Saturday, March 10, 2012

သောကြာည၊ တိုက်တန်းနစ်၊ လိုးရှင်း နဲ့ Crane Dance

ဒီနေ့ဟာ အများပြည်သူများ မျှော်လင့်စောင့်စားနေကြတဲ့ သောကြာနေ့ အခါသမယကြီး ဖြစ်ပေတာမို့ အလိုလိုနေရင်း စိတ်လက် ကြည်သာရှိတဲ့ အားလျော်စွာ ညနေစာကို Vivo City မှာ စားပြီး Resort World Sentosa မှာ ပြနေတဲ့ Crane Dance ဆိုတာကြီးကို သွားကြည့်ဖြစ်ပါတယ်။

ညစာစားပြီးတော့ Crane Dance ကို ကြည့်ဖို့ Vivo City ကနေ Sentosa Boardwalk တလျှောက် လေတဖြူးဖြူးနဲ့ အသက်ဝဝရှုရင်း လမ်းလျှောက်ပါတယ်။ (အဲဒီမှာ စ တွေ့တာပဲ...) လမ်းတလျှောက်မှာ ရေပြင်ကျယ်ဖက်ကို မျက်နှာမူရင်း တိုင်တန်းနစ်က ဇာတ်ဝင်ခန်းကို အပီအပြင် သရုပ်ဖေါ်နေကြတဲ့ မောင်နှံစုံတွဲတွေ အများကြီးပဲ…။ တခုပဲ မတူတာ... တိုက်တန်းနစ်မှာ မင်းသားနဲ့ မင်းသမီးက လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းထားတယ်... သူတို့ကတော့ ဟိုးအရင်က မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့ရဲ့ စည်းကမ်းအရဆို ဒီအခန်း ဖြတ်… ဒီအခန်းဖြတ်… ဆိုတဲ့ သရုပ်ဆောင်ချက်တွေနဲ့ပေါ့…

ဒီလိုနဲ့ ဆက်လျှောက်လာရင်း နောက်ထပ် ဒီအခန်း ဖြတ်တွေ… အများကြီး ထပ်တွေ့ပါသေးတယ်။ (မရောက်တာကြာတော့ ပြောင်းလဲ ဆန်းသစ်နေကြပုံများ...) ဒါပေမယ့် အဲဒီ Sentosa Boardwalk တလျှောက်မှာ စိတ်ချမ်းသာစရာ ကောင်းသွားတာက ဆေးလိပ်မသောက်ရ ဆိုတဲ့စည်းကမ်းကြောင့် အသက်ကို အားရပါးရ ရှုခွင့်ရတာပါပဲ…။ လမ်းဆုံးတော့ တယောက်ကို တကျပ်တိတိပေးပြီး RWS ထဲကို ဝင်ရပါတယ်။ အရင်က နှစ်ကျပ်ပေးရတာ မှတ်မိတယ်။ ခုတော့ တဝက်ဈေးဖြစ်သွားတယ်။ ပြီးတော့ Crane Dance ပြမယ့်နေရာကို ရောက်ပါတယ်။ တတိယမြောက် အတန်းမှာ နေရာရပါတယ်… ထိုင်ပါတယ်…။ ပွဲစဖို့ကို ဟိုကြည့် ဒီကြည့်နဲ့ စောင့်မျှော်ပါတယ်။

အဲဒီအချိန်မှာပဲ ဘေးချင်းကပ်ထိုင်နေတဲ့ စုံတွဲတတွဲကြောင့် နှစ်ပိုင်း တပိုင်း ရုပ်မြင်သံကြား ကြည့်လိုက်ရပါတယ်။ ဘေးချင်းကပ်ဆိုတော့ မျက်စိထောင့်မှာ လာပေါ်သမျှသာ ဖြတ်ကနဲ ဖြတ်ကနဲ မြင်ရပြီး အသံတွေကတော့ ပီသ ကြည်မြစွာ ကြားနေရလို့ နှစ်ပိုင်း တပိုင်း ရုပ်မြင်သံကြား လို့ ပြောရတာပါ။ တကယ်တော့ စုံတွဲလို့သာဆိုလိုက်ရတယ် သူတို့ဟာ တကယ့်စုံတွဲအစစ်တွေတော့ ဟုတ်ဟန်မတူသေးပါဘူး။ (ဆက်ရေးပြပါ့မယ်… ပရိသတ်ကြီး စိတ်နည်းနည်း ရှည်ပေးကြပါ...)

