Monday, April 29, 2013

ကမ္ဘာမြေကို အလည်ရောက်လာသူတယောက်ရဲ့ အိမ်ပြန်ချိန်

ရုံးသွားချိန် ကျောင်းသွားချိန်မို့ လမ်းလေးခွဆုံတခုရဲ့ ပတ်ပတ်လည် ပလက်ဖေါင်း တလျှောက်မှာ သာမန်အချိန်ထက်စာရင် လူတွေ ပိုစည်ကားနေပါတယ်။ အားလုံးဟာ တယောက်နဲ့တယောက် ဦးတည်ရာ အရပ်တွေ ကွဲပြားပေမယ့် သွက်လက်တဲ့ ခြေလှမ်းတွေကတော့ တူညီနေကြတယ်။ အဲဒီထဲမှာ သာမန်နဲ့ မတူ… တမူထူးခြားပြီး တုံ့နှေး လေးလံနေတဲ့ ခြေလှမ်းတွေနဲ့ လူတစ်စုကို ကျွန်မ သတိထားလိုက်မိတယ်…။ သူတို့ဟာ လမ်းထောင့်နားကနေ ကွေ့ပြီး ဖြည်းဖြည်းချင်း လျှောက်လာကြတာ…။ ကျွန်မကားကို အရှိန်နည်းနည်း လျှော့လိုက်ပါတယ်။ ပြီးတော့ အဲဒီ လူတစ်စုကို သေသေချာချာ ကြည့်ရင်း ဘီးကို တလိမ့်ချင်းလှိမ့်ပြီး မောင်းလာခဲ့တယ်။ ကံကောင်းထောက်မစွာ ရှေ့လမ်းဆုံက မီးပွိုင့် မီးနီသွားတယ်။ အဲဒီလို မီးနီနေချိန်မှာ ကားကို ရပ်ပြီး ခုနက လူတစ်စုကို ကြည့်ဖို့ အခွင့်သာသွားတယ်။

သူတို့အဖွဲ့မှာ စုစုပေါင်း ကိုးယောက်…။ အမျိုးသား လေးယောက် အမျိုးသမီး ငါးယောက်…။ အမျိုးသား လေးယောက်မှာ တယောက်က အသက်ကြီးကြီး အဖိုးအို… အမျိုးသမီး ငါးယောက်မှာ တယောက်က အသက်ကြီးကြီး အဖွားအရွယ်… နောက်တယောက်က အသက် ဆယ်နှစ် ပတ်ဝန်းကျင်လောက်ရှိနိုင်တဲ့ ဂါဝန်ဖြူလေး ၀တ်ထားတဲ့ ကလေးမလေး…။ သူတို့သုံးယောက်ကလွဲရင် ကျန်တဲ့သူတွေက လူရွယ် လူလတ်ပိုင်းတွေ…။ အဖိုးအိုကို အမျိုးသားတယောက်က တွဲခေါ်လာပြီး သူတို့က အနောက်ဆုံးကနေ လျှောက်လာတယ်။ အဖွားအိုရဲ့ ဘေးတဖက်တချက်မှာတော့ အမျိုးသမီးနှစ်ယောက်က ဖေးမ တွဲခေါ်လာပြီး သူတို့က အလယ်ကနေ လျှောက်လာကြတယ်။ ကလေးမလေးကတော့ ဟိုကြည့် ဒီကြည့်နဲ့ ခြေလှမ်းလေးတွေက ခပ်နှေးနှေး…။ ရှေ့ဆုံးက အမျိုးသားကတော့ တယောက်တည်း… အရပ် မနိမ့်မမြင့် ခပ်ပိန်ပိန်… ခေါင်းကို ငုံ့ပြီး တလှမ်းချင်း ဖြေးညှင်းစွာ ရွေ့လျားနေတယ်။ သူ့ကြည့်ရတာ အိပ်မက်ထဲမှာ (သို့) အိပ်မက်ယောင်ပြီး လမ်းလျှောက်နေသူတယောက်နဲ့ ခပ်ဆင်ဆင်…။ သူတို့ အားလုံးဟာ အင်္ကျီအဖြူရောင်နဲ့ ဘောင်းဘီ အနက်ရောင် ခပ်နွမ်းနွမ်းတွေ ကိုယ်စီ ၀တ်ဆင်လို့…

