Friday, June 22, 2012

ယု




(၁)
အကယ်၍များ ကျွန်မ သူမနှင့် တွေ့ဖြစ်မည် ဆိုလျှင် သူမကို ပုခုံးမှ ဆွဲကိုင် လှုပ်ရမ်းပြီး မေးခွန်းတခုကို မေးလိုက်ချင်ပါသည်… သူမ ပြန်ဖြေလာမည့် အဖြေကို ကြိုတင် တွက်ဆကာ သိနှင့်နေပြီးသား ဖြစ်သော်လည်း ထိုအဖြေသည် သူမ ရင်ထဲက လာသော အဖြေစစ်စစ် ဟုတ် မဟုတ်… ဤအဖြေအတွက် သူမ၏ ဆန္ဒ တကယ် ပါ မပါ… ကျွန်မ သူမ၏ မျက်နှာကို စေ့စေ့ကြည့်ကာ အကဲဖြတ်ချင်ပါသေးသည်…။

(၂)
သူမကို သူငယ်ချင်းများက ယု ဟု ခေါ်ကြသည်။ သူမ နာမည် အရှည်ကို ကျွန်မ မသိပါ။ တတန်းထဲသား မေဂျာတူ သူငယ်ချင်းများဖြစ်သော်လည်း အုပ်စုချင်း မတူသောကြောင့် ယု နှင့် ကျွန်မ မရင်းနှီးပါ။ ယုသည် အသားဖြူဖြူ ပိန်ပိန်ပါးပါး အရပ် မနိမ့်မမြင့်၊ ကျောလယ် မရောက်တရောက် ဆံပင် နက်နက်ကလေးများ၊ ရိုးသား ရှင်းလင်းသော ဝတ်စားဆင်ယင်မှုနှင့် ကြည်လင်သော မျက်နှာလေးက မြင်သူတိုင်းကို အထူးတလည် စွဲမက်ဖွယ် ဖြစ်မနေသော်လည်း အတန်းသား အတော်များများကမူ ယု ကို စွဲလန်း နှစ်သက်နေကြသည်ဟု ကျွန်မ သတင်းကြားပါသည်။ ညညဆို ယု နေသော အဆောင်အောက်မှာ ကြားရတတ်သော “ရိုးရိုးလေးသာ ဝတ်ခဲ့ပါကွယ် အေးမြလို့…” ဟူသော တေးသံများသည် ယုအတွက် သီးသန့် ဖြစ်သည်တဲ့…။

(၃)
ထိုသတင်းကို သယ်ဆောင်လာသူက ကျွန်မနှင့် ကျူရှင်အတူတူ တက်နေသော သူငယ်ချင်းတယောက် ဖြစ်ပါသည်။ သူ့အပြောအရ ယု သည် အခြား မေဂျာမှ ကျောင်းသားတယောက်နှင့် တတွဲတွဲ ရှိနေသည် တဲ့…။ မကြာခင် ချစ်သူများ ဖြစ်သွားကြတော့မည်ဟုလည်း ခန့်မှန်းနေကြသေးသည်…။ ကျွန်မတို့ အုပ်စုထဲမှ ယောက်ျားလေးသူငယ်ချင်း တယောက်က ယုကို ချစ်ခင် စွဲလန်းနေရာ ယု ချစ်သူ ရသွားပြီ ဆိုသောကြောင့် သူ အသည်းကွဲနေရပါပြီ တဲ့…။ ကျူရှင်ချိန်တချိန်လုံး “ဟိုတခါက ချစ်ခဲ့လေသမျှ ပြန်မြင်ယောင် အောက်မေ့ဆဲပါ ယုရေ… ညင်သာစွာ ကျောခိုင်းရက်သူ ယုရေ... အရင်လို ပြန် ယုယပါရစေ ယုရေ...” ဟု အကြိမ်ဖန်များစွာ ဆိုညည်းနေလေတော့သည်။

