Thursday, November 8, 2012
ညနေ သုံးနာရီ
အမှန်ဆိုရလျှင် ညနေ သုံးနာရီဟူသော အချိန်သည် တဆိတ်တော့ ကိုးလိုး ကန့်လန့်နိုင်လှသော အချိန်တခုသာ…။ ညနေ သုံးနာရီသည် တခုခုကို ပြုလုပ်ရန် အနည်းငယ် နောက်ကျ နေပြီဟု တွေး၍ ရနိုင်သလို အနည်းငယ် စောနေသေးသည် ဟု တွေး၍ ရနိုင်သော အချိန်လည်း ဖြစ်သည်။ ထို့အပြင် ညနေ သုံးနာရီသည် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုနှင့် မတင်မကျဖြစ်နေသော ခံစားမှုတခုကို ပေးစွမ်းနိုင်သည့် အချိန်ဟုလည်း ကိုယ်ပိုင် ခံစားချက်တခုအနေဖြင့် ကောက်ချက်ချ ကြည့်ချင်ပါသည်။
ညနေ သုံးနာရီ…
အလုပ်နားရက်များတွင် နေ့လည်စာ စားအပြီး အိပ်ရာပေါ်တွင် စာအုပ်တအုပ်နှင့် လှဲခွေနေရာမှ မျက်လုံးများ မှေးစင်းကာ အိပ်ချင်လာသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ အလုပ်တက်ရသော နေ့ရက်တိုင်းတွင် အလွန်တရာ ပျင်းရိစွာဖြင့် အိပ်ငိုက်ချင်နေသောအချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ အစည်းအဝေးတခုတွင် ကြားဖြတ် အနားယူပြီး ကော်ဖီသောက်ရန် အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ ကောင်မလေးတယောက်က ကောင်လေးတယောက်ကို ချစ်အဖြေပေးရန် သာယာလှပသော ပန်းခြံတခု (သို့မဟုတ်) တနေရာရာသို့ ချိန်းဆို ခေါ်ယူသောအချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ မျက်မမြင် လူမည်း အဆိုတော် Stevie Wonders ၏ I just called to say I love you သီချင်း ရေဒီယိုမှာ လာလေ့ရှိသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ အိမ်အနီးရှိ မူလတန်းကြို ကျောင်းတကျောင်းမှ ကလေးများ ပတ်ဝန်းကျင် လေ့လာရေးအတွက် နှစ်ယောက်တတွဲ လက်ချင်း ချိတ်ကာ လျှောက်သွားကြသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် အိမ်ရှေ့မှ ဖြတ်သွားသော ကောင်မလေးတယောက် ၀တ်ဆင်ထားသော တီရှပ် နောက်ကျောမှာ ရေးဆွဲထားသော နာရီပုံတွင် ညွှန်ပြနေသော လက်တံသည် ညနေ သုံးနာရီ ဖြစ်သည်။ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သော ရပ်ဝေးမှ သူငယ်ချင်းတယောက် ဖုန်းဆက်လာသော အချိန်သည် ညနေ သုံးနာရီ ဖြစ်နေပြီး သူနှင့် တွေ့ဆုံကာ စကားပြောရန် ချိန်းဆိုသော အချိန်မှာလည်း လာမည့် သောကြာနေ့ ညနေ သုံးနာရီပင် ဖြစ်နေခဲ့သည်။ စိတ်လှုပ်ရှားဖွယ် အိမ်ပြန်ခရီးတခုတွင် လေယာဉ်ပြေးလမ်းပေါ်သို့ လေယာဉ်ပျံ ဘီးချသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သလို အိမ်ရှေ့မှ အနီရောင် စာတိုက်ပုံးထဲသို့ (မျှော်နေသော) စာများ ရောက်လာတတ်သော အချိန်မှာလည်း ညနေ သုံးနာရီ ပင်ဖြစ်သည်။ မွေးနေ့တွင် ချစ်သူ ခင်သူများဆီမှ လက်ဆောင်များ ပန်းစည်းများ လက်ခံရရှိသော အချိန်၊ အလုပ်နှင့်ပတ်သက်သော ကောင်းသတင်းများ၊ မိသားစုနှင့်ပတ်သက်သော ၀မ်းမြောက်ဖွယ်သတင်းများ ကြားရသော အချိန်တွေသည်လည်း အံ့သြဖွယ်ကောင်းလောက်အောင် တိုက်တိုက်ဆိုင်ဆိုင် ညနေ သုံးနာရီတွေမှာ ဖြစ်နေလေသည်။
ထိုမျှသာမက အချစ်ဆုံးသူငယ်ချင်းတယောက်၏ မိခင်ဖြစ်သူ ကွယ်လွန်ကြောင်း သတင်းကို သိရသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ စီးနင်းလာသော အငှားကား လမ်းခုလတ်တွင် ဘီးပေါက်ကာ ရပ်တန့်သွားသော အချိန်သည် ညနေ သုံးနာရီ ဖြစ်နေသေးသည်။ သုံးလက်စ ကွန်ပျူတာလေး အမည်းရောင် စကရင်ကြီး ဖြစ်ပြီး ရုတ်တရက် ပျက်စီးသွားသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ ရေးလက်စ ဘောပင် မှင်ကုန်သွားသော အချိန်၊ စိတ်ပါလက်ပါ ဟင်းချက်သောနေ့က ဟင်းအိုး ရေခန်းကာ တူးကပ်သွားသော အချိန်၊ ရေချိုးခန်းထဲမှာ ရေပိုက် ပိတ်ပြီး ရေတွေ လျှံကျလာသောအချိန်… စသည့် သေးသေးမွှားမွှား ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရသော အချိန်သည်လည်း ပြောရရင် ညနေ သုံးနာရီသာ…။
ပြောခဲ့သလိုပင်…
ဘ၀မှာ ကောင်းခြင်း ဆိုးခြင်းများ ရောနှောနေသော ညနေ သုံးနာရီပေါင်း များစွာကို လက်ခံ ကြုံဆုံခဲ့ရဖူးသည်။ ထို ညနေ သုံးနာရီများကို ချစ်သည်လည်း မဟုတ်… မုန်းသည်လည်း မဟုတ်… သို့သော်လည်း စိတ်ထဲတွင် မှတ်မှတ်ရရ သတိတော့ ထားဖြစ်နေသည်မှာ အသေအချာ…။ နေ့ရက်တွေတိုင်းမှာ ညနေ သုံးနာရီနားနီးလာလျှင် လက်မှာ ပတ်ထားသော နာရီကို အလိုလိုနေရင်း ငုံ့ကြည့်ဖြစ်သည်။ အနည်းဆုံး မော်နီတာ ညာဖက် အပေါ်ထောင့်မှ ဂဏန်းလေးများဖြင့် ပြသော နာရီကို ကြည့်မိတတ်သည်။ မည်မျှပင် အလုပ်များနေစေကာမူ ညနေ သုံးနာရီတ၀ိုက်တွင် စိတ်က အလိုလိုနေရင်း နာရီကို သတိထားကာ ကြည့်မိနေတတ်သည်။ စကားဝိုင်းတခုတွင် ထိုအကြောင်းကို စကားစပ်၍ ပြောပြဖြစ်သောအခါ ညနေ သုံးနာရီများကို စွဲလမ်းသော ပြဿနာ… ဟု မိတ်ဆွေတယောက်က ကောက်ချက်ချဖူးသည်။ သူ ပြောတာ ဟုတ်ပါလိမ့်မည်…။
