Saturday, September 15, 2012

ဟင်းချက်သောနေ့ (၁)

အခုတလော အပြင်မှာစားဖြစ်သော ရက်တွေ တော်တော်ကို များနေသည်။ ထို့ကြောင့် ဒီနေ့တော့ အိမ်မှာ တခုခုချက်အုံးမှပဲဟု စဉ်းစားကာ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ခဲနေသော ဘူးများကို တခုချင်းစီ အတင်း ပြုးပြဲ ကြည့်သည်။ ဘာချက်ရရင် ကောင်းမလဲ စဉ်းစားသည်။ သိပ်ဦးနှောက် မခြောက်လိုက်ရခင်မှာ… တနေ့က ဝယ်ထားသော ဝက်အူချိုတဗူး၊ ဝက်အသည်း တဗူးနှင့် အတူ ဟင်းသီးဟင်းရွက်များအကြားမှ ခပ်စိမ်းစိမ်း စိုက်ကြည့်နေသော သရက်သီး အစိမ်းနှစ်လုံးကို တွေ့လိုက်ရသည်။ ထိုအခါ ခေါင်းထိပ်မှာ မီးသီးလေးလင်းသွားသော ကာတွန်းကွက်ကို သတိရသွားသည်။ ဟုတ်ပြီ... ဝက်သားတုတ်ထိုး လုပ်မည်။ သရက်သီးကြော်မည်… သူများတွေ သရက်သီး ငပိချက်ဟု ခေါ်ကြမည် ထင်သည်။ ဒီကတော့ ငပိ မထည့်မှာမို့ သရက်သီးကြော်ဟုသာ လွယ်လွယ် ခေါ်ကြပါစို့…

သရက်သီးတွေကို ဒါးနဲ့ပေါက်


ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငြုတ်သီးအကြမ်းမှုန့် နှင့် ပုဇွန်ခြောက်မှုန့်တွေ အသင့်ပြင်


ဆနွင်းမှုန့်၊ ဆီ၊ ငန်ပြာရည် နှင့် အချိုမှုန့်များက သက်ဆိုင်ရာ ပုလင်းတွေထဲမှာ အသီးသီး ရှိနေကြ (ဓါတ်ပုံမရိုက်သော်လည်း မြင်ယောင်ကြည့်ကြစေချင်သည်)

ကြက်သွန်ဖြူ နီ ဆီသတ်


ကြက်သွန်အတော်နွမ်းတော့ ငြုတ်သီးအကြမ်းမှုန့်ထည့် မီးခပ်အေးအေးနဲ့ကြော်


ငြုတ်သီးတွေ ကျက်လောက်ပြီဆိုတော့ ပုဇွန်ခြောက်မှုန့် ထည့် မွှေ


တခဏအကြာမှာ သရက်သီးဒါးပေါက်တွေထည့် (ချက်နေရင်း သွားရည်ကျမှုကို ကာကွယ်ရန် ရေတခွက် သွားသောက်သည်)


ငါးမိနစ်ခန့် မွှေရင်း ငန်ပြာရည် အနည်းငယ်နှင့် (ဘေးဘီဝဲယာကို မသိမသာ ကြည့်ကာ) အချိုမှုန့် တဇွန်း အပြည့် ထည့်ပလိုက်သည်။ ဟော... ဒီမှာ သရက်သီးကြော်ရပြီ (ငြုတ်သီးစိမ်းတောင့်ကလေး တတောင့်တလေမျှပင် အိမ်မှာ မရှိသောကြောင့် သရက်သီးကြော်သည် လှသင့်သလောက် မလှ…)


တချိန်ထဲမှာ သကြား ကြက်သွန်ဖြူ ဂျင်းတို့ကို ဆီသတ်ပြီး ဝက်အူချိုနှင့် အသည်းတို့ကို တပါတည်း ဆီသတ်ကာ Pressure Cooker တွင် ၅ မိနစ်ခန့် ပေါင်းသည်။ ကြက်ဥ ၆ လုံး ပြုတ်သည်။ ပြီးတော့ ခုနက ပေါင်းအိုးထဲ ထည့်၊ အနားမှာ ဘယ်သူမှ မရှိတာ သေချာသည်မို့ အချိုမှုန့် တဇွန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ထည့်လိုက်နိုင်သည်။ ပြီးတော့ ၅ မိနစ်ခန့် ထပ်ပေါင်းသည်။ ထိုအခါ ပုံပါအတိုင်း ဝက်သားတုတ်ထိုး ဆန်ဆန် ဟင်းတခွက်ရ၏။


