Saturday, September 10, 2011
အမှတ်တရဒါဏ်ရာ
အသုံးမပြုသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် အတော်လေး စဉ်းစားယူရလိမ့်မည်ဟု တွေးထင်ထားသော လျှို့ဝှက်ဂဏန်း ခြောက်လုံးသည် လက်ဖျားမှ အစီအစဉ်တကျ အလိုအလျောက် ထွက်ကျလာသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။ နှစ်ယောက်စလုံး လွယ်လင့်တကူ ဝင်ရောက်အသုံးပြုနိုင်အောင် သဘောတူ သတ်မှတ်ထားသော ထိုလျှို့ဝှက်နံပါတ်များကို သူရော မှတ်မိနေဦးမလားဟု ဖျတ်ကနဲ တွေးလိုက်မိသည်။ ထိုတခဏမှာ အမည်မဖေါ်နိုင်သော ခံစားချက် တခုနှင့်အတူ အမြင်အာရုံတွေ ဝေဝါးသွားသည်ကို ဖာသာ သိလိုက်သည်။ ဖြစ်နိုင်လျှင်တော့ ကိုယ် မငိုချင်ပါ…
တကယ်ဆိုလျှင် ထိုနေရာကလေးသည် နှစ်ဦးသား အတူတူပိုင်ဆိုင်သော်လည်း အတူတူ မနေဖြစ်ပဲ တယောက်တလှည့်စီသာ လာနေဖြစ်ကြသော အိမ်ကလေးတလုံးနှင့် ဆင်ဆင်တူပါသည်။ ထိုနေရာလေးသို့ ရောက်သွားချိန်တွင် သူ လာသွားသော ခြေရာ လက်ရာကလေးများ တွေ့နိုင် မြင်နိုင်ဦးမည်လား… အပြေးအလွှား ရှာဖွေမိပါသည်။ သို့သော် သူ ရောက်မလာခဲ့သည်ကို လပေါင်းအတော်ကြာနေသော နေ့စွဲများနှင့် အေးစက်ရပ်တံ့လျှက်ရှိသော စာများက သက်သေပြနေပါသည်။ ထိုနေရာ… ဟုတ်ပါသည်… တိတိကျကျ ပြောပြရလျှင်တော့ ထိုနေရာဆိုသည်မှာ ဘယ်သူ့အတွက်မှ မထူးဆန်းလှသော သာမာန် အီးမေးလ်အကောင့်လေး တခုမျှသာ ဖြစ်ပါသည်။
သို့သော် ထိုနေရာလေးမှာ နှစ်ဦးသား အပြန်အလှန် ရေးသား ပြောဆိုခဲ့ဖူးသော၊ ပျော်ရွှင် နောက်ပြောင် ရယ်မောခဲ့ကြဖူးသော၊ စိတ်ကောက်၍ ပြန်ချော့ခဲ့ကြဖူးသော စာ အစောင်စောင် ရှိနေသည်။ ပြီးတော့ အနေဝေးချိန်တွေ၊ သတိရ လွမ်းဆွတ်ချိန်တွေမှာ ကြည့်ရန် အမှတ်တရ ရိုက်ကူးထားဖြစ်သော ဓါတ်ပုံတချို့လည်း ရှိနေသည်။ အဲဒါတွေအပြင် တယောက်ကို တယောက် သတိတရ လိုအပ်လာသော အချိန်များတွင် နားထောင်ရန် အပြန်အလှန် ပေးပို့ထားသော သီချင်းတွေ… အားလုံး ခြေရာလက်ရာ မပျက်မယွင်း ရှိနေပါသေးသည်။
