Friday, February 15, 2013

Challenge / Dictionary / အေးမောင် နဲ့ မီးဖိုချောင်

မနေ့က ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားရင်း သတိရလာတဲ့ ကြောင်တောင်တောင် ကိစ္စလေးတွေကို အခုလို ချရေးဖြစ်တယ်…။ ဖတ်ကြည့်ပါအုံး…

ကျွန်မ ငယ်ငယ်က တခုခုဆို သူများကို မေးမြန်းတဲ့အကျင့် အလွန်နည်းခဲ့တယ် ဆိုတာ အခုအချိန်မှာ ပြန်လည် သုံးသပ်မိလာတယ်။ ကျောင်းစာမှာရော တခြားကိစ္စတွေမှာပါ မသိတာ မရှင်းတာ နားမလည်တာများ ရှိခဲ့ရင် တယောက်တည်းပဲ စဉ်းစား တွေးတောနေတတ်တာ များတယ်။ အဖြေရတာ မရတာ အပထား တွေးတာတော့ တွေးနေတာပဲ… တွေးနေရင်းနဲ့ အဖြေရတဲ့အခါလည်းရှိသလို မရတဲ့အခါတွေမှာလည်း အဲလို မရတဲ့အတိုင်းပဲ ထားတယ်…။ သူများကို သွားမမေးတတ်ဘူး…။ ကျောင်းတက်တဲ့အချိန်တွေမှာလည်း စာမရှင်းလို့ ဆိုပြီး ဆရာ၊ ဆရာမတွေ အနား တကပ်ကပ်နဲ့ စာလိုက်မေးတဲ့သူတွေထဲ ကျွန်မ မပါဘူး။ သိသာ မသိ၊ တတ်သာ မတတ်တယ် လူကတော့ ခပ်တည်တည်ပဲ… ကျွန်မ အကျင့်က အဲဒီလိုမျိုး…။

ကျွန်မ ငယ်ငယ်က စာလည်း တော်တော်ဖတ်တယ်။ ကျောင်းစာကို ပြောတာ မဟုတ်ဖူးနော်.. အပြင်စာတွေ ပြောတာ…။ ဖတ်ရင်းနဲ့ စာထဲမှာ နားမလည်တာရှိရင် ဒီတိုင်းပဲ ထားတယ် မမေးဘူး။ တယောက်တည်း တွေးကြည့်တယ်.. နားမလည်ဘူးနော်… ဆက်တွေးတယ်… ဘယ်သူ့မှ သွားမမေးဘူး…။ တယောက်ယောက်ကို ဖွင့်မေးလိုက်ရမှာကို အင်မတန် ၀န်လေးတတ်တာ…။ အဲဒီအကျင့်ကြောင့် အခုလို မလိုလားအပ်တဲ့ ပုစ္ဆာတွေ ပေါ်လာပြီး ခေါင်းခြောက်ခဲ့ရတယ်…။ ကြည့်ပါအုံး… သိပ်ရယ်စရာကောင်းတာတွေ…

*****

ကျွန်မ ၄ တန်းနှစ်က ဖတ်ဖြစ်တဲ့ ၀တ္ထုစာအုပ်တအုပ်မှာ ဒီလို ရေးထားတယ်။ (အဲဒီစာအုပ်လေး ကျွန်မဆီမှာ အခုထိ ရှိနေပါသေးတယ်… စာအုပ်နာမည်တော့ မပြောတော့ဘူးနော်..)

“ချော်ပြုကျမနော် မရွှေစု” တဲ့…။

အဲဒီစာကြောင်းကို ကျွန်မ အခါခါ ရွတ်ကြည့်တယ်။ ချော်ပြု ကို သပ်သပ်… ကျမ (ကျွန်မလို့ အသံထွက်တယ်) နော် ကို သပ်သပ် အသံထွက်ကြည့်တယ်။ ချော်ပြု ဆိုတာ ဘာပါလိမ့်… ကျွန်မ နော် ဆိုတာ ဘာပါလိမ့်… အဲဒီစကားလုံးလေး ငါးလုံးတွဲဟာ ဘာကို ဆိုလိုပါလိမ့်လို့ တော်တော်နဲ့ တွေးလို့မရဘူး…။ အချိန်တွေ ကြာလာတော့မှ ဒါဟာ ချော် ပြု (လိမ့်ကျ) ကျအုံးမယ်နော် လို့ ပြောချင်တာမှန်း သိလာခဲ့ရတယ်။

