Thursday, August 30, 2012

အချဉ်ပေါက်သူတယောက်၏ အစာအိမ်ကို အဆင့်ဆင့် သရုပ်ခွဲ ကုသခြင်း

ဖြစ်စဉ် (၁) - စတင်ခြင်း

အေ့ - အေ့ - အနီးအနားမှ လူများ သည်းမခံနိုင်လောက်အောင် တအေ့အေ့ အသံဆိုးဆိုးဖြင့် လေချဉ်များ အဆက်မပြတ် တက်နေ - အေ့ - အစာအိမ် လမ်းကြောင်းတလျောက်မှ အက်ဆစ်များ တစိမ့်စိမ့် စီးဆင်း ထွက်ကျလာ သကဲ့သို့ သိ ရှိ ခံ စား နေရ - လည်ချောင်းဝမှ တဆင့် ပါးစပ်ထဲသို့ ရောက်လာသော အရည်တချို့မှ ချဉ်စုတ်စုတ် အရသာများ လျာဖျားကို တွန်း တိုက် ရောက် ရှိ ထိတွေ့ ခံ စား - ဝမ်းဗိုက်တခုလုံး စူးစူးဝါးဝါး နာ ကျင် ခံ ခက် - ဗိုက်ထဲမှာ အစာရှိလည်း နာ - အစာ မရှိလည်း နာ - ဒါဆိုရင် အစာအိမ်နာဖြစ်ဖို့ သေ ချာ နေ ပြီ - ကြော်အောင် - ငြာ - တဲ့ ကြော်ငြာလား - ကြော်အောင် - ညာ - တဲ့ ကြော်ညာလား - မသဲကွဲ - တကယ်ဆို အချဉ်ပေါက်နေတာ အစာအိမ် တနေရာထဲဆိုတာ ဟုတ် နိုင် ပါ့ မ လား - မျက်စိနှစ်ကွင်းမှ အမြင် အာရုံများ - နားရွက်ဖျားမှ အကြား အာရုံများ - နှာခေါင်းထိပ်မှ ကောင်း ဆိုး မွှေး နံ အနံ့ စုံ အာရုံများ - လျာဖျားမှ ချို ချဉ် ငန် ခါး ရသာစုံ အာရုံများ - ခန္ဒာကိုယ် တခုလုံးရှိ သွေးကြောပေါင်းစုံမှ အာရုံများ - မာခေါက်ခေါက် ခေါင်းခွံအောက်က ဖြူ ပျော့ပျော့ ဦးနှောက်များမှ စိမ့်ယို စီးဆင်းနေသော အတွေး အာရုံများ - ထိုထိုသော အာရုံ ခြောက်ပါးတို့မှ အချဉ်ပေါက်မှု အသီးသီး အတွက် အစာအိမ်တခုတည်းကို တရားခံရှာကာ အပြစ်များ အားလုံး စု ပုံ လွှဲ ချ - ဒါ တရားသလား - သို့သော် - ထို့ကြောင့် - အချဉ်ပေါက်နေသော အစာအိမ်ကို ဓါတ်ခွဲခန်းသို့ မီး နီ ပြာ လင်းလင်း - အဆက်မပြတ် ဥသြသံ ဆူဆူ - အဖြူရောင် အနီကြား -
ယာဉ်ကြော ပိတ်ဆို့မှု မရှိစေရန် - အမြန်ယာဉ်ဖြင့် သယ်ယူ ပို့ဆောင် -

