Friday, September 23, 2011

ချစ်သော ဧရာဝတီသို့...

မြို့ပြမှာ ကြီးပြင်းခဲ့ရသော ကျွန်မ၏ ငယ်ဘဝမှာ ထူးခြားမှု တစုံတရာမရှိ… ရိုးစင်း၏။ အိမ်မှာ အစိုးရဝန်ထမ်း မိဘနှစ်ပါးနှင့် ကျောင်းဆရာဟောင်းတဦး ဖြစ်ခဲ့ဖူးသော အဖိုးရှိသည်။ ကူဖေါ်လောင်ဖက် ခေါ်ထားသော အဒေါ်ကြီးတယောက်ရှိသည်။ မိုးလင်း မိုးချုပ် မိဘနှစ်ပါးက အလုပ်သွားသည်။ ကျွန်မက ပုံမှန်လာကြိုသော ကျောင်းကားဖြင့် ကျောင်းသွားသည်။ အိမ်ပြန်ရောက်လျှင် ရေမိုးချိုး၊ ကကြီး ခခွေးတွေ ရေးပြီး ဖေဖေ မေမေတို့ ပြန်ရောက်လာချိန်တွင် ညစာစားကြသည်။ ပြီးတော့ အိပ်ရာဝင်သည်။ နောက်တနေ့ မနက် နိုးလာလျှင် အဒေါ်ကြီး ပြင်ဆင်ထားသော နံနက်ခင်းစာကို စား၍ ကျောင်းသွားသည်…။ အားလပ်ချိန်တွေမှာ အဖိုးနှင့်အတူ ရွှေသွေး တေဇ မိုးသောက်ပန်း အစရှိသော စာအုပ်လေးတွေကို ဖတ်တတ်သလောက် ဖတ်သည်။ သည်လိုနှင့် သမရိုးကျ နေ့ရက်များကို ပုံမှန် ဖြတ်သန်းလာခဲ့သည်။ တိုက်တာ အိမ်ခြေ အဆောက်အဦးများဖြင့် အတိပြီးသော၊ ရုပ်ဝတ္ထုဆန်သော မြို့ပြလူနေမှုပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသူ ကျွန်မကို တခုသော ကျောင်းပိတ်ရက်မှာ အဖိုးက မြို့နှင့် ခပ်လှမ်းလှမ်းတနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျွန်မ တသက် မေ့မရနိုင်စရာ ခရီးတခုဖြစ်ပြီး ထိုအချိန်က ကျွန်မအသက် ၅ နှစ်ခန့်ရှိပြီဟု မှတ်မိပါသည်။

ထိုနေရာကိုရောက်အောင် ရထားကြီး စီးသွားရတာ မှတ်မိသည်။ ရထားကြီးက တိုက်တာ အိမ်ခြေများနှင့် ကင်းလွတ်ရာကို တဂျုံးဂျုံးနှင့် ခုတ်မောင်းလာလေသည်။ တခါမှ ရထားမစီးဖူးသော ကျွန်မအတွက်တော့ မြင်ရသမျှ တွေ့ရသမျှ အရာရာသည် ဆန်းကြယ်နေခဲ့လေသည်။ ရထားလမ်း ဘေးတဖက် တချက်မှာ စိမ်းစိမ်းစိုစို စိုက်ခင်းများကို တွေ့ရပြီး လူနေအိမ်ဟု ယူဆရသော တဲအိမ်ငယ်လေးများကို တွေ့ရသည်။ ကျွန်မနှင့်ရွယ်တူ ကလေးငယ်များက ထိုစိုက်ခင်းများအကြားတွင် လွတ်လပ်စွာ ပြေးလွှား ခုန်ပေါက် ဆော့ကစားနေကြသည်ကို တွေ့ရသောအခါ ကျောင်းက ကစားကွင်း ကျဉ်းကျဉ်းလေးထဲမှ ကစားဖေါ် စိုးစိုးတို့ကို သတိရသွားသည်။ အတူတူ ကစားကြရရင် ပျော်စရာကောင်းမှာပဲ…။

လမ်းဘေး ဝဲယာကို ကြည်ငေးပြီး ရထားစီးရခြင်းကို ပျော်မွေ့နေသောကြောင့် အချိန်ဘယ်လောက်ကြာလို့ ကြာမှန်း ကျွန်မ မသိလိုက်ခင်မှာ ရထားကြီးက ခပ်ဟောင်းဟောင်း ဘူတာရုံလေးတခုမှာ ရပ်သွားခဲ့သည်။ ပါလာသော ကျောပိုးအိပ်လေးကို လွယ်ကာ ထိုရထားဘူတာမှာ ဆင်းရသည်။ ပြီးတော့ လမ်းအနည်းငယ် လျှောက်ရသည်။ လမ်းပေါ်မှာ လူတွေ အများကြီးကို တွေ့ရသည်။ ဒါတင်မက ဈေးသည် ဈေးဝယ်တွေနှင့် စည်ကားနေသော လမ်းဘေးဈေးလေးကိုလည်း တဆက်တည်း တွေ့ရသည်။ မြင်နေမကျသော မြင်ကွင်းသစ်များကြားမှာ ကျွန်မ စိတ်လှုပ်ရှားစွာ ပျော်ရွှင်နေခဲ့ပါသည်။ အဖိုးလက်ကို ဆွဲကာ ဈေးလမ်းလေးအတိုင်း လျှောက်လာခဲ့ကြသည်။ ကြံတွေ ဖရဲသီးတွေ ခရမ်းချဉ်သီးတွေ စိမ်းစားဥတွေကို အဖိုးက ညွှန်ပြသည်။ သည်အသီးအနှံတွေကိုတော့ ကျောင်းမှာ ဆရာမက သင်ပြထားသောကြောင့် အနည်းငယ် သိနေပေပြီ။ မကြာခင်မှာ ချူသံလိုလို အသံတမျိုးပေးပြီး ကိုယ်ထည် အကောင်ခပ်ဝဝနှင့် ညိုတိုတို အကောင်နှစ်ကောင် ကျွန်မဘေးက ဖြတ်သွားသည်…။