ရုပ်ရှင်တွေထဲကလိုပဲ ကောင်လေးက ကောင်မလေးလက်ကို ကိုင်ချင်လို့ အကွက်ထွင်တဲ့ အခန်းကနေ စပါတယ်…။ မင်း လက်ချောင်းလေးတွေက သေးသေးလေးတွေနော်… ကလေးလက်လေးတွေလို နုနုလေးတွေ နေမှာပဲ… လို့ ဆိုလိုက်တော့ ကောင်မလေးက လက်ကို လိုးရှင်းလိမ်းတဲ့အကြောင်း ပြောပါတယ်။ ကောင်လေးဟာ လိုးရှင်းဆိုတဲ့ စကားလုံးကို သူ့တသက်မှာ တခါမှ မကြားဖူးသလို အထူးတဆန်း တအံ့တသြတွေ ဖြစ်ဟန် ပြပါတယ်။ ဘယ်လိုအချိန်မှာ လိမ်းရတာလဲ… ဘယ်ဆိုင်တွေမှာ ရောင်းတာလဲ… ပုလင်းလိုက် ဝယ်ရတာလား… စသဖြင့် တီတီတာတာနဲ့ မေးခွန်းတွေ ထုတ်ပါတော့တယ်။ အဲဒီအချိန်မှာ လာရင်းကိစ္စဖြစ်တဲ့ Crane Dance က စတင် ကပြ အသုံးတော်ခံပါတော့တယ်… (ဟင်း…. ကောင်းခန်းရောက်နေကာမှ…)

Crane Dance ကပြဖို့ ဘယ်ဖက်က စက်ရုပ် Crane က တဖြည်းဖြည်းချင်း ခေါင်းထောင်လာပါတယ်။ သို့သော် ခေါင်းကို မတ်မတ်မထောင်ရသေးခင် လမ်းခုလတ်မှာပဲ အဲဒီ Crane ဟာ အနောက်နားကနေ မီးခိုးတွေ တအူအူထွက်ပြီး Crane နာကြီး လည်လိမ်သွားသလို မျက်လုံး အပြူးသားနဲ့ လိမ်ဖယ်ဖယ် အနေအထားမှာ ဂန့်သွားရှာပါတယ်။ ပုံထဲမှာ ကြည့်ပါ။ ကင်မရာ ပါမသွားလို့ ဖုန်းနဲ့ ရိုက်လာပါတယ်။ (အဆင်မပြေဘူး အချစ်ရေ…)


စပီကာကြီးတွေကတဆင့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် Crane တွေရဲ့ ကပြမှု အစီအစဉ် နည်းနည်း နောက်ကျမယ်လို့ ထပ်တလဲလဲ ကြေငြာပါတယ်။ (ကိုယ်နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်…) မကြာခင်အချိန်မှာပဲ ကမ်းစပ်ကနေ မော်တော်ဘုတ်လေးတစီး ကမူးရှုးထိုးနဲ့ Crane တွေနား ရောက်လာတာ တွေ့လိုက်ပါတယ်။ စက်လာပြင်တာလို့ ထင်ပါတယ်...။

