Sunday, February 19, 2012
အမှုတွဲ အမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂
ပြီးခဲ့တဲ့ တပတ်က ဖြစ်ပါတယ်…။
၆ လ ကျော် လက်ပွန်းတတီး အသုံးပြုခဲ့တဲ့… ဟိုတို့ ဒီတို့ တို့ထိပြီး အသုံးပြုရတဲ့ လက်စွဲတော် အိုင်ပက် အမှတ်-၂ ဟာ ရုတ်ချည်းဆိုသလို အတို့ မခံ အထိ မခံ တဲ့ ဘဝကို ရောက်သွားပါတယ်။ တနေရာကို တို့လိုက်ရင် နောက်တနေရာက ပွင့်လာတယ်။ နောက်တနေရာကို တို့လိုက်ရင် အရင်က တို့ထားခဲ့တဲ့ နေရာက စိတ်ဆိုး မာန်ဆိုးနဲ့ ပွင့်လာပါတယ်။ အထိမခံ ကြွေပန်းကန် ဖြစ်လာတဲ့ သဘောတွေလည်း အများကြီး ပါပါတယ်…။ တခါတခါမှာတော့ ထိရာ တခြား ပွင့်ရာ တခြားတွေလည်း ဖြစ်ပါတယ်။ တခါတခါမှာတော့ ထိချင်တိုင်းထိ ထိချင်တဲ့နေရာကိုသာ ထိ… တုတ် တုတ်မှ မလှုပ်ပါဘူး။ ခပ်တင်းတင်းနဲ့ ပြန်ကြည့်နေပါတယ်။
အဲ… ဒါတွေပဲလား ဆိုတော့ မဟုတ်ပြန်ပါဘူး…
ဘယ်နေရာကိုမှ မထိရပဲနဲ့လည်း အပလီကေးရှင်းတွေဟာ သူ့အလိုလို တခုပြီးတခု ထ ပွင့်နေပြန်ပါတယ်။ တခါတခါများဆို ပွင့်ချင်တိုင်း ပွင့်နေတာ Smurfs နဲ့ Angry Birds နဲ့ တခြမ်းစီ ပွင့်လိုပွင့်… Snoopy နဲ့ Temple Run နဲ့ တဝက်စီ ပေါ်လာလို ပေါ်လာ… အိုင်မြန်မာနဲ့ ဓါတ်ပုံတွေ တလှည့်စီ ရောက်လို ရောက်... သူ့အလိုလို သီချင်းတွေ ထ ဆိုလိုဆို... စိတ်ထဲမှာ Steve Jobs ကြီး တယောက် သေသေချာချာမှ လွတ်မြောက်ရဲ့လားလို့ တွေးပြီး အမျှအတန်းတောင် ပေးဝေချင်စိတ် ပေါ်လာမိသေးတော့…။
ဘယ်လိုဖြစ်ပြီး အဲဒီလို ဖြစ်သွားတယ်ဆိုတာ မပြောတတ်ပါဘူး တကယ်တော့ သူများတွေ သုံးသလောက်ကို ပြင်းပြင်းထန်ထန် မသုံးဖြစ်သလို အချိန်လည်း များများစားစား မသုံးဖြစ်ပါဘူး... တနေ့လုံး ရုံးမှာ ကစားချိန် ၁၅ မိနစ်လောက်၊ အိမ်ရောက်တော့လည်း အလွန်ဆုံး သုံးဖြစ်တာ တနာရီ နှစ်နာရီလောက်ပါပဲ...။ သုံးတယ်ဆိုတာလည်း ဖဘ ဖတ်တာရယ်၊ တခြားစာတွေ သတင်းတွေ ဖတ်တာရယ်၊ Smurfs /Angry Birds နဲ့ Snoopy Street's Fair ကစားတာရယ်ပဲ ရှိပါတယ်။ ပျက်ချိန်တန်လို့ ပျက်တယ်ပဲ သဘောထားရမှာပေါ့...