“အဖိုးရေ.. ဟိုမှာကြည့်ပါအုံး ဝက်ကြီးတွေ ဝက်ကြီးတွေ… အကြီးကြီးပဲနော်…” ဟု ဝမ်းသာအားရ ကျွန်မ အော်လိုက်မိသည်…။ ကျွန်မစကားအဆုံးမှာ ဘေးနားက လမ်းသွားလမ်းလာများ ကျွန်မကို လှည့်ကြည့်ပြီး ပြုံးရယ်ကြသည်။ အဖိုးကလည်း ရယ်မောလေသည်…။ အမှန်ကတော့ ကျွန်မ လက်ညှိုးညွှန်လိုက်သော အကောင်များမှာ ဝက်များ မဟုတ်ပါ။ ကျန်းမာ သန်စွမ်းကာ ဝဖီးနေသော ကျွဲများ ဖြစ်ကြပေသည်။

ပြီးတော့ ကျွန်မတို့ လျှောက်လာရာလမ်းဘေး တဖက်တွင် သစ်ပင်စိမ်းစိမ်းများရှိနေသည်။ သေသေချာချာ နားထောင်ကြည့်လျှင် သူတို့က လေအဝှေ့မှာ တေးသံတမျိုးကို သီဆိုနေသယောင်…။ ထိုအခါ ကျွန်မက အဖိုးကို… “ဟိုနားက ချိုးချိုးချွတ်ချွတ်နဲ့ဟာ ဘာပင်တွေလဲ ဖိုးဖိုးရဲ့…” ဟု မေးလိုက်လေသည်။ ၅ နှစ်သမီး ကျွန်မ၏ ထိုမေးခွန်းကို အဖိုးက နှစ်သက်မဆုံး… သတိရတိုင်း၊ စကားကြုံတိုင်းလည်း ပြန်ပြောမဆုံး…။ ကျွန်မ၏ အမေးကို “အဲဒါ လေတိုးတိုင်း သီချင်းဆိုတတ်တဲ့ ဝါးရုံတွေ…” ဟု အဖိုးက အဖြေပေးပါသည်။ မေမေတို့ အဒေါ်ကြီးတို့ ဟင်းချက်စားလေ့ရှိသော မျှစ်မှာ ထိုဝါးပင်က ရကြောင်းကိုပါ အဖိုးက တဆက်တည်း ရှင်းပြသေးသည်။ ဝါးကို ဟင်းချက်စားကြပြီး မျှစ်ဟု ခေါ်ကြပုံကို ကျွန်မ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရသည်… တကယ်ဆို ဝါးက ဝါးပဲ မဟုတ်လား..။ ဝါးရုံတွေ၏ တေးသံကို ချစ်သော ကျွန်မက ထိုအချိန်မှစပြီး မျှစ်ကို မျှစ်ဟု လုံးဝ မခေါ်တော့ချေ။ အိမ်မှာ မျှစ်ဟင်း ချက်သောနေ့များတွင် တစုံတယောက်က “သမီး အိမ်မှာ ဘာဟင်းချက်သလဲ…” ဟု မေးလာလျှင် ငါးနဲ့ ဝါးနဲ့ (သို့) ဝက်သားနဲ့ ဝါးနဲ့… ဟုသာ အစဉ် ဖြေဆိုတတ်ပါသည်။

သည်လိုနှင့် မကြာခင်မှာ ကျွန်မတို့ မြေးအဖိုးနှစ်ယောက် သစ်ရိပ်ဝါးရိပ်တို့ဖြင့် အေးမြနေသော ခြံဝိုင်းလေးထဲမှ သစ်သား မြေစိုက်အိမ်ကလေး တလုံးဆီကို ရောက်လာခဲ့ကြသည်။ ကျွန်မတခါမှ မတွေ့ဖူးသော အဖိုး၏ မိတ်ဆွေများက အိမ်လေးထဲမှ အပြေးအလွှား ထွက်လာပြီး ကျွန်မတို့ကို ကြိုဆိုကြသည်။ ထိုခြံဝင်းထဲမှာ အခုနက ကျွန်မ တွေ့ခဲ့ရသော အကောင် ဝဝမျိုးတွေကို ထပ်တွေ့ရပြန်ရာ သည်တခါတော့ ကျွန်မက ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် “အဖိုးရေ… ဒီမှာ ကြည့်ပါအုံး… ကျွဲကြီးတွေနော်…” ဟု ပြောလိုက်ရာ ရယ်သံတွေ စီစီညံသွားခဲ့သည်။ “ဒါ ကျွဲတွေ မဟုတ်ဖူး ကလေးရဲ့ သူတို့က နွားတွေ… ကလေး စားနေတဲ့ ထမင်းတွေရအောင် သူတို့က ကူညီတယ်… ကျေးဇူးရှင်တွေ…” ဟု အိမ်ရှင် ဦးကြီးက ရယ်သံတဝက်နှင့် ပြောပါသည်။

ထို ဦးကြီးကပင် “ကဲ… ကဲ… မြေးအဖိုးနှစ်ယောက် ခရီးပန်းလာကြတယ်… နားရအောင် အိမ်ပေါ်တက်ကြပါ…” ဟု ဖိတ်ခေါ်သောအခါ အဖိုးက “သမီး မမောသေးရင် အဖိုးတို့ တနေရာကို သွားကြရအောင်…” ဟု ပြောပါသည်။ အစစ အရာရာကို အဆန်းတကြယ်ဖြစ်နေသော ကျွန်မကလည်း မောရမှန်း ပန်းရမှန်း တကယ်ကို မသိခဲ့ပါချေ။ ထို့ကြောင့် ခြံထောင့်တနေရာက ရေအိုးစင်လေးထဲမှ အဖိုးခပ်ပေးသော ရေအေးအေးကို လက်ကိုင်ရိုးရှည်တပ် အုန်းမှုတ်ခွက်ဖြင့် တဝ သောက်လိုက်ပြီး ကျောပိုးအိပ်လေးကို အသာချကာ အဖိုးခေါ်ရာကို လိုက်လာခဲ့ပါသည်။