ဒီအချိန်မှာပဲ ဘေးက စုံတွဲရဲ့ လိုးရှင်း အစီအစဉ် ပြန်လည် စတင်ပါတော့တယ်။ ကောင်မလေးဟာ သူ့အိပ်ထဲမှာပါလာတဲ့ လိုးရှင်းဘူး ခပ်သေးသေးလေးကို ထုတ်ပြပါတယ်။ ပြီးတော့ ကိုယ်တိုင် လိမ်းပြပါတယ် (လက်ကို လိမ်းပြတာပါ) ကောင်လေးက သူလည်း လိမ်းကြည့်မယ်ဆိုပြီး သူ့လက်ဖဝါးပေါ်ကို လိုးရှင်းတွေ ညှစ်ထည့်ပါတယ်။ အချိန်အဆ မသိတော့ ညှစ်လိုက်တာ အများကြီး ထွက်လာပါတယ်... ကောင်လေးက အဲဒီ တခဏမှာပဲ အကြံရပြီး စိတ်ပြောင်းသွားဟန်တူပါတယ်…။ သူ့လက်ကို ကောင်မလေးရှေ့ ထိုးပေးပြီး အဲဒီလိုးရှင်းတွေကို လိမ်းပေးဖို့ ပြောပါတယ်…။ ကောင်မလေးကလည်း မလိမ်းပေးနိုင်ဘူးလို့ ငြင်းနေတော့ သူ့မှာ လက်ဖဝါးပေါ် လိုးရှင်း တပုံနဲ့ လက် တဖြန့်ဖြန့်နဲ့ ဖြစ်နေပါတော့တယ်။ (ငါ့နှယ့်နော်… သေတော့မှာပဲ…)

မကြည့်လည်း မြင်နေရ၊ နားမထောင်လည်း ကြားနေရတော့ အတော်လေး နေရထိုင်ရ ခက်ပါတယ်။ နေရာပြောင်းဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်တာကြောင့်ရော ရောက်ပြီးမှတော့ Crane Dance ဆိုတာကို ကြည့်ဖြစ်ချင်တဲ့စိတ်ကြောင့်ရော သည်းခံပြီး ဆက်ထိုင်နေရပါတယ်။ မီးခိုးလုံးတွေ ငြိမ်သွားပြီး စက်လာပြင်တဲ့ Boat လေး ပြန်လည် ထွက်ခွာသွားတာ တွေ့လိုက်တော့ အခြေအနေ ပြန်ကောင်းပြီလို့ မျှော်လင့်ရပါတယ်။ (ကြည့်ရန်… အသင့်ပြင်…)


ဆူဆူညံညံ တီးလုံးသံနဲ့အတူ မျက်လုံးပြူးပြူး နှုတ်သီး ချွန်ချွန်နဲ့ Crane နှစ်ကောင် ထလာပါတယ်။ လက်စသတ်တော့ Crane Dance ဆိုတာ Crane နှစ်ကောင်ရဲ့ ရင်ဘတ်နေရာမှာ LCD Screen ကြီး တပ်ပြီး တီဗွီ ပြတာပဲကိုး…။ ဘေးတဖက်တချက်က ရေပန်း ဖွာဖွာတွေက Crane တွေရဲ့ အတောင်ပံတွေ အယောင်ဆောင်လို့ပေါ့…။ ဘာမဟုတ်တဲ့ ဒီပွဲလေးတပွဲလည်း တယောက်တကျပ်နဲ့ လူ လေး ငါး ထောင်ဆို ပိုက်ပိုက် လေး ငါးထောင် ရမှာပါပဲ…။ စီးပွားရှာတဲ့နေရာမှာတော့ တကယ်ကြီးကို တော်ပါပေတယ်...။

ပွဲပြီးခါနီးမှာ မျက်စိထောင့်ကနေ ရိပ်ကနဲ မြင်လိုက်ရတာကတော့ ကောင်လေးရဲ့ လက်ဖဝါးထဲက လိုးရှင်းတွေဟာ ဒီတိုင်း အပုံလိုက်လေးပါပဲ… (အင်း… မပြေလည်ကြသေးဘူးကိုး)