ထိုနေရာလေးမှာ အတူတူ ရှိနေခဲ့ချိန်များကို ပြန်ပြောင်းသတိရစရာ ကောင်း မကောင်း၊ သင့် မသင့် မတွေးဆ မချင့်ချိန်နိုင်ခဲ့ပါ။ စာတွေထဲမှ စကားလုံးများ၏ နာကျင်ခံခက် ထိုးနှက်မှုတို့နှင့် တပြိုင်နက်မှာပင် ထိုစကားလုံးများ၏ သိမ်မွေ့သော ဆွဲဆောင်မှုတို့ကို အနည်းငယ်မှ မတွန်းလှန်နိုင်ပဲ ထိုနေရာလေးမှာ စာအဟောင်းတွေကို ပြန်ဖတ်ရင်း နာရီပေါင်း အတော်ကြာ ငြိမ်သက်နေခဲ့မိပါသည်။ လက်သင့်ရာ သီချင်းတပုဒ်ကို ဖွင့်လိုက်မိချိန်မှာ ကြားလိုက်ရသည်က လေးဖြူ၏ အလွမ်းများ ဖြစ်လို့နေခဲ့သည်။ အတူတူ လျှောက်ဖူးတဲ့ နေရာများ... မင်းရယ်... တို့ရယ်... ရင်မျာ ရူးသွပ်တဲ့ ညတိုင်း... တဲ့... တို့ ဝေးမယ့် အကြောင်းတွေ မရှိခဲ့... တဲ့...။ ခေါင်းကိုသာ တွင်တွင် ခါယမ်းနေမိတော့သည်...။ သီချင်းမဆုံးခင်မှာ ပိတ်လိုက်ရသည်။ နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ပိတ်ပြီး မျက်ဝန်းနက်နက်များနှင့် တည်ငြိမ်စွာ စိုက်ကြည့်နေသော သူ့ဓါတ်ပုံကို တွေ့လိုက်တော့ သူ့ကို ခေါ်နေကျ စကားလုံးတလုံးကို တီးတိုး ရေရွတ်လိုက်မိပါသည်။
သူရေးခဲ့သော စာတွေတိုင်းမှာ I miss you… ဆိုသော စကားလုံး သုံးလုံးဖြင့် စတင်ခဲ့ပြီး တဖွဲ့တနွဲ့မဟုတ်ပဲ ရိုးစင်းလှသော စကားလုံးများဖြင့် Report ဆန်ဆန် ဖြစ်သော်လည်း စာတစောင်ကို ဖတ်လိုက်တိုင်း ထူးဆန်းသော ခံစားမှုတခုခုကို အစဉ် ပေးစွမ်းနိုင်ခဲ့သည်။ လိမ်ညာ ဟန်ဆောင်ခြင်းကင်းသော၊ ရိုးသားဖြောင့်မတ်သော စာတွေဟု အကြိမ်ကြိမ် ယုံကြည်ခဲ့မိသည်…။ ယခုချိန်အထိလည်း ယုံကြည်နေချင်ဆဲ ဖြစ်သည်။ သို့သော်… မျှော်လင့်မထားသော အချိန်တွင် ထောင့်တထောင့်မှနေ၍ သူ ကိုယ့်ကို အလဲထိုးခဲ့လေသည်။
ဘာကြောင့်လဲ… ဘာကြောင့်လဲ… ဟု အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရေရွတ်နေမိပါသည်။ ကိုယ် ဟန်ဆောင် မကောင်းပါ။ သည်နေရာမှာ သည်ထက်ပိုပြီး အချိန်ကြာကြာနေနေလျှင် အမှန်တကယ်ကို ရူးသွပ်သွားနိုင်ပါသည်။ ထို့ကြောင့် ကိုယ် ထိုနေရာလေးမှ ဖယ်ခွာလာခဲ့သည်။
တကယ်ဆိုရင် သူသည် အချိန်ကာလတခုအထိ ဟန်ဆောင်ကောင်းစွာဖြင့် ပိပိရိရိ လှည့်ဖျား လိမ်ညာနေခဲ့သူ တယောက်မျှသာ…။ သည်လို တွေးလိုက်မိသောအခါ သူနှင့် ရင်းနှီးခဲ့ဖူးသော အချိန်များစွာက တွေ့ မြင် သိကျွမ်းခဲ့ရသော သူ့ဓလေ့ စရိုက်များ၊ သူ့ အမူ အကျင့်များ၊ သူ့ အယူအဆ အတွေးအခေါ်များကို ပြန်လည်သတိရမိပြီး တိတ်တဆိတ် အားနာနေပါသေးသည်။ သူ ဒီလိုလူစားမျိုး လုံးဝ မဟုတ်နိုင်ပါ ဟု ရဲရဲဝံ့ဝံ့ ခုခံ ငြင်းဆိုလိုက်ချင်သော်လည်း အခုအချိန်မှာတော့ အရာရာ နောက်ကျသွားခဲ့ပြီဖြစ်သည်။ နာကျည်းပစ်လိုက်ဖို့ ကောင်းသည် နော်…
