ငယ်ငယ်က အိမ်မှာ မုန့်ဟင်းခါးချက်တော့မယ်ဆိုရင် မုန့်ဟင်းခါးတအိုးရဖို့ စနစ်တကျ… အစီအစဉ်တကျ လုပ်ထုံး လုပ်နည်း အဆင့်ဆင့်တွေနဲ့ အတူ Dos & Don’ts တွေကလည်း တော်တော်များများ ရှိနေသေးတာ။ မုန့်ဟင်းခါးချက်တော့မယ်ဆိုရင် ငါးကျည်း ငါးခူ တမျိုးမျိုးကို ၀ယ်… သန့်ရှင်းရေးလုပ်ပြီး ပြုတ်မယ့်အိုးထဲမှာ အကောင်လိုက်ကို ငန်ပြာရည်၊ ဆား၊ ဆနွင်းမှုန့်၊ အချိုမှုန့်တွေနဲ့ နယ်… ခပ်ပါးပါးလှီးထားတဲ့ ဂျင်း အချပ်တွေ နဲ့ စပါးလင် အဖျားပိုင်း သုံးလေးချောင်း ထည့်၊ ငရုတ်သီး အတောင့်ပွ သုံးလေးတောင့်ပါ ရေစင်စင်ဆေးပြီး ထည့်… ရေလေး စပ်စပ်နဲ့ ပြုတ်…။
အဲဒီအချိန်မှာပဲ ကုလားပဲကို ပြုတ်… ထောင်း ပြီးရင် ဇကာနဲ့ တိုက် အနှစ်ရအောင်လုပ်။ နောက် ဆန် လက်တဆုပ်လောက်ကို ဒယ်အိုးပြားပြားထဲထည့် လှော်… အရောင်လေး တော်တော်နီလာရင် ချပြီး အအေးခံ… ထောင်း… ဆန်လှော်မှုန့် ရ…။ ခုနက ပြုတ်ထားတဲ့ ငါးပြုတ်ကျက်ရင် ငါးတွေကို ဆယ်ပြီး အအေးခံ… ပြုတ်လို့ တော်တော်နူးနေတဲ့ ဂျင်း စပါးလင် ငရုတ်သီးအတောင့်တွေကို ထောင်းတယ်…။ ငါးပြုတ်တွေ အေးသွားရင် အသားထွင်တယ်။ အသားထွင်ရင်းက ရတဲ့ ခေါင်းတို့ ဆူးတောင်တို့တွေကို ခုနက ထောင်းတဲ့ အထဲ ထည့်ထောင်းတယ်။ ပြီးရင် အဲဒီ ထောင်းထားတာတွေကို ရေထဲထည့်ပြီး အရည်ချည်းရအာင် စစ်ချလိုက်တယ်…။ အဲဒီအရည်နဲ့ ငါးပြုတ်ထဲက အရည် ရောထားလိုက်တယ်…။
ငါးပြုတ် အသားထွင်ပြီးသားကို ငရုတ်သီးအရောင်တင်၊ ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်ဖြူ လေးစိတ်ကွဲထောင်းထားတာနဲ့ ဆီသတ်တယ်။ ပြီးရင် ဆန်လှော်မှုန့်၊ အနှစ်တိုက်ထားတဲ့ ကုလားပဲ၊ ငါးပြုတ်အရည်၊ အခွံခွာထားတဲ့ ကြက်သွန်နီ ခပ်ရွယ်ရွယ် အလုံးလိုက်၊ ကြက်သွန်အဖြူ၊ ဆီ၊ ဆား၊ ငန်ပြာရည်၊ အချိုမှုန့်၊ ငြုတ်သီးအရောင်တင်မှုန့်၊ ငြုတ်ကောင်း၊ စပါးလင် အရင်းပိုင်းတွေနဲ့ ဂျင်း ထောင်းပြီးသား… အစရှိသည်များကို စီကာ စဉ်ကာ ပြင်ထားပြီ…။ ချက်ရန်အသင့်…။
ဒီနေရာမှာ ငှက်ပျောအူ အကြောင်း ဖြတ်ပြောရအုံးမယ်။ သူများတွေ မုန့်ဟင်းခါးချက်တိုင်း ထည့်နေကျ ငှက်ပျောအူကို အိမ်မှာတော့ လုံးဝကို ထည့်လေ့မရှိဘူး။ ငှက်ပျောအူက ဟင်းရဲ့ အချိုရည်ကို စုပ်သွားတတ်လို့ ဟင်းအရသာ ပေါ့သတဲ့…။ အဲဒီလို… အဲဒီလို...
အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် မုန့်ဟင်းခါး ချက်မယ့်အိုး ခပ်ကြီးကြီးထဲ ကြက်သွန်နီတွေ အလုံးလိုက် ဆီသတ်တယ်။ ခဏနေတော့ ငရုတ်သီး အရောင်တင်မှုန့် နည်းနည်းထည့်တယ်။ ငရုတ်သီး ကျက်တော့ ဆန်လှော်မှုန့်ကို အရည်ဖျော်ပြီး ထည့်တယ်။ ဆန်မှုန့်တွေ အနည်ထိုင်ပြီး ကပ်မသွားအောင် မကြာခဏ မွှေပေးနေရတယ်။ ဆန်လှော်မှုန့် ကျက်လောက်ပြီဆိုရင် ဇကာတိုက်ထားတဲ့ ပဲအနှစ်ထည့်တယ် ဆက်မွှေတယ်… နောက်တော့ ငါးပြုတ်ရည် ထည့်တယ်… ဆက်မွှေတယ်…။ တော်တော်လေး ဆူပြီးတော့မှ ငါးဆီသတ်ထားတာကို ထည့်တယ်…။
အဲဒီနောက်မှာတော့ ဟင်းရည်ပျစ်နေရင် ရောဖို့အတွက် ရေကို ဆူအောင် တည်ထားရသေးတယ်။ ဟင်းရည်ထဲ ရေရောချင်ရင် ဘယ်တော့မှ ရေအေးတွေ မရောရဘူး… ဆူပြီးသား ရေနွေးပဲ ထည့်ရတယ်။ အဲဒီနောက်မှာတော့ ညက်အောင်ထောင်းထားတဲ့ စပါးလင် ဂျင်းတွေ ထည့်တယ်…။ အရသာ အပေါ့အငန် မြည်းတယ်…။ စိတ်တိုင်းကျပြီဆိုမှဖြင့် ငရုတ်ကောင်း ညက်ညက်ထောင်းထဲကို ကြက်သွန်ဖြူတွေ ထည့်ထောင်းထားတာတွေကို ဟင်းရည်အိုးထဲ ထည့်တယ်။ ငရုတ်ကောင်းထည့်ပြီးရင် ငန်ပြာရည်မထည့်ရတာမို့ အပေါ့အငန် စိတ်တိုင်းကျပြီဆိုမှသာ ငရုတ်ကောင်း ထည့်ရတယ်။ ပြီးရင် မီးအေးအေးနဲ့ အိုးကို အဖုံးပိတ်ထားရတယ်။ ဒါမှ ငရုတ်ကောင်းအနံ့က ပိုမွှေးဆိုပဲ…။
အိုးဘဲဥတို့ ဘာတို့ဆိုတာ အဲဒီခေတ်က မပေါ်သေးဘူး…။ ဂျမားလို့ ခေါ်တဲ့ မုန့်ဟင်းခါးဖတ် ဖြူဖြူဖွေးဖွေး သေးသေး မျှင်မျှင်လေးတွေကို ဟင်းရည်ဆမ်း… ကြက်သွန်ဖြူ မညက်တညက်ကို ဆီချက် ချက်ထားတာလေးတွေ ထည့်ပြီး စားကြတယ်။ ပြီးတော့ နံနံပင် ငရုတ်သီးမှုန့်… မလှမ်းမကမ်းက အကြော်ဆိုင်ကနေ ကြိုကြိုတင်တင် မှာကြား ၀ယ်ယူထားတဲ့ ဘူးသီးကြော်… အဲဒီလိုတွေ ခန်းခန်းနားနား ပြင်ဆင်ပြီး ထမင်းလွတ် အ၀စားကြတာ…။ ငရုတ်ဆီရောင် ရင့်ရင့်နဲ့ မပျစ်မကျဲ အရသာ လေးလေးပင်ပင် မုန့်ဟင်းခါးတပန်းကန်ရဖို့ အဲဒီလို တပင်တပန်း ချက်ကြရတာ…။