Crane Dance ရဲ့ အဆုံးမှာ အစဉ်အလာမပျက် မီးရှုးမီးပန်း အနည်းငယ် ဖေါက်ပါတယ်။ ရွှေပွဲလာတွေဟာ အဲဒီမီးပန်းတွေကို တခါဘူးမှ မမြင်ဖူးသည့်အလား… Wow… Wow… တွေ အခါတသိန်း အော်ကြပြီး ပွဲကို အဆုံးသတ်ပါတယ်။ အဲ… ဘေးနားက ကောင်လေးကတော့ ကောင်မလေးကို ဘယ်လိုမှ ပြောလို့ရပုံမပေါ်ဘူး… ပါးစပ်ကလည်း မင်း… သိပ်သိပ်ဆိုးတယ်… မင်း… နောက်မှ သိမယ်… ဘာဘာ ညာညာတွေ ရေရွတ်ရင်း သူ့လက် အချင်းချင်း ပွတ်ပြီး လိုးရှင်းလိမ်းခြင်းအမှုကို ပြုလိုက်ပါတယ်…။ (တော်ပါသေးရဲ့… ပွဲလည်း အပြီး လိုးရှင်းလိမ်းတာလည်း ပြီး..)

အဲဒီနောက်တော့ လာလမ်းအတိုင်း Sentosa Boardwalk တလျှောက် လမ်းပြန်လျှောက်ရင်း Vivo ကို ပြန်လာခဲ့ပါတယ်။ အသွားတုန်းကထက် ပိုများတဲ့ တိုက်တန်းနစ် စုံတွဲတွေကို တွေ့ခဲ့ပါသေးတယ်။ (ဖြတ်… ဖြတ်… ဒီအခန်း ဖြတ်…)

ပြီးတော့ Vivo City ကနေ အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ရောက်ရောက်ချင်း ဒီစာကို ရေးပါတယ်။ ဒါနဲ့ နေပါအုံး... ဘေးကစုံတွဲက ဘာလူမျိုးလဲ… ဟုတ်လား… မေးချင်သလောက် မေး… လုံးဝ ပြောမပြဘူး… အသေသတ်…။




29 comments:

  1. တယ်တော်တဲ့ အန်တီသက်... အာရုံနှစ်ခုကို သေသေချာချာ ခံစားကြည့်တတ်တယ်.. :)

    ReplyDelete
  2. စိတ်မရှည်စွာနဲ့ နင်မလူပေးငါလူးပေးမယ်ဟယ်ဆိုပြီး ဟမ်

    ReplyDelete
  3. စာရေးကောင်းချက်...
    သရုပ်ဖေါ်ကောင်းချက်...
    မျက်စိထဲ ကွင်းကွင်းကွက်ကွက် ပေါ်လာတာပဲ...
    ကိုယ်တိုင်မကြုံရတာ နာသကွာ (((((ဟမ်)))))

    Another Anonymous

    ReplyDelete
  4. တန်ပါတယ် မသက်ဝေရယ်၊ ပေးရတာက တယောက်တကျပ်ထဲ ပွဲကို စုံနေတာပဲ။ BTW: မင်းသိပ်ဆိုးတယ်ကို ဘိုလိုပြောတာလား မြန်မာလို ပြောတာလား။

    ReplyDelete
  5. ရယ်သွားတယ် မမသက်ဝေ.. ပြန်လာရင် crane dance နဲ့ ရုပ်မမြင်သံကြား လိုက်ပြပါ..

    ReplyDelete
  6. အားရပါးရရယ်သွားပါတယ်မမ။

    KPS

    ReplyDelete
  7. ပြုံးပြုံး ပြုံးပြုံးနဲ့ဖတ်။ :):):)

    ReplyDelete
  8. မနေ့က အဲ့ဒီ ကရိန်းဒန့်ကြီး သွားမကြည့်မလို့ပဲ.... ဒါလိုမှန်း သွားပါတယ်ကွာ...လိုးရှင်းပွဲလဲ ကြည့်လိုက်ရမှာ :D

    ဒါနဲ့ လက်ကို လိုးရှင်းလူးရင် လက်လေးတွေတကယ်ပဲ ဖြူနုဥလှသလားပဲနော်း))


    နောင့်

    ReplyDelete
  9. အညွှန်းကောင်းလို့ စိတ်ဝင်စားသွားပြီ မသက်ရေး)
    ကြည့်ချင်တယ် ဘယ်လိုလုပ်မလဲကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. အသေ မသတ်ပါဘူး..
    ထုံပေမယ့် မှန်းလို့ ရပါပြီ...