ညနေ သုံးနာရီကို သည်မျှ စွဲလမ်းသူ တယောက်ကို မျှော်လင့်မထားသော အဖြစ်အပျက်တခုနှင့် တိုက်ဆိုင် ကြုံတွေ့ခဲ့စေသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သလို ထိုအဖြစ်အပျက်၏ နောက်ဆက်တွဲ ဟု ဆိုနိုင်သော အဖြေ ရလာဒ်တခုအတွက် စိတ်နှလုံး ပင်ပန်း မောဟိုက်စွာ စောင့်မျှော်ရန် ချိန်းဆိုခံလိုက်ရသော အချိန်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် ညနေ သုံးနာရီသာ ဖြစ်လို့ နေခဲ့လေသည်။
ဘုရားရေ… အခု ညနေ သုံးနာရီထိုးရန် မိနစ်အနည်းငယ်သာ လိုတော့သည်…။
လက်ထဲမှ လက်ပတ်နာရီ၊ နံရံပေါ်မှ တိုင်ကပ်နာရီ၊ လက်ကိုင်ဖုန်းမှာ ပေါ်နေသော နာရီ… ထိုနာရီများ အားလုံးသည် သုံးနာရီထိုးရန် မိနစ်အနည်းငယ်သာ လိုတော့ကြောင်း တညီတညွတ်တည်း ပြသနေကြသည်။ မကြာခင်မှာ တခုခုကို သေသေချာချာ သိရတော့မည်…။ အဖြူ အမည်း သဲကွဲတော့မည်…။ စိတ်လှုပ်ရှားစွာဖြင့် လက်ဖ၀ါး အချင်းချင်း မသိမသာ ပွတ်တိုက် နေမိသည်။ လက်ချောင်းများ၏ အေးစက်သော အထိအတွေ့ကို လျှစ်လှူရှုကာ မသိလိုက် မသိဖာသာ ထားချင်သော်လည်း မရ…။ လေအေးပေးစက်ကြောင့် လက်ဖျားတွေ လိုသည်ထက် ပိုအေးနေသည်ဟု တဖက်သတ် ကောက်ချက်ဆွဲလိုက်သည်။
အခန်းကျယ်ကြီး တခုထဲမှာ ဟိုလျှောက် ဒီလျှောက် လျှောက်နေကြသူများ၊ မိုးတိုးမတ်တပ် ရပ်နေကြသူများ၊ ကောင်တာတွင် ငွေရှင်းရန် စောင့်နေကြသူများ၊ ကော်ဖီဖျော်စက်မှာ ကော်ဖီယူသောက်ရန် တန်းစီနေသူများ၊ စကားစမြည် ပြောဆိုနေကြသူများ၊ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသူများ များစွာ ရှိနေသည်။ ထိုလူများ အကြားမှာ မိမိနာမည်ကို ခေါ်လျှင် မကြားလိုက်မည်စိုးသောကြောင့် နားကို အတတ်နိုင်ဆုံး စွင့်ရင်း အသံတွေတိုင်းကို အာရုံစိုက်နေမိသည်။ ကိုယ့်နာမည်ခေါ်လျှင် ချက်ချင်း ထသွားနိုင်ရန်လည်း ခါးကို မတ်ကာ ခန္ဒာကိုယ်ကို အသင့် အနေအထားဖြင့် ပြင်ထိုင်လိုက်မိသည်။ မတည်ငြိမ်သော စိတ်အတွေးတို့ဖြင့် နာရီကို နောက်တခါ ထပ်ကြည့်လိုက်သောအခါ နာရီလက်တံများသည် သုံးနာရီထိုးရန် နှစ်မိနစ်သာ လိုတော့သည်ဟု ညွှန်ပြနေကြသည်။ သက်ပြင်းတချက်ကို ဖြေးညှင်းစွာ ချနေချိန်မှာ နာမည်ခေါ်သံကို ပီပီသသ ကြားလိုက်ရသည်…။ လာပါပြီ… လာပါပြီ… ဟု ပါးစပ်က ရေရွတ်ရင်း တချိန်တည်းမှာ လူကလည်း မိမိသွားရမည့် အခန်းဝသို့ သွက်လက်စွာ ရောက်သွားခဲ့သည်။