အားလုံးပြီးစီးသွားသောအခါ ထိုဟင်းနှစ်မျိုးကို စားပွဲပေါ်တင်လိုက်ကာ ရေနွေးကြမ်း နှစ်ခွက်ပါ ပြင်လိုက်ရင်း စားကြမယ်ဟေ့... ဟု ခပ်ကျယ်ကျယ်လေး ခေါ်လိုက်သည်။ မီးဖိုထဲသို့ သူ ဝင်လာသည်။ ထမင်းခူးရန် ပန်းကန်ပြား နှစ်ချပ်ယူကာ ထမင်းအိုးကို ဖွင့်လိုက်သည်။ ဒန်... ဟန်... ဟန်... ထမင်းကား မချက်ရသေးချေ။ သူ လှည့်ကြည့်နေသည်ကို မသိချင်ယောင်ဆောင်နေလိုက်သည်။ ဒီမှာ ဒီလောက် ချက်ပြုတ်ထားတာ ထမင်းချက်ဖို့ မေ့သွားတာ အပြစ်လာမပြောနဲ့… ဟူသော မျက်နှာပေးဖြင့်…

အချိန်ကြည့်လိုက်တော့ ၂ နာရီ ထိုးတော့မည် ခုနေမှချက်လျှင် နောက်ထပ် နာရီဝက်ခန့် စောင့်ရဦးမည်။ ဆန်အဖြူကို ချက်လျှင် ထိုမျှလောက်မကြာ.. သို့သော်အိမ်မှာက ဆန်အညိုစားသည်။ ချက်ရတာ ပိုကြာသည်။ ရှိစေတော့…

ထိုဝက်သားတုတ်ထိုး၊ ကြက်ဥ နှင့် သရက်သီးကြော်ကို ရေနွေးကြမ်း သောက်ရင်း ခပ်တည်တည်ဖြင့် သည်အတိုင်း ထိုင်စားလိုက်ကြသည်။ စားနေစဉ်မှာ သူက သူ့ဖုန်းကို မျက်နှာနား လာထိုးပြသည်။ သူပြလာသော ဓါတ်ပုံကိုကြည့်ကာ အသံထွက် ရယ်မောနေစဉ် သူက နောက်တပုံ ထပ်ပြသည်။ ထိုပုံကိုတွေ့သောအခါတွင်မူ မရယ်နိုင်တော့ချေ။

ပုံ (၁) မှာ ဘေစင်နှစ်ခြမ်းစလုံး ပြည့်နေသော၊ အသုံးပြုပြီး ပေရေနေသော အိုးခွက် ပန်းကန် ယောက်မ ဇွန်း တို့ ဖြစ်ကြပြီး ပုံ (၂) မှာ ချွေးတလုံးလုံးဖြင့် ညစ်ပတ် ပေတူးနေသော အိမ်ရှင်မ ပုံ ဖြစ်ပါသည်။ ထိုပုံများမှာ ပရိသတ်ကြီး မမြင်သင့်သော ပုံများ ဖြစ်နေသောကြောင့် ဝမ်းနည်းစွာဖြင့် ချန်လှပ်ထားခဲ့ရပါသည်။

တော်သေးပြီ…။



24 comments:

  1. ရှလွတ် to ဓာတ်ပုံ ကြည့်ခွင့်ရသော ပုံများ
    ပြီးတော့....
    ဓာတ်ပုံ ကြည့်ခွင့် မရသော ပုံ ၂ ပုံအား မှတ်ချက်ပေးရန် ဒေါက်တာကိုကြီးအား မေးလိုက်ဦးမည်....:P


    နောင့်

    ReplyDelete
  2. ဗိုက်ဆာနေတဲ့အချိန်မှာကိုက်တင်တဲ့အတွက်အဲဒီဟင်းချက်ဆရာမကိုအိုးမဲဖြင့်ညဏ်ပူဇော်ခြင်လာပါသည်.. :)

    ReplyDelete
  3. ဟင်းချက်ပြီး ထမင်းမချက်တဲ့ အိမ်ရှင်မလေးပေါ့...း))

    ReplyDelete
  4. ချစ်စရာလေးတွေ...ဟင်းကိုပဲ မဲချက်နေတဲ့ အိမ်ရှင်မနဲ့ မချက်ရသေးသောထမင်းကိုခူးဖို့ ပန်းကန်ကိုင်ထားတဲ့ အိမ်ရှင်ထီးကိုပြောတာ...။ အမ သရက်သီးကြော်က သရေကျစရာလေးပါ..။ အချိုမှုန့်လျှော့စားနော် ကျန်းမာရေးထိခိုက်တယ် (ဆရာဝင်လုပ်သွားသည်)...း)

    ReplyDelete
  5. ထမင်း ထမင်း ပာားပာား

    ReplyDelete
  6. နောက်ဆုံးပုံကို မကြည့်ရ၍ အလွန်ဝမ်းနည်းမိပါသည်။

    ReplyDelete
  7. ဘာပဲဖြစ်ဖြစ် ပျော်စရာကောင်းပြီး စားလို့ကောင်းမှာပါ၊

    ReplyDelete
  8. စားမယ်ဆိုမှ ထမင်းမချက်ရသေးတာမျိုး ကြုံရတိုင်း သိပ်စိတ်ညစ်ရတယ် ... ဒန် ဟန် ဟန် ...း))

    ReplyDelete
  9. ဝက်သားဟင်းထဲကို အရောင်တင်မှုန်. ထည်.ရသေးလားဟင် အရောင်လှတယ်နော်
    ပဲငံပြာရည်ကော

    ReplyDelete
  10. သရက်သီးကြော်ကို ရေလည်ကြွေနေတယ်ဗျာ.
း))) စားကောင်းမယ့်ပုံပဲ....
    ဂွတ်ဂျော့ဘ် Sis..