ဖြစ်စဉ် (၂) - ပြင်ဆင်ခြင်း

စီတန်းနေသော အခန်းတံခါးချပ်များပေါ်မှ သုံးမြှောင့်ပုံသဏ္ဍာန် အနီရောင် မီးလုံးငယ်များ လင်းတခါ မှိန်တလှည့် - ဆံကေသာ အလှပြုပြင်ရေး ဆိုင်များမှာ တပ်ဆင်ထားသော မီးအိမ်များနှင့် သဘောတရားခြင်း ဆင်ဆင်တူ - မီးလင်း = အလုပ်ရှိ - အပေါ် အောက် တဆက်တည်း အပြာရောင် ဝတ်ရုံရှည်ကို ပြောင်းလဲ ဝတ်ဆင်ရင်း စိတ်ကြီးဝင်ချင်သလို ဖြစ်လာ - လင်းနို့ လူသားလေလား - ပင့်ကူ လူသားလေလား - မဟာ လူသားလေလား - ဖြစ်မှ ဖြစ်ရလေ - ကုတင်ဖြူဖြူပေါ်ရောက် - ဦးခေါင်းအထက်ဆီမှ စီးမိုးထားသော ထိန်ထိန်ညီး မီးလုံး ကြီးနှစ်လုံး၏ အရှိန်ကြောင့် အာရုံ ခြောက်ပါးအနက် အချို့သော အာရုံများ တမဟုတ်ချင်း ငြိမ်သက်သွားစဉ် - ရင်ညွန့်တနေရာမှ နှလုံးခုန်နှုန်းများ အဆတိုး၍ ခုန် ပေါက် မြန် ဆန် လှုပ် ရှားလာ - ခွင့်ပြုပါ - ဟူသော အသံ တစ ကြားရ - ဘယ်ဖက် လက်မောင်းမှ တစထက် တစ တင်းကျပ်လာသော စည်းနှောင်/ ချည်နှောင်မှု တခု - ညာဖက် လက်ဖျံမှ သွေးကြောထဲသို့ စူးစူး ချွန်ချွန် အရာတခု တိုးဝင် ထိုးဆွ - ကိုယ်တွင်းရှိ သွေးကြောများ တောက်လျောက် မီးစဖြင့် ထိုးသလို ပူလောင် - ခွင့် ပြု ပါ - အေးစက်စက် ကမ္ဘာငယ်မှာ အပြာလဲ့လဲ့ ဝတ်ရုံရှည် ဝတ်ဆင်ရင်း - မြစိမ်းရောင် မျက်နှာဖုံး တပ်ဆင်ရင်း - သွေးဆုတ် ဖြူဖျော့ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း - လက်နှစ်ဖက်ကို ကိုယ့်ဘေးမှာ အလျားလိုက် ဖြောင့်တန်းစွာ ကပ်ထားရင်း - တခဏတာ ငြိမ်သက်စွာ အိပ် စက် နားခို - အာရုံ ခြောက်ပါးမှာ အချဉ်ပေါက်နေခြင်းမှ - တင်းပြည့် ကြပ်ပြည့် - ချုပ်ငြိမ်း - အ နား ရ သွား ခိုက် -

ဖြစ်စဉ် (၃) - စစ်ဆေးခြင်း

ခွင့်ပြုပါ - သေးငယ်သော မှန်ဘီလူးတပ် - ချွန်မြသော ကပ်ကြေးငယ် တပ် - ပိုက်တချောင်း အစာအိမ်အတွင်းသို့ လမ်းကျယ် လမ်းသွယ် များမှတဆင့် တွား သွား ဝင် ရောက် - အသေးစိတ် စပ်စု လေ့ လာ - လေးထောင့် ဖန်သားပြင်ပေါ်တွင် အစာအိမ် အတွင်းလွှာ နံရံ တလျောက် နီစပ်စပ် သွေးစို့စို့ ဒါဏ်ရာ အနာတရ များစွာကို အနှေးပြကွက်ဖြင့် ထင်ထင်ရှားရှား ရှာဖွေ တွေ့ရှိ - - စိမ်းဖန့်ဖန့် အက်ဆစ်ရည်များက နေရာအနှံ့ စိုစိုစွတ်စွတ် - ကြေညက်စွာ ဝါးမျိုထားခြင်း မရှိသော - သို့မဟုတ် - ကြေညက်အောင် ဝါး၍ မရနိုင်သော - သို့မဟုတ် - ကြေညက်အောင် ခြေနိုင်ခြင်းငှာ မစွမ်းသော - ငစိန်ဆန်ကြမ်း - ငြုတ်သီးမှုန့် မှိုတက် - ချဉ်ပေါင်ရွက် ကြမ်းကြမ်း - ဆိုးဆေးပါ အနီရောင် မျှစ် ရင့်ရင့် - အပေါစား ပြည်တွင်းဖြစ် ချက်အရက် ပြင်းပြင်း - အားလုံး ညိုညစ်စွာ လုံးထွေး ပေါင်းစည်း - ပုတ်အဲ့အဲ့ ချဉ်စူးစူး အနံ့ဆိုး - နှလုံး တချက်တိုး အခုန်မှာ ကိုယ်တွင်းမှ ပစ္စည်းများ နေရာ အရွေ့ - အကြမ်းစား ပစ္စည်းတို့က အနာများကို ရှတစွာ တိုက်ခိုက် ထိုးနှက် - အနာပေါ် တုတ်ကျ - အား -