အဲဒီစာအုပ်ထဲမှာပဲ အဓိပ္ပါယ် ဖေါ်မရတဲ့ နောက်စကားစု တခုကတော့ “ကြောင်ရင်သားကြီးဖြစ်ဖြစ် အဖေါ်ခေါ်သွားပေါ့” တဲ့…။ ဒီနေရာမှာလည်း ကြောင်ရင်သားကြီး ဆိုတာ ကျွန်မ ဘယ်လိုမှ တွေးမရပြန်ဘူး… ကြောင်သားကြီးကို ပြောချင်တာလား… ကြောင်ရင်ဆိုတာ လူနာမည်လား… ကြောင်ရင်နဲ့ သားကြီးကို တွဲဖတ်ပြီး ဘယ်လိုမှ ရှေ့ဆက်တွေးလို့မရတာ အချိန်တော်တော်ကြာတဲ့အထိ…။ နောက်မှ သွားစရာနေရာတခုအတွက် တယောက်တည်း သွားရမှာ ကြောင်ရင်… သားကြီးကို အဖေါ်ခေါ်သွားပါ လို့ ပြောချင်တာမှန်း သိလာခဲ့ရတယ်။ တကယ်တော့ ကျွန်မကိုယ်က ကြောင်လွန်းတာပါ…။

အဲဒီအခါမှာ ကျွန်မ ကောက်ချက်ချမိတာ…။ စာရေးတဲ့အခါမှာ စာကြောင်း စာလုံး အထားအသို စာစီတဲ့အခါမှာ သူ့နေရာနဲ့သူ စနစ်တကျ ခြားသင့်တဲ့စကားလုံးကို ခြားလို့၊ ကပ်သင့်တဲ့စကားလုံးကို ကပ်လို့ စီတတ်ဖို့ အတော်ကြီးကို အရေးကြီးတာပါလား လို့…။

*****

နောက်တခုကတော့ မြန်မာစာထဲမှာ အင်္ဂလိပ်စကားလုံးကို မြန်မာအသံထွက်နဲ့ ရောရေးတာ…။ ကျွန်မတို့ ခေတ်တုန်းက ငါးတန်းမှ အေ ဘီ စီ စသင်ကြရတာ ဆိုတော့ အသက် ဆယ်နှစ် ဆယ့်တစ်နှစ်လောက် ရောက်တဲ့အထိ ကိုယ်သိတဲ့ အင်္ဂလိပ်စကားလုံး အရေအတွက်က လက်ချိုးရေတွက်လို့ ရအောင်ကို နည်းပါသေးတယ်။

ဒီအချိန်မှာ ကျွန်မဖတ်ဖြစ်တဲ့ စာတအုပ်မှာ ရေးထားတာ “သူက ကျွန်တော့ကို ချဲ့လင် လာ လုပ်သည်” တဲ့…။ ပြဿနာပဲ… ချဲ့လင် ဆိုတာ ဘာကြီးပါလိမ့်လို့ ထုံးစံအတိုင်း တမျှော်တခေါ် စဉ်းစား တွေးတောတော့တာပေါ့။ သူသူ ငါငါကို မေးရမှာကလည်း ခက်… မေးရမယ့် စကားလုံးကြီးကလည်း မြင်တဲ့အတိုင်း တဆိတ်တော့ ရှက်စရာကောင်းသလိုလည်း ခံစားရပြန်သေးတယ်…။ အဲလိုနဲ့ နေလာလိုက်တာ နှစ်အနည်းငယ်ကြာမှ ဒါ Challenge လုပ်တာကို ဆိုလိုမှန်း သိတော့တယ်။ ဖြစ်ပုံ… ဖြစ်ပုံ…။