လမ်းတလျှောက် ခလောက်သံ ချူသံ တချွင်ချွင်နှင့် နွားလှည်းများ၊ ခွာသံ တခွပ်ခွပ်နှင့် မြင်းလှည်းများ၊ ဝဲယာ တဖက်တချက်ဆီမှ ဝါးရုံတို့ကို လေတိုးသော ချိုးချိုးချွတ်ချွတ်အသံများ နှင့်အတူ မြေနံ့တသင်းသင်းတို့တွင် ကျွန်မအလွန်တရာ ယစ်မူးပျော်ရွှင်လှသည်။ ကလေးတယောက်ဖြစ်သော်လည်း သဘာဝကို အမြတ်တနိုး နှစ်သက်လှသော စိတ်ကလေး ကျွန်မရင်ထဲမှာ ရှိနေခဲ့သည်ကို နောင် အသက်အရွယ်ရလာသောအခါမှာ ကောင်းစွာ နားလည် သဘောပေါက်လာခဲ့သည်။

“အိုး… ဟိုးမှာ ရေတွေ… ရေတွေ… ရေတွေ အများကြီးပဲ…”
အလန့်တကြား၊ ပြီးတော့ တအံ့တသြနှင့် ကျွန်မ အော်လိုက်မိပါသည်။ ကျွန်မ မျက်စိ မမှားပါ…။ ကျွန်မ မျက်နှာတူရှုမှာ ပြာလဲ့နေသော ရေပြင်ကြီးတခု ရောက်နေပါသည်။ ထိုမျှလောက် ကြီးမားသော ရေပြင်ကို ကျွန်မဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်း ဖြစ်ပါသည်။ အဖိုးက ကျွန်မလက်ကို ဆွဲထားရာမှ ဖြေလွှတ်ပေးလိုက်သည်…။ ကျွန်မကလည်း အဖိုးလက်မှ လွတ်လျှင် လွတ်ချင်း ရေတွေရှိရာကို တဟုန်ထိုး ပြေးသွားမိတော့သည်…။

ပြာလဲ့နေသော ရေပြင်ကြီး၊ မြစ်ကမ်းပါးမှာ တလျှောက်ဆီမှ တဲအိမ်ငယ်လေးတွေ၊ ထိုရေစပ်မှာ အဝတ်လျှော် ရေချိုးနေကြသူတွေ၊ ငါးမျှားတံတွေ လက်ဆွဲပုံးငယ်လေးတွေ ကိုယ်စီဖြင့် ငါးမျှားနေကြသူတွေ၊ ငါးဖမ်း ပိုက်ကွန်တွေဖြင့် အလုပ်များနေကြသူတွေ၊ မြစ်ပြင်ကျယ်မှာ အစုန်အဆန် ကူးလူး သွားလာနေကြသော အရွယ်စုံ အရောင်စုံ ငါးဖမ်းလှေ ကြီးကြီး ငယ်ငယ်တွေ၊ မြစ်ဆိပ်မှ ကုန်းပေါ်သို့ ပစ္စည်းတွေ သယ်ပိုးလာသော သူတွေ၊ သောက်ရေ သုံးရေ ခပ်နေကြသူတွေ၊ တလုံးပေါ် တလုံးဆင့်ကာ အစီအရီ ထပ်တင်ထားသော အမျိုးအမည်စုံလင်လှသော အရွယ်အစား စုံလင်သော စဥ့်အိုးတွေ၊ ညီညီညာညာ စုပုံထားသော ထင်းခြောက်တွေကို သယ်ယူရန် ပြင်ဆင်နေကြသော ဝါးဖေါင်တွေ၊ အဲဒါတွေအပြင် ကျွဲ၊ နွား၊ ဘဲ၊ ကြက် အစရှိသော သတ္တဝါလေးတွေကလည်း အစုလိုက် အစုလိုက် အေးအေးလူလူ ဟိုမှသည် ကူးလူးသွားလာနေကြသော မြင်ကွင်းတွေက ကျွန်မလို ကလေးတယောက်၏ ရင်ကို ပြင်းထန်စွာ လာရောက် တိုးဝှေ့ ထိမှန်ခဲ့သည်။


အဖိုးက ပြောသည်…။ သမီး… ဒါ ဧရာဝတီ တဲ့…။
အဖိုးက ထိုစကားကို တကြိမ်ထဲ တခွန်းထဲ ပြောသော်လည်း ကျွန်မနားထဲတွင် ဧရာဝတီ… ဧရာဝတီ… ဧရာဝတီ… ဟု အခွန်းပေါင်းများစွာ ပဲ့တင်ထပ်သွားခဲ့သည်…။ သည်အမည်နာမကို ကြားလိုက်ရသောအခါ လူက အလိုလိုနေရင်း ခွန်အားတွေ တိုးလာပြီး စွမ်းအင်တွေ ပြည့်ဝကာ မောပန်းနေတာတွေ အားလုံးကို လွင့်စင်သွားစေခဲ့သည်။ ကြည့်ပါအုံး… ဧရာဝတီ တဲ့…။ ထို့နောက်မှာတော့ အဖိုးက ဧရာဝတီ အကြောင်းကို ကျွန်မမျှော်လင့်ထားသလို စကားလုံးတွေ အများကြီးနှင့် ရှင်းလင်းပြောဆိုခြင်း အလျဉ်းမရှိ…။ အသက်မဲ့ ဧရာဝတီကို အသက်ဝင် လှုပ်ရှားနေသော မြင်ကွင်းနှင့်အတူ မိတ်ဆက်ပေးခဲ့သည်။ အသက် ၅ နှစ်အရွယ် မြေးမလေးကို အဖိုးက ဧရာဝတီနှင့် မိတ်ဆက်ပေးပုံမှာ တသက် မမေ့နိုင်စရာ သိမ်မွေ့နူးညံ့ပြီး အဓိပ္ပါယ် ပြည့်ဝလှသည်။