သူ့အကြောင်းကို ကြားရကာစက နေ့ပေါင်း ညပေါင်းများစွာ ကိုယ် အရူးတပိုင်း ဖြစ်သွားခဲ့သည်…။ တန်ခိုးရှင်တယောက်သာ ဖြစ်ခဲ့လျှင်တော့ သူ့ဆီကို မရောက် ရောက်အောင်သွားကာ ဘာကြောင့်လဲ… ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဟု အေးအေးသက်သာပင် မေးမြန်းချင်မိပါသည်။ သို့သော်… ကိုယ် သူ့ဆီ မရောက်နိုင်ခဲ့သလို သူကလည်း ကိုယ့်ကို မဆက်သွယ်ခဲ့ပါ။ ကိုယ်တို့နှစ်ယောက်အကြားမှ သတိရစရာ အမှတ်တရ ရက်စွဲများ၊ အကြောင်းအရာများကို အချိန်နာရီနှင့်တကွ မှတ်သားထားတတ်သော၊ ယုတ်စွအဆုံး ရှပ်အဖြူလေး ဝတ်လာတဲ့နေ့က ကိုယ် မင်းကို ဘယ်နှစ်ခါ နမ်းခဲ့တာနော်… ဆိုသော အကြောင်းအရာမျိုးအထိ မှတ်မှတ်သားသားရှိနေတတ်သော သူတယောက်… အခုတော့ ထိုအမှတ်တရများ သူ့ထံမှာ စိုးစဉ်းမျှ မရှိတော့ပြီလား..။
သူ… ကိုယ့်ဘဝထဲမှ တိုးတိတ် ညင်သာစွာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ကိုယ့်ထက်ပိုပြီး တွယ်တာ ချစ်ခင်ရမည့်သူ သူ့မှာ ရှိနေခဲ့ပြီလေ…။ အနေဝေးလျှင် အချစ်တို့ အေးစက်သွားတတ်ပြီး အနေနီးစပ်ခြင်းသည် ရင်ခုန်သံ အသစ်အဆန်းတခု (သို့မဟုတ်) အချစ်အသစ်တခုကို လွယ်လင့်တကူ မွေးဖွားနိုင်စေသည်လား… ကိုယ် နားမလည်ခဲ့ပါ။
သူချန်ထားခဲ့သော နေ့ရက်တွေတိုင်းသည် ပိုးကောင်များ ဖျက်ဆီးခြင်းခံလိုက်ရသော သစ်ရွက်စိမ်းလေး တရွက်လို… အပင်ပေါ်မှ ကြွေမကျသေးသော်လည်း ဒါဏ်ရာ ဒါဏ်ချက်တို့ဖြင့် မတင့်တယ် မလှပတော့သော ပိုးပေါက်များစွာဖြင့် ထိုသစ်ရွက်စိမ်းလေးလို…။ ရေစင်မည်သို့ ပက်ဖြန်းစေကာမူ မလန်းဆန်းနိုင်တော့သော ထိုသစ်ရွက်စိမ်းလေးလို…။
လက်ရှိအခြေအနေမှာ သူ ဘယ်ကိုရောက်နေသလဲ ကိုယ် မသိပါ။ သိအောင်လည်း မကြိုးစားချင်ပါ။ တနေ့နေ့ တချိန်ချိန်မှာ သူ့ကို မထင်မှတ်ပဲ ဖြစ်စေ၊ တမင် ရည်ရွယ်၍ဖြစ်စေ တွေ့ဆုံစရာအကြောင်း တခုခု ဖန်လာခဲ့သည်ရှိသော် ပိုးပေါက်ကလေးများစွာနှင့် ဒါဏ်ရာရနေသော သစ်ရွက်ကလေး တရွက်ကိုသာ ကိုယ့် ကိုယ်စား အမှတ်တရ ချန်ထားပေးခဲ့ရန် တွေးနေမိပါတော့သည်။