ဒီတခါကတော့ ပိုရယ်ရတယ်…။ ဖတ်ဖြစ်တဲ့ စာအုပ်တအုပ်ထဲမှာ “ဒစ်ရှင်နာရီ” ဆိုတဲ့စကားလုံးပါတယ်။ အမှန်ပြောရရင် ကျွန်မက ဒါ မြန်မာစကား မြန်မာဝေါဟာရတခုလို့ပဲ မြင်မိတယ်။ ဒီတော့ စဉ်းစားတယ်…။ အဲဒီ ဒစ်ရှင်နာရီဆိုတဲ့ စကားဟာဖြင့် ကိုယ့်အနီးအနားမှာ နေ့စဉ် ပြောဆို သုံးနှုန်းနေကျ စကားလုံးတွေ ဖြစ်တဲ့ လက်ပတ်နာရီ၊ စားပွဲတင်နာရီ၊ တိုင်ကပ်နာရီ.. အစရှိတဲ့ နာရီတွေလိုပဲ… နာရီ အမျိုးအစား တခုခု ဖြစ်ရမယ်လို့ တွေးပြီး မှတ်ထားလိုက်တယ်။ ဒါတင်ဘယ်ကမလဲ… တွေးရင်း တွေးရင်းနဲ့ ဒစ်ရှင်ဆိုတာ မြန်မာစကားတော့ မဖြစ်နိုင်လောက်၊ နာရီဆိုတာကသာ မြန်မာစကားဖြစ်တယ်လို့ ကောက်ချက်ချမိတယ်။ အဲဒီတော့ ပြီးတော့ ဒစ်ရှင် ဆိုတဲ့ အင်္ဂလိပ်စကားလုံးဖြစ်မယ်လို့ အကျအနမှတ်ယူထားတဲ့အတိုင်း နောင် ကိုယ် အင်္ဂလိပ်စာလုံးတွေ သင်ရ ကျက်ရတဲ့အခါတိုင်းမှာ ဒစ်ရှင် ဆိုတဲ့ စကားလုံးကို မှတ်မှတ်ထင်ထင် ရှာကြည့်နေမိပါသေးတယ်…။

*****

ဒီလိုစာတွေဖတ်ရင်း ကြောင်စီစီတွေ လျှောက်တွေးရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ နားထဲ ကြားသမျှ တွေမှာလည်း နားမလည်နိုင် အဓိပ္ပါယ် မဖေါ်နိုင်တာတွေကို ဘယ်သူ့မှ မမေး မစမ်းပဲ တယောက်တည်း ထင်ချင်သလို ထင် မြင်ချင်သလိုမြင် စနစ်မျိုးနဲ့ စဉ်းစား တွေးခေါ်တတ်ပါသေးတယ်။

ကြားဖူးကြမှာပေါ့… ကော်နီ ဆိုထားတဲ့ သီချင်းတပုဒ်…။
“ဟေး မောင်ရေ.. မှန်မှန်ပြော… ဟေး မောင်ရေ… မှန်မှန်ပြော… အမြဲချစ်မှာလား မေးလိုက်မယ် မှန်မှန်ပြော…” ဆိုတဲ့ သီချင်းလေးလေ…။ အဲဒီနေရာမှာ ကျွန်မက ဘယ်လိုကြားသလဲ ဆိုတော့ “အေးမောင်ရေ မှန်မှန်ပြော… အေးမောင်ရေ မှန်မှန်ပြော…” လို့ ကြားပါတယ်။ ပြောရရင် အဲဒီအချိန်က သီချင်းတွေထဲ နာမည် ထည့်ဆိုတာ ခေတ်စားနေတဲ့ အချိန်ပါ။ ဟေမာနေ၀င်း သီချင်းလေးထဲက အရဲစွန့် ပြောပြပါရစေ… ဆိုတဲ့ ယုံလား သီချင်း နာမည်ကြီးနေချိန်…။

ဒီတော့ ကျွန်မက တွေးတယ်…။ ဟာ… တယ်ခက်ပါလား… မကော်နီရယ်… သီချင်းထဲ ထည့်ဆိုစရာ နာမည်ရှားလို့ အေးမောင် ဆိုတဲ့ မလှမပ နာမည်ကြီး ထည့်ဆိုရသလား… ပြီးတော့ အေးမောင်ရေ… အေးမောင်ရေ… နဲ့ ခေါ်နေလိုက်တာကလည်း အဆက်မပြတ်…။ တချိန်တည်းမှာပဲ ရုပ်မြင်သံကြားမှာ စနေနေ့ည တေးဂီတ အစီအစဉ်တွေမှာ တွေ့တွေ့နေရတဲ့ ဘယ်ပန်းချီရေးလို့ မမှီ သီချင်းကို ဆိုတဲ့ တိုက်ပုံ အဖြူ ပိုးပုဆိုးနဲ့ အဆိုတော် တက္ကသိုလ်အေးမောင်ကို မြင်ယောင်မိပြန်တယ်။

အဲဒီတော့ ပိုခက်သွားတယ်… ကော်နီက အဆိုတော် အချင်းချင်း ဖြစ်တဲ့ ဒီလူကြီးကို ခေါ်တာပဲ ဖြစ်ရမယ်… ကြည့်ပါအုံး… သူ့ ဦးလေးလောက် အဖေလောက် အရွယ်ကြီးကို အေးမောင်ရေ… အေးမောင်ရေ… နဲ့ အော်အော် ခေါ်ပြီး ဆိုနေလိုက်တာ…။ အဲသည်လို တွေ တွေးပြီး နားမလည်နိုင်ဖြစ်နေတာ အချိန်တွေ တော်တော်ကြာပါတယ်။ နောက်မှ ဟေး မောင်ရေ လို့ ဆိုမှန်း သိတော့တာ…။ အဲဒီခေတ်တုန်းက အခုလို စာတမ်းထိုး ကာရာအိုကေ အခွေတွေ မရှိသေးတော့ ကျွန်မ အဲဒီလို တလွဲတွေ ကြား တလွဲတွေ တွေးတတ်တာ မလွန်ပါဘူးနော်…။