နောက်ဆုံးမှာတော့ အဲဒီ အိုင်ပက် အမှတ်-၂ ကို ဆေးကုရတော့မယ်လို့ ဆုံးဖြတ်ပြီး နည်းလမ်းတွေ ရှာဖွေပါတယ်။ StarHub က ယူထားတာမို့ သူ့ဆီ အရင်သွားပါတယ်။ သူက တာဝန်မယူပါဘူး။ ပန်းသီးရဲ့ စက်မှုဆိုင်ရာကို ဝန်ဆောင်မှုပေးတဲ့ နေရာကို ညွှန်ပါတယ်။ ဖူနန် ၅ ထပ်မှာပါ။ အဲဒီကိုရောက်တော့မှ ကိုယ့်လိုလူတွေ အများကြီး ရှိနေပါလားလို့ အားတက်မိပါတယ်။ ကိုယ်ရောက်သွားတဲ့ အချိန်မှာ အဲဒီဆိုင်ရဲ့ ကောင်တာ တခုမှာ အသက် ၅၀ လောက် ရှိတဲ့ လူကြီးတယောက် စိတ်ဆိုးပြီး အဲဒီကောင်တာက အမျိုးသမီးနဲ့ စကားတွေ များနေပါတယ်။ နားစွန်နားဖျား ကြားလိုက်တာကတော့ “ငါ ဝယ်ထားတာ အသစ်စက်စက် ယူနစ်ပါ…” ဆိုတာရယ် “မင်းတို့ မမျှတဘူး…” ဆိုတာရယ် ပါ။ ကောင်တာက တာဝန်ရှိ အမျိုးသမီးကတော့ မျက်နှာငယ်ငယ်နဲ့ ပျော့ပျော့ပျောင်းပျောင်း ပြန်ပြောနေတာ တွေ့ရပါတယ်။ သူ ဘာတွေ ပြန်ပြောသလဲ ဆိုတာကို အတတ်နိုင်ဆုံး နားရွက်ကို ကားပြီး စပ်စုပါတယ်… ဒါပေမယ့် မကြားရပါဘူး။
ကိုယ့်အလှည့်ရောက်တော့ ကောင်တာက ဝန်ထမ်းက တရုတ်ကလေးပါ။ သူ့လက်ထဲမှာ ကိုယ့်အိုင်ပက် ဆတ်ဆတ်ထိမခံ ဖြစ်နေပုံကတော့ သူလေးခမျာ ပစ္စည်းရဲ့ အမှတ်စဉ်ကိုတောင် မနည်း ကြည့်ယူရပါတယ်။ ပြီးတော့ သူက “အသုံးပြု၍ မရပါ” ဆိုတဲ့ မှတ်ချက်ရေးပြီး ၃ ရက်မြောက်တဲ့နေ့မှာ နောက်တလုံး လာယူနိုင်ပါတယ် လို့ ပြောပါတယ်။ အင်မတိ အင်မတန် တုံးတာတဲ့ သက်ဝေဟာ ၆ လတာ သုံးပြီးသား ပစ္စည်းအပျက်လေးကို လွယ်လင့်တကူ လက်ခံပြီး အသစ်တလုံး အစားထိုး ပြန်ပေးမယ်ဆိုတော့ ဝမ်းသာ ပျော်ရွှင်ပြီး ပြန်လာခဲ့ပါတယ်။ အဲ… ဟိုကောင်တာက လူကြီးကတော့ မျက်နှာတင်းတင်းကြီးနဲ့ ဆက်ထိုင်နေဆဲပါ။
သူတို့ပြောထားသလို ၃ ရက်တောင် မကြာပါဘူး၊၂ ရက်မြောက်တဲ့နေ့မှာ လူကြီးမင်းရဲ့ အနက်ရောင် အိုင်ပက် အမှတ်-၂ လာယူလို့ ရပြီဖြစ်ကြောင်း ဖုန်းဆက်လာပါတယ်။ Smurfs တို့ Snoopy တို့ မှာ သူများတွေ ကိုယ့်ထက် အမှတ်တွေ အဆင့်တွေ ကျော်သွားလောက်ပြီ ဆိုတဲ့ အတွေးတွေနဲ့ ရုံးဆင်းဆင်းချင်း အပြေးသွားယူပါတယ်။ အိပ်အဖြူရောင်လေးနဲ့ ထည့်ထားတဲ့ အရာလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ ယူ… လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပြီး အိမ်ပြန်လာပါတယ်။ သက်ဝေတို့ တုံးတာတဲ့ နောက်တချက်ကတော့ ပစ္စည်းကို လက်မခံခင်မှာ စစ်ဆေးကြည့်ဖို့ စမ်းသပ်ကြည့်ဖို့ လုံးဝ သတိမရခဲ့တာပါပဲ…။
ဒါနဲ့ အိမ်ရောက်တော့ သေးငယ်တဲ့ ကဒ်လေးကို ထည့်ပြီး တိမ်တိုက်တွေကြားထဲမှာ သိမ်းဆည်းထားတဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည် ရယူပါတယ်။ ပြီးတော့ ဒါပေမယ့် Starhub 3G ဆိုတဲ့ စာတန်းလေး ပေါ်မလာပါဘူး။ အဲဒါ အသာထားပြီး Wi-Fi နဲ့ လုပ်စရာရှိတာတွေ လုပ်ပါတယ်၊ ဒါပေမယ့် အချိန် တော်တော်ကြာတဲ့အထိလည်း Starhub 3G က ပေါ်မလာပါဘူး။ စိတ်ထဲမှာတော့ ဟိုတလောကမှ တပ်ထားတဲ့ ဖိုင်ဘာဆိုတဲ့ အရာကြီးက အားကောင်းလွန်းတော့ သူကပဲ ကြီးစိုးနေလို့ ဟို 3G လေး မပေါ်နိုင်တာဖြစ်မယ်လို့ တွေးနေပါတယ်…။ အဲဒီညက Wi-Fi တန်ခိုးနဲ့ အရာရာ ပြေလည်ပေမယ့် နောက်တနေ့ ရုံးရောက်တော့ ပြဿနာက စပါတယ်။ ဘာမှ လုပ်လို့မရတော့တဲ့အပြင် တချိန်လုံး သူ့အလိုလို ပိတ် ပိတ်ကျသွားပါတယ်။ ပြီးရင် သူ့အလိုလို ပြန်ပွင့်လာပါတယ်… ဒီတော့ တကိုက်ကိုက်ထားတဲ့ ပန်းသီးတွေ တလုံးပြီး တလုံး ပေါ်လာလိုက် ပျောက်သွားလိုက်ပေါ့… အော်… Steve Jobs… Steve Jobs…
ဒီတခါတော့ တုံးတာတဲ့ ကိစ္စကို ခဏ ရပ်ပြီး ပူနေတဲ့ ပန်းသီးလိုင်းကို ဆက်သွယ်ပြီး အမှုတွဲပါတယ်။ ဟိုကလည်း အလွယ်တကူပဲ အမှုတွဲအမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂ နဲ့ အမှုဖွင့်ပေးပါတယ်။ စကားတွေလည်း အများကြီး ပြောပါတယ်။ လိုရင်းကတော့ သူတို့ ပြန်ပေးလေ့ရှိတဲ့ ယူနစ်ဟာ ပန်းသီးဂိုထောင်က ထုတ်လာတဲ့ အစားထိုး ယူနစ် (အသစ်) ပါ တဲ့။ အစားထိုးတယ်လဲ ပြောသေး အသစ်လို့လည်း ပြောသေး။ ဒီနေရာမှာ ပြောစရာ နောက်တခုကတော့ သူတို့ရောင်းချတဲ့ ပန်းသီးကို ဂရုစိုက်တဲ့ အရာကို ဝယ်ရင် အသစ်စက်စက် ပြန်ရမလားဆိုတဲ့ ပြဿနာပါ။ ဘယ်လိုမေးမေး သူတို့ကတော့ အစားထိုး ယူနစ် (အသစ်) ဆိုတာကိုပဲ ပါးစပ်ကမချ ပြောနေပါတယ်။ နောက်ဆုံးတော့ ပစ္စည်းလဲဖို့အတွက် ဖူနန်က ဆိုင်ကိုပဲ ပြန်သွား ရမှာပါ။