တရွေ့ရွေ့ နဲ့ ရွေ့လျားလာတဲ့ သူတို့အဖွဲ့ဟာ ကျွန်မ ကြည့်နေတဲ့ ကားနောက်ကြည့်မှန်ကနေ တဆင့် ကျွန်မကားရဲ့ ဘယ်ဖက်အခြမ်းကို ရောက်လာကြတယ်။ မြင်ကွင်းဟာ ခုနကထက် ပြတ်သား ရှင်းလင်းလာတယ်။

ကြည့်နေရင်းမှာ မျက်မှန်တပ် ခပ်၀၀ အမျိုးသားတယောက်က အနောက်ဖက်ကနေ ခြေလှမ်းသွက်သွက်နဲ့ လျှောက်လာပြီး အမျိုးသမီးတွေကို ကျော်ဖြတ်လို့ ရှေ့ဆုံးက အမျိုးသားပိန်ပိန်လေးရဲ့ ပခုံးကို အသာ သွားဖက်လိုက်တယ်။ အဲဒီအချိန်မှာ ရှေ့ဆုံးက တယောက်တည်းလျှောက်နေတဲ့ အမျိုးသားဟာ ခြေလှမ်းရပ်တန့်သွားပြီး သူ့ကို ပုခုံးလာဖက်သူ အမျိုးသားကို ပြန်လည် မှီတွယ်ရင်း ပုခုံးပေါ်ကို မျက်နှာအပ် လိုက်တာကို တွေ့ရတယ်…။ အဲဒီအခိုက်အတန့်လေးမှာပဲ ကျွန်မစိတ်တွေ အဆမတန် ထိခိုက် လေးလံသွားတာ…။ ပြီးတော့… ဂါဝန်လေးနဲ့ ကလေးမလေးကို သေသေချာချာ တခါ ထပ်ကြည့်ရင်း ကျွန်မ လက်ဖျားတွေ အေးစက်လို့ နှလုံးခုန်သံတွေလည်း ရုတ်ချည်း မြန်ဆန်လာခဲ့တယ်။ သေချာပါပြီ… သေချာပါပြီ… သူတို့မှ သူတို့ အစစ်ပါပဲ…။ တကယ်ကိုပဲ ကျွန်မ သူတို့ကို မြင်ချင် တွေ့ချင်နေခဲ့တာ…

ခဏအကြာမှာ ကျွန်မ ရပ်တန့်နေရတဲ့ မီးပွိုင့်က မီးနီရာကနေ စိမ်းသွားပါတယ်။ ကျွန်မ သွားရတော့မယ်… ရုတ်တရက် ချက်ချင်း မထွက်နိုင်သေးတဲ့ အရှေ့က ကားတွေကြောင့် ကျွန်မ ခုနက လူတစ်စုကို ဆက်ကြည့်နေဖို့ အခွင့်သာခဲ့ပြန်တယ်။ အမျိုးသမီးနှစ်ယောက် တွဲထားတဲ့ အဖွားအိုဟာ ခြေလှမ်းကို ရပ်တန့်ရင်း၊ တပ်ထားတဲ့ မျက်မှန်ကို အသာ ပင့်တင်ရင်း အ၀တ်စတခုနဲ့ မျက်လုံးတ၀ိုက်ကို ပွတ်သုတ်နေခဲ့တယ်။ အနောက်က အဖိုးအိုက ခြေလှမ်းရပ်တန့်နေတဲ့ အဖွားအိုကို တစုံတခု လှမ်းပြောလိုက်ဟန်တူတယ်။ အဖွားအိုဟာ ခေါင်းကို အသာအယာ ညိတ်ရင်း ရှေ့က အမျိုးသား ပိန်ပိန်လေးကို ငေးငေးလေး လှမ်းကြည့်လိုက်တယ်။ အဲဒီ အမျိုးသားလေးကတော့ ခုနက သူ့ကို လာရောက် ဖေးမသူ မျက်မှန်နဲ့ အမျိုးသားရဲ့ ပခုံးပေါ်မှာ မျက်နှာမှောက်ထားဆဲ…။ ကျွန်မ အကြည့် မမှားဘူးဆိုရင် အဲဒီ အမျိုးသားလေးရဲ့ ကျောပြင်ဟာ တသိမ့်သိမ့် လှုပ်ရှားလို့ နေတယ်…။ ဟုတ်တယ်… သူ ငိုနေတယ်…