နောက်သီချင်းတပုဒ်ကတော့…

“တို့များလည်း အားကျပါရဲ့ မင်းလိုပုံနှယ်… တောင်ပံလေးများ ရနိုင်ရင်တော့ လိုချင်သားကွယ်… ဒါမှ ချစ်တဲ့သူရှိရာ မင်းလိုပဲ တို့လည်း ပျံနိုင်မယ်…” ဆိုတဲ့ ရေဒီယို သီချင်းလေး…။ သီချင်းလေးက အသံချိုပြီး လိုက်ဆိုလို့ကောင်းတာကြောင့် အဲဒီသီချင်း လာတိုင်း ရေဒီယိုနား သွားပြီး နားထောင်လေ့ရှိတယ်။

အဲဒီမှာ ကျွန်မက ဘယ်လိုကြားသလဲ ဆိုတော့ “တို့များလည်း အားကျပါရဲ့ မင်းလိုပုံနှယ်… တောင်ပံလေးများ ရနိုင်ရင်တော့ လိုချင်သားကွယ်… ဒါမှ ချစ်တဲ့သူရှိရာ မီးဖိုထဲ တို့လည်း ပျံနိုင်မယ်…” လို့ ကြားပါတယ်။ ဒီတော့ ကျွန်မခေါင်းထဲမှာ အမေးသင်္ကေတလေးတွေ ရစ်ဝဲလို့ပေါ့…။ ချစ်တဲ့သူရှိရာ မီးဖိုထဲ ဆိုတော့… ချစ်တဲ့သူက ဘာလို့ မီးဖိုထဲမှာ နေတာပါလိမ့်… လို့ စဉ်းစားတယ်။ အင်းလေ… ချစ်တဲ့သူက ဟင်းချက်နေတာ ဖြစ်မှာပေါ့… လို့ အဖြေထွက်ပါတယ်။ သီချင်းဆိုတဲ့သူက အတောင်ပံလေးတွေ လိုချင်တာ ချစ်သူရှိတဲ့ မီးဖိုထဲကို ပျံသန်းသွားချင်လို့ကိုး လို့ အဓိပ္ပါယ်ယူပြီး နားလည် မှတ်သားထားလိုက်ပါတယ်…။ နောက်အချိန်တွေ အတော်ကြာမှ သီချင်းစာသား အမှန်ကို သိသွားတာပါ။

*****

မယုံမရှိပါနဲ့… အဲဒါတွေ အားလုံး အမှန်တွေချည်းပါပဲ…။ ပြောရရင် တော်တော်လေးကို ကြောင်တောင်တောင်နိုင်လှပါတယ်။ အခုချိန်အထိလည်း တခုခုဆို ဘယ်သူ့မှ ဖွင့်ဟ မေးမြန်းခြင်း မပြုတတ်ပဲ တွေးချင်ရာ တွေး၊ ထင်ချင်ရာ ထင်၊ မြင်ချင်ရာမြင် နေတုန်းပါပဲ…။ အကျင့်တို့ ဗီဇတို့ ဆိုတာမျိုးကလည်း အလွယ်တကူ ဖျောက်ဖို့ ခက်သားဆိုတော့ကာ…။

Happy Friday to you all…




မှတ်ချက် - ၂၀၁၃ ဧပြီလ - ရယ်စရာ မဂ္ဂဇင်း တွင် ဖေါ်ပြပြီး ဖြစ်သည်။

30 comments:

  1. ဟားဟား.... အမသက်ဝေလုပ်မှပဲ.... ကော်နီကြီးလည်းဦးအေးမောင်နဲ့ဇာတ်လမ်းတွေဖြစ်..... တောင်ပံကြီးတပ်ပြီး မီးဖိုထဲခုန်ဆင်းသွားတဲ့ပုံကြီးကိုလည်း မြင်ယောင်လာတယ်....

    ခင်မင်စွာဖြင့်
    ကိုကိုးအိမ်

    ReplyDelete
  2. ဖတ်ပြီး ထိုင်ရယ်နေတယ်....