ထိုအချိန်မှ စတင်ကာ ကျွန်မ၏ ရင်ထဲ ဧရာဝတီက စွဲမြဲခဲ့တာ ဖြစ်သည်…။ ထိုရက်တွေမှာ စားချိန် အိပ်ချိန်မှလွဲ၍ အချိန်တိုင်း ကျွန်မ ဧရာဝတီနားကို ရောက်နေခဲ့သည်။ သစ်ပင်ခြေရင်းမှ အမြစ်ဆုံ တခုခုပေါ်မှာ ထိုင်၍သော်လည်းကောင်း၊ ရေစပ်က ကျောက်တုံးခပ်သေးသေးတခုပေါ်မှာ ထိုင်၍သော်လည်းကောင်း အချိန်ရှိသ၍ ဧရာဝတီကို တမေ့တမော ငေးကြည့်နေခဲ့မိသည်။ သစ်လုံးအကြီးကြီးတွေကို တရွတ်တိုက် ဆွဲယူသွားနိုင်အောင် ခွန်အားဗလ ကြီးမားလှသော ဆင်ကြီးတွေ၊ ပြီးတော့ သူတို့ အနောက်မှ လိုက်ပါလာသော ဆင်ပေါက်စလေးတွေကို ကြည့်ကာ တယောက်တည်း သဘောတကျ ရယ်မောနေခဲ့မိသေးသည်။ ဖေဖေနဲ့ မေမေတို့ သွားလေရာကို နောက်က တကောက်ကောက်လိုက်နေတတ်သော ကိုယ့်ကိုကိုယ် ပြန်မြင်ရသလိုပါပဲ။ ပြီးတော့ ဖရဲသီးတွေ တင်လာသော လှေထဲမှ လတ်လတ်ဆတ်ဆတ် ဖရဲသီးစိတ်တွေကို ကျွန်မ စားခဲ့ရသည်။ အိုးပုတ် ချိုးရုပ်လေးတွေ တင်လာသော လှေထဲမှ အရုပ်ကလေးတွေကိုလည်း ကျွန်မ ပိုင်ဆိုင်ခဲ့ရသည်။ ညိုညစ်ညစ် ရွှံ့တွေဖြင့် လောက်စာလုံးလေးတွေကိုလည်း ဝိုင်းနေအောင် လုံးဖြစ်ခဲ့သေးသည်။

ထိုမြို့လေးမှ ပြန်ခါနီး ညနေမှာတော့ အဖိုးက ကျွန်မကို ဧရာဝတီနှင့် အသေအချာ ထိတွေ့ နှုတ်ဆက်စေခဲ့သည်။ ကမ်းစပ်က ရေတွေထဲကို သွက်သွက်လက်လက်… ပြီးတော့ မကြောက်မရွံ့ ဆင်းချသွားသော ကျွန်မကို အဖိုးက အခါများစွာကလို စိတ်ပူမနေသည့်အပြင် လက်ခုတ်တီးကာ အားပေးနေခဲ့သေးသည်။ သေချာသည်လေ… ဧရာဝတီက သူ့ချစ်သူများကို ဘယ်နည်းနှင့်မျှ အန္တရာယ် မဖြစ်စေနိုင်ပါ။ နေဝင်ချိန်မှာ နေလုံးနီနီကြီးက ဧရာဝတီထဲသို့ နစ်ဝင် ကွယ်ပျောက်သွားချိန်မှာမှ ကျွန်မ ဧရာဝတီကို နှုတ်ဆက်လက်ပြကာ ခွဲခွာခဲ့ရသည်။ ထိုအခိုက်အတံ့လေးမှာတော့ ကလေးအတွေးနှင့် နေလုံးကြီး… ကျွန်မ ဖြစ်ချင်ခဲ့မိသည်။ သို့မှသာ ဧရာဝတီထဲကို နေ့စဉ်နေ့တိုင်း တိုးဝင်ခိုလှုံကာ နီးစပ်ခွင့်ရနိုင်မည် မဟုတ်ပါလား…။

ထိုခရီးတိုလေးက အပြန်မှာ ဧရာဝတီ၏ မြင်ကွင်းပုံရိပ်တွေ ကျွန်မ မျက်စိထဲမှာသာမက ရင်ထဲသို့ အပြီးတိုင်အောင် ခိုင်မြဲစွာ စူးနစ် ဝင်ရောက်ခဲ့ပြီး ဖြစ်လေသည်။ ကျွန်မ နားလည်တတ်သိသော အသက်အရွယ်ကို ရောက်လာသောအခါတွင် စကားမဆိုတတ်သော ဧရာဝတီ၏ ညင်သာသော ရေစီးသံနှင့်အတူ လျှို့ဝှက်စကားသံများ (သို့မဟုတ်) တီးတိုး ညည်းဆိုသံများကို အချိန်တိုင်းလိုလို ကြားချင်နေမိသည်။ ဧရာဝတီမှာလည်း ရင်ထဲက စကားသံတွေ ရှိနေနိုင်တာပဲ မဟုတ်လား…။ ဧရာဝတီကို လွမ်းသော တချို့ ညတွေမှာ ကွယ်လွန်သွားပြီဖြစ်သော အဖိုးနှင့် ဧရာဝတီကို တွဲဖက်ကာ အိပ်မက် မက်မြင်တတ်ခဲ့သည်။

အဆိုးဆုံးကတော့ အခု လောလောဆယ်မှာပဲ ဖြစ်သည်။ တိမ်ညိုညစ်တို့လို မှိုင်းမှောင်သော အကြံအစည်တွေကြောင့် ကျွန်မချစ်သော ဧရာဝတီ တကိုယ်တည်း ငိုညည်းနေမည်လော… ဒါဏ်ရာ အနာတရတွေအတွက် နာကျင်ခံခက်စွာ ညည်းတွားနေမည်လော… အံကြိတ်ကာ အသံတိတ် လှဲလျောင်းနေမည်လော… သို့တည်းမဟုတ် ရှိသမျှ အားအင်တို့ကို စုစည်းပြီး ခုခံတွန်းလှန်ရန် ပြင်ဆင်ကြိုးစားနေမည်လော…။ ဖြစ်နိုင်လျှင် အခုချက်ချင်း ဧရာဝတီဆီကို အပြေးကလေး ပြန်သွားလိုက်ချင်ပါသည်။ သူ့စကားသံများ ညည်းတွားရှိုက်သံများကို ကျွန်မ စာနာစွာ ကြားနာလိုလှပါသည်။ သို့သော်လည်း ဧရာဝတီဆီကို တခုတ်တရ လိုက်ပို့မည့် အဖိုးကဖြင့် မရှိတော့ပြီ။ ပြီးတော့ ကျွန်မကိုယ်တိုင်ကလည်း ရေကြည်ရာ မြက်နုရာ… ဧရာဝတီနှင့် ခပ်ဝေးဝေးတနေရာမှာ…။