ဖြစ်စဉ် (၄) - ကုသခြင်း

အရည်ကြည် သက်သက် နှစ်ရက် - ပျော့ပျောင်းသော အရည်စွက် အစာများ နှစ်ရက် - အပ်စူးစူးမှ တဆင့်လာသော ထိုးဆေးများ - ၂၄/၇ - သုံးရက် - ပိုးသတ်ဆေး အလုံး အခဲ အတောင့်များ ငါးရက် - နွားနို့ကဲ့သို့ ဖြူရော်ရော် ပျစ်ချွဲချွဲ ဆေး အရည်များ တခွက်ပြီး တခွက် ဆယ်ရက် - အိပ်ယာခင်း အဖြူ ခေါင်းအုံးအဖြူ စောင်အဖြူ - လူခေါ် အဝေးထိန်း စက်ခလုပ်ခုံ - ခွင့်ပြုပါ အစချီ သုံးနာရီခြား တခါ စစ်ဆေး တိုင်းထွာသော သက်ရှိ နှင့် သက်မဲ့ ကရိယာ - ရုပ်မြင်သံကြားပြစက် နှင့် အဝေးထိန်း စက်ခလုပ်ခုံ - လုပ်ဖေါ် ကိုင်ဖက်များထံမှ နှစ်သိမ့် သစ်သီး - ကဒ် - ပန်းစည်းများ - အားလုံးနှင့် အတူတူ - စုစုပေါင်း ဆယ်ရက် - စာရွက်ဖြူပေါ်ရှိ ဇယားကွက်မှာ ထိပ်စည်း ဂဏန်း တလုံး + နောက်ဆက်တွဲ သုည လေးလုံး - အစာအိမ် မဟုတ်သော ရင်တွင်း တနေရာမှ ဝေဒနာတချို့ ရုတ်ချည်း ပေါ်လာ - အား - ဟု ပင် အသံ မထွက်နိုင်တော့ -

ဖြစ်စဉ် (၅) - မှာကြားခြင်း (သို့) လိုက်နာ ဆောင်ရွက်ရန်

အစာအိမ် အချဉ်ပေါက်ရခြင်းမှာ သုံးဆောင်မိသော အရာများ အလွယ်တကူ အခဲမကြေခြင်း - သို့မဟုတ် - မကြေညက်ခြင်းတို့မှ စ တင် မြစ် ဖျား ခံ - ထို့ကြောင့် သုံးဆောင်ရန်ရှိသော အရာများကို ကြေညက်အောင် ကြိမ်ဖန်များစွာ ဝါး ပြီး မှ မျို ချ ရန် - မာကျော ကြမ်းတမ်းသော - အစာ ခြေရန် / ကြေရန် ခက်ခဲသော - ပူစပ်မှု / ပူလောင်မှု ရာခိုင်နှုန်း များသော - အဝင်လမ်းတလျောက် ထိ ခိုက် ကြမ်း ရှ စေသော - အရာများကို တတ်အားသ၍ ရှောင် ကြဉ် ရန် - ပြီးလွယ် စီးလွယ် ဝါးကာ အဆောတလျင် မျိုချခြင်းမျိုးမှလည်း ရှောင် ကြဉ် ရန် - ဖြစ်နိုင်လျင် ငစိန်ဆန် အစား ပေါ်ဆန်းမွှေး - ချဉ်ပေါင်ရွက် အစား ကြက်သား - မျှစ် အစား ပေါင်မုန့် - ငြုတ်သီးမှုန့် အစား ကြက်ဥ - ချက်အရက်ပြင်းများ အစား နိုင်ငံခြားဖြစ် နှစ်ချို့ဝိုင် တို့ကို အစားထိုး သုံးဆောင်ရန် - မသင့်တော်သော (သို့မဟုတ်) မတော်တဆ တွေ့မြင် ကြုံဆုံရသော အရာများ - မြင်မြင်ကရာ အလွယ်တကူ ရရှိနိုင်သော အရာများ ကို သတိကြီးစွာထားပြီး သုံး ဆောင် ရန် - သင့် - မ သင့် - စဉ်း စား ရန် - မလွှဲသာ မရှောင်သာ သုံးဆောင်မိပါက သေသေချာချာ ကြေကြေညက်ညက် ဖြစ်အောင် ကြိမ်ဖန်များစွာ ဝါးပြီးမှ လက် ခံ မျို ချ ရန် - ဗလုံး ဗထွေး လုံးချ မျိုချခြင်းမှ လုံးဝ ရှောင် ကြဉ် ရန် - မှားယွင်း သုံးဆောင်မိပါက အသင့်ဆောင်ထားသော အစာကြေ ဆေးလုံး ဆေးရည်များကို ကြို ကြို တင် တင် - အချိန်မီ - မှီ ဝဲ ထားရန် - တစုံတရာ အဆင်မပြေဖြစ်ခဲ့သည်ရှိသော် / ဖြစ်ခဲ့ပါက အထက်ပါ ဖြစ်စဉ် အဆင့်ဆင့်ကို အ စ မှ အ ဆုံး - အ စ မှ အ ဆုံး - တပတ်လည်အောင် ပြန်လည် ဆောင်ရွက်ရန် -