ဒါနဲ့ ကိုယ့်အမှုတွဲလေး ကိုယ်ကိုင်ပြီး ဖူနန်ကိုရောက်ခဲ့ပါတယ်။ ဟိုနေ့ကတွေ့ခဲ့တဲ့ ဝန်ထမ်းတရုတ်ကလေးကပဲ အစားထိုး ယူနစ် (အသစ်) တလုံးကို စနေနေ့မှာ လာယူပါလို့ ပြောပါတယ်။ ကိုယ့်ရှေ့မှာ အပျက်ကလေးတွေ လာထားပြီး အသစ်တလုံးရမှာမို့ ဝမ်းသာတဲ့ မျက်နှာလေးတွေ ကိုယ်စီနဲ့ ပန်းသီး ပိုင်ရှင်တွေ တွေ့ပါတယ်။ သူတို့အစား သက်ပြင်းချလိုက်မိပါတယ်။
ဒီနေ့ စနေနေ့မှာ ဖူနန်ကို သွားပါတယ်။ နောက်တလုံး ပေးပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကလို မတုံးတာတော့တဲ့ သက်ဝေဟာ ပစ္စည်းကို ချက်ချင်း လက်ငင်းပဲ ဖွင့်စစ်ပါတယ်။ သေးငယ်တဲ့ ကဒ်လေးကို ထည့်ပြီး စမ်းပါတယ်... ဘာမှ ပေါ်မလာပါ။ တာဝန်ခံ ဝန်ထမ်း နှစ်ယောက်တိတိက ဖွင့်ချည် ပိတ်ချည်နဲ့ အပြန်ပြန် အလှန်လှန် စစ်ဆေးပါတယ်... လုံးဝ အဆင်မပြေပါ။ နောက်ဆုံးတော့ နောက် ၃ ရက်အကြာမှာ နောက်တလုံး လာယူပါရန် ဆိုတဲ့ စာနဲ့အတူ အောင်မြင်စွာ ပြန်လာခဲ့ရပါတယ်။ ရွေးချယ်စရာ မရှိပါ...
တော်တော်လေး (ကြီး) စိတ်နာနေပါတယ်။ ဟိုလူကြီး ဘာကြောင့် ဒီလောက် ဒေါပွနေတယ်ဆိုတာလည်း သဘောပေါက်သွားပါပြီ။ တနှစ်တာ ဝရန်တီဟာ အစားထိုး ယူနစ် (အသစ်) ဆိုတဲ့ အဟောင်းတလုံး ပြန်ပေးဖို့ကိုး လို့ နားလည်လိုက်ရပါတယ်။ ပန်းသီးကို ဂရုစိုက်တဲ့ အရာကို စင်္ကာပူ ၁၁၈ ကျပ်နဲ့ ဝယ်ထားရင် အသစ်စက်စက် ဗူးအဖြူရောင်လေးနဲ့ဟာ ပြန်ရမလား မေးတော့ အဲလိုတော့ မရပါဘူးတဲ့ နောက်ထပ် ဝရန်တီ သက်တမ်း တနှစ်တိုးသွားရုံပဲ ရှိပါတယ် တဲ့…။ ယူအက်စ်မှာဆို အဲဒါ ရှိရင် အဖြူရောင်ဗူးနဲ့ အသစ်စက်စက် တလုံး ပြန်ရတယ် ကြားတယ်။ တကယ် ဟုတ် မဟုတ် သိချင်ပါဘိတော့။ ဟုတ်တယ်ဆိုရင်တော့ ပန်းသီးချင်းအတူတူ ဘာလို့များ ခွဲခြား ခွဲခြားနိုင်ကြတာပါလိမ့်လို့ တွေးရင်း… မပြီးနိုင် မဆုံးနိုင် စိတ်အနာကြီး နာနေပါတယ်။ နောက်ဆက်တွဲ စိတ်နာစရာကောင်းတာကတော့ ပထမပန်းသီး နဲ့ ဒုတိယ ပန်းသီး မျက်နှာပြင် ကာကွယ်ရေး ပလတ်စတစ်ပြား နှစ်ခု အတွက် စကာင်္ပူ ဒေါ်လာ ၃၉.၉၀ နှစ်ခါ အသားလွတ် ဆုံးရှုံးသွားတာပါပဲ။