    ပုံ။
    မတွေ့တာကြာသော အမျိုးတယောက်

    ReplyDelete
  3. အချစ်မှာကန့်သတ်ချက်ရှိလား၊
    အေးမောင်ရေဘဲထောက်ခံပါတယ်ကော်နီ :)

    ReplyDelete
  4. မမရေ...ဖတ်နေရင်းနဲ့ ပြုံးလိုက်ရတာ။ ရုံးမှာဆိုတော့ မရယ်ရဲဘူး၊ ဘေးက မန်နေဂျာရှိနေလို့...အောင့်ထားရတယ်။ :D

    သီချင်းစာသားတွေနဲ့ ပတ်သက်ပြီး ဇွန်တို့မောင်နှမနှစ်ယောက်လည်း ခဏခဏ အငြင်းအခုံဖြစ်ဖူးတယ်။ အထူးသဖြင့် ဗဒင် သီချင်းတွေ ခေတ်စားကာစ... သုံးလေးပုဒ်လောက်မှာကို ငြင်းစရာတွေဖြစ်ခဲ့တာ၊ သူကြားတာ မှန်တယ်၊ ကိုယ်လည်း ကိုယ်ကြားတာမှန်တယ်ပေါ့။ နောက်ဆုံး သီချင်းစာအုပ်ထွက်လာမှပဲ အမှန်ကို သိတော့တယ်။ ဒါတောင် မောင်လေးက အလျှော့မပေးဘဲ အဲဒီသီချင်းတွေဆိုတိုင်း နဂိုသူထင်ထားတဲ့အတိုင်းပဲ ဆက်ဆိုတာ...။ :)

    သောကြာနေ့အတွက် ပြုံးစရာပို့စ်လေး တင်ပေးတဲ့ အမသက်ဝေကို <3 <3 <3

    :))

    ReplyDelete
  5. မမသက်ဝေက မမေးမြန်းတာ.. နန်းညီကျတော့ မတရား အမေးမြန်းထူတာ.. တခါတလေကျရင် ဂွကျကျတွေမေးလွန်းလို့.. ၃ တန်းလောက်ကလားမသိဘူး.. အဒေါ်ဆီစာရေးတာ.. (သမီးကိုလွမ်းလာဟင်).. လို့ရေးမလို့ကို.. ဟင် ကို မရေးတတ်လို့ အမေကို သွားမေးတာ.. ဟင် ဆိုတာက စာရေးလိုက်ရင် အသံက တမျိုး.. ဟ သံ ပီသတယ်မဟုတ်လား.. ဟင် လို့ စကားပြောရင် အသံကတမျိုးလေ.. အဲ့ဒါကို အဲ့အသံအတိုင်း ဘယ်လိုစာလုံးပေါင်းလဲလို့ အတင်းမေးနေလို့.. အမေက ဟ နဲ့ ပေါင်းတယ်ပြောလည်း လက်မခံဘူးဖြစ်နေတာ.. အတော် ရှင်း ယူရတယ်.. =D

    ReplyDelete
  6. ဒါတော့ အမနဲ့ ကျွန်တော် နည်းနည်းတူတယ်။

    ကိုယ်ထင်ရာမြင်ရာ ကိုယ့်စိတ်ကူး ကိုယ့်အတွေအတိုင်းပဲထားလိုက်တာများတယ်။

    ငယ်ငယ်က အယ်ခွန်းရီ သီချင်းဆိုတာ စင်ဒရဲလား ၀ူး-၀ူး-၀ူး စင်ဒရဲလား လို့ဆိုတာ ဆင်ကြီးလား ၀ူး-၀ူး-၀ူး ဆင်ကြီးလား လို့ကြားတယ်၊

    မျိုးကျော့မြိုင်က သူ့နာမည်ကို သီချင်းထဲထည့်ဆိုတာ၊ ရူးကြောင်ကြောင် လို့ ကြားတယ်။

    စဉ်းစားလိုက်ရင် အများကြီးထွက်လာလိမ့်မယ် ... ဒီလောက်ပဲထားလိုက်တော့မယ်....

    ReplyDelete
  7. hahahaha ရီလိုက်ရတာ အစ်မရယ်။ ရုံးမှာ ဘယ်သူမှ မရှိလို့တော်သေးတယ်။ အေးမောင်ရေ လို့ ခေါ်တယ်ထင်တာကို ရီလိုက်ရတာ.

    ReplyDelete
  8. ဒါမှချစ်တဲ့သူရှိရာ မင်းလိုပဲ တို့လဲပျံနိုင်မယ်လို့ထင်နေတာ...အခုမှမှားမှန်းသိတယ်..
    ဟိဟိ...