ဧရာဝတီနှင့် ဝေးနေရသော်လည်း ဧရာဝတီကို သိသူတိုင်း သူ့ကို ချစ်ခင် တွယ်တာလှသည်။ ကြီးမား ခန့်ငြားသော ဧရာဝတီကို အစဉ် တွေ့မြင်မနေရသော်လည်း ဧရာဝတီအကြောင်းကို လေသံမျှ ကြားရရုံနှင့် ခံစားချက်တို့ လေးနက်ခဲ့သည်။ နှလုံးသွေးတို့ ဆူဝေခဲ့သည်။ အတွေးစတို့ ဝဲလွင့်ခဲ့သည်…။ ဧရာဝတီသည် မြန်မာတို့၏ သမိုင်းဖြစ်သည်။ ဘိုးဘွားဘီဘင်များနှင့် မျိုးဆက် ဘယ်နှစ်ခုက သည် ဧရာဝတီပေါ် မှီတင်း နေထိုင် ရှင်သန်ခွင့် ရရှိခဲ့သည်လဲ… မြန်မာဟူသော တိုင်းပြည်တခု ဖြစ်ပေါ်လာစေရန် နိုင်ငံ တနံတလျား အလယ်ဗဟိုတည့်တည့်မှ ဖြတ်သန်း စီးဆင်း ဆက်သွယ်ပေးခဲ့သော ဧရာဝတီသည် တိုင်းသူ ပြည်သား မည်၍ မည်မျှကို ကျေးဇူးပြုခဲ့သည်လဲ…။ သည် ဧရာဝတီကြီး မရှိခဲ့လျှင် ဆိုသော အတွေးကိုဖြင့် အနည်းငယ်မျှပင် မတွေးရဲပါချေ။ ထို့ကြောင့်လည်း မြန်မာပြည်သားတိုင်း ဧရာဝတီကို ကာကွယ်ဖို့ စွမ်းအားရှိသ၍ အားထုတ် ကြိုးစားနေခဲ့ကြသည်…။

ကျွန်မချစ်သော ဧရာဝတီနှင့် ပတ်သက်၍ အစဉ်တွေးဖြစ်နေသော အတွေးနှင့် အစဉ်မေးဖြစ်နေသော အမေးတခု ရှိပါသည်…။ ဧရာဝတီကို ချစ်မြတ်နိုးကြသူတိုင်း သည်အတွေးကို တွေးကာ သည် အမေးကို ကိုယ်တိုင်ကိုယ်ကျ ပြန်မေးကြည့်ကြစေချင်ပါသည်။ ထိုအတွေးနှင့် အမေးကတော့… ကျွန်မတို့တတွေ ဧရာဝတီကို မည်၍ မည်မျှ အသုံးပြုခဲ့ကြ၊ အသုံးချခဲ့ကြ ပြီးပြီလဲ… ပြီးတော့ ကျွန်မတို့တတွေ ဧရာဝတီကို မည်၍ မည်မျှ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသလဲ ဟူ၍ပင်…။




*** Photo credit to Poet & Digital Graphic Designer Khant Min Htet.

29 comments:

  1. ah Ma,very nice post.i also already post on my blog..please check for me.
    thanks

    ReplyDelete
  2. မသက်ဝေရဲ့ ဧရာဝတီကမ်းနဘေးက လွမ်းစဖွယ်ကလေးဘဝ လေးကို မှန်းဆပြီး အတူလွမ်းမိသွားတယ်..( ဝက်မှန်းမသိ ကျွဲ မှန်းမသိတဲ့ ကလေးလေးက ခုတော့ အရာရာ သိနားလည်နေပြီ ပဲ နော့်..)
    ရာဇဝင်ထဲမှာပဲ ကျန်ခဲ့ရတော့မဲ့ ချစ်သောဧရာဝတီကြီး မဖြစ်စေဖို့  ဆုတောင်းနေရုံမှ တပါး...

    ခင်တဲ့
    မကိ..