ရှေ့က ကားတွေ ရွေ့နေတာမို့ ကျွန်မ ကားကိုလည်း စပြီး ရွေ့ရတော့တယ်။ ကားကို ဂရုတစိုက် မောင်းထွက်လာရင်း ခုနက နေရာမှာ ရပ်တန့်နေတဲ့ သူတို့တွေကို နောက်ကြည့်မှန်ကနေ တချက်လှမ်းကြည့်ပြီး စိတ်ထဲကနေ တီးတိုး နှုတ်ဆက်လိုက်တယ်။ နောက်နောင်ကို အခုလို စိတ်ဆင်းရဲမှုမျိုး… မိသားစုတွေ ဝေးကွာရတဲ့ အဖြစ်မျိုးက ကင်းဝေးပါစေ ရယ် လို့ ဆုတွေ အထပ်ထပ် တောင်းပြီး နှုတ်ဆက်ခဲ့ပါတယ်။

******

ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်ပိုင်းက အိမ်နဲ့ မနီးမဝေး လမ်းဆုံတခုမှာ ကား မတော်တဆမှုတခု ဖြစ်ခဲ့တယ်လို့ သိရတယ်။ အမှန်ဆို အဲဒီလမ်းက ကျွန်မ ရုံးအသွား ဖြတ်မောင်းနေကျ လမ်းပါ။ အဲဒီနေ့ကတော့ ကျွန်မ အမျိုးသားက အလုပ်ကို ခါတိုင်းထက် စောစောသွားဖို့ရှိတာမို့ သူ့ကို လိုက်ပို့ရင်း အပြန်မှာ တခြားလမ်းမတခုကနေ ရုံးကို လာခဲ့တယ်။ ရုံးရောက်တော့ မျက်နှာစာအုပ်မှာ အဲဒီ မတော်တဆမှုသတင်းကို ဖတ်ရ သိရတာပါပဲ…။ နေ့တိုင်း အဲဒီ အချိန်မှာ အဲဒီလမ်းဆုံက ဖြတ်မောင်းနေကျဆိုတော့ အော်… မနက်က ငါ အဲဒီလမ်းက မလာမိတာ တော်ပါသေးရဲ့ပေါ့… မဟုတ်ရင် ကားတွေ ကြပ်ပိတ်နေမှာ… ရုံးနောက်ကျမှာ… အဲဒီလောက်ပဲ စိတ်ထဲ ထားခဲ့တယ်။

ဖြစ်ပုံကတော့ ဘတ်စ်ကားကြီးတစင်းက လမ်းဖြတ်ကူးနေတဲ့ အမျိုးသမီးတယောက်ကို တိုက်ချသွားခဲ့တာပါ…။ ကားတွေ ကွေ့ဖို့ အတွက် မီးစိမ်းနေတာလား… လူကူးဖို့အတွက် မီးစိမ်းနေတာလား… ဘယ်သူမှန်တယ်… ဘယ်သူမှားတယ်… လို့ ကျွန်မ သေသေချာချာ မပြောနိုင်ပေမယ့် အသက်တချောင်းကတော့ ချက်ချင်းကို ဆုံးရှုံးသွားခဲ့ရပြီ…။

နောက်တနေ့ သတင်းစာမှာ ဖတ်ရတာကတော့… အဲဒီအမျိုးသမီးဟာ အဲဒီ လမ်းဆုံနဲ့ မနီးမဝေးက အိမ်ယာတခုမှာ နေပါတယ်။ အဲဒီနေ့ မနက်မှာ သူဟာ အိမ်ကနေ သူ့အမျိုးသားနဲ့အတူတူ ဈေးဝယ်ဖို့ ထွက်လာတာ… ဖြစ်ချင်တော့ သူက ဈေးဝယ်အပြီးမှာ သူ့အမျိုးသားထက် မိနစ် နှစ်ဆယ်လောက် စောပြီး ပြန်လာခဲ့မိတာ…။ အဲဒီလို အိမ်အပြန် လမ်းဆုံမှာ လမ်းကူးရင်း ဘတ်စ်ကားက ၀င်တိုက်သွားခဲ့တာ…။ သူ့အမျိုးသားက နောက် မိနစ်နှစ်ဆယ်လောက်အကြာမှာ အဲဒီလမ်းဆုံနားကို ရောက်လာတော့ လူတွေ စုရုံး စုရုံးနဲ့ ကားမတော်တဆမှုကို တွေ့တော့ စိတ်ထဲ မသက်မသာဖြစ်ပြီး သူ့မိန်းမကို ဖုန်းလှမ်းခေါ်ခဲ့တာ… ကံဆိုးစွာပဲ… ဖုန်းမြည်သံဟာ အသက်မရှိတော့တဲ့ အမျိုးသမီးနားမှာ စူးစူးဝါးဝါး မြည်နေခဲ့တာ ဖြစ်တယ်…။