    ReplyDelete
  9. အစ်မသက်ရေ...
    ကော်နီ အေးမောင်ရေ ခေါ်နေတယ်လို့ ကြားမိတာချင်း တူတယ်တော် ...။
    ညီမရဲ့ အစ်မကြီးကတော့ မေခလာသီချင်း..
    လူကို လိုက်ကြည့်တယ် ..အိမ်ကိုလိုက်ကြည့်တယ် ...
    အဲ့သျီချင်းထဲက ... ရပ် .. ဒီမှာတင်ရပ် ဆိုတဲ့နေရာကို .. ရပ် တမာပင်ရပ် လို့ ကြားပြီး တမာပင်နားမှာ ရပ်ကျန်ခဲ့ခိုင်းတာ မှတ်နေတာတဲ့ :P


    pifpif

    ReplyDelete
  10. မသက်ရေ....
    ရယ်မောခြင်းသည် အသက်ကို ရှည်စေတယ်တဲ့
    ဒီကနေ့တော့ အသက်တစ်ရက်ပိုရှည်သွားပြီး)
    အေးမောင်တို့ မီးဖိုချောင်တို့အကြောင်း အိမ်ကလူတွေကို လက်ဆင့်ကမ်းထားတယ် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. ဘယ်သူ့ကိုမှ မေးခွန်းသိပ်မမေးတတ်တာချင်းတူ တယ် အမ၊
    သိလို့မဟုတ်ပဲ ကိုယ့်ဘာသာမေး ကိုယ့်ဘာသာဖြေနဲ့ တယောက်တည်း အလုပ်တွေ ရူပ်နေခဲ့တာပေါ့၊

    သီချင်းတွေထဲက ကြားရတဲ့ အလွဲတွေလဲ ရှိတယ်၊ လူတိုင်းမှားတတ်တဲ့ သီချင်းတခုရှိတယ်လေ၊
    ထူးအိမ်သင်ရဲ့ သီချင်း၊ ငိုအောင်လေ ဆိုတဲ့နေရာမှာ ဗိုလ်အောင်ဒင် လို့ ကြားတဲ့ သီချင်းမျိုးပေါ့။

    ကွန်မန့်ကို ဖတ်တော့လဲ ရယ်ရသေးတယ်၊
    စိတ်ထဲကနေ ရယ်လိုက်ရပေမယ့် လူက ရွှင်လန်းသွားတယ် အမ။

    ခင်မင်စွာ

    ReplyDelete
  12. ဟိဟိ

    ရယ်စရာမဂ္ဂဇင်းကို ပို့ရမယ်


    ကြားဖူးတာတစ်ခုက ဦးဘညွှန့်က ဝင်းဦးတို့ခေတ် သီချင်းထဲမှာ ဝူရှီကာလို အသည်းကွဲတာ မဆန်းပါဘူး ဆိုတာ ပါသတဲ့။ ဒီတော ဝူရှီကာလိုဆိုတာ ဘာပါလိမ့် ဆိုပြီး လိုက်ရှာတာ မြန်မာဝေါဟာရမှာ မတွေ့လို့ ဂျပန်ဝေါဟာရအထိ ရောက်သွားတယ်တဲ့။ အဲဒီမှာ ၀ူရှီကာလိုဆိုတဲ့ ဂျပန်တစ်ယောက်ရဲ့ အချစ်နဲ့ပတ်သက်တဲ့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းတစ်ခု တွေ့သတဲ့။ ဒီတော့ဦးဘညွန့်က ဝင်းဦးကို မင်းတို့ခေတ်လူငယ်တွေများ တော်လိုက်ကြတာ ဗဟုသုတ ပြည့်စုံတယ်ပေါ့။ ဒီတော့ ဝင်းဦးက ပြန်ပြောသတဲ့ မဟုတ်ပါဘူး အဖေရယ် ဝဋ်ရှိခဲ့လို့ အသည်းကွဲတာ မဆန်းပါဘူး လို့ဆိုတာပါ ဆိုတော့ ပက်လက်လန်ရောပဲ တဲ့။ ဟုတ်မဟုတ်တော့မသိ။ ကြားဖူးတာကိုပြောတာပါ။း)