    ReplyDelete
  3. ညမလေး ဧရာဝတီနဲ့ မိတ်ဆက်တုန်းက မြစ်ဆုံမှာ မမရေ..ဘ၀မှာ ပထမဆုံး ထွက်ဖူးတဲ့ ခရီးက အဲဒီမြစ်ဆုံပါပဲ....အာလူးကျောက်လေးတွေရယ် ရေအေးအေးစိမ့်စိမ့်ကြည်ကြည်လေးအောက်က ငါးသေးသေးလေးတွေရဲ့ ပုံရိပ်ဟာ ၃နှစ်ခွဲအရွယ်ထဲက မျက်လုံးထဲ ထုတ်မရအောင် စွဲမြဲအောင်နေတာ..ခုတော့ အဲငါးလေးတွေလဲမရှိတော့ အာလူးကျောက်တွေလဲ dozer နဲ့အထိုးခံရပီနော်..မြစ်ဆုံစီမံကိန်းဆိုတာကို လွန်ခဲ့နှစ်တော်တော်ကြာ survey စတိုင်းပီဆိုထဲက သတင်းကြားသိနေတာ. မဖြစ်လာပါစေနဲ့ ဆုတောင်းတာ ... ခုတော့ ဘ၀ရဲ့မမေနိုင်စရာနေရာတစ်ခု ထုတ်ခံလိုက်ရသလိုပဲ..ညမလေး ဧရာဝတီနဲ့ မိတ်ဆက်တုန်းက မြစ်ဆုံမှာ မမရေ..ဘ၀မှာ ပထမဆုံး ထွက်ဖူးတဲ့ ခရီးက အဲဒီမြစ်ဆုံပါပဲ....အာလူးကျောက်လေးတွေရယ် ရေအေးအေးစိမ့်စိမ့်ကြည်ကြည်လေးအောက်က ငါးသေးသေးလေးတွေရဲ့ ပုံရိပ်ဟာ ၃နှစ်ခွဲအရွယ်ထဲက မျက်လုံးထဲ ထုတ်မရအောင် စွဲမြဲအောင်နေတာ..ခုတော့ အဲငါးလေးတွေလဲမရှိတော့ အာလူးကျောက်တွေလဲ dozer နဲ့အထိုးခံရပီနော်..မြစ်ဆုံစီမံကိန်းဆိုတာကို လွန်ခဲ့နှစ်တော်တော်ကြာ survey စတိုင်းပီဆိုထဲက သတင်းကြားသိနေတာ. မဖြစ်လာပါစေနဲ့ ဆုတောင်းတာ ... ခုတော့ ဘ၀ရဲ့မမေနိုင်စရာနေရာတစ်ခု ထုတ်ခံလိုက်ရသလိုပဲ..ညမလေး ဧရာဝတီနဲ့ မိတ်ဆက်တုန်းက မြစ်ဆုံမှာ မမရေ..ဘ၀မှာ ပထမဆုံး ထွက်ဖူးတဲ့ ခရီးက အဲဒီမြစ်ဆုံပါပဲ....အာလူးကျောက်လေးတွေရယ် ရေအေးအေးစိမ့်စိမ့်ကြည်ကြည်လေးအောက်က ငါးသေးသေးလေးတွေရဲ့ ပုံရိပ်ဟာ ၃နှစ်ခွဲအရွယ်ထဲက မျက်လုံးထဲ ထုတ်မရအောင် စွဲမြဲအောင်နေတာ..ခုတော့ အဲငါးလေးတွေလဲမရှိတော့ အာလူးကျောက်တွေလဲ dozer နဲ့အထိုးခံရပီနော်..မြစ်ဆုံစီမံကိန်းဆိုတာကို လွန်ခဲ့နှစ်တော်တော်ကြာ survey စတိုင်းပီဆိုထဲက သတင်းကြားသိနေတာ. မဖြစ်လာပါစေနဲ့ ဆုတောင်းတာ ... ခုတော့ ဘ၀ရဲ့မမေနိုင်စရာနေရာတစ်ခု ထုတ်ခံလိုက်ရသလိုပဲ.. ဧရာဝတီကို အချိန်မှီပြန် ကယ်တင်နိုင်ပါစေလို့ ထပ်ဆုတောင်းပါတယ် မမရေ ချစ်ခင်စွာ
    ညမ~ဖြူမေ

    ReplyDelete
  4. ဟုတ်တယ် အစ်မရေ...
    ကျွန်တော်ဆိုရင် ဧရာဝတီမြစ်ကမ်းဘေးမှာ နေထိုင်ကြီးပြင်းခဲ့ပေမယ့် ဧရာဝတီကို တွေ့ တိုင်း အားအင်တွေ တိုးလာသလို ခံစားရတယ်။ နေ့ တိုင်းတွေ့ နေရပေမယ့်လို့ မရိုးနိုင်ဘူး။ ရေချိုးခါနီးတိုင်း မြစ်ကမ်းနဖူးမှာထိုင်ပြီး မြစ်ပြင်ကျယ်ကြီးကို တမေ့တမောကြည့်ပြီးမှ ရေချိုးဖြစ်တယ်။ နောင်ခုလို မြစ်ပြင်ကျယ်ကြီး ရှိပါဦးမလားလို့ စိုးရိမ်နေမိပြီ အစ်မရယ်...

    ပထမဆုံး အလည်ရောက်ခဲ့တယ်အစ်မ...
    လင့် လဲယူသွားပါတယ် အစ်မ...

    ReplyDelete
  5. ၅ နှစ်အရွယ် ကလေးမလေး တစ်ယောက်ရဲ့ ရင်ထဲကို ဧရာဝတီ စီးဝင်လာပုံက သိမ်မွေ့ညင်သာ သလောက်၊ အားမာန်အပြည့်နဲ့ လှလိုက်တာ...၊ ကလေးမလေးကို ဧရာဝတီဆီ သွယ်ယူသွားတဲ့ အဖိုးရဲ့ မိတ်ဆက်ပေးမှု ကြောင့်လည်း ခမ်းနားကြီးကျယ်မှုက အခုလို တခါတည်း ဖမ်းစားလိုက်တာ နေမှာ..၊ အဲဒီလို ကလေးတွေ၊ ကလေးမလေးတွေ အားလုံး ဒီနေ့ အချိန်မှာ အဲဒီ ဧရာဝတီရဲ့ ခမ်းနားကြီးကျယ်မှုကို 'တခါက' ဆိုတဲ့ စကားမသုံးဘဲ တသက်လုံး ဆက်ပြောနေနိုင်ဖို့ စိုးရိမ်နေကြရပြီ....။

    ReplyDelete
  6. မမ ..ရေးထားတာလေး ကောင်းလိုက် လှလိုက်တာ။ အဲ့ဒီ ချစ်စရာ မြေးအဘိုး နဲ့ ကိုယ် ပါ ဧရာဝတီဘေး ကို ရောက်သွားသလိုပါပဲ။ ဒီလို စာမျိုးလေးတွေ ဖတ်ရင် တစ်ဖြည်းဖြည်း နဲနဲသွားတဲ့ ကျေးလက်ယဉ်ကျေးမှု၊ သဘာဝရှုခင်း မြင်ကွင်းတွေကို ပျောက်ကွယ်
    သွားမှာ အရမ်းစိုးရိမ်တယ်။