မှတ်ချက် - အထက်ပါ သစ်ရွက်ပုံ ဓါတ်ပုံလေးကို LIBRATUN က ဘလော့ဂါ မောင်နှမများထံ မျှဝေပြီး မိမိတို့ ခံစားရသလို ရေးပေးရန်နှင့် သည်ည ၁၁ နာရီမှာ အတူတူ တပြိုင်နက်ထဲ တင်ကြရန် ပြောလာသောကြောင့် ကျေးဇူးတင် ခင်မင်စွာဖြင့် ဤပိုစ့်ကို ရေးသားပါသည်။
Subscribe to:
Post Comments (Atom)
အင်း....အစ်မရေးတာလေးလဲ တစ်မျိုးချစ်စရာ လွမ်းစရာ
ReplyDeleteလေး.....၊အက်ဆေးလှလှလေး.....။
Lovely essay sis
ReplyDeleteအနေဝေးလျှင် အချစ်တို့ အေးစက်သွားတတ်ပြီး အနေနီးစပ်ခြင်းသည် ရင်ခုန်သံ အသစ်အဆန်းတခု (သို့မဟုတ်) အချစ်အသစ်တခုကို လွယ်လင့်တကူ မွေးဖွားနိုင်စေသည် hote tal ma Gyi . This is too right.
May
Pmz
ချိုမြတဲ့ အရေးနဲ့ ရှတတဲ့ အကြောင်းအရာ...
ReplyDeleteပေါင်းစပ်လိုက်တော့ လှပတဲ့ အက်ဆေးတပုဒ်...
ကျေးဇူး သက်ဝေ...
ကြုံဖူးပါရဲ့ ...အခုတော့ သူက လျှို့ဝှက်ကုတ်တွေကို ပြောင်းလိုက်သတဲ့လေ..အေးရော..
ReplyDeleteချစ်စရာ ရေးတတ်လိုက်တာ မမရယ်။
ReplyDeleteနောင့်
မမသက်ဝေကရေးလိုက်ရင် အဲလို နူးနူးညံ့ညံ့ လှလှပပလေး....ဂျင်းတို့နဲ့များပြောင်းပြန်....:D
ReplyDelete{အနေဝေးလျှင် အချစ်တို့ အေးစက်သွားတတ်ပြီး အနေနီးစပ်ခြင်းသည် ရင်ခုန်သံ အသစ်အဆန်းတခု (သို့မဟုတ်) အချစ်အသစ်တခုကို လွယ်လင့်တကူ မွေးဖွားနိုင်စေသည်လား....} အချစ်တွေကို အဲလိုတော့ မဖြစ်စေချင်ပါဘူးလေ.....
ချစ်စရာ အဖွဲ့အနွဲ့လေးထဲမှာ မျောသွားတာပဲ မမရေ ... တော်လိုက်တာနော်...ခံစားအားပေးလျှက်ပါလို့..
ReplyDeleteပိုးပေါက်သစ်ရွက်ချန်မယ်ဆိုတာတော့သဘောမတူ၊
ReplyDeleteစွယ်တော်ရွက်ရိုးလေးတွေဆိုခတ်ဟုတ်ဟုတ်၊
ရေးတာကောင်းပါတယ်ဗျို့
ဒီသစ်ရွက် ကလေးက The last leaf လိုပဲ အကြာကြီး တွယ်ကပ် ရှင်သန်နေဦးမှာလား၊ ပိုးပေါက်တွေ ပရပွနဲ့ ပေမယ့် အသက်ဓာတ် ပြင်းပြစွာနဲ့ တချိန်ချိန်မှာ မီးနဲ့ပြန်နီးလာမယ့် ချိပ်မာတစ်ခုကို တိတ်တခိုး စောင့်နေ မိမှာလား...၊ ....လား၊ ......လား၊ ဒီအက်ဆေးလေး ဖတ်ရတာ တချက်တချက် လေအဝှေ့ ခံရတဲ့ ပိုးစား သစ်ရွက်လို ခံစားမှု တည်းတည်းကလေးနဲ့ ပင့်သက် ရှိုက်မိတယ်...။
ReplyDeleteရေးပုံ တွေးပုံလေးကို အရမ်းနှစ်သက်မိတယ် အမသက်ဝေ . . . . အနေဝေးရင် သွေးအေးသတဲ့လား . . .