    ReplyDelete
  13. ဖတ်ပြီးရယ်လိုက်ရတာ ညီမသက်ဝေရေ။ အမကျတော့ မေခလာသီချင်း ။ ကိုကိုတဦးတည်း ထာဝစဉ်အသည်းအသက်ရေဆက်လို့ချစ်ကြမယ် အလွမ်းများ ဝေးပါစေကွယ်။ ဆိုတာကို ကိုကိုကျုနေ ထာဝစဉ် အသည်းအသက်ရေ... မဟုတ်မှန်းလဲ သိနေပြီး ဘယ်လိုမှလဲ မစဉ်းစားတတ်ခဲ့ပဲ အဲဒီတိုင်း ဆိုနေတာ ဟိဟိ။ သီချင်းတွေမှာတော့ အဲလိုဖြစ်တာ များပါတယ်။ ကော်နီသီချင်း ကိုကိုချစ်ရေကိုလဲ အမ ရဲ့ အမ၀မ်းကွဲတယောက်က နာမည်လေးတခုပေးမယ် ကြားလား ဆိုတာကို သူက သကြားလုံးပဲ ကြားနေတာ။ အဲဒီသီချင်း သူဆိုရင် နာမည်လေးတခုပေးမယ် သကြားလုံး တဲ့။

    ReplyDelete
  14. အပေါ်က ကြောင်ရင်သားကြီး တို့၊ ဒစ်ရှင်နာရီ တို့နဲ့ ပြုံးလာလိုက်တာ.. အောက်ဖက်က အေးမောင်နဲ့လည်း တွေ့ရော တဟားဟားကို အော်ရယ်မိတော့တယ်..၊းD

    တော်သေးတယ်၊ တောင်ပံလေးများ လိုချင်ပါတယ်ဆိုတော့ မီးဖိုထဲက ချစ်သူကို တောင်ပံဟင်းတစ်ခွက် ချက်ခိုင်းဖို့ပဲ ဖြစ်ရမယ်လို့ ဆက်ပြီး မတွေးတာ..၊း) ငယ်ဘဝမှာ အများကြီး တွေးခဲ့ဖူးတယ်ဆိုတော့ ကျန်တဲ့တွေးလုံး တွေလည်း ဖတ်ချင်ပါတယ်ဗျို့....။း) (မချွန်၊ မကြပ်ဘဲ အတည် ပြောသွားသူ..)

    ReplyDelete
  15. ရယ်လိုက်ရတာ အမသက်ဝေ ...
    ဒစ်ရှင်နာရီကို အမသက်ဝေ တွေးသလိုပဲ တွေးခဲ့မိဖူးတယ် ... ။ အမသက်ဝေလုပ်မှ တက္ကသိုလ်အေးမောင်လဲ မနေရပါလားနော် ...
    မနေ့က တီတင့်နဲ့တွေ့တော့တောင် အမသက်ဝေရဲ့ ဒီပို့စ် အကြောင်း ပြောပြီး ရယ်ရသေးတယ်။

    ReplyDelete
  16. ခင်မောင်ထူး သီချင်းရှိသေးတယ်..
    ခေတ္တနားခိုခြင်း သည်းခံပါ ဆိုတာကို

    ခစ်တနား ခိုခြင်း သည်းခံပါ မှတ်နေတာ ..ဘယ်သူ့ခိုထည့်ထားတဲ့ခြင်းက ဘာလုပ်နေလို့ပါလဲပေါ့

    တကျော့ပြန် ဆင်ဆင်

    ReplyDelete
  17. Facebook ပေါ်မှာသာ အတွေ့ များပြီး Blog မှာ သိပ်မတွေ့ ဖြစ်ကြတဲ့ ကိုယ့်ကိုယ်ကိုယ်ရော စာရေးဖေါ်မောင်နှမတွေကိုပါ ဒီပိုစ့်မှာ ပြန်ရှာတွေ့ လိုက်လို့  အရမ်းပျော်နေတယ်... ကျေးဇူး အကြီးကြီး တင်ပါတယ်နော်...
    You all make my day brighter...!! <3 <3 <3

    ReplyDelete
  18. တပြုံးပြုံးနဲ့ဖတ်လာရင်း နောက်ဆုံး ဒါမှချစ်တဲ့သူရှိရာ မီးဖိုထဲ တို့လဲပျံနိုင်တယ်ကို အသံထွက်ပြီး ဆိုမိလျက်သားဖြစ်သွားတယ် ဟဟ...။

    ReplyDelete
  19. i cant stop laughing . thank you

    ReplyDelete
  20. အစ်မရေ... ဖတ်ရူ့ပြီး ရယ်မောသွားပါတယ်ဗျာ။ ပျော်ရွှင်စရာ စာသားလေးတွေကြောင့် ကျွန်တော် အရမ်းကို ပျော်သွားပါတယ်