    နောင့်

    ReplyDelete
  7. ဧရာဝတီ နဲ့ မြို့ကလေးအကြောင်း ဖတ်ရင်းစဉ်းစားမိတယ်၊
    မန်းတလေးက ဧရာဝတီဖြစ်ရေကို နေတိုင်းသောက်နေရတာပါ
    ကျုံးရေကမပေးနိုင်ခဲ့တာ ကြာပါပြီ
    မြစ်ကြီးရေမရှိတော့ရင် ရေသန့်ရုံတွေလည်းရပ်
    သောက်စရာမရှိ ဘယ်ရေသောက်ကြမလဲမေးးရင်
    တရုတ်ပြည်က ဝယ်သောက်၊ မယ်လမင်းပါလာမှာတော့ကြောက် နေတယ်၊

    ReplyDelete
  8. စာဖတ်ရင် စာထဲ ဈာန်ဝင်သွားတယ်

    ReplyDelete
  9. ဒေါက်တားအေးချမ်းကပြောဖူးတယ်၊
    ဘိုးဘွားဘီဘင်တွေက၊
    တရုတ်တွေလာလာနှောင့်ယှက်လို့၊ရွှေလီဖက်ကနေ
    ပြောင်းဆင်းပြီးဗမာပြေထူထောင်တယ်တဲ့၊
    အခုကြသစ္စာဖောက်ပုံကဗမာပြေကမြစ်ကြီးက
ိုတရုတ်ပြေရောင်းမလို့တဲ့လား
    ဗမာပြေမပေါ်ပေါက်မီကထဲကသွေးသား
    မျိုးဆက်တွေမှီခိုရှင်သန်ခဲ့ရတဲ့၊သဘာဝက
ိုကိုယ့်တစုထဲသဘောနဲ့ ဖျက်စီးမလို့တဲ့လား..
    မသက်ဝေနဲ့ အနုပညာသည်အားလုံးရဲ့ ဧရာဝတီပေါ်သစ္စာထားမှုတွေလေးစားတယ်
    ကိုယ်ကျိုးကြည့်ပြည်ဖျက်တွေကိုရှုတ်ချပါတယ်

    ReplyDelete
  10. ဧရာဝတီကိုမှ ရောင်းစားချင်တဲ့ အကြံပက်စက်သူတွေအကြောင်း တွေးမိတိုင်း စိတ်နာမိတယ်။
    မသက်ဝေးရဲ့အက်ဆေးက ဖတ်ရတာခါတိုင်းလို ညိမ့်ညိမ့်လေးပါ။
    ဒါပေမဲ့ ဧရာဝတီအတွက် ရတက်မအေးတာကြောင့် ရင်မအေးနိုင်ဖြစ်မိပါတယ်။

    ReplyDelete
  11. ဧရာဝတီအက်ဆေး ဖတ်လို့ ကောင်းနေပြန်ရော။
    အဖိုးနဲ့မြေးမလေး -ဧရာဝတီ လွမ်းမောစရာလေး။

    တို့မှာလဲ ဧရာဝတီနဲ့ပတ်သတ်လို့ ဓာတ်ပုံတွေလဲရှိတယ်။ အမှတ်တရတွေလဲရှိတယ်။ သူငယ်ချင်းလို အက်ဆေးမကောင်းတော့ ဘယ်လိုရေးရမလဲ စဉ်းစားနေတယ်။

    ReplyDelete
  12. ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်..။

    ဧရာဝတီကိုချစ်တဲ့
    မိုးငွေ့

    ReplyDelete
  13. အဖိုးနဲ့မြေးရဲ့ ဧရာဝတီကို ဖော်ကျူးသွားပုံလေးက စိတ်ထဲမှာ ထင်ကျန်သွားလိုက်တာများ..။ ဧရာဝတီရဲ့ ကြီးကျယ်မြင့်မြတ်မှုတွေက စာဖွဲ့လို့ မကုန်နိုင်ပါဘူးအစ်မသက်ဝေရေ..။ ဧရာဝတီကို အမြဲ ကျန်းမာရေး ကောင်းစေချင်ပါတယ်ရှင်...။

    ReplyDelete
  14. ချစ်စရာ မြေးမလေး နဲ့ ချစ်စရာ အဖိုး တို့ ကို လာရောက် ခံစားသွားပါတယ်

    စာထဲမှာ မြောပါသွားပါတယ် ကျေးဇူး

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  15. ဧရာဝတီကမ်းနဘေးက လွမ်းစဖွယ်ကလေးဘဝ လေးကို မှန်းဆပြီး မသက်ဝေနဲ့
    တူတူလွမ်းမိသလိုခံစားလိုက်ရပါတယ်....
    စာထဲမှာမျောသွားတယ်....
    ဧရာဝတီကို အချိန်မှီပြန် ကယ်တင်နိုင်ပါစေလို့
    အားလုံးနဲ့အတူ ဆုတောင်းနေမိပါတယ်။
    ခင်မင်တဲ့ jas

    ReplyDelete
  16. ကိုအောင်(ပျူနိုင်ငံ)September 23, 2011 at 7:37 PM

    မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

    ReplyDelete
  17. မေ့ဘို့ခဲယဉ်းတဲ့ အတိတ်က ကလေးဘဝအကြောင်း ဖတ်ရင်း လွမ်းမောဖွယ် မြေးအဘိုးနှစ်ယောက်ပုံလေး ပီပြင်လာတယ်။
    မြစ်ဧရာ ထာဝရအေးချမ်းစွာ စီးဆင်းနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  18. အမသက်
    ဧရာဝတီ ရဲ့ မရိုးနိုင်တဲ့ လွမ်းပုံပြင်လေး ဖတ်သွားပါတယ်
    ချစ်သော ဧရာဝတီ ထာဝရ စီးဆင်းစေဖို့
    တောင်းဆုချွေပါတယ်

    ခင်မင်တဲ့
    seesein

    ReplyDelete
  19. ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

    ReplyDelete
  20. ဒါတို့မြစ်... ဒါတို့မြစ်... တို့အားလုံးရဲ့ ဧရာဝတီမြစ်....
    ဒို့နှလုံးသား အသက်ထပ်တူညီ ချစ်လို့ ကာကွယ်ကြမည်။
    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