အိမ်နဲ့ ဝေးလာတော့ မုန့်ဟင်းခါး တခါစားရဖို့အရေး အဲဒီ ချက်နည်း အဆင့်ဆင့်တွေ ပြန်တွေးရင်း မုန့်ဟင်းခါးတွေဟာ စိတ်ကူးတွေ အိပ်မက်တွေထဲမှာတင် ရပ်တန့် ပျောက်ဆုံးသွားလေ့ရှိခဲ့တာ…။ ကံကောင်းချင်တော့ အဲဒီအချိန်မှာပဲ အသင့်စား မုန့်ဟင်းခါးထုပ်တွေ ပေါ်လာခဲ့တယ်။ အပျော်ဆုံးပဲ…။ အထုပ်တွေပေါ်မှာ ရေးထားတဲ့အတိုင်း ရေနွေးဆူဆူထဲကို ပါသမျှတွေ တခုပြီးတခု ဖေါက်ထည့်ပြီး မုန့်ဟင်းခါး ဖြစ်ပလိုက်တယ်။ မုန့်ဖတ်အတွက် အလွယ်ရတဲ့ ညှပ်ခေါက်ဆွဲဖတ်နဲ့ ကိစ္စပြီးတယ်။ ဆီချက် အကြော် နံနံပင်… အသာထား… တခါတခါ မုန့်ဖတ် ၀ယ်မရရင် ထမင်းနဲ့ မုန့်ဟင်းခါး ဟင်းရည်နဲ့တောင် စားခဲ့ဖူးတယ်။ မစားရတာ ကြာနေတော့ မုန့်ဟင်းခါးဆိုတဲ့ နာမည်နဲ့ အနံ့အသက်လေးဟာ ဆွေမျိုးမေ့စေတာပါပဲ…။
အဲဒီလိုနဲ့ စားလာလိုက်တာ တနှစ်ခွဲ နှစ်နှစ် ကြာလာတော့ အထုပ်တွေက မုန့်ဟင်းခါးအနံ့ကို ငြီးတတ်လာတယ်…။ အဲတော့ တောင်တွေး မြောက်တွေးနဲ့ နည်းတမျိုး ထွင်ကြည့်တယ်။ အဲဒါကတော့ အထုပ်ထဲက ငါးမွှေတွေကို ကြက်သွန်ဖြူများများနဲ့ ဆီသတ်တာရယ်၊ ဟင်းရည်အိုးထဲကို စပါးလင်နှစ်ချောင်းလောက် ထုထည့်လိုက်တာရယ်၊ အိမ်မှာရှိတဲ့ ငရုတ်ကောင်းစေ့ကို ကြက်သွန်ဖြူနဲ့ ထောင်းပြီး ထည့်တာရယ်…။ အဲဒီမှာပဲ ကိုယ့်အတွက် ပထမတန်းစား မုန့်ဟင်းခါးကို ရရှိသွားတယ်။ ပတ်ဝန်းကျင်က အထုပ်ဖေါက်ချက်သူ အပေါင်းအသင်းတွေကိုလည်း မမောနိုင် မပန်းနိုင် သတင်းပေးရသေးတယ်။ ခေါ်ကျွေးပြီးတော့လည်း သက်သေပြရသေးတယ်။
အခုတလောမှာတော့ အဲဒီလိုချက်ရတဲ့ မုန့်ဟင်းခါးကိုလည်း စိတ်တိုင်းမကျပြန်လူး။ အထုပ်ထဲက ငါးမွှေဆိုတာတွေကို တဖဲ့လောက် ယူစားကြည့်တဲ့အခါမှာ ငန်တူးတူး အရသာပြင်းပြင်းကြီး လျှာပေါ်ရောက်လာတယ်။ ငန်တာမှ တော်တော်ကြီးကို ငန်တာ…။ ကိုယ်လည်း မစားချင်၊ အိမ်သားတွေကိုလည်း သွေးတိုးမှာစိုးလို့ မကျွေးချင်…။ ဒီလိုနဲ့ အခုတလော မုန့်ဟင်းခါး မချက်ဖြစ်ဘူး။ ဒါပေမဲ့လည်း သိကြတဲ့အတိုင်း မျက်နှာစာအုပ်ပေါ်မှာက မုန့်ဟင်းခါးပန်းကန် မတွေ့ရတဲ့နေ့က မရှိဘူးရယ်…။ အဲဒီတော့ ဒါဏ်ရာဟောင်းက ပြန်နာလာတယ်။