ကျွန်မ အဲဒီသတင်းကို ဖတ်ပြီး အချိန်တော်တော်ကြာ စိတ်ထိခိုက်နေမိတာ… နောက်နေ့ မနက်တွေ အဲဒီလမ်းဆုံက ဖြတ်တိုင်း သတိရနေမိတာ...။ Fatal Accident ဆိုတဲ့ ဆိုင်းဘုတ် အဲဒီလမ်းဆုံမှာ ထောင်ထားတာ တွေ့တဲ့နေ့က ကျွန်မ ထမင်းမစားနိုင်ခဲ့ဘူး။ အဲဒီ အမျိုးသားဟာ ဒီက တက္ကသိုလ်တခုက ပါမောက္ခတယောက်ဖြစ်ပြီး သူတို့မှာ အသက် ဆယ်နှစ်အရွယ် သမီးကလေး တယောက် ရှိတယ်လို့ သတင်းမှာ ဖတ်ရပါတယ်။ သမီးလေး တက်နေတဲ့ ကျောင်းနာမည်ကိုကြည့်တော့လည်း နာမည်ရ အဆင့်မြင့် ကျောင်းတခုဖြစ်နေတာမို့ သူတို့ဟာ ပညာတတ်ပြီး ပြည့်စုံသာယာတဲ့ မိသားစုကလေးတခု ဖြစ်ရမယ်လို့ ကျွန်မ သေချာနေခဲ့တယ်။

အဲဒီလိုတွေ သိရပြီးတော့ ကျွန်မစိတ်ထဲမှာ ကိုယ်နဲ့ လုံးဝ မသိတဲ့သူတွေဖြစ်ပေမယ့် သူတို့မိသားစုကလေးကို တွေ့ချင် မြင်ချင်နေမိတယ်။ စိတ်ထဲကနေ အားပေး နှစ်သိမ့်ချင်နေမိတယ်။ သူတို့လေးတွေ ပိန်သလား ၀သလား၊ ပုသလား ရှည်သလား၊ ဖြူသလား ညိုသလား… စသည်ဖြင့် စိတ်ကနေ မှန်းဆကြည့်နေမယ့်အစား သူတို့ကို တွေ့ဖူး မြင်ဖူးရင် ကျွန်မ ပို့နေတဲ့ မေတ္တာတွေ၊ ကျွန်မ တောင်းနေတဲ့ ဆုတောင်းတွေဟာ ပိုများ အာနိသင်ရှိလေမလားလို့ ကျွန်မ တွေးနေမိတာ…။

ကျွန်မ ဆန္ဒ ပြည့်ခဲ့ပါတယ်…။
ကျွန်မထင်တာ မမှားဘူးဆိုရင် သူတို့ဟာ အခင်းဖြစ်ပွားခဲ့တဲ့ နေရာကို လာပြီး ဆုတောင်းကြတာပါ…။ အသက်ကြီးနေတဲ့ အဖိုး အဖွားနှစ်ယောက်ကတော့ ကွယ်လွန်သူ အမျိုးသမီးလေးရဲ့ မိဘ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်…။ ရှေ့ဆုံးက အမျိုးသားလေး… ပြီးတော့ ဘာမှ ရေရေရာရာ သိရှာမှာ မဟုတ်သေးတဲ့ ဆယ်နှစ်သမီးလေး…။ သုံးမိနစ်တောင် မပြည့်တတ်တဲ့ အချိန်ပိုင်းလေးသာ လှမ်းတွေ့လိုက်ရပေမယ့် ကျွန်မ သူတို့ကို ကောင်းကောင်းကြီး မှတ်မိသွားပါတယ်။ သူတို့နားက ဆက်ထွက်လာပြီး လမ်းတလျှောက်လုံး ကျွန်မ သူတို့မိသားစုလေးအတွက် ဆုတွေ တောင်းနေမိတယ်…။

