမတ်တပ်ကနေတောင် ရယ်တတ်သေး…(ချစ်စရာ့ ကာရန်လေး)
စာခြောက်ရုပ်တွေကြားထဲမှာနေနေရင်းနဲ့ ကိုယ်ပါစာခြောက်ရုပ်ဖြစ်နေပြီလားလို့ အထိတ်တလန့်တွေးမိတယ်....။
ReplyDeleteလာဖတ်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်... တကယ်တော့ စာခြောက်ရုပ်က အပြစ်ကင်းပါတယ်... ရုပ်ဆိုးအောင် ဆင်ပြင်၊ ထားရာမှာနေပြီး ခိုင်းတာကို ဆင်ခြင်တွေးခေါ်နိုင်စွမ်းမရှိပဲ လုပ်နေရတဲ့ ကံကြမ္မာက မကောင်းတာပါ...။ အဆင်ပြေသလို ကိုယ်တွေးချင်တဲ့ဖက်က တွေးချင်သလိုသာ လှည့်တွေးသွားကြပါ...း))))
ReplyDeleteThank you Ma Ma Thet Wai for composing this poem, that makes me think of "what am I?". Am I the scarecrow? Am I the one laughing at scarecrow?
ReplyDeleteပင်ကိုယ်သဘာဝ စာခြောက်ရုပ်ကလေးတွေကတော့ အပြစ်ကင်းကြပါတယ်အမရေ.. သခင်တွေကသာ စိတ်ယုတ်မာတွေနဲ့ အပင်းသွင်းကြလို့ စာခြောက်ရုပ်ဘ၀ ကနေ လူခြောက်ရုပ်ဘ၀ဖြစ်သွားကြတာ..
ReplyDeleteဟူးးးးးးးးးးးးးးးဝူးးးးးးးးးးးးးးးးးး
ReplyDeleteစာခြောက်ရုပ်မို့လို့တော်သေးတယ်
လဒခြောက်ရုပ်ဆိုရင် ပြီးပေါ့
ကဗျာစပ်တဲ့ မသက်ဝေ တော်တယ်ဗျို့
အတွေးတွေ အများကြီးရစေလို့ပေါ့
ခင်တဲ့
seesein
မသက်ဝေ
ReplyDeleteရယ်နိုင်တုံး ရယ်ထားဦးပေါ့…
သူမသိသေးတာက မိုးဒါဏ် လေဒါဏ် ရာသီဥတုဒါဏ် အဖန်တလဲလဲ ခံလာပြီးနောက်
ကံကြမ္မာ မျက်နှာသာမပေးတော့တဲ့ တနေ့ကို ရောက်ရင် အရုပ်ကြိုးပြတ်သလို မြေပြင်ပေါ်ကို ဘိုင်းဘိုင်းလဲပြီး ဆွေးမြေ့ ကြေကွဲ ခန္ဒာစဲကာ မရှုမလှ သေပွဲဝင်ရလိမ့်မယ်ဆိုတာကိုပဲ…။
တချို့ က သိသိကြီးနဲ့ မိုက်ကြတယ်
ပုံမှန်စာခြောက်ရုပ်လေးတွေကိုတော့ သနားမိသား...၊
ReplyDeleteဟိုစာခြောက်ရုပ်ကြီးကိုတော့....:)))
အဲ့လို စာခြောက်ရုပ် နှစ်ကောင်ကို အရုပ်ကြိုး မပြတ်ခင်မှာ မျက်နှာချင်းဆိုင် ထားပြီး တကောင် နဲ့ တကောင် ခြောက်လှန့် ကြည့်ခိုင်းချင်လိုက်တာ ။ သူတို့ အလှည့်ကျ ဘယ်လိုခြောက်လို့  ဘယ်လောက် လန့်ကြမလည်းလို့ လေ..
ReplyDeleteလိုရာဆွဲတွေးပြီး စိတ်ကူးယဉ်ကြည့်သွားတယ် မသက်ဝေ ရေ...
ကိုယ်တိုင်လည်း စာကလေး မဖြစ်ပါရစေနဲ့ လို့..
စာခြောက်ရုပ်တွေ အများကြီးဘဲနော်
ReplyDeleteအင်းလေ.. သူတို့ကကိုယ်ပိုင်ဦးနှောက်မရှိဘဲ ခိုင်းတာ လုပ်နေရတာကိုး
ဒါနဲ့တောင် ဘ၀င်က ခပ်မြင့်မြင့်ရယ်။
တစ်ချိန်ချိန်မှာ လောကကြီးက ဒဏ်ခတ်မှာ စာခြောက်ရုပ်တွေ မသိရှာလို့လား သိသိကြီးနဲ့များလား.....
ရေးထားတာ အရမ်းကိုအသက်ဝင်တယ် မ။
ReplyDeleteကျမ ကတော့ ဖတ်နေရင်း စာခြောက်ရုပ် ကဇာတ်ကောင်နေရာက ပျောက်သွားပြီး လူတွေ အစားထိုးဝင်လာတယ်။ ကျမ ကိုယ်တိုင်လည်း စာခြောက်ရုပ် နေရာ ဝင်တွေးလို့ တွေးပေါ့။း)
agree with lora.. I like sarchaulyoke.. He is a partner of framer in the field..
ReplyDelete