ReplyDeleteအခါခါ နာကျင်မှုအောက်မှာ ရှင်သန်ရင်း
အနေဝေးမှုကိုပဲ အပြစ်တင်ရမလား
သွေးအေးသူကိုပဲ နာကျင်လိုက်ရမှာလား
လောကမာယာတဲ့လား . .
သူ့မာယာပါလို့ သိရက်နဲ့ . . . အတင်းစုံမှိတ် ငြင်းမိနေဆဲ . . . .
ပိုးကိုက်ထားတဲ့ သစ်ရွက်တစ်ရွက်လို . . .
အမှတ်တရ ဒဏ်ရာ တွေလည်း . . . .
တစ်စက်ချင်း . . . တစ်ပေါက်ချင်း . . .
ခင်မင်စွာဖြင့်
ဗညားရှိန်
အမရေ..သစ်ရွက်လေးနဲ့ ဇာတ်လမ်းလေးလိုက်ဖတ်တယ်။ ဆွေးဆွေးမြည့်မြည့်လေးပါပဲ။
ReplyDeleteလေးစားစွာ
ဖတ်ရင်း ဖတ်ရင်း
ReplyDeleteကြေကွဲလွမ်းဆွတ်မှုပိုးတွေကိုက်ခံလိုက်ရတာ ဒီသစ်ရွက်ကလေးလိုပါပဲ :)
အရမ်းကောင်းပါတယ်
ReplyDeleteလွမ်းမိတယ်ဘာကိုလဲတော့မသိဘူး
ခင်မိတဲ့ jasmine
သစ်ရွက်ပိုးပေါက်လေး ဟိုနားတွေ့ ဒီနားတွေ့မှို့ လာကြည့်တာ။ အက်ဆေးဆရာမနဲ့ တွေ့သွားတာကိုး။ အဲလိုနူုးနူးညံ့ညံ့လေးတွေ ရေးတတ်ချင်လိုက်တာ။ တစ်ခါလောက် ရေးကြည့်ချင်တယ်။ အားကျတယ်။
ReplyDeleteး( ခံစားချက်နဲ့တိုက်ဆိုင်ပြီး ငိုချင်သွားတယ်
ReplyDeleteအနေဝေးလျှင် အချစ်တို့ အေးစက်မသွားတန်ကောင်းပါဘူးလေ....(ထင်ရတာပဲ)
ReplyDeleteယောင်ချာချာဖြစ်နေသူ တစ်ဦး
mm
ဖတ်ပြီး...
ReplyDeleteဆွေး...မြေ့... သွားရတယ်..။
အနေဝေးပေမယ့် သေဆုံးခြင်းမရှိတဲ့ ချစ်ခြင်းတွေ ရှိနေတတ်သေးတယ်..။
မမသက်ဝေရဲ့ အက်ဆေးလှလှလေးတွေကို မဖတ်ရတာတောင်အတော်ကြာနေပြီပဲ....။ အခုလဲ ဖတ်ပြီး ရင်ထဲတစ်မျိုးလေးခံစားသွားရတာ်...။
ReplyDeleteကိုယ်ကသာ ပိုးကိုက်ခံရတဲ့ သစ်ရွက်လေးအဖြစ်နဲ့ မြေပေါ်မှာ နလန်မထူနိုင်တာပါ။ သူက နောက် သစ်ရွက်အသစ်တစ်ရွက်မှာ ပိုးအိမ်ဆောက်ရမယ့် ပိုးကောင်တစ်ကောင်လိုပဲ ပျော်နေပါတယ်။
ReplyDeleteလှလိုက်တဲ့ စာစုလေးရယ်..
ReplyDelete