အခန်းတံခါးကို တွန်းဖွင့်ကာ ၀င်သွားလိုက်ပြီး သူတို့ ညွှန်ပြရာ စားပွဲဘေးမှ ထိုင်ခုံတွင် အသာအယာ ၀င်ထိုင်လိုက်သည်။ စားပွဲတဖက်မှာ ထိုင်နေသော ရုပ်ရည် သန့်ပြန့်ကာ အထင်ကြီး လေးစားချင်စရာ၊ အားကိုးချင်စရာ တည်ငြိမ် အေးချမ်းသော အသွင်အပြင်ရှိသူ ဆရာဝန်ကြီးက နှစ်လိုဖွယ် အပြုံးနှင့် အတူ နှုတ်ဆက်လေသည်။ နှစ်သိမ့်ပြုံးလေလား… အားပေးပြုံးလေလား… မ၀ံ့မရဲတွေးမိစဉ်မှာ အာရုံတွေ မှောင်မိုက် ထွေပြားစွာ အေးခဲနေခဲ့သည်။ မြန်မြန်ပြောလိုက်ပါတော့လား…. အဖြေက ဘာလဲဟင်… ဟု သိချင်ဆန္ဒ ပြင်းပြစွာဖြင့် တဲ့တိုးကြီး မေးချလိုက်ချင်သော်လည်း လည်ချောင်းဝတွင် တစုံတခုက လာရောက် ပိတ်ဆို့နေသလို… အသံက အပြင်သို့ ထွက်မလာ…။
ထိုစဉ် ပရင်တာသံ တဂျစ်ဂျစ်ကို ကြားလိုက်ရသည်။ ဟော… ဒါဆို သိရတော့မည်… တခုခုကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ သိရတော့မည်…။ စားပွဲအောက်မှ အေးစက်နေသော လက်ဖ၀ါးနှစ်ဖက်ကို အချင်းချင်း တင်းကြပ်စွာ ဆုတ်ကိုင်ထားမိသည်။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း တွက်ဆ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အခုအချိန်မှာတော့ ကြိုးစားပမ်းစား တင်းထားရသော အားအင်များ အကုန် ပျောက်ဆုံးနေကြသည်။ ရင်ထဲမှာ တထိတ်ထိတ် တုန်ခါလျှက် ကိုယ့်ရင်ခုန်သံကို ကိုယ် ပြန်ကြားမိနေသလို…။ ထိုအချိန်မှာပဲ မျက်စိရှေ့မှောက်ကို စာရွက်ဖြူ တစ ရောက်လာခဲ့တာ ဖြစ်သည်…။
ေ၀၀ါးသော မျက်လုံးအစုံက ရုတ်တရက် ဘာကိုမှ မမြင်မတွေ့နိုင် ဖြစ်နေသေးသည်။ မျက်တောင်များကို အနည်းငယ် ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း အမြင်အာရုံကို ကြည်လင်စေလိုက်သည်။ မျက်စိအောက်မှ စာရွက်ပေါ်တွင် ရေးထားသော စာလုံးများထဲမှ အရေးကြီးသော စာလုံးတလုံးကိုသာ ကျီးကန်းတောင်းမှောက် ရှာဖွေနေမိသည်…။
“ဟာ…”
ထိုင်နေရာမှ ထမခုန်မိအောင် သတိကြီးစွာ ထားလိုက်ရသည်…။ သို့သော် နှုတ်ဖျားမှ အလိုအလျောက် ထွက်ကျသွားသော ၀မ်းသာ အံ့သြသော အာမေဋိတ်သံ ခပ်ကျယ်ကျယ်ကိုမူ မည်သို့မျှ မထိန်းချုပ်လိုက်နိုင်တော့ချေ။ သူ့ကို ကြည့်ရင်း ကြည်လင်စွာ ပြုံးနေသော ဆရာဝန်ကြီးနှင့် ဘေးနားမှ သူနာပြုဆရာမလေး နှစ်ယောက်ကို တယောက်တလှည့်စီ လိုက်ပြုံးပြရင်း ဘာပြောရမှန်းမသိအောင် ထူးထူးခြားခြား ၀မ်းသာနေခဲ့တာ ဖြစ်သည်။