မနေ့က ညက တွေးထားတာ ဒီအကြောင်းကို မရေးတော့ဘူးလို့ ပဲ... ဒါပေမယ့် ဒီနေ့တော့ မနေနိုင်တော့ဘူး…။ စိတ်နာတာ စိတ်တိုတာတွေကို အခုလို ချရေးလိုက်ရင် အနည်းအကျဉ်းတော့ သက်သာရာရမှာပဲ လို့ တွေးမိတာက တကြောင်း၊ ပန်းသီး လက်ဝယ်ရှိသူများ သတိချပ်စေလိုတဲ့ စေတနာက တကြောင်း တို့ကြောင့် ဒီစာကို ရေးပါတယ်…။
Subscribe to:
Post Comments (Atom)
ယဒြာ .... သန်းနိုင် ရဲ့ ပန်းသီးဖီလင် သီချင်း ကို တနေ့ သုံးခါနားထောင်ပါ
ReplyDeleteကြောက်လိုက်ထှာ.....
ReplyDeleteအိမ်က ပူတူးစိန်ကို ငိုချင်ငိုပေ့စေ.. ပေးမကိုင်တော့ဘူး....ဟူး.........
ဗူးဖြူလေးနဲ့ အသစ်ရမယ် မှတ်တာ....
ကျွန်ုပ်ကား ပထမဆုံး ကောမန့်ရှင်ပင်ဖြစ်၏။
အစ်မရေ.... စင်စင်ပါ... အပေါ်က
ReplyDeleteဟိး ကိုယ်အသီးလေး အဲလိုမပျက်အောင် ဘယ်လိုဖြစ်ပြီး ပျက်တယ်ဆိုတာလေး အနည်းငယ်လောက် ပညာပေးပါလား။
ReplyDeleteဦးမွ
အဲ...ညီမလေးတော့ ပန်းမသီးနိုင်လို့ ဘာမှန်းကို မသိပါဘူးမမရယ်...:):)
ReplyDeleteအနောနမတ်စ်...
ReplyDeleteယဒြာကို ကြိုက်သွားပြီ... သီချင်း လင့်ခ် လာပေးပါအုံး... နားထောင်ရအောင်...
စင်စင်... စင်စင်...
ကိုယ်နဲ့ စင်စင်နဲ့ ထူးမခြားနားပါလား...
ဦးမွရေ (နာမည်က တမျိုးပဲနော်...)
ဘယ်လိုဖြစ်ပြီး အဲဒီလို ဖြစ်သွားတယ်ဆိုတာ မပြောတတ်ပါဘူး တကယ်တော့ သူများတွေ သုံးသလောက်ကို ပြင်းပြင်းထန်ထန် မသုံးဖြစ်သလို အချိန်လည်း များများစားစား မသုံးဖြစ်ပါဘူး... တနေ့လုံး ရုံးမှာ ကစားချိန် ၁၅ မိနစ်လောက်၊ အိမ်ရောက်တော့လည်း အလွန်ဆုံး သုံးဖြစ်တာ တနာရီ နှစ်နာရီလောက်ပါပဲ...။ သုံးတယ်ဆိုတာလည်း ဖဘ ဖတ်တာရယ်၊ တခြားစာတွေ ဖတ်တာရယ်၊ Smurfs /Angry Birds နဲ့ Snoopy Street's Fair ကစားတာရယ်ပဲ ရှိပါတယ်။ ပျက်ချိန်တန်လို့ ပျက်တယ်ပဲ သဘောထားရမှာပေါ့...