    ReplyDelete
  21. မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
    ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

    ReplyDelete
  22. လွမ်းမောစရာ ဧရာဝတီပါပဲ သူငယ်ချင်းရယ်...လူတိုင်းရဲ.ရင်မှာရှိခဲ့တဲ့ မြစ်တစ်စင်း...မြန်မာ့မြေပုံဆွဲတိုင်း စိတ်လိုလက်ရ ဆွဲခဲ့တဲ့ မြန်မာပြည်ရဲ့ ရင်ခွင်ထဲက မြစ်တစ်စင်း...လေယာဉ်ပေါ်ကမြင်တော့ ရေတွေနည်းသွားလိုက်တာကိုကြည့်ပြီး ဟယ်..အဲဒါ ဧရာဝတီတဲ.လားလို.စိတ်မကောင်းဖြစ်ခဲ့ရတဲ့ တို.များအားလုံးရဲ့ ဧရာဝတီ...ချစ်သောဧရာဝတီ!!!

    ReplyDelete
  23. အစ်မသက်ဝေရေ
    ညီမလေးကိုတော့ ၁တန်းကျောင်းသူအရွယ်မှာ သပြေတန်းခံတပ်၊ စစ်ကိုင်းတံတားနဲ့ ဧရာဝတီကို မေမေက မိတ်ဆက်ပေးခဲ့တယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေကို မြတ်နိုးတန်ဖိုးထားတတ်အောင် သင်ပေးခဲ့တယ်။
    အဆုံးရှုံး မခံနိုင်ဘူး အစ်မရယ်။
    မြစ်ဆုံဆည် ဗျူဟာစီမံကိန်းကို အပြင်းအထန် ကန့်ကွက်ပါတယ်။

    ReplyDelete
  24. မမရေ..
    အဖိုးက ပြောသည်…။ သမီး… ဒါ ဧရာဝတီ တဲ့…။
    အဖိုးက ထိုစကားကို တကြိမ်ထဲ တခွန်းထဲ ပြောသော်လည်း ကျွန်မနားထဲတွင် ဧရာဝတီ… ဧရာဝတီ… ဧရာဝတီ… ဟု အခွန်းပေါင်းများစွာ ပဲ့တင်ထပ်သွားခဲ့သည်…။

    ထို့နောက်မှာတော့ အဖိုးက ဧရာဝတီ အကြောင်းကို ကျွန်မမျှော်လင့်ထားသလို စကားလုံးတွေ အများကြီးနှင့် ရှင်းလင်းပြောဆိုခြင်း အလျဉ်းမရှိ…။ အသက်မဲ့ ဧရာဝတီကို အသက်ဝင် လှုပ်ရှားနေသော မြင်ကွင်းနှင့်အတူ မိတ်ဆက်ပေးခဲ့သည်။

    အဖိုးရဲ့မိတ်ဆက်ပုံလေး သိပ်လှတာပဲ မမရေ..။

    ဧရာဝတီ ဘာမှ မဖြစ်ပါစေနဲ့။

    ReplyDelete
  25. ထပ်ဖတ်သွားပြီးမြစ်ဧရာကိုပိုပိုစိုးရိမ်လွမ်းဆွတ်ပါတယ်

    ReplyDelete
  26. Poet, writers, novelists are good command in artistic and naturalistic views and compositions.
    I love following story too.
    အံ့သြဖွယ်ကောင်းသည်မှာ ဧရာဝတီကို ချစ်သည်ဟု ဆိုကြသော၊ ကျေးဇူးတင်သည်ဟု ဆိုကြသော၊ ဧရာဝတီကို အမှီပြုရပါသည်ဟု ဆိုကြသော ခရီးသည်အပေါင်းတို့သည် ဗန်းမော်မြို့ကို လှမ်းမြင်လိုက်သည်နှင့် လမ်းခရီးတစ်လျှောက် စုဆောင်းလာသော အမှိုက်သရိုက်များကို အားပါးတရ ပစ်ချလိုက်ကြလေတော့သည်။
    (ဧရာဝတီ အထက်ပိုင်းဆီသို့ ဆန်တက်သောအခါ, http://www.myatshu.com/2011/09/20)

    ReplyDelete
  27. အစ်မသက်ဝေ ... ကြည်နူးဖွယ်၊ လွမ်းမောဖွယ် ဆွတ်ပျံ့ဖွယ်စတဲ့ ရသမျိုးစုံပေးတဲ့ ဒီပို့စ်လေးကို နှစ်သက်စွာခံစားပြီး ဖတ်သွားပါတယ် ... ဧရာဝတီနဲ့ပတ်သတ်ပြီး အဲ့လို တခမ်းတနား မိတ်ဆက်ခြင်းမခံရပေမယ့် မြန်မာတစ်ယောက်အနေနဲ့ ဧရာဝတီကို သိပ်ချစ်ပါတယ် .... မြစ်ကြီးအရှည်တည်တံ့ပါစေလို့ ဆုတောင်းရင်း ....

    ReplyDelete
  28. အစ်မသက်ဝေရဲ့ မန်မိုရီလေး တွေ ရှယ်ပေးတာ ကျေးကျေးပါ။ ဧရာဝတီကို တစ်သက်နဲ့  တစ်ကိုယ် မမြင်ဖူးတဲ့ လူတွေ ရှိပါတယ်။ ကျနော်တောင် အဝေးကနေ ဖြတ်သွား ဖြတ်လာ ၃ ကြိမ် ပဲ (တွေ့ ) ခဲ့ဖူးပါကြောင်းဗျာ။

    ReplyDelete
  29. ဘလောက်ကာများရဲ့ ဧရာဝတီအပေါ်ချစ်ခင်စောင့်ရှောတ်မှူကိုသမ္မတကြီးက
    ကျေးဇူးအများကြီးတင်ပါတယ်၊
    လက်လွန်နေတဲ့ငွေတွေကိုလည်း
    ဝိုင်းဆပ်ဖို့စုထားပေးရန်မေတ္တာ ရပ်ခံပါတယ်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...