Tuesday, May 15, 2012

နေရာ

ကျွန်မတို့ နှစ်ယောက်၏ အိပ်ခန်းသည် စတုရန်းပုံ ရှိပြီး အတန်အသင့် ကျယ်ဝန်းပါသည်။ ထိုအိပ်ခန်းအတွင်းပိုင်းကို အကြမ်းအားဖြင့် ပုံဖေါ်ပြရလျှင် အဝင်တံခါး၏ ညာဖက်ဘေးတွင် အနက်ရောင် မီးအုပ်ဆောင်းနှင့် မတ်ရပ် စာကြည့်မီးတိုင် တခု၊ ထိုမီးတိုင်နှင့် ကပ်မှာ နှစ်ယောက်အိပ်ကုတင် ရှိပါသည်။ အခန်းထောင့်တနေရာမှာ ကြည့်လိုက်လျင် လူကို ပိန်သွယ်သွားစေသော ရှည်မျောမျော ကြည့်မှန်ချပ်တခု ပါဝင်သော မှန်တင်ခုံ ခပ်သေးသေးတခု ရှိပါသည်။

အဝင်တံခါး၏ ဘယ်ဖက် နံရံတွင် သူ နှင့် ကျွန်မ တယောက်တခြမ်းစီ အသုံးပြုရသော တံခါး လေးချပ်တွဲနှင့် အဝတ်ဘီဒိုတခု ရှိပါသည်။ ပြီးတော့ ကုတင်ခြေရင်းဖက်တွင် ကက်ဆက်နှင့် ဆောင်းဘောက်စ် နှစ်ခု တင်ထားသော စင် ခပ်ရွယ်ရွယ်တခု၊ သီချင်း စီဒီများ နှင့် အခြား တိုလီမိုလီများ ထည့်စရာ အံဆွဲ ၅ ဆင့်ပါဝင်သော မနိမ့်လွန်း မမြင့်လွန်းသော စင်တခု ရှိပါသည်။ အိပ်ခန်းနံရံ လေးဖက် အနက် တဖက်တွင် Sliding Door ဖြင့် ဖွင့်နိုင် ပိတ်နိုင်သော မှန် ၅ ချပ်စာ ကျယ်ဝန်းသည့် ပြူတင်းပေါက် ကြီးကြီးတခု ရှိပါသည်။ မှန်တံခါး တထပ်၊ အလူမီနီယမ်ဖြင့်ပြုလုပ်ထားသော လေးထောင့်ကွက် သံဗန်း တထပ် ရှိသော ထိုပြူတင်းပေါက်ကို အဖြူရောင် ခန်းဆီး ထူထူများဖြင့် ကာထားပါသည်။ ညဖက် မီးထွန်းသော အချိန်များနှင့် မနက်စောစော နေရောင်ထိုးသည့် အချိန်များတွင် ခန်းဆီးကို အပြည့် ချထားဖြစ်ပါသည်။

အနှီ ပြူတင်းပေါက်အနီး၊ ကုတင်နှင့် ကပ်လျက်တွင် အရှည် လေးပေ အကျယ် နှစ်ပေ ခန့်ရှိသော စာကြည့်စားပွဲ တခု ရှိပါသည်။ ထိုစားပွဲကို ဝယ်ယူစဉ်က အိပ်ခန်းထဲမှ နေရာအလွတ်ကို သေသေချာချာ တိုင်းမသွားခဲ့ပဲ နှစ်ဦးသား စိတ်တူ သဘောတူဖြင့် ဖြစ်ချင်ရာဖြစ် ဆိုကာ ဝယ်လာကြခြင်း ဖြစ်ပါသည်။ သို့သော်လည်း ကံကောင်းထောက်မစွာ ထိုစားပွဲသည် ပြူတင်းပေါက်ရှိသော နံရံနှင့် ကုတင်တို့အကြား တိုင်း လုပ်ထားသကဲ့သို့ ကွက်တိ ဝင်သွားခဲ့ပါသည်။ အင်ဂျင်နီယာ မျက်စိနဲ့ မှန်းတာ.. ဒီလောက်တော့ ပါးပါးလေးပါ… ဟု မဆီမဆိုင် ဂုဏ်ယူလိုက်မိသေး…။ မလိုအပ်သော်လည်း စားပွဲလေး၏ အောက်ခင်း ကြမ်းပြင်ကို အဖြူရောင် နှင့် နက်ပြာရောင် ရောစပ်ထားသော ကော်ဇော ခပ်ရွယ်ရွယ်တခု ခင်းလိုက်ပါသည်။