ဒီတခါတော့ အထုတ်မသုံးပဲ ငယ်ငယ်က အိမ်မှာစားရတဲ့ မုန့်ဟင်းခါးမျိုးကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အပင်ပန်းခံပြီး ချက်မယ်လို့ ကြုံးဝါးတယ်။ ကံကောင်းထောက်မစွာ အိမ်ကပို့ထားတဲ့ ငါးဆီသတ်တွေကလည်း အဆင်သင့်… ပဲမထည့်တော့ဘူး။ ဆန်လှော်နဲ့ပဲ ခပ်ကျဲကျဲလေး ချက်မယ်လို့ စိတ်ကူးတယ်။ ဒီတော့ အရင်ဆုံး ဆန်လှော်တယ်။
ဆန်လှော်
ငါးဆီသတ်တွေကို ကြက်သွန်ဖြူ နီတွေနဲ့ အရောင်တင်မှုန့်နဲ့ ပြန်ဆီသတ်တယ်။ စပါးလင် ဂျင်း ကြက်သွန်ဖြူ ငရုတ်ကောင်း… အားလုံး လတ်လတ်ဆတ်ဆတ် ပြင်ဆင်တယ်။ အဲဒီလိုနဲ့ ဒီနေ့ ညနေမှာ ကိုယ်တိုင်ချက် မုန့်ဟင်းခါး တအိုး ရလာခဲ့တယ်။
ငယ်ငယ်က မေမေချက်ကျွေးတဲ့ လက်ရာမျိုးလို ထပ်တူမကျနိုင်ပေမယ့် သိပ်တော့ မဆိုးပါဘူး လို့ ကိုယ့်ကိုယ်ကိုယ် အားပေးဖြစ်တယ်။ ကိုယ့်ဟာကိုယ် ချက်တာဆိုတော့ အငန်တွေဘာတွေလည်း လျှော့ထားတာမို့ စိတ်ချလက်ချ ရဲရဲတင်းတင်း (မနက်ပြန် ညပြန်) စားနိုင်တယ်။ လူကြီးတွေကို ကျွေးရတာလည်း စိတ်ရဲတယ်။ သွေးတိုးမှာ ဘာညာ ပူစရာ သိပ်မလိုတော့ဘူး။
ဘူးသီးကြော်၊ အိုးကြက်ဥ၊ နံနံပင်၊ ကြက်သွန်နီပါးပါးလှီး၊ ငရုတ်သီးမှုန့် စုံစုံလင်လင်နဲ့...
သမုဒ္ဒရာ ၀မ်းတထွာလို့ ဆိုကြတယ်…။
တကယ်ကို ၀မ်းက တထွာလောက်သာ ရှိပေလို့ပဲ… သူ့အတွက် အလိုလိုက်လို့၊ ဖြည့်လို့ကို မဆုံးနိုင်တော့ဘူး။ သို့သော်လည်း ပုထုစဉ် လူသားပီပီ ရသတဏှာကို မဖြတ်နိုင်သေးတာမို့ မရိုးနိုင်တဲ့ မုန့်ဟင်းခါး အကြောင်းကို အခုလို တခန်းတနား ဋီကာချဲ့ပြီး ရေးလိုက်ပါတယ်…။ အရသာရှိသော စာတပုဒ်အဖြစ် နှစ်သက်ကြစေကုန်…
ပုံလေးပါပြပါ။အိမ်ကအမေကလဲ ငှက်ပျောအူဟာ အချိုဓာတ်တွေစုပ်တယ်ပြောဖူးတယ်...
ReplyDeleteAma, Pls try 'Hmwe Mote hin khar A sone Hmote Htote' SGD1.50. You need to put fish.
