Thursday, April 18, 2013

ပန်းနုရောင် အမျှင်တန်း

မရီနာ (Marina) ရဲ့ သောကြာ ညနေခင်းဟာ သူလို ကိုယ်လို ညနေခင်းတွေထက် ဘာမှ ပိုမထူးခြားဘူး၊ တခုပဲ အဲဒီညနေက မိုးသား တိမ်ရိပ် ကင်းစင်တယ်၊ ရာသီဥတု ကြည်လင်တယ်၊ နေရောင်ခြည်တွေက မရီနာတ၀ိုက်က ရေပြင်ပေါ်ကို သူ့ထက်ငါ ပြေးဆင်းပြီး ထိတွေ့ နှုတ်ဆက်လို့။ ကျန်းမာရေးအတွက် လမ်းလျှောက်တဲ့သူတွေ များသလို ပတ်ဝန်းကျင်ကို ငေးရင်း အေးအေးဆေးဆေး အပန်းဖြေ လမ်းလျှောက်သူတွေလည်း များတယ်။ ရေစပ်တလျောက် ဘောင်ပေါ်က ခုံလေးတွေမှာ ထိုင်နေတဲ့သူတွေကလည်း နေရာလပ် မကျန်အောင် ရှိနေတယ်။ ရေစပ်နဲ့ ပိုနီးတဲ့ လှေခါးထစ်တွေမှာတော့ သုံးချောင်းထောက်ကိုယ်စီနဲ့ ကင်မရာမန်းတွေက အသင့် နေရာယူထားကြပြီ။ သူတို့ထဲက တချို့က ဟိုဖက်တခြမ်းမှာရှိနေတဲ့ စကာင်္ပူရဲ့ အမှတ်အသားဖြစ်တဲ့ မြင့်မြင့်မားမား ထိုးထိုးထောင်ထောင် အဆောက်အဦးတွေကို ချိန်ရွယ်လို့၊ တချို့ကတော့ ဒီဖက်က အလိမ် အလိမ်ခွေရစ်နေတဲ့ တံတား၊ ကျွဲကောသီး အခွံခွာထားသလို ပုံစံနဲ့ အနုပညာ ပြတိုက်၊ သဘောင်္ကြီးလို့ ပြောကြတဲ့ ကောင်းကင်ဥယျာဉ်၊ အဲဒီဖက်တွေကို ချိန်ရွယ်လို့။ ဓါတ်ပုံကောင်းကောင်း တပုံလောက် ရဖို့အတွက် စိတ်ကူးကိုယ်စီ၊ အတွေး ကိုယ်စီနဲ့။ အဲဒီလိုလူတွေကြားမှာ ထိုင်စရာ တနေရာလေးရဖို့ ဟိုကြည့် ဒီကြည့်နဲ့ လျှောက်နေရင်း ဆိုင်လေး တဆိုင်ရှေ့မှာ စုရုံး စုရုံးနဲ့ တိုးနေတဲ့ လူတချို့ကို တွေ့တယ်။ ကြည့်လိုက်တော့ အာတာပူစီ (သို့) ငှက်သိုက် လို့ ငယ်ငယ်က ခေါ်ဖူးတဲ့ ပန်းရောင် အမျှင် ပွပွ တွေကို တုတ်မှာ ရစ်ပတ်ထားတဲ့ Cotton Candy (သို့မဟုတ်) Candy Floss တွေ ရောင်းတဲ့ ဆိုင်။

(Picture from Google)

အဲဒီလူတွေကြားထဲပဲ အသာတိုးဝှေ့ရင်း ၀င်ကြည့်လိုက်မိတယ်။ ဒန်အိုး ခပ်ကြီးကြီးဝိုင်းဝိုင်းတခုရဲ့အလယ်မှာ တ၀ီဝီ လည်နေတဲ့ ပစ္စည်းတခုနဲ့ ပန်းရောင် သကြားပွင့်လေးတွေကို အကြောင်းပြုပြီး ထွက်လာတဲ့ ပန်းနုရောင် အမျှင်အမျှင်လေးတွေကို တုတ်ရှည်ရှည်တချောင်းနဲ့ ရစ်ကာ ပတ်ကာ ခွေကာ ၀ိုက်ကာ သိမ်းယူလိုက်တော့ ဟော…. ရေခဲချောင်း အကြီးစားမျိုးကြီး တခုရလာတယ်။ ရောင်းတဲ့လူကြီး လက်က သိပ်သွက်လက်တာပဲ၊ သကြားစလေးတွေ ပက်ထည့်လိုက်၊ ထွက်လာတဲ့ အမျှင်တန်းတွေကို တုတ်ကလေးနဲ့ သဲ့ယူလိုက်၊ လိုသလောက်ရလာရင် ဈေးဝယ်သူတွေဆီ အလှည့်ကျ လက်ကမ်းလိုက် ပြီးတော ပိုက်ဆံယူ၊ ပိုက်ဆံအမ်း လုပ်လိုက်နဲ့ ရောင်းလိုက်ရတာ လက်ကို မလည်ဘူး။ ကြည့်ရင်းနဲ့ သဘောကျပြီး ပြုံးမိတယ်။ ပန်းနုရောင် ဆေးဆိုးခံထားရပြီး သေးငယ်တဲ့ သကြားစလေးတွေကနေ အခုလို ပွယောင်းယောင်း စေးကပ်ကပ် အမျှင် အမျှင်တွေ ထွက်လာတာ၊ ထွက်လာတဲ့ အမျှင်တန်းတွေကို တုတ်တချောင်းနဲ့ လှည့်ကာ ပတ်ကာ သဲ့ယူသွားတာ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းလှတယ်။