အိပ်ခန်းထဲတွင် စာကြည့်စားပွဲလေးတခု ရှိလာခြင်းကို ကျွန်မ အလွန် သဘောကျပါသည်။ ပြူတင်းပေါက်မှ ဖြတ်သန်းလာသော လုံလောက်သော အလင်းရောင်၊ သန့်ရှင်း လတ်ဆတ်သော လေနုအေးတို့က စာကြည့်စားပွဲလေးအတွက် ပြည့်စုံသော အထောက်အကူ ဖြစ်ပါသည်။ ညဖက်တွင် ကြည့်စရာ စားပွဲတင် စာကြည့် မီးချောင်းလေးတခု ဝယ်ယူတပ်ဆင်ပြီး ရုံးတွေမှာသုံးသော လယ်သာ အဖြူရောင် ဖြင့်ပြုလုပ်ထားသော ဆုံလည် ကုလားထိုင် တခု ချလိုက်သောအခါ စာကြည့်စားပွဲလေးမှာ အစစ ပြည့်စုံသော စားပွဲတလုံး ဖြစ်သွားတော့သည်။ စိတ်ကူးထဲမှာတော့ ဤ စားပွဲလေးမှာ ထိုင်ကာ စာရေး စာဖတ်ခြင်း အလုပ်ကို စိတ်အေး လက်အေး လုပ်မည်ဟူ၍ပင်…။ သို့သော်… … …

၂၀၁၂ နှစ်စကတည်းက ရုံးမှာ အလွန်အမင်း အလုပ်များသောကြောင့်တကြောင်း၊ စာဖတ်ရုံ ဖဘ ကြည့်ရုံဆိုလျှင် အိုင်ပက်က အလွန် အဆင်ပြေသောကြောင့် တကြောင်း အိမ်ပြန်ရောက်သောအခါ ကွန်ပျူတာကို မဖွင့်ဖြစ်ပါ…။ တခါတရံ ဓါတ်ပုံများ ပြင်ချင် ကြည့်ချင်လျှင် ကွန်ပျူတာဖွင့်ဖြစ်သော်လည်း အိမ်သားများနှင့် မြင်နိုင် တွေ့နိုင် စကားပြောနိုင်သော ထမင်းစား စားပွဲမှာသာ ထိုင်ဖြစ်လေသည်။ လက်က ကွန်ပျူတာ နှိပ်ရင်း ထမင်းစားပွဲ အနားမှာ ရှိသော စားစရာ သွားရည်စာများကိုလည်း အဆက်မပြတ် စားသောက်ရင်း ဆိုပါတော့…။ အိပ်ခါနီး အခန်းထဲရောက်လျှင်လည်း ကုတင်ပေါ်မှာ လှဲလျောင်းရင်း စာအုပ်တအုပ်ကို လက်က ကိုင်ဖတ်ရင်း အိပ်ပျော်သွားတတ်သည်သာ…။ တိုတိုပြောရလျှင် ထို စာကြည့်စားပွဲမှာ မထိုင်ဖြစ်သလောက်ပင်…။