(၄)
ထိုနေ့ မနက်က မနက်စာစားရန် ကန်တင်းကိုအသွားမှာ ယုတို့ နှစ်ယောက်အတွဲကို ကျွန်မကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ခဲ့ရသည်။ အမျိုးသားကလည်း ယုလိုပင် အသားဖြူဖြူ အရပ်မြင့်မြင့်.. ယုနှင့် လိုက်ဖက်စွာ တင့်တယ်လှသည်…။ ပြုံးပျော်နေသော ယုကိုတွေ့တော့ အချစ်ဆိုတာ လူတယောက်ကို အလိုလိုနေရင်း ကြည်လင် ရွှင်လန်းနိုင်စေသည်ပဲ ဟု ကျွန်မ တွေးမိပါသည်။ အပြင်အဆင် အခြယ်အသ ကင်းကင်း၊ မိန်းကလေးဆန်ဆန် နူးညံ့ပျော့ပျောင်းခြင်း အလျင်းမရှိပဲ ဖြစ်သလို နေတတ်သူတယောက်က အချစ် ဟူသော စကားလုံးအပေါ် မလိုအပ်ပဲနှင့် စဉ်းစားခန်းဝင်မိသောကြောင့် ကိုယ့်ကိုကိုယ် အနည်းငယ် လိပ်ပြာမလုံဖြစ်သွားပါသည်။ သို့သော်လည်း စာမေးပွဲအပြီး ကျောင်းပိတ်ရက်မှာ ဝမ်းကွဲ ညီအကို မောင်နှမများနှင့်အတူ ဘုရားစုံ သွားဖူးကြမည်ဟူသော အတွေးနောက်မှာ ထိုအကြောင်းတွေ ကျွန်မခေါင်းထဲမှ အားလုံး လွင့်ပျောက်သွားပါတော့သည်…။

(၅)
ကျောင်းပြန်အဖွင့်မှာ ပန်းပွား လွယ်အိတ် အနီရဲရဲလေးနှင့် ကျောင်းလာသော ယုကို တွေ့ရပါသည်။ လိုအပ်သည်ထက်ပို၍ ပိန်သွယ်သွားသော ယုသည် နေကောင်းပြီးကာစ လူမမာလေးတဦးသဖွယ်… ကျွန်မ စိတ်ထင်လို့လားမသိ… ယု မျက်နှာလေးကလည်း အနည်းငယ် ညှိုးနေသလိုပင်။ သို့သော်လည်း ယု တွဲနေကျ သူငယ်ချင်းများကလည်း ထုံးစံအတိုင်း ယု နံဘေးမှာ… အချင်းချင်း ပျော်ပျော်ပါးပါး စကားတွေ ဖေါင်ဖေါင်ကြဲ ပြောဆိုနေကြခြင်းကြောင့် အရာရာသည် ပုံမှန်သာ ဖြစ်လိမ့်မည်ဟု ကျွန်မ ယူဆခဲ့ပါသည်။ သို့သော်…

(၆)
ကျူရှင်ကိုရောက်မှ သတင်းစုံတော့သည်။ ယု တို့ ချစ်သူနှစ်ယောက် အဆင်မပြေတော့ပါ တဲ့…။ ဘာကြောင့်များပါလိမ့်… လွတ်လပ်သော လူငယ် လူရွယ်နှစ်ယောက်၏ ဖြူစင်သော ချစ်ခြင်းတွေကို မည်သည့်အရာများက ဝေးကွာစေသည်လဲ… ထိုကာယကံရှင်နှစ်ယောက်ကရော သည်လို ဝေးကွာခြင်းတွေကို မည်သို့သော အင်အားတွေနှင့် ဆက်လက်ရှင်သန်နေကြသည်လဲ… ကိုယ်နှင့်မဆိုင်သော်လည်း ကျွန်မ သိချင်မိသည်။