ReplyDeleteမုန့် ဟင်းခါးကိုမစားရပေမဲ့ သားရည်ယိုသွားပါသည်။
ReplyDeleteကျွန်တော်လည်းမုန့် ဟင်းလေးစားချင်လိုက်တာဗျာ-
ဘယ်ကမှလည်းခေါ်မကျွေးကြဘူး-
ဒါနဲ့ စကားမစပ်( စပ်အောင်တမင်မေးလိုက်ပါသည်။)
မုန့် ဟင်းခါးကိုသောက်တဲ့ အချိန်မှာ မုန့်ဟင်းခါးအဖတ်ကိုထည့်ပြီးရင်-မုန့် ဟင်းခါးအရည်(ဟင်းရည်) ကိုမွှေနှောက်ပြီး
ခပ်ထည့်တာလား ဒါမှမဟုတ် မုန့် ဟင်းခါးအရည်ကိုအပေါ်ယံအရည်ဘဲယူပြီး
မုန့် ဖတ်နဲ့ ရောစားတာလား။ ဘယ်ဟာကမုန့် ဟင်းခါးစားနည်းအမှန်ဖြစ်ပါသလဲ
ဒါမှမဟုတ် ဘယ်ဟာကပိုစားကောင်းပါသလဲခင်ဗျာ-
သိပ့် ကိုသိချင်နေပါသည်။ ကျေးဇူးပြုပြီးဖြေကြားပေးပါလား သက်ဝေ - - -
ဒါမှမဟုတ် ( သိတဲ့ သူတစ်ယောက်ယောက်ဖြေပေးကြပါလားဗျာ )
မုန့် ဟင်းခါးကိုမစားရပေမဲ့ သားရည်ယိုသွားပါသည်။
ReplyDeleteကျွန်တော်လည်းမုန့် ဟင်းလေးစားချင်လိုက်တာဗျာ-
ဘယ်ကမှလည်းခေါ်မကျွေးကြဘူး-
ဒါနဲ့ စကားမစပ်( စပ်အောင်တမင်မေးလိုက်ပါသည်။)
မုန့် ဟင်းခါးကိုသောက်တဲ့ အချိန်မှာ မုန့်ဟင်းခါးအဖတ်ကိုထည့်ပြီးရင်-မုန့် ဟင်းခါးအရည်(ဟင်းရည်) ကိုမွှေနှောက်ပြီး
ခပ်ထည့်တာလား ဒါမှမဟုတ် မုန့် ဟင်းခါးအရည်ကိုအပေါ်ယံအရည်ဘဲယူပြီး
မုန့် ဖတ်နဲ့ ရောစားတာလား။ ဘယ်ဟာကမုန့် ဟင်းခါးစားနည်းအမှန်ဖြစ်ပါသလဲ
ဒါမှမဟုတ် ဘယ်ဟာကပိုစားကောင်းပါသလဲခင်ဗျာ-
သိပ့် ကိုသိချင်နေပါသည်။ ကျေးဇူးပြုပြီးဖြေကြားပေးပါလား သက်ဝေ - - -
ဒါမှမဟုတ် ( သိတဲ့ သူတစ်ယောက်ယောက်ဖြေပေးကြပါလားဗျာ )
ကိုယ့်ဟာကိုယ် ချက်တော့မယ် ဆိုလို့.. အတော်လေးစားနေတုန်း..