    Y.

    ReplyDelete
  11. အခုအချိန်မှာ အဲဒီဟင်းတွေကို မကြည့်နိုင်ဘူး.. ခံစားရတယ် :((

    ReplyDelete
  12. ချစ်ဘို့ ကောင်းအောင်ရေး..
    စားချင့် စဖွယ် ချက်...
    ဒန် ..ဟန်ဟန်..

    သရက်သီးချက် စားချင်သည် ..ရှလွတ်

    ReplyDelete
  13. အဟား... သိပြီ။ ဟင်းချက်သောနေ့ဆိုတာ ထမင်းမချက်မိသောနေ့လို့ အဓိပ္ပာယ်ဆောင်တယ်ဆိုတဲ့အကြောင်း :P

    သရက်သီးသုပ် စားချင်တယ်...

    ReplyDelete
  14. ညစ်ပတ်ပေသလူးနေတဲ့ အိမ်ရှင်မပုံကို ဈေးကောင်းပေးဝယ်ချင်ပါသည်...:)

    စဉ်းစားနေမိတယ်...
    ထမင်းအိုးလည်း ကျက်ရော... ဟင်းတွေ ကျန်မှ ကျန်ပါတော့မလားလို့..။

    ReplyDelete
  15. ဟင်းချက်ပြီးထမင်းမချက်ထားဘူးဒန်တယ် ဒန်ဒန်ဒန်

    ReplyDelete
  16. ဟား..ဟား.. သဘောတကျနဲ့ ရီသွားတယ် မသက်ဝေ၊း) ဒီလိုမျိုး စားရိုးစားစဉ် မဟုတ်တဲ့ ဟင်းတွေ ချက်ထားတာနဲ့တင် ထမင်းချက်ဖို့ မေ့သွားတဲ့ အဖြစ်က ချေပလိုက်လို့ ရမှာပါ..၊

    'ချက်သူနှင့် သူ၏အိုးခွက်များ' ကို မှတ်တမ်းတင်ထား တာလည်း မိုက်တယ်ဗျ၊ ဆင်ဆာ မရှိတော့တဲ့ တချိန်မှာ အဲဒီပုံတွေ ကြည့်လို့ ရချင်ရနေမှာ...။း)

    ReplyDelete
  17. ဟင်...သရက်သီးကို ဒါးနဲ့ ပေါက်ရမယ်
    ပေါက်တတ်ဘူး)))
    ထိပ်ဆုံးအဆင့်ထဲက ကျတာ...
    ဘယ်လိုရှေ့ဆက်ရတော့မလဲ...း(

    ReplyDelete
  18. ညီမလည်း ဟင်းတွေချက်ပြီး ထမင်းခူးမယ်ကြံမှ ထမင်းမချက်ရသေးတာ ခဏခဏပဲ ....၊ ခုမှ အဖော်တွေ့လို့ ဝမ်းသာသွားတယ်...။ ဟီးးး
    အိမ်မှာ အချိုမှုန့်ကို ခိုးမထည့်ရဘူး.. ။
    "ငါတို့ ငယ်ငယ်တည်းက အချိုမှုန့်ဟင်းတွေနဲ့ စားပြီးကြီးလာတာ အခုမှ ဘာ ကျန်းမာရေးလဲ.. ထည့်သာထည့်.. ချကွ" နဲ့ ဘေးက မြှောက်ပင့်ပေးနေတာလေ... :D

    pifpif

    ReplyDelete
  19. Does this site have a page on Facebook?

    ReplyDelete
  20. Here it is...

    http://www.facebook.com/thetwai.blog

    ReplyDelete
  21. စားချင်လိုက်တာ အစ်မရေ.. ဒီမှာက ဝက်အူချို ဝယ်လို့မရဘူး ..

    ReplyDelete
  22. ကိုကြီးရေ. အချိုမှုန့် တွေ သုံးနေတယ်ဗျို့ နှုတ်ပိတ်ခ သရက်သီးကျော်ကြွေးပါ. မကြွေးလျှင် အော်တိုင်မည်

    ReplyDelete
  23. မသက်ဝေကြီးက အချက်အပြုတ်လည်း ရတယ်၊ အလှူလုပ်ပြီး ဖိတ်ရင် သိပ်ကောင်းမှာပဲ၊

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...