(၇)
အကြောင်းရင်းကို သိလိုက်ရသောအခါ ကျွန်မ များစွာ အံ့သြရတော့သည်။ ယု ထိုအမျိုးသားကို ဖြတ်တောက် ရှောင်ဖယ်လိုက်ရခြင်း အကြောင်းရင်းမှာ အတူသွား အတူလာ အတန်းဖေါ်သူငယ်ချင်းများက မနှစ်မြို့သောကြောင့် ဆိုပါလား…။ ကျွန်မ ဘုရားရေ… ဟု အကြိမ်ကြိမ် တ ကာ ယု ဆိုသော မိန်းကလေးကို ပထမဆုံးအကြိမ်အဖြစ် နားမလည်နိုင်အောင်ဖြစ်မိသည်။ ကျွန်မ သိရသလောက်တော့ ယုသည် ထိုအမျိုးသားလေးအပေါ်တွင် ချစ်ခင် တွယ်တာနေပေပြီ…။ ကျွန်မကိုယ်တိုင်လည်း ယုတို့မျက်နှာပေါ်မှ ချစ်အရိပ်တွေကို မြင်ခဲ့ရဖူးသည် မဟုတ်ပါလား…။ သို့သော် သူငယ်ချင်းများက အကြောင်းအမျိုးမျိုးဖြင့် ယုကို ထိုသူနှင့် မဆက်သွယ်ရန် တားမြစ်ကြသည် တဲ့…။ ထိုသူ့အကြောင်း မကောင်းသတင်းများကို ယု ကို ပြောဆိုကြသည်တဲ့..။ သည်လို အတူတူ တွဲသွား တွဲလာနေနေလျှင် အများအမြင် မတင့်တယ်သောကြောင့် မနေသင့်ဟု ပြောကြသည် တဲ့…။ သူငယ်ချင်းများ၏ သြဇာ လွှမ်းမိုးမှုကို ယု က မတွန်းလှန်နိုင်တော့ပြီလား..။ သူများအကြောင်းတွေကို စိတ်မဝင်စားတတ်၊ သူတပါးကို အပြစ်မမြင်တတ်သော ကျွန်မစိတ်ထဲ ယုနှင့် ယု သူငယ်ချင်းများအကြောင်း ကြားရသည်မှာ အတော်လေး စိတ်ကသိကအောက် ဖြစ်ရတော့သည်။

(၈)
ယုရယ်… လောကမှာ ကိုယ့်ကို တကယ်ချစ်တဲ့သူ ကိုယ်ကလည်း တကယ်ချစ်ရသူရဲ့ လက်ကို ရဲရဲတင်းတင်း ဆုပ်ကိုင်ဖို့ ဘာတွေများ တွန့်ဆုတ် တွေဝေနေရတာလဲ… ဘာကြောင့်များ သူများတွေရဲ့ စီမံ ဆုံးဖြတ်မှုအောက်မှာ နာခံ နစ်မျောသွားရတာလဲ… ဘဝမှာ သူငယ်ချင်းတွေက ချစ်သူထက် ပိုပြီး အရေးပါတယ်လို့ ခံယူတယ်ပေါ့… ဒီအတွက် တဖက်သားကို နာကျင်စေဖို့ ပြီးတော့ ယု ကိုယ် ယုလည်း နာကျင်စေဖို့ သည်လမ်းကို ဆုံးဖြတ် ရွေးချယ်သည်ပေါ့… ကျွန်မ တကယ်ကို နားမလည်နိုင်ပါ…။