ဤသို့သော အခြေအနေတွင် ထိုစားပွဲကို ပုံမှန် အသုံးပြုသူမှာ သူ ဖြစ်သည်။ ညနေ အလုပ်မှ ပြန်ရောက်လျှင် ထိုစားပွဲမှာ ကွန်ပျူတာတလုံးဖြင့် ထိုင်နေတတ်သော သူ့ကို တွေ့ရသည်။ စနေ တနင်္ဂနွေနေ့များတွင် ထိုစားပွဲပေါ်မှာ လေယာဉ်ပျံ အတောင်ပံ အပိုင်းအစများ၊ မော်တာ၊ ဂီယာ၊ ကော်ဗူး၊ ဆေးဗူးများဖြင့် အလုပ်ရှုပ်နေတတ်သော သူ့ကို တွေ့ရသည်။ သောကြာည စနေညလို ညနက်နက်နေလို့ရသော ညမျိုးမှာလည်း ထိုစားပွဲမှာထိုင်ရင်း စာဖတ်နေသော၊ ကွန်ပျူတာကြည့်နေသော သူ့ကို တွေ့ရတတ်သည်။ ထိုအခါ ကျွန်မကလည်း အိပ်ရာပေါ်တွင် စာဖတ်၍သော်လည်းကောင်း၊ ဂိမ်းကစား၍ သော်လည်းကောင်း နေဖြစ်သည်သာ…။ တခါတရံ ကွန်ပျူတာဖွင့်ဖြစ်သည့်အခါမျိုးမှာလည်း ထမင်းစားခန်းမှာသာ ထိုင်ဖြစ်ခဲ့သည်။

ပြောရလျှင် ယခုတလော စင်္ကာပူ ရာသီဥတုက အလွန်ပူအိုက်လာသည်။ အဲကွန်းက အိပ်ခန်းမှာသာ ရှိသောကြောင့် ညစာ စားသောက်ပြီးလျှင် အိပ်ခန်းထဲ တန်းဝင်ဖြစ်သည်။ သည်ရက်ပိုင်းမှာ ရိုက်ထားသော ဓါတ်ပုံများကို ပြင်ချင်စိတ်ရော စာရေးချင်စိတ်လေးပါ အတန်အသင့်ရှိနေသောကြောင့် ကွန်ပျူတာ ဖွင့်ဖြစ်ပြန်သည်။ ကွန်ပျူတာကိုင်ကာ အခန်းထဲရောက်တော့ သူက စားပွဲတွင် ထိုင်နေနှင့်ပြီ။ အစပိုင်းတွင် ကျွန်မ စိတ်ထဲ ဘယ်လိုမှ ထူးထူးထွေထွေ မခံစားရပါ။ ကုတင်ပေါ်မှာ ထိုင်၍ ဖြစ်စေ၊ ကြမ်းပေါ်မှာ ထိုင်၍ ဖြစ်စေ ကွန်ပျူတာလေး ချကာ ကိုယ့်အာရုံနှင့်ကိုယ်…။ သို့သော်လည်း တရက်ပြီး တရက် တညနေပြီး တညနေ… ရက်ဆက်လာသောအခါ ကျွန်မ သိပ်အဆင်မပြေချင်တော့။ ခန္ဒာကိုယ် အနေအထား အဆင်မပြေ အချိုးမကျသောကြောင့် ဟိုနားက နာသလို ဒီနားက နာသလို… လက်က ကိုက်သလို ခေါင်းက ကိုက်သလိုနှင့်…။

ထိုအခါ စားပွဲနှင့် ကုလားထိုင်ပေါ်က မဆင်းသော သူ့ကို မျက်စောင်းထိုးမိလာတော့သည်။ တညနေ သူ့အလစ်မှာ စားပွဲကို ဦးအောင် အပိုင်စီးလိုက်သည်။ အမယ်… တယ်ဟုတ်ပါလား။ ထိုင်ရတာ သက်တောင့်သက်သာနှင့် စာရေး စာဖတ်လုပ်ရတာလည်း အတော်လေး အဆင်ပြေလှသည်…။ သို့သော်လည်း သူ အခန်းထဲဝင်လာသောအခါ အလိုက်တသိ နေရာဖယ်ပေးခဲ့သည်။ တယောက် တလှည့်ပေါ့လေ…

နောက်တရက်.. ရုံးမတက်ဖြစ်သောနေ့မှာ တနေ့လုံးအတွက် ထိုစားပွဲကို ပြိုင်ဖက်မရှိ အပိုင်စား ရလေသည်။ အို… ဘာပြောကောင်းမလဲ… သူ ရုံးက ပြန်မလာမချင်း တနေ့လုံး ဇိမ်ကျနေလိုက်သည်မှာ…။ ကော်ကော်လေး သောက်လိုက်၊ သီချင်းလေး နားထောင်လိုက်၊ စာလေး ရေးလိုက်… လေလေးက တဖြူးဖြူး…။