    ReplyDelete
  11. ငပေါကရိန်းဒန့်စ် .. သူငယ်ချင်းတယောက်ာအမေသီလန်ကလာလို့လိုက်ပြတယ် သူကတော့ မေးတယ် နဂါးလားတဲ့ ဟိဟိ။။

    အကိုကြီးလူးပေးခိုင်းလိုက်ပါလား ကောင်လေးကို .. လာလာ အကိုလူးပေးမယ် ညီလေးလက်ညောင်းတယ် အကိုတို့လည်း နားညီးသက်သာတယ်ဆို

    ReplyDelete
  12. အော်..လောကရဲ့အဆီအငေါ်မတည့်မှုတွေက ရေးတတ်တဲ့သူနဲ့တွေ့တော့လည်း စိတ်ဝင်စားစရာကောင်းသာပဲ.... အများပြည်သူ ကလေးသူငယ်တွေရှိတဲ့နေရာက တိုက်တန်းနစ်တွေကို မနှစ်မြို့ပါ....((((ဟမ်))))(ကိုယ်မပါရတိုင်း)

    ReplyDelete
  13. စာရေးတော်၏...
    ဘေးက လိုးရှင်းလိမ်းတဲ့ ဇာတ်လမ်းနဲ့ ဗျိုင်းအက ကို ညှပ်ညှပ်ပြီး ရေးသွားတာ...
    =)
    -m

    ReplyDelete
  14. သရုပ်ဖော်ပြီးရေးတဲ့နေရာမှာလဲတော်ထှာ နာ့အမကတော့..။

    ReplyDelete
  15. လက်မှတ် ၁စောင်နဲ. ပွဲ ၂ ပွဲကြည့်ရတာပေါ့နော်၊ အဲ ... လမ်းလျောက်ရင်းနဲ.ကြည့်တဲ့ မြင်ကွင်းစုံက preview ပေါ့နော် ....

    ReplyDelete
  16. တကယ်တော့..တူ....အားကျ နေတာ မဟုတ်လား..း)

    ReplyDelete
  17. သရုပ်ဖော်ပြီး ရေးတဲ့နေရာမှာလဲ တော်ထှာ နာ့အမကတော့..။

    ReplyDelete
  18. စာကိုဖတ်နေတာပဲ ကိုယ်တိုင်ကြည့်နေသလိုခံစားလာရတယ်
    စာရေးအရမ်းကိုကောင်းတယ် လေးစားမိပါတယ် အမသက်ဝေရေ
    ကျွန်မလဲ အဲလိုရေးတတ်ချင်တာ သူများစာတွေဖတ်ရတာ အားကျတယ်
    ခင်မင်လေးစားလျှက် jasmine

    ReplyDelete
  19. ဟယ် အမသက်ဝေ တူများတို့ လိုးရှင်းလိမ်းနေတာကို ချောင်းကြည့်တွားတယ်ပေါ့ ဟင့်

    ခွေဖြူ

    ReplyDelete
  20. တော်ပါသေးရဲ့
    အစီအစဉ်သာပြီးသွားတာ လိုးရှင်းလိမ်းလို့မှ ပြီးပါ့မလား စိတ်ပူနေတာ
    ကောင်လေးက သူ့ဖာသူလိမ်းလိုက်လို့တော်သေးတာပေါ့
    မဟုတ်ရင် လိုးရှင်းပုံကြီးနဲ့ ကိုးလိုးကန့်လန့်ဖြစ်နေမှာ။ မပြီးသာမပြီးခဲ့ရင်
    အစ်မသက်ဝေလည်း အိမ်ပြန်စိတ်ဖြောင့်မှာ မဟုတ်ဘူး။ ဖတ်တဲ့သူလည်း စိတ်ဖြောင့်မှာ မဟုတ်ဘူးနော်း))