    ReplyDelete
  21. အစ်မ သက်ဝေ
    စာဖတ်ပြီးတော့လည်း ရယ်တယ်
    ကွန်မန့်တွေဖတ်ပြီးတော့လည်း ရယ်တယ်
    အဲဒီ့လောက် မရယ်ဖြစ်တာ ကြာပြီ
    ကျေးဇူးတင်လိုက်တာ :)

    ReplyDelete
  22. ဒစ်ရှင်နာရီ တစ်လုံးလောက် ၀ယ်ပေးပါလို့ အချစ်ကို ပူဆာရမယ်။

    ReplyDelete
  23. မြသွေးလည်း ငယ်ငယ်လေးက တလွဲကြားခဲ့ဘူးတာလေး ပြောပြချင်မိတယ်။
    အဲ့တုန်းက တော်လှန်ရေးနေ့ ချီတက်ချိန် သီချင်းလွှင့်တာ နားထောင်လိုက်တာ...
    “တို့ဗမာတွေ ပဲဟင်းစားလို့ အိမ်သာမှာတန်းစီ...” တဲ့..။

    ReplyDelete
  24. နောက်ဆို အေးမောင်ကိုမှန်မှန်ပြောခိုင်းပါတော့မယ် မမရယ်... မီးဖိုထဲတော့မပျံပါရစေနဲ့တော့....

    ReplyDelete
  25. OMG ..ကိုယ်တယောက်ထဲမဟုတ်တာပါလား။
    ငယ်ငယ်တုံးက ကာတွန်းတွေ “စ”ပြီးဖတ်တတ်ခါစမှာ ကာတွန်းထဲမှာပါတဲ.
    “ဂါရ၀”ပြုတယ်ဆိုတဲ.စကားလုံးကို ဘယ်လိုမှနားမလည်နိုင်ဘူး။
    ဂါ ၇၀ ( ဂါ ခုနစ်ဆယ်) ပြုတယ်ချည်းဘဲဖတ်မိတယ်။
    အဲ.ဒီတုံးက ဘာအဓိပါယ်ဆိုတာ စဉ်းစားလို.ကိုမရခဲ.တာ။
    ဒီပို.စ်ကို အကြိုက်ဆုံးပါဘဲဗျို.။

    ReplyDelete
  26. ဦးအေးမောင်ကြီးကို ထပ်လာရယ်သွားတယ် မမ
    စိတ်တွေနွမ်းလျ နေတဲ့အချိန်မှာ မမပို့စ်ကလေးဖတ်ရတာ ပြုံးပျော်ရတယ် :))

    ချစ်သော
    ညီမလေး

    ReplyDelete
  27. post ဖတ်ပြီး မန့်ပြီးသွား ပေမယ့် ထပ်ပြောစရာရှိလို့ ရောက်ခဲ့တယ် မမရေ....
    ညီမ ငယ်ငယ်ထဲက မနေ့ကထိ ကိုင်ဇာရဲ့ ရွှေရတုအချစ်သီချင်းကြားရင်....
    "ရော့ခ်အင်ရိုးတွေ ထထကမယ်"လို့ပဲကြားခဲ့တာ...
    မနေ့ကမှ youtube မှာပြန်ကြည့်မိတော့မှ " ရော့ခ်အင်ရိုးတွေ ချားချားအကတွေ" လို့ဆိုမှန်းသိတော့တယ်.......... :))

    ReplyDelete
  28. ဟဟ ... ရယ်ရတယ်။ ကြောင်ရင်သားကြီးက အရယ်ရဆုံးပဲ။ ကြံကြံဖန်ဖန်တွေ တွေးတတ်တာ ယုံပါတယ် ... အရင်းကြီးတွေပဲဟာကို ...း))

    တို့လဲ ငယ်ငယ်က မေဆွိရဲ့ နာမည်ကြီး သီချင်း "မုန်းစိတ်ဟာ သိမ်းခိုပြည်ကြီး မီးဟုန်းဟုန်းလောင်ကာလေ.... " ဆိုတာကို " လက်က မေးစေ့ကို ဆွဲပွတ်ပြီး မုတ်ဆိတ်ဟာ သိပ်ကိုပြည်ကြီး မီးဟုန်းဟုန်းလောင်ကာလေ" ဆို လုပ်ပလိုက်တာ။ တို့တွေနဲ့ တွေ့မှ မေဆွိ အလွမ်းသီချင်းလဲ မုတ်ဆိတ်တွေ မီးလောင်ကုန်ရော။း)

    ReplyDelete
  29. မမသက် တစ်ကယ်ကို ရီမိတယ်...။ မမသက် က အဲလိုပဲလား..။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...