သို့သော် ညနေ သူရုံးက ပြန်ရောက်ပြီး သိပ်မကြာခင်မှာ နေ့လည်က ထိုစားပွဲပေါ်မှာ ကျွန်မ တင်ထားခဲ့သော ကွန်ပျူတာ၊ ဖုန်း၊ အိုင်ပက်၊ သောက်လက်စ ကော်ဖီခွက်၊ စားလက်စ အာလူးကြော်ဗူး၊ ဖတ်လက်စ စာအုပ် အစရှိသည်တို့ အားလုံး ထမင်းစားပွဲပေါ်မှာ ရောက်နေသည်ကို တွေ့ရသည်။ စားပွဲပေါ်မှာ ရှုပ်ဖွထားတယ်… ဟု လည်း ပြောသေးသည်။ စိတ်ထဲက သိပ်မကျေနပ်လှသော်လည်း ကျွန်မကလည်း ကျွန်မပဲလေ ဟု တွေးကာ ဘာမှ ပြန်မပြာလိုက်တော့။

မကျေမနပ်ဖြစ်နေသော စိတ်က ညအထိ ပါလာပါသည်။ ညစာ စားအပြီးမှာ “စာရေးမလို့ အဲဒီစားပွဲမှာ ထိုင်ချင်တယ် ခဏ ဖယ်ပေးအုံး” ဟု ပြောလိုက်သည်။ သို့သော် သူက “ခါတိုင်းလို ထမင်းစား စားပွဲမှာ သွားရေးလေ…” ဟု ပြန်ပြောလေသည်။ ကြည့်စမ်း… နည်းနည်းတော့ များသွားပြီ… ထိုစားပွဲကို နှစ်ဦးသား စိတ်တူ ကိုယ်တူ ဝယ်လာကြပြီးမှ သူ တဦးတည်းပိုင်သဖွယ် ပြုမူနေတာ နည်းနည်းတင်မဟုတ်… အတော်ကြီးကို များသွားပြီ…။

“မရဘူး အဲဒီစားပွဲမှာပဲ ထိုင်ရေးချင်တာ… အပြင်မှာက ပူတယ်၊ ကြမ်းပေါ်မှာ ကုတင်ပေါ်မှာ ထိုင်ရေးရတာကတော့ သက်တောင့်သက်သာ မဖြစ်ဘူး… တကယ်ဆို ဒီစားပွဲက တယောက်တလှည့် သုံးရမှာ မဟုတ်ဖူးလား… အခုတော့ တယောက်တည်း သုံးနေတာ များပြီ… ” စသဖြင့် ပူညံပူညံ လုပ်နေမိပါသည်။ သူကတော့ ကျွန်မ တမင် ညစ်ကပ်ကာ လိုက်ပြောနေသည်ဟု ထင်ပုံရသည်။ ကျွန်မ ပြောနေသမျှ ပန်းနှင့် ပေါက်နေသည့်အလား ခပ်ပြုံးပြုံးမျက်နှာဖြင့်… စားပွဲကို ဖယ်မပေးသည့်အပြင် ကုလားထိုင်ကို ရှေ့တိုး နောင်ငင်နှင့် တလှုပ်လှုပ် လုပ်ရင်း အတော်လေးကို ကျေနပ်အားရကာ ဇိမ်တွေ့နေသည့် ပုံစံ…။

သူ့ကို ဘယ်လိုမှ ပြောမရသည့်အဆုံး “အင်း… ဒီ ဘာမဟုတ်တဲ့ ကုလားထိုင်လေးပေါ်ကတောင် ခဏတဖြုတ် ဖယ်မပေးချင်တာ… ဟိုလူတွေလည်း သူတို့ ကုလားထိုင်ပေါ်က ဖယ်မပေးချင်တာ ဘာဆန်းသလဲ…” ဟု မကျေမချမ်း ကောက်ချက်ချကာ အခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်သည်။ သူ့ဆီက “ဟုတ်မှာ… ဟုတ်မှာ…” ဆိုသော စကားသံနှင့်အတူ ရယ်သံ ခပ်ကျယ်ကျယ်ကို မကြားချင်သော်လည်း ကြားနေရဆဲ… …့