    ReplyDelete
  21. ကရိန်းဒန့်စ်က ဒါဆို ရိုက်စားကြီးပေါ့။ ညွှန်းချက်ကောင်းလို့ မကြည့်တော့ဘူး။ ဘေးက ကောင်မလေးက ပြတ်သားတာ ကောင်းတယ်။ ။ ဟိုကောင်က ပလီပလာ မလွယ်ဘူး။

    ReplyDelete
  22. ပွဲနှစ်ပွဲတစ်ခါထဲ ကြည့်ခဲ့ရတာ အားကျလိုက်ထှာ...
    ကရိန်းဒန့်စ်ထက် လိုးရှင်းဒန့်စ်က စွဲအားပိုကောင်းသွားတာ ၀န်ခံပါ..((((ဟမ်))))
    အဲ.. နှစ်ပွဲဘယ်ကမလဲ... တိုက်တန်းနစ်တွေနဲ့ပါဆို...အိုး..တကယ်ကို တန်သွားတာပေါ့..။ ဂလိုမျိုး.. ကိုယ်သာဆို ဒီအခန်းမဖြတ်ပဲ အ၀ကို ကြည့်ပစ်လိုက်မှာ..။ အင်း... ဘေးကစုံတွဲက ဘာလူမျိုးလဲဆိုတာ... စိတ်ချ... လုံးဝမှကို မမေးဘူး... :)

    ReplyDelete
  23. တချို့ကိစ္စတွေမှာ လူ့ရဲ့ မျက်လုံး ၂ လုံးဟာ ရှေ့မှာ မရှိဘဲ မြင်းတွေ၊ ငှက်တွေလို ဘေးတဖက်တချက် ဆီမှာ ရှိနေရင် ပိုကောင်းမယ်လို့ တွေးမိတယ်ဗျ..၊း)

    Crane တွေရဲ့ ရင်ဘတ်က LCD ရုပ်မြင်သံကြားထက် ဘေးက နှစ်ပိုင်းတစ်ပိုင်း ရုပ်မြင်သံကြားက ပိုပြီး လန်းတယ်နော်၊ တော်သေးတယ်၊ ဇတ်သိမ်းခန်းမှာ ပေါင်းသွားလို့.. လက်နဲ့ လိုးရှင်းက..။း)

    ReplyDelete
  24. ဒီခလေးမလေးက...
    ၁ကျပ်တည်းပေးပြီးတော့
    တယ်ပြီးးးး မျက်စေ့ကစားသကိုးးးးးးကွယ့်.

    ReplyDelete
  25. အဟိ သားသိသလိုလိုပဲ ဘေးကအတွဲ ဘာလူမျိုးလဲဆိုတာ။ :P heee နောက်မှ အကြွေးတွေလာဆပ်ပါအုံးမယ်ခင်ဗျာ။

    ReplyDelete
  26. အသေသတ်ဆိုကတည်းကဘာလူမျိုးလည်းဆိုတာ ရိပ်မိသွားပါပြီ။း)
    အိုင်အိုရာ

    ReplyDelete
  27. အမ မသက်ဝေ ဖတ်ရင်းရီသွားတယ် အမ အရမ်းအရေးကောင်းတာပဲ ဒီလိုနှစ်ပွဲမကကြည့်ရရင် တို့လည်းသွားကြည့်ပါတယ်ကွယ် ဟဲ ဟဲ

    ReplyDelete
  28. ဟိ... မမသက်ဝေ...မေသူတော့ Crane Dance ကြည့်ချင်တာ ... သွားတိုင်း Maintenance နဲ့ ချည်းတိုးတယ်... ဒါမဲ့ broadwalk မှာ လမ်းလျှောက်ရတာတော့ ကြိုက်တယ်... လွတ်လပ်သလိုခံစားရတယ်

    မေသူ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...