(၉)
စိန်ကဲ ရွှေကဲ ထက် လူကဲခတ်ရတာ ပို ခက်သည် တဲ့…။
အကယ်၍များ ကျွန်မ ယုနှင့် ရင်းနှီးသော သူငယ်ချင်းဖြစ်ခွင့်ရမည်ဆိုလျှင်၊ ယုနှင့် နှစ်ယောက်တည်း မျက်နှာချင်းဆိုင် အေးအေးဆေးဆေး တွေ့ဖြစ်မည်ဆိုလျှင် ယုကို ပုခုံးမှ ဆွဲကိုင် လှုပ်ရမ်းပြီး ယုရဲ့ မျက်လုံးတွေထဲကို အတင်း တိုးဝင်ကြည့်ရင်း ကျွန်မ သိလိုသော မေးခွန်းတခုကို မေးလိုက်ချင်ပါသည်…။ ယု ပြန်ဖြေလာမည့် အဖြေကို ကြိုတင် တွက်ဆထားပြီးဖြစ်သော်လည်း ထိုအဖြေသည် ယု ရင်ထဲမှာ တကယ်ရှိနေသော အဖြေစစ်စစ် ဟုတ် မဟုတ်၊ ဤအဖြေအတွက် ယု၏ ဆန္ဒ တကယ် ပါ မပါ ဆိုသည်ကို ယု မျက်ဝန်းနက်နက်တွေထဲမှာ၊ ယု နှုတ်ခမ်းဖျားက အပြုံးအရယ်တွေထဲမှာ၊ သာယာချိုရှသော စကားသံတွေထဲမှာ တွေ့အောင် ရှာရင်း ကျွန်မ အထင် မှန် မမှန် တယောက်ယောက်ကို စိန်ခေါ်ကာ လောင်းကြေးထပ် ကြည့်လိုက်ချင်ပါသည်…။

သေချာသည်ကတော့ သည်ပွဲမှာ ဘယ်လိုနည်းနှင့်မျှ ကျွန်မ မရှုံးနိမ့်နိုင်ပါချေ။



18 comments:

  1. ပုံနဲ့စာကိုစပ်ဆက်လို့မရဘူးဖြစ်နေမိတယ်

    ReplyDelete
  2. အောင်ပွဲဟာရဲရင့်သူတို့နှင့်ပိုနည်းစပ်ပါကြောင်း... :)

    ReplyDelete
  3. ယုလည်း သူ့အကြောင်းသူ နေမှာပါလေ ...

    ReplyDelete
  4. ယုက တကယ်မချစ်လို့ စွန့်သွားရက်နိုင်တာလို့ပဲ ယူဆမိတယ်။ တကယ်ချစ်လာရင် ကြားလေသွေးတောင် ဝေးတယ်ထင်ကြသေးတာပဲနော်..။ သူငယ်ချင်းလောက်တော့ မှုမယ်မထင်ဘူး..။

    ReplyDelete
  5. တဖက်ဖက်ကတကယ်မချစ်ခဲ့လို့ (သို့မဟုတ်) နှစ်ဖက်စလုံးက အချစ်စစ်မဟုတ်ခဲ့ကြလို့ ဖြစ်မှာပါ....

    ReplyDelete
  6. မောင်နိုင်June 23, 2012 at 11:01 PM

    တော်တော်ရေးတတ်လိုက်တာ

    ReplyDelete
  7. သိပ်ကောင်းပါတယ် ဗျာ

    ReplyDelete
  8. မြသွေးနီ နဲ့ rose ပြောသလိုပဲ ပြောချင်ပါတယ်.. အချစ်မွှန်နေရင်တော့လား.. သူငယ်ချင်းတွေ ဘာပြောပြော အလကားပါပဲ…

    ReplyDelete
  9. ညီမလေးလဲ ကျောင်းတက်တုန်းက အဲလိုအဖြစ်မျိုးကြုံဖူးတယ်...ယုလိုလူမျိုးလေ...။