ညီမလေး အိန်ဂျယ်...
အမလည်း သီးလက်စနဲ့မို့ ခူးနေရတာပါလေ... (((ဟမ်)))
နောက်ကျ၊သုံးပြီးရေခဲသေတ္တာထဲပြန်ပြန်သိမ်းပေး..
ReplyDeleteဆရာ့ အကြံ သိပ်ကောင်းတယ်... ကျေးဇူး... :D
ReplyDeleteဗြစ်တိမ်မှာတော့ ဖုန်းအလုံးလိုက်ကလေးပဲ ပေးပါတယ်။ မူရင်း ဗူးအခွံ၊ နားကြပ်၊ အားသွင်းကြိုး မပါပါ။
ReplyDeleteအိုင်ပက်ရတဲ့ ဒုက္ခက မလွယ်ပါလား အမသက်ဝေရေ ... ။ တော်သေးတယ် အိုင်ပက်မတူးမိလို့ ... အဲဒီပြဿနာမျိုး မကြုံရတော့ဘူး။
ReplyDeleteအမသက်ဝေ စတိဂျော့ကို ခဏခဏ တ-နေတာနဲ့ သေတဲ့သူ စိတ်မဖြောင့် ဖြစ်တော့မှာပဲ ဟိဟိ။
အောင်မယ်လေး..အဲလိုဖြစ်မှာကြောက်လိုက်တာ... အိမ်ကIpad 2 လေးက ကိုယ်ရော ခလေးတွေရော အသားကုန်ဆော့တား(
ReplyDeleteဖုန်းဆိုရင်လည်း အဲလိုပဲအဟောင်းပေးမယ်ထင်တယ် တန်အောင်သုံးပစ်အုံးမှ
ReplyDeleteကင်းဒဲ တုံးကတော့ အပျက်ပြန်ပို့ လိုက်တာ ပက်ကင်ပိတ် အသစ်စက်စက်တလုံး ပြန်ပို့ ပေးတယ်ဗျာ .. အားသွင်းကြိုးတောင်ပါသေး...
ဖြစ်ရလေဗျာ.. ကျွန်တော့်အိုင်ဖုန်း 4S စစထွက်ထွက်ချင်းပဲ ပါဝါတွေချက်ချင်း ကျကျသွားတာနဲ့ တစ်ပတ်လောက်စောင့်ကြည့်ပြီး Apple Store မှာသွားပြတာ.. ဘာမှမပြောပဲ အသစ်စက်စက်တစ်လုံးနဲ့ လဲပေးလိုက်ပါတယ်.. အခုထိ ဘာမှကို မဖြစ်တော့တာပါ... စလုံးကများ... ညစ်နေလားဟင်... ???
ReplyDeleteခင်မင်လျက်
နေ၀သန်
စလုံးပန်းသီးး)
ReplyDeleteပန်းသီးပြဿနာကတော့နေရာတကာပါပဲအမရေ..
ReplyDeleteညီမရဲ့အိုင်ပက်ကဘာမှမဖြစ်ပေမယ့် မဘုတ်ပလို လေးကတော့ ၀ယ်တာ၂လုံးရှိပြီ.. ရေငွေ့ရိုက်သွားတာ မန်နျူဖတ်ချရား ဖော်လ်တီ မဟုတ်လို့ ဝ၇န်တီ ကကာဗာမဖြစ်ဘူးဆိုပဲ.. ဆိုးပါ့...