ကမ္ဘာမြေကို အလည် တခေါက် ရောက်လာသူတိုင်းဟာ အချိန်တန်ရင် အိမ်ပြန်ရစမြဲ မဟုတ်လား…။ သို့သော်လည်း အဲဒီလို အိမ်ပြန်ခရီးတွေမှာ အချိန်တန်လို့ ပြန်ရတဲ့ ခရီးမျိုး၊ အေးချမ်းပြီး သက်တောင့်သက်သာဖြစ်တဲ့ ခရီးမျိုးသာ ဖြစ်ပါစေလို့ ဆုတောင်းရင်း ဒီပိုစ့်ကို ရေးပါတယ်။


13 comments:

  1. Yeah we feel so sorry when we heard that news and his crying photos.

    ReplyDelete
  2. ပြန်ဖို့သင့်တဲ့အချိန်မှာ
    ပြန်ရမယ့်နေရာကို
    အေးအေးချမ်းချမ်း ပြန်ချင်တယ်....
    တခြားလူတွေကိုရောပဲ ပေါ့ ...:'(

    ReplyDelete
  3. အနော်လည်း အဲဒီသတင်းကို ကြားလိုက်ရတုန်းက တော်တော်စိတ်မကောင်းဖြစ်ခဲ့မိတယ်။ ကလေးလေးကို ကျောင်းကို အတူပို့အပြီးဈေးအတူထွက်ဝယ်ခဲ့တဲ့ ဇနီးမောင်နှံ ၂ဦး။... အသက်မဲ့နေတဲ့ ဇနီးရဲ့ ခန္ဓာကိုယ်အနီးမှာ စူးဝါးစွာမြည်နေတဲ့ဖုန်းမြည်သံတစ်ခု......သူများတွေအပြောအရNTUC ရဲ့ ငွေချေရာနားမှာ သတင်းဆိုးကြောင့် နေရာကတောင်မရွေ့နိုင်တော့အောင် ရပ်တန့်ဆွံ့အသွားတဲ့ ခင်ပွန်းသည် ယောက်ျားတစ်ယောက်။ ......အဲဒါတွေကို တကွက်ချင်းလိုမြင်ယောင်မိလို့...... မမသက်ဝေပြောသလိုပဲ ...((((((ကမ္ဘာမြေကို အလည် တခေါက် ရောက်လာသူတိုင်းဟာ အချိန်တန်ရင် အိမ်ပြန်ရစမြဲ မဟုတ်လား…။ သို့သော်လည်း အဲဒီလို အိမ်ပြန်ခရီးတွေမှာ အချိန်တန်လို့ ပြန်ရတဲ့ ခရီးမျိုး၊ အေးချမ်းပြီး သက်တောင့်သက်သာဖြစ်တဲ့ ခရီးမျိုးသာ ဖြစ်ပါစေ.....)))))

    ReplyDelete
  4. အားလုံးဟာဧည့်သည်တွေပဲမို့ အလည်ရောက်လာပြီးရင်တော့ ပြန်ကြရစမြဲပါ။ ဒါပေမယ့် သမရိုးကျ ပြန်လမ်းဖြစ်စေချင်တယ် မသက်ရေ...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. အလည်လာတဲ့ခဏလေးမှာ၊မိသားစုနဲ့ချစ်သူများသာတွေ့ဆုံချမ်းသာနိုင်ပါစေ...

    ReplyDelete
  6. အိမ်မက်တစ်ခုထဲမှာပျောက်ဆုံးသွားသလိုလေးလံခံစားလိုက်ရပါတယ်

    ReplyDelete
  7. IS this accident happen near clementi shopping mall?

    ReplyDelete
  8. Min ၊ တမာတောမြေ ၊ Anonymous ၊ အန်တီတင့် ၊ Hmoo - ကော်မန့်တွေအတွက်ရော စာနာနားလည်မှုတွေ အတွက်ပါ ကျေးဇူးတင်ပါတယ်။

    Anonymous - ဟုတ်ပါတယ်... ၂၃ ရက်နေ့ မနက်က ဖြစ်ခဲ့တာပါ...