- အစာအိမ် အချဉ်ပေါက်ရခြင်းမှာ သုံးဆောင်မိသော အရာများ အလွယ်တကူ အခဲမကြေခြင်း - သို့မဟုတ် - မကြေညက်ခြင်းတို့မှ စတင် မြစ်ဖျားခံ -



10 comments:

  1. အော်ပရေးရှင်း တစ်ခုလုံးကို အမောတကော လိုက်ဖတ်နေမိတယ်၊ အချဉ်ပေါက်နေတာတွေ အားလုံးက နောက်ဆုံးမှာ အစာအိမ်ကို တရားခံ ရှာလိုက်တဲ့ အဖြစ်တွေလည်း များသထက် များလာနေတာ တွေးမိတယ်...၊

    နောင်မဖြစ်အောင် အစားထိုးရမယ့် အာဟာရစာရင်းကို တွေ့တော့ ဒီအတိုင်းဆို ဟိုနိုင်ငံကလေးက လူတွေတော်တော်များများ ဆက်ပြီး အချဉ်ပေါက်နေ ကြအုံးမှာ တွေးမိပြီး အမောတကောနဲ့ အဆုံးသတ် သွားတယ်..၊ ဒီလိုရေးနည်းကို သဘောကျမိတယ် မသက်ဝေ..။

    ReplyDelete
  2. လှတယ်... ဒီတပုဒ်လည်း ကြိုက်တယ်...

    ReplyDelete
  3. အဆင့်ဆင့်သရုပ်ခွဲကုသပုံကနေ ပြေးမလွတ်တဲ့ တရားခံရှာဖွေတွေ့ရှိသွားတယ် မသက်ရေ။ တီတင့်ကိုယ်တိုင်လည်း ဘာစားစား အလောတကြီး စားတတ်တယ် မကြေညက်တာတော့ အသေအချာပဲး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အစာအိမ် ဖြစ်ဖြစ် စိတ်ဖြစ်ဖြစ် အချဉ်ပေါက်တာ လဲ ခံရခက်တဲ့ ဝေဒနာ ဘဲ အမ ။ လိုက်နာ ဆောင်ရွက် ရမဲ့ နည်းတွေ ကို သေချာ မှတ်သွားပါတယ် ။

    ReplyDelete
  5. မိုက်တယ်ဗျိုး၊သဘောတူတယ်၊အဓီကနိုင်ဂံခြား
    ရောက်ရင်ပိုသတိထားရတယ်.. :)

    ReplyDelete
  6. ကိုယ်တွေကတော့ စားလည်း စိတ်မြန်လက်မြန်စားတတ်တော့ အဆာမကြေ ခဏခဏဖြစ်ရတယ်။ အဆာကြေဆေးပုလင်းကို အမြဲဆောင်ထားရတယ်..:))
    ဒီလို စတိုင်သစ်နဲ့ ရေးထားတော့လည်း ဖတ်လို့ကောင်းတာပဲ အစ်မသက်ဝေ..။

    Happy Blog Day ပါ။

    ReplyDelete
  7. ရေးထားတာ ကောင်းလိုက်တာ။
    ညီမက အစာစားရင် အရမ်းမြန်တာ။
    နှေးအောင်မစားတတ်ဘူး။ ကြာပြီ။ နိုင်ငံခြားရောက်ကတည်းကဘဲ။

    ReplyDelete
  8. တော်သေးတာပေါ့ အချဉ်ပေါက်တာ အစာအိမ်ဖြစ်နေလို့၊
    အကွက်ချရေးနိုင်လိုက်တာ။

    ReplyDelete
  9. ဇွန်မိုးစက်September 7, 2012 at 3:57 PM

    ညီမက ခဏခဏ အစာအိမ် အချဉ်ပေါက်တတ်တယ်။ ငယ်ငယ်က အချဉ်တအား ကြိုက်လို့လေ။ ညနေပိုင်းဆို လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်ဟင်းခါး အဲဒါမျိုးတွေ စားလို့မရဘူး။

    အစာအိမ်က အက်ဆစ်အထွက်များနေတော့ အစာလည်း ခံလို့မရဘူး။ နို့မို့ရင်... လေချဉ်တက်လာပြီး အချဉ်ပေါက်ဖို့ အဆင်သင့် ဖြစ်နေရော...း(

    အချဉ်ပေါက်တာ မကြိုက်ပေမယ့် မမ ရေးသွားတာလေးကိုတော့ ကြိုက်တယ်။

    ReplyDelete
  10. ဇွန်မိုးစက်September 7, 2012 at 3:59 PM

    စောစောက စာလုံးပေါင်းမှားသွားလို့လာပြင်တာ.... အ*ဆာ*လည်း ခံလို့မရဘူး..ဆိုတာမှာ :D

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...