    ReplyDelete
  10. ယုကို အဲဒီလူအကြောင်း မဟုတ်တာတွေ ဇတ်လမ်းဆင်ပြီးများ ပြောလိုက်ကြ သလား၊ ယု စိတ်နာသွားစေမယ့် ဇတ်ကွက်မျိုးတွေကို ဖန်တီး လိုက်ကြသလားလို့ တွေးမိသွားတယ်..၊ ချိန်ခွင်ရဲ့ တဖက်မှာ ထည့်ထားတဲ့ အချစ်ဟာ တကယ့် အစစ်အမှန် သာဆိုရင် အခြားတဖက်မှာ ဘယ်လို အရာပဲ ထည့်ထည့် ချိန်ခွင်လျှာဟာ အလယ်ကို ဘယ်တော့မှ တက်လာမှာ မဟုတ်ဘူးလို့ ယူဆမိတာ ပါပဲဗျာ...၊း) ဖတ်လို့ ကောင်းတယ် မသက်ဝေ...။

    ReplyDelete
  11. ယုလည်း သူ့အကြောင်းသူ နေမှာပါလေ

    ReplyDelete
  12. ကျွန်တော်လည်း ကိုငလှုပ်မေးလိုက်ချင်တယ်

    ReplyDelete
  13. မယ်လည်း ယုကို လှုပ်ပြီးကို မေးချင်ပါရဲ့။ ယုက စဉ်းစားဆင်ခြင်ဥာဏ်မရှိဘူးလား။ ယုဟာ အများပြောတိုင်း လိုက်ခေါင်းငြိမ့်တတ်တဲ့ တွေးတောမှုမရှိတဲ့သူလား။ ယုဟာ peer pressure ကို မတွန်းလှန်နိုင်တဲ့ ၁၃ နှစ်သမီးလေးလား။ ဆယ်ကျော်သက် အပျိုပေါက်ဆိုရင်တောင် မိဘကိုတောင် တွန်းလှန်နေကြပြီလေ။
    စာထဲက အတိုင်းဆို သူငယ်ချင်းတွေက ဗီလိန်တွေ၊ သူများချစ်ခြင်းကို ကိုယ်ချင်းစာတရားမဲ့ ခွဲရက်ကြသူတွေ၊ သနားကြင်နာခြင်းမဲ့ ရက်စက်ယုတ်မာကြသူတွေ၊ ယုကို မစာနာတဲ့ မိတ်ဆွေယုတ်တွေပေါ့နော်။
    စိတ်မကောင်းစရာပါပဲ။

    ReplyDelete
  14. အံ့သြလွန်းလို့ပါ။ မယ်သာဆို ကိုယ်ချစ်တဲ့သူက နူရွဲကျိုးကန်းပညာမတတ်ဖြစ်လို့ သူငယ်ချင်းတွေကသာ မက မိဘမောင်ဘွားတွေကပါ သဘောမတူဘူးဆိုလည်း မစွန့်ပစ်နိုင်ပါဘူး။ ကိုယ်ချစ်နိုင်လို့တောင် လက်ခံထားတဲ့ ကိစ္စကို သိကြားမင်းဆင်းဖျက်လည်း မပျက်နိုင်ပါဘူး။ နစ်နာနာကျင်သွားမယ့် ချစ်သူအတွက်သာ စဉ်းစားမှပါ။ အခုတော့ ယုက မသူတော်သူငယ်ချင်းတွေကြားမှာ ဘာလို့ပျော်ချင်ယောင်မဆောင်နေပါလိမ့် ။ မယ်သာဆို အဲဒီဗီလိန်သူငယ်ချင်းတွေကိုပဲ စွန့်ခွာလိုက်မှာပါ။ သူငယ်ချင်းတွေကလည်း စာထဲအတိုင်း ကိုယ်ချင်းစာတရားခေါင်းပါး သူတပါးချစ်ခြင်းကို အလွန်တရာရက်စက်ယုတ်မာတဲ့အကြံနဲ့ ခွဲရက်ကြသည့်တိုင်ပေါ့။