အမ- ကိုနေ၀သန်ပြောတာကို ကျနော်လဲ သဘောတူတယ်။ စလုံးက ညစ်နေတာ ဖြစ်မယ်။ ကျနော်က အိုင်းပက် မဟုတ်ပါဘူး။ အိုင်မက်ပါ။ ၀ယ်ထားပြီး ၁နှစ်တောင် မုကာခင်ပြည့်တော့မယ်။ အမပြောသလို ဖြစ်လာတော့ ပန်းသီးဆိုင်မှာ ကျနော်သွားပြတယ်။ သူတို့စပြောခတည်းက ပြင်ုကည့်မယ်။ မရရင် အသစ်ပေးမယ်။ နောက်တပါတ်လောက်အုကာမှာ အသစ်တလုံးရတယ်။ ဖြစ်နိုင်တာက စားသုံးသူအပေါ်မှာ ခိုင်မာတဲ့ ဥပဒေမရှိဘူး။ ဖြစ်နိုင်ရင်မီဒီယာကိုပြောပြပါ၊ ဆိုပါတော့ သတင်းစာတိုက်ကို ပြည်သူ့အသံလိုနေရာမျိုးမှာ ခုရေးထားတာလေး ရေးပို့ပါ၊ ဖြစ်နိုင်ရင် malaysiakini ကိုပိုံကည့်ပါ၊ လေးစားစွာဖြင့် နိုင်ထွန်း။
ReplyDeleteIt's not bcos of Apple... It's bcos of Singapore...
ReplyDeleteဟွန့်..ပန်းသီးရော၊ ဘယ်ရီအပြာရော စိတ်နာတယ်။ တော်တော်လေး (ကြီး) ပါးD နောက်ဆို အောရင့်ခ်ျ တို့ အပ်ပရီကော့တ် တို့များထွက်လေးမလား ???
ReplyDeleteနေကောင်း၊ ကျန်းမာ၊ စိတ်ချမ်းသာပါစေ ချစ်မး))
ပန်းသီးတံဆိပ်နှင့် ပစ္စည်းများ လက်ဝယ်ပိုင်ဆိုင်မှုမရှိသူဖြစ်၍ အမှုတွဲများ မကြုံသေးပါ။ :D
ReplyDeleteဖတ်ရတာနဲနဲတောင်လန့်လာတယ် သာမီးမှာလဲ အဲဒီပန်းသီးအိုင်ပက်အမှတ်၂ကို ကိုင်ထားတာ မကြာသေးဘူး...။
ReplyDeleteမြတ်ကြည်လည်း အမှတ်၂ ကို မသုံးပဲသိမ်းထားတာ ၁လ လောက်ရှိပြီ။ ပြန်ထုတ်စစ်ကြည့်ဦးမှ။
ReplyDeleteiphone မတတ်နိုင်ဘူး မမသက်ဝေ..
ReplyDelete:(
ဟား ဟား ဟား ဟား ဟုတ်တယ် အစ်မရေသက်ဝေ။ ကျွန်တော်ဆိုလည်း တော်တော် စိတ်ညစ်မိမှာပဲ။
ReplyDeleterefurbished နဲ့လဲပေးတာလား အမ၊ အဲဒါဆိုရင်တော့ မမိုက်ဘူး.. ကျနော့်ဟာကတော့ ခုထိ အိုကေနေတုန်းပဲ။
ReplyDeleteပေါင်ချိန်စက်တုန်းကလို ပဲ လုပ်ပစ်လိုက် အစ်မသက်ဝေ။ ဟီးဟီး (မြောက်ပေးသွားသည်)
ReplyDeleteသြော်... ဒီမှာတော့ အိုင်မပက်ပဲ ရှိတဲ့ အစုတ်လေးတောင် ဟဲလို..ဟဲလိုနဲ့ ခေါ်မကြား အော်မကြား၊ လူကြီးမင်းနဲ့ မတွေ့ပဲ လိုင်းမိရင်က်ု ၀မ်းသာနေရ..၊ အင်း.....ငါးထောင်တန်ဖုန်းများ ပေါ်လာလို့က ဘယ်လောက် လိုင်းတွေ ကြပ်တည်းဦးမလဲ တွေးပူရင်းးးးးးးး .....
ReplyDeleteသယ်ရင်း ... ခုမှပဲ အားလို့ ပို့စ်တွေ ဖတ်မိတယ်။ အပ်ပဲလ်က အဟောင်းကို အဟောင်းနဲ့ပဲ ပြန်လဲပေးတာပေါ့။ တော်သေးတယ် တို့ဟာလေးကောင်းနေသေးလို့။
ReplyDelete