ရက်ပေါင်း အတန်ကြာ ကြောင့်ကြ စိုးထိတ်ခဲ့ရသော ပူပန်ခဲ့ရသော သောကများစွာ၊ တွေးလိုက်မိသော အချိန်တွေတိုင်းမှာ အရှင်လတ်လတ် အေးခဲ သေဆုံးသွားခဲ့ရသော အကြောက်တရားများစွာ၊ သိလိုသည်များကို ရှာဖွေဖတ်ရှုရင်း စိုးရိမ်စိတ်ဖြင့် တုန်ခါနေသော လက်ထဲမှ လွတ်ကျခဲ့ရသော စာအုပ်ပေါင်း များစွာ၊ လူအများနှင့် မတွေ့မဆုံချင်ပဲ တကိုယ်တည်း အခန်းအောင်းနေခဲ့သော နေ့ပေါင်းများစွာ၊ စားမ၀င်သော နေ့များနှင့် အိပ်မပျော်သော ညပေါင်းများစွာ၊ တရိပ်ရိပ် ကျဆင်းနေသော ကိုယ်အလေးချိန်၊ ပုံမှန်မဟုတ်သော သွေးတိုးနှုန်းများနှင့် သွေးခုန်နှုန်းများ၊ သေချာသလောက် ရှိနေပြီဟု ယူဆပြီး တိတ်တိတ်ကလေး ငိုကြွေးခဲ့ရသော အချိန်များ၊ ဘယ်သူ့ကိုမှ အပြစ်တင်၍ မရ… ဆိုးလှသော ကံကြမ္မာကိုသာ အဖန်တလဲလဲ ပုံချရင်း မောပန်းနွမ်းနယ်ခဲ့ရသော အချိန်များ၊ ပြုခဲ့သော ကုသိုလ် ကောင်းမှုများကို လက်ချိုးရေတွက်ရင်း ဘုရားကိုသာ အာရုံပြုနေခဲ့ရသော အချိန်များ...
အို… အခုအခါမှာတော့ ထိုအရာတွေအားလုံးသည် စာရွက်ဖြူဖြူပေါ်မှ စာလုံးလေးတလုံးအောက်တွင် အငွေ့ပျံကာ ကွယ်ပျောက်သွားကြပြီ ဖြစ်သည်။
ကြည့်ပါအုံး…
ဖေါ်မပြတတ်အောင် နက်ရှိုင်း သိပ်သည်းလှသော အပျော်များ အတွေးများဖြင့် ငြိမ်သက်နစ်မျောသွားသည်မှာ အချိန်ဘယ်လောက်ကြာသွားသည် မသိ…။ ထပ်တူ ၀မ်းသာသော၊ နားလည် စာနာသော အပြုံးများဖြင့် ၀ိုင်းကြည့်နေကြသူများကို တွေ့လိုက်ရတော့မှ လက်ရှိအခြေအနေကို ပြန်လည် သတိရသွားတာဖြစ်သည်။ အပြုံးချိုချိုဖြင့် သူနာပြုဆရာမလေးက ရှေ့မှာ ချထားသော စာရွက်ဖြူလေးကို လေးခေါက် ခေါက်ကာ စာအိပ်ဖြင့် ထည့်ပေးသည်။ ထိုစာအိပ်လေးကို တယုတယ လှမ်းယူလိုက်ရင်း သူတို့အားလုံးကို ကျေးဇူးတင်စကားဆိုရင်း ၀မ်းသာအပြုံးဖြင့် နှုတ်ဆက်ကာ ထိုအခန်းထဲမှ ထွက်လာခဲ့သည်။
တိုက်ဆိုင်မှု ဟု ဆိုရမည်လား… မတော်တဆမှု ဟု ဆိုရမည်လား…
ကူးစက်ဆေးရုံတခုတွင် ၀န်ထမ်းတဦး၏ ပေါ့ဆမှုကြောင့် ဝေဒနာရှင်တဦး၏ လက်ဖျံကြောအတွင်းမှ ထုတ်ယူလိုက်သော သွေးစက်လက်နှင့် ဆေးထိုးအပ်တချောင်း မတော်တဆ လွတ်ကျ လွင့်စင်ပြီး ဘေးနားမှာ ဖြတ်လျှောက်လာသော ကိုယ့်ခြေခုံပေါ်သို့ တည့်တည့်မတ်မတ် စိုက်ဝင် စူးနစ် သွားခဲ့သော အချိန်သည် နွေရာသီတခု၏ ပူစပ်ပူလောင် ညနေခင်း သုံးနာရီ အချိန်မှာ ဖြစ်သည်။ စိုးရိမ် ထိတ်လန့်မှု၊ ကြောက်ရွံ့ တုန်လှုပ်မှု၊ မရေရာ မသေချာမှုတို့ဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေရသော ရက်ပေါင်းများစွာကို ကျော်လွန်လာခဲ့ပြီးနောက် အဖြေမှန်ကို စစ်ဆေးပြီး အစစ အရာရာ သန့်စင် ကင်းရှင်းကြောင်း စာတမ်းပါ စာရွက်ဖြူလေးတရွက်ကို လက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့သော အချိန်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် ညနေ သုံးနာရီ တိတိမှာပင် ဖြစ်နေလေတော့သည်။
အမှန်ဆိုရလျှင် ညနေ သုံးနာရီဟူသော အချိန်သည် တဆိတ်တော့ ကိုးလိုး ကန့်လန့်နိုင်လှသော အချိန်တခုသာ… သို့သော် ညနေ သုံးနာရီတွေတိုင်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာတတ်သော ထူးခြား ဖြစ်စဉ်များကြောင့် ထို ညနေ သုံးနာရီတွေကို အရင်ကထက် ပို၍ စွဲစွဲလမ်းလမ်း သတိပြုမိနေဦးမည်မှာ အသေအချာပင်…
နှစ်နှစ်ပြည့် မျက်ရှု အွန်လိုင်း မဂ္ဂဇင်းအတွက် ရေးဖြစ်တဲ့ အက်ဆေးလေးပါ
ဒီနေရာ မှာလည်း ဖတ်လို့ရပါတယ်…
၂၀၁၃ ဧပြီလ - Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။
Subscribe to:
Post Comments (Atom)
ဒီပို့စ်လေးကို တင်လိုက်တဲ့အချိန်က ညနေ သုံးနာရီ ဖြစ်နေခဲ့ပေမယ့် ဖတ်မိတဲ့ မြောက်အမေရိကတိုက်က လူတစ်ယောက်အတွက်တော့ နံနက် ၂ နာရီ ဖြစ်နေခဲ့တယ်. အမှန်ဆို Daylight Saving မပြောင်းခင် တင်ခဲ့သင့်တာ. ဒါမှ မနက် ၃ နာရီ ဖတ်ခွင့်ရနေမှာလေ.း)
ReplyDeleteအစွဲတွေလျှော့ ငါ့အစ်မ. အိုခေ :P
ခင်မင်စွာဖြင့်
Y.
အရမ်းကောင်းတယ်ညီမလေးရေ ဒီအတိုင်းဆက်သွားရင်
ReplyDeleteမကြာခင်မှာအရမ်းအောင်မြင်တဲ့စာရေးဆရာမဖြစ်လာလိမ့်မယ် ကြိုးစားနော်...။
ဟုတ်သား ညနေ ၃ နာရီထိုးတိုင်း ရုံးဆင်းချိန်က ဘာလို့များ ၂ နာရီကြီးများတောင် လိုနေတာလဲ ဖြစ်မိတယ်း)
ReplyDeleteပိတ်ရက်ဆို ဆက်အိပ်ဖို့လည်းမဖြစ် ထမင်းတည်ဖို့ကျတော့လည်း စောသေးတယ် ကိုးယိုးကားယား နိုင်တဲ့ ၃ နာရီပဲ။
ကောင်မလေး အဖြေပေးတာကတော့ ညနေမဟုတ်ဘူးဗျ မနက် ၃ နာရီကြီး ခြင်ကိုက်လို့အိပ်မတာနဲ့ အပျင်းပြေအေ့ဖြပေးလိုက်တာများလားမသိ :P
ညနေသုံးနာရီဆိုတဲ့ ပို့်စ်အသစ်တက်လာတာ တခါတုန်းက ဖတ်ပြီးသားပို့စ်တခုလို့ထင်လိုက်တယ် မသေချာဘူး...အဲဒီထဲက နိဒါန်းစာသားလေးတချို့ကိုပဲ အမတစ်နေရာရာမှာတင်ထားလို့ ဖတ်ဖူးတာဖြစ်လိမ့်မယ်ထင်တယ်...။
ReplyDeleteမြန်မာ စံတော်ချိန် ညနေသုံးနာရီ တိတိတွင်လာရောက်ဖတ်ရှုသွားပါကြောင်း................