    ReplyDelete
  15. ပေါက်ကွဲနေပါလား ဒေါ်မယ်ကိုး.:D
    ဘယ်သူတားတား နောက်မဆုတ်ဘူး..သီချင်းလေးဆိုပြန်သွားတယ်...
    မမွန်

    ReplyDelete
  16. (((သို့သော် သူငယ်ချင်းများက အကြောင်းအမျိုးမျိုးဖြင့် ယုကို ထိုသူနှင့် မဆက်သွယ်ရန် တားမြစ်ကြသည် တဲ့…။ ထိုသူ့အကြောင်း မကောင်းသတင်းများကို ယု ကို ပြောဆိုကြသည်တဲ့..။ သည်လို အတူတူ တွဲသွား တွဲလာနေနေလျှင် အများအမြင် မတင့်တယ်သောကြောင့် မနေသင့်ဟု ပြောကြသည် တဲ့…။ )))

    အဆန်းပဲနော် ... ဘယ်လို သူငယ်ချင်းမျိုးတွေပါလိမ့်ဗျာ ... အဲဒီသူငယ်ချင်းဆိုတာတွေက ကောင်လေးကိုများ ကြိတ်ကြိုက်နေကြလို့ ယုနဲ့ ချစ်သွားမှာ မနာလိုစိတ်နဲ့ ဝင်ဖျက်ကြသလား မသိဘူး ... ဟက်ဟက်ဟက်

    အတူတူ တွဲသွား တွဲလာနေနေလျှင် အများအမြင် မတင့်တယ်သောကြောင့် မနေသင့် ဆိုပါလား ... သူတို့ ကတော့ ဘယ်လိုများနေကြတယ် မသိ ... အင်မတိအင်မတန် အဖိုးတန် အမျိုးမှန် ဗိုင်းကောင်းကျောက်ဖိလေးတွေ ထင်ပါရဲ့ ... ဟဲဟဲ ဒီခေတ်မှ မဟုတ်ဘူး ...ကျနော်တို့ တက္ကသိုလ်တက်တုန်းကတောင် ကင်တင်း အတူတူ ထိုင် တွဲသွားတွဲလာ ဘယ်သူမှ ဘာမှ မပြောကြပါဘူး ... (ရည်းစားမဖြစ်သေးဘူးနော် ... ဖြစ်ကာနီးဆဲဆဲ အချိန်) ဘယ်လိုမှလည်း မမြင်ကြပါဘူးဗျာ ...

    ဘယ်လိုပဲဖြစ်ဖြစ် သိပ်ဖတ်လို့ကောင်းပါတယ် ... အဖြစ်မှန်သာဆိုရင် "ယု" ဆိုတဲ့ မိန်းကလေးလည်း "မသူတော်" တွေ ပြောကြတဲ့ စကား နားမယောင်ဘဲ ကိုယ့်ချစ်တဲ့သူကို ရဲရဲရင့်ရင့် လက်တွဲဖို့ ဆုံးဖြတ်ရဲတဲ့ သတ္တိမျိုး ရှိလာပါစေ လို့ပဲ ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  17. ဒီစာပိုဒ်ထဲမှာက ယု ကချစ်နေလျှက်နဲ့  ခွဲသွားတာ
    အခု တကယ်ခံစားနေရတာက ယု က မချစ်ပဲချစ်ဟန်ဆောင်ပြီး အခုမှ လမ်းခွဲသွားခဲ့တာ
    တစ်ချိန်လုံး သူတကယ်ချစ်တယ်လို့ ပဲထင်နေခဲ့တာလေ
    သူ့ ရင်ထဲမှတော့ ကျွန်တော်က နေရာမရခဲ့ဘူးပေါ့

    ReplyDelete
  18. ယု နေရာမှာ..... ရောက်ဘူးတယ် ဘာသာမတူခဲကြဘူး
    နှစ်ဖက်စလုံးက အချစ်စစ်ပါ သိပ်ချစ်ပေမယ့်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...