မှတ်ချက် - ဟိုလူတွေ ဟူသော စကားကို အနက် မဖွင့်ရ အကျယ် မချဲ့ရ...။

16 comments:

  1. ဟိုလူတွေဆိုတာကို google ကြည့်လိုက်မိတယ်

    ReplyDelete
  2. ဟီး ဟီး ဟိုးဟိုး ဟားဟား .. သဘောကျသကွာ

    ReplyDelete
  3. နှစ်ယောက်တစ်ကုလားထိုင် ဆိုရင်ကော.... ငှင်

    ReplyDelete
  4. အပေါ်က အကြံကို ကြိုက်ရင် ဘယ်သူ့ကျေးဇူးဆပ်ရမယ်မသိဖြစ်မစိုးလို့... အနော်..ရေးသွားတာပါ...
    ပုံ .. စင်စင်

    ReplyDelete
  5. ချစ်စရာအရေးအသားလေးကို ပြုံးပြီးဖတ်ရှုအားပေးသွားပါတယ်....

    ReplyDelete
  6. မဝေရေ့..ဘတ်စကားစပယ်ရာတစ်ယောက် ခနဲ့တာ ကျွန်မ ကြားဘူးတယ်.."ဆင်းမယ့်မှတ်တိုင်ရောက်ရင် အပေါက်ဝကိုလျှောက်လာပါ..(ကန်တော့နော်) ဖင်ဇိမ်ခံမနေပါနဲ့" တဲ့...ကဲ...စိတ်တိုရမလို ရီရမလိုနဲ့နော်...သြော်...လူ့သဘောသဘာဝ...

    ReplyDelete
  7. အခန်းဖွဲ့စည်းပုံလေး ကြိုက်သကွာ....စိတ်ကူးယဉ်လိုက်ဦးမယ်း)) စားပွဲလေးလဲ ထိုင်ချင်စရာ

    နောင့်း)

    ReplyDelete
  8. ဟုတ်...မဖွင့်ပါဘူး မချဲ့ပါဘူး...။
    သာမီးလဲ အဲလိုကိုယ်ပိုင်စားပွဲထိုင်ခုံလေး လိုချင်လိုက်တာ ဒါမယ့် ထားစရာနေရာမရှိဘူး..ဟင့်..။

    ReplyDelete
  9.း) နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိအောင် ရေးနိုင်တယ်...

    ReplyDelete
  10. အစ်မသက်ဝေက ချစ်စရာလေး။ အဲ့ဒါကြောင့်လည်း အစ်မရဲ့ကိုကြီးက စ ချင်လို့ တမင်ဖယ်မပေးတာနေမယ်း)

    ReplyDelete
  11. နောက်ထပ်ကုလားထိုင်တစ်လုံးထပ်ထည့်လိုက်လေ အစ်မ.. ဟိဟိ..သူဘာပြောမလဲ သိရအောင်

    ခင်တဲ့
    ဝသုန်

    ReplyDelete
  12. အန် ... ဖတ်နေတုန်းက အဟုတ်.. ဟိုလူတွေ ပါမှ ရှုပ်ကုန်ပြီ

    ReplyDelete
  13. ဟားဟားဟားဟား...မိုက်တယ်ကွာ၊ကျေးဇူးဗျိုး၊နှစ်ထောင့်ဆယ့်ငါးကိုစိတ်ပင်ပမ်းနေတာအမောပြေသွားတယ်....

    ReplyDelete
  14. အနက်မဖွင့်ရ ဆိုတာကိုဘဲ ဖွင့်ပြီးတွေးနေမိတယ် အစ်မသက်ဝေရေ..း))
    အစ်မရေးထားတာ ချစ်စရာလေး...

    ReplyDelete
  15. အခန်းတွင်း ထားသိုပုံလေးအတွေ ရေးထားတာ မျက်ဝန်းထဲမှာ စနစ်တကျလေးထင်ရှားပေါ်လွင်စေတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  16. သာမန်လူတစ်ယောက်ဖြစ်နေသေ၇ွ့ နေရာကို သာယာနှစ်သက်မိမှာပါ၊
    ဟိုလူတွေမှ မဟုတ်ပါဘူး…………..

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...