ReplyDeleteLK
ဒီကော်မန့် ရေးချိန်ကတော့ ဒီကစံတော်ချိန် သုံးနာရီ မရောက်သေးသလို အဲဒီက စံတော်ချိန်က သုံးနာရီ ကျော်သွားပြီးလောက်တဲ့ အချိန်ပါပဲ...၊း)
ReplyDeleteမရှိမဖြစ်မိုးထဲက (နာမည်အမှတ်မမှားရင်) မင်းထင်ကျော်နဲ့ မိုးနဲ့ တွေ့ဆုံချိန်လေးကို ဖြတ်ကနဲ အမှတ်ရလိုက်မိတယ်၊ ဒါပေမယ့် သွေးစစ်ချက် အဖြေတစ်ခုရဖို့ သုံးနာရီနဲ့ စာအုပ်မှာဖို့ သုံးနာရီ ကတော့ ဝန်လေးပင်ပန်းမှုချင်း ယှဉ်မရအောင် ကွာမယ်ဆိုတာ ကျနော် နည်းနည်းလေးမှ သံသယ မဖြစ်မိပါဘူး၊ ဖတ်နေရင်းနဲ့ သုံးဂဏန်းဆီကို အလုအယက် သွားနေကြတဲ့ စက္ကန့်၊ မိနစ်၊ နာရီတံတွေကို မောမောနဲ့ မြင်နေခဲ့တယ်...။
“ညနေ ၃နာရီ” ဆိုတာနဲ.ပတ်သက်လို. စာရေးဆရာမ“ဂျုး” ရေးဖူးတယ်။ ညနေ၃နာရီဆိုတဲ.အချိန်ဟာ တခုခုလုပ်ဖို. စောသေးတယ်လို.ပြောလို.ရသလို၊ တခုခုလုပ်ဖို. နောက်ကျတယ်လို.လဲပြောလို.ရတဲ.အချိန်မျိုးတဲ.။
ReplyDeleteစာလုံးတွေအတိအကျမဟုတ်ပေမယ်. အဓိပါယ်က အဲ.လိုမျိုးဘဲဆိုတာတော. မှတ်မိနေတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒီပိုစ့်ဖတ်ပြီးချိန်က ညနေ ၃နာရီတိတိ
ReplyDeleteပုံမှန် ရုံးမှာ နာရီ ကြည့်လို့ ၃နာရီ ထိုးပြီဆို ကိုယ့်ဘက်ရောက်လာပြီ လို့ တွေးမိတယ် အမ...:D
ReplyDeleteခုမှ ညနေသုံးနာရီကို သေသေချာချာ သတိထားမိပြီ.. ရင်သပ်ရှုမော ညနေသုံးနာရီ
ReplyDeleteဒီပို့စ်ကို ဖတ်ရင်း ညနေသုံးနာရီနဲ့ စထားတဲ့ ဆရာမဂျူးရဲ့ မရှိမဖြစ်မိုး ဝတ္တုရှည်ကလေးကို ဖျတ်ခနဲ သတိရလိုက်မိသေးတယ်။
ReplyDeleteသူငယ်ချင်းဧည့်သည်တယောက်သွားတွေ့ရင်းအမှတ်တမဲ့နာရီကြည့်လိုက်တော့သုံးနာရီသုံးဆဲ့သုံး..:)
ReplyDelete