ReplyDeleteအိမ်ကပို့ထားတဲ့ ငါးဆီသတ်တွေ တဲ့။း)
ကျွန်တော်ကတော့ ကိုယ်တိုင်ပေမယ့် လွယ်တဲ့နည်းနဲ့ ချက်လိုက်တယ်။
ReplyDeleteပဲကို များများပြုတ်ပြီး ကြိတ်၊ ဖရီဇာထဲ ခဲထားလိုက်တယ်။ မုန့်ဟင်းခါးဖြစ်ဖြစ်၊ အုန်းနို့ခေါက်ဆွဲဖြစ်ဖြစ်၊ ပဲပလာတာ ဖြစ်ဖြစ် အဆင်သင့် ဖြစ်သွားတယ်။
ငါးကို အရိုးမထွင်ရတဲ့ ငါးအသားလွှာသုံးတယ်။ အဲဒါကို ကြက်သွန်ဖြူနီ စပါးလင်နဲ့ ဆီသတ်တယ်။ ဂျင်းထည့်လေ့ မရှိဘူး။ဆန်လှော်မှုန့်ကတော့ နည်းနည်းပဲ သုံးတာနဲ့ အထုတ်ပဲ သုံးလိုက်တယ်။ ငှက်ပျောအူထည့်မနေတော့ဘူး၊ စိတ်ကူးပေါက်ရင် ကြာမြစ်ထည့်လိုက်တယ်။
အိမ်းးးးးးးးးးးးးးးးးးးး
ReplyDeleteရက်စက်ကြသူများပါပေ....။
မနေ့ကမှ ချက်စားထားတဲ့ မုန့်ဟင်းခါး.. နောက်ရက် ထပ်ချက်ရအုံးမှာပ
ဟင့် ဟင့် မုန့်ဟင်းခါးနံ့ကလေးမွှေးနေရော ချားတောင်ချားချင်လာဘီ...။ ညီမလေးဆို တခါမှ ကွကိုယ်မချက်စားဖူးဘူး မမသက်ဝေ recipe နဲ့ စမ်းလုပ်ကြည့်ဦးမယ်
ReplyDeleteဖတ်ပြီးမုန့်ခါးမရှိတာနဲ့ထမင်းဘဲထစားလိုက်ရတယ် :)
ReplyDeleteဗိုက်ဆာလိုက်တာ ။ အမေ့ကိုလည်းသတိရသွားတယ် သားသမီးတွေစုံရင် အမြဲချက်ကျွေးတာက မုန့်ဟင်းခါးပဲ ။
ReplyDeleteဒီကထိုင်းမုန့်ဟင်းခါးက လျှာမတွေ့ပါဘူးးးး ငါးရံ့နံ့လေးရနေတဲ့ မုန့်ဟင်းခါးဟင်းရည်လေးပဲ လွမ်းတယ် ။
စားစရာ အတော်များများ ချက်တတ်ပေမယ့် မုန့်ဟင်းခါးဆို ချက်ရင် ကောင်းတယ်လို့ကို ကိုယ့်ကိုယ်ကို မယုံကြည်ဘူး။ မုန့်ဟင်းခါး အိမ်မှာ အ၀စားချင်တိုင်း နန်းသပြေ ရယ်ဒီမိတ်အထုတ် ချက်စားဖြစ်တယ်။ ကြက်သွန်နီဥ၊ ပဲမှုန့်အကြက်နည်းနည်း၊ ကြက်သွန်ဖြူကြော်ထောင်း၊ ငရုပ်ကောင်းများများခပ်၊ အိုးဘဲဥ၊ ပဲသွေး ဖြည့်စွက်ပြီး ချက်စားဖြစ်တယ်။ အဲ့ဒီတံဆိပ်တော့ တခြားဟာတွေထက် ကြိုက်မိတယ်။ ငှက်ပျောအူကတော့ အတူတူပဲ၊ တစ်ခါမှ ထည့်မစားဖြစ်ဘူး။ နောက်လူကြုံရှိရင် နန်းသပြေထည့်ပေးလိုက်မယ် အစ်မသက်ဝေ..။ စမ်းစားကြည့်ရအောင်။
ReplyDeleteအရသာရှိတဲ့ စာတစ်ပုဒ်ကို ဖတ်လို့
ReplyDeleteအရသာရှိတဲ့ မုန့်ဟင်းခါးတစ်ပွဲစားသွားပါတယ်မမ
မနက်ကလည်းဖုန်းနဲ့သာကြည့်ရလို့
ကွန့်မန့်ရေးလို့အဆင်မပြေလို့ ခုမှပဲရေးရတယ်...
စားချင်လိုက်တာနော်....း)
ReplyDeleteအဆင်သင့်ချက်စားလို့ရတဲ့ မုန့်နှစ်အရသာနဲ့ အိမ်ချက်ကတော့ ကွာတယ်မသက်ရေ... တီတင့်မုန့်ဟင်းခါးချက်ရင် ဆန်လှော်မှုန့်နဲ့ ရွှေကြည့်မှုန့်ပဲသုံးတယ်။
ReplyDeleteမသက်ရဲ့ မုန့်ဟင်းခါးလေးအခွင့်ရေးရရင်မြီးချင်တယ် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမသက်ဝေ ကြည့်ပြီး ဘိုက်ဆာသွားတယ် နေ့တိုင်း ကျွေးရင်စားနိုင်တဲ့ အစားအစာပြဆို မုန့် ဟင်းခါးပဲ... :)
ReplyDeleteEi