    ReplyDelete
  9. စာဖတ်နေရင်း တစ်ဝက်လောက်မှာ သိလိုက်တယ် အစ်မ။ အဲဒီနေ့က ညီမ MRT ပေါ်အရောက်မှာ ဖြစ်သွားခဲ့တာ။ ရုံးရောက်တော့ သတင်းတွေက တက်လာလို့ ၀င်ဖတ်ကြည့်လိုက်တယ်။ ကွယ်လွန်သူနဲ့ ကျန်ရစ်သူအတွက် ၀မ်းနည်းစိတ်မကောင်းဖြစ်ရင်း၊ ကိုယ်လည်း မီးပွိုင့်ဖြတ်ကူးနေကျနေရာမို့ ထိတ်လန့်သွားရင်းနဲ့ပေါ့။ ကျန်ရစ်သူအမျိုးသား ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ပုံလည်း တွေ့လိုက်ရတယ်။ ကမ္ဘာမြေပေါ်အတူတူ ရောက်လာခဲ့တာ၊ တစ်ခရီးတည်းအတူသွားခဲ့ကြတာ မှန်ပေမယ့် ထွက်ခွာသွားချိန်တွေဟာ မတူညီဘူးဆိုတဲ့ အသိသံဝေဂက အာရုံတံခါးဝကို လာခေါက်သွားခဲ့တယ်။

    ReplyDelete
  10. အမရဲ့စာတွေအမြဲ စောင့်ဖတ်နေကြပါ
    စာရေးကောင်းတာရော YIT ကျောင်းကဆိုတဲ့အစွဲနဲ့ရော ပေါ့
    comment ရေးလေ့မရှိပေမဲ့ ဒီတခါတော့ ကိုယ်ချင်းစာစိတ်နဲ့ ခံစားရလွန်းလို့ ရေးမိပါတယ်
    လူတိုင်း သေကွဲရှင်ကွဲနဲ့ကြုံကြရပမဲ့ အေးအးချမ်းချြမ့်းစိတ်ထားတတ်ဖို့က ခက်သားပဲ
    nn

    ReplyDelete
  11. ဖဘမှာ အကြမ်းဖျင်းကြားလိုက်ပြီး ကလေးလေး ကျန်ခဲ့တာ ခုမှ သိရတယ်.. စိတ်မကောင်းလိုက်တာ ..


    pifpif

    ReplyDelete
  12. စိတ်မကောင်းလိုက်တာ အစ်မသက်ဝေရယ်....၊း(

    အထူးသဖြင့် အသက်မဲ့နေတဲ့ ခန္ဓာကိုယ်အနားမှာ ဖုန်းကလေး မြည်နေတဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်မိတဲ့အခါ တော်တော့်ကို စိတ်မကောင်း ဖြစ်မိတယ်၊ ကားအက်ဆီးဒင့် ဖြစ်တဲ့အကြောင်း သူ့မိန်းမကို ပြောဖို့ ဖုန်းဆက်ကာမှ အဲဒီ အက်ဆီးဒင့်မှာ သေဆုံးခဲ့တာ သူ့မိန်းမ ကိုယ်တိုင်ပဲဆိုတဲ့ အဖြစ်ဟာ ကျန်ရစ်သူ ခင်ပွန်းသည်အတွက် ဘယ်လောက်များ ခြောက်ခြားကြေကွဲဖို့ ကောင်းလိုက်မလဲ..၊

    ချစ်သူ၊ ခင်သူတွေကို နှုတ်ဆက်ပြီးမှ အေးအေးသက်သာ ထွက်သွားရတဲ့ အိမ်အပြန် ခရီးမျိုးပဲ လူတိုင်းကို ရစေချင်ပါတယ်ဗျာ...။

    ReplyDelete
  13. အိမ်ပြန်ချိန်တွေဟာ တစ်ကယ်ပဲ အချိန်တန်လို့ ပြန်ရတဲ့ အိမ်ပြန်ချိန်မျိုး၊ အပြန်ခရီးမှာလဲ သက်သောင့်သက်သာနဲ့ အိမ်ပြန်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်....။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...