ဝိုင်းအုံ ကြည့်နေတဲ့ လူတွေအားလုံးလိုလို အဲဒီ Candy Floss တွေကို ၀ယ်ကြတယ်။ ကလေးငယ်တွေရော လူလတ်ပိုင်း လူငယ်လေးတွေ မိန်းမငယ်လေးတွေရော ပန်းရောင် Candy Floss တွေ တယောက် တခုစီ ကိုင်လို့။ တချို့ကတော့ အဲဒီ အမျှင်လေးတွေကို လက်နဲ့ ဆွဲယူစားတာ တွေ့ရတယ်။ ကလေးလေးတွေကလည်း သူတို့နဲ့စာရင် အဆမတန်ကြီးမားနေတဲ့ Candy Floss တွေကို ပြုတ်မကျအောင် ကြိုးစား ပမ်းစားကိုင်ဆောင်ပြီး ၀မ်းသာအားရ ကိုက်စားလို့ သူတို့လေးတွေရဲ့ ပါးစပ်ပတ်ပတ်လည်မှာလည်း ပန်းရောင် အမျှင်အမျှင်တွေ စေးကပ် ပေကျံလို့။ တချို့ ပါးစပ်နဲ့ ကိုက်စားနေတဲ့ ကောင်မလေးလှလှလေးတွေကို ကြည့်မိတော့ တယောက်တည်း တိတ်တိတ် ရယ်မိတယ်… တကယ်ပါ… ရယ်ချင်စရာကောင်းပါတယ်၊ ဘာလို့ဆို သူတို့က ပါးစပ်ကို အကျယ်ကြီး ဖွင့်ပြီး စားမှ ရတာကိုး အိုက်တင်နည်းနည်း ပျက်တယ် ခေါ်ရမှာပေါ့။

ဘာပဲပြောပြော Candy Floss စားနေတဲ့သူတွေ အားလုံးရဲ့ မျက်နှာပေါ်မှာ တူညီစွာတွေ့ရတာတခုကတော့ ကျေနပ်ပြုံးတွေပဲ။ ကလေးငယ်တွေက မိဘတွေကို ပူဆာလို့ ရလိုက်တဲ့ ပန်းရောင်ပွပွမုန့်တခု အပေါ်မှာ ကလေးအတွေးနဲ့ ကျေနပ်ပြုံး၊ မိန်းမငယ်လေးတွေကလည်း သူတို့လုပ်ချင်တာ စိတ်လွတ် လက်လွတ် လုပ်လိုက်ရလို့ (သို့မဟုတ်) သူတို့ရဲ့ ချစ်သူတွေဆီက လိုက်လျောမှုကို ရလိုက်လို့ ကျေနပ်နှစ်သက်တဲ့အပြုံး၊ လူလတ်ပိုင်း တချို့ကျပြန်တော့လည်း သူတို့အရွယ်နဲ့ သိပ်မလိုက်ဖက်လေဘူးရယ်လို့ သူတို့ ဖာသာ ယူဆထားတဲ့ အရာတခုကို မရဲတရဲနဲ့ လုပ်ကြည့်ရင်း ဘေးဘီကို အသာ ခိုးကြည့်ရင်း မလုံမလဲ မချိုမချဉ်ပြုံး။ သူတို့အားလုံးကိုကြည့်ရင်း စိတ်ထဲမှာ Candy Floss တခုလောက် ၀ယ်စားကြည့်ချင်စိတ် ဖြစ်လာတယ်။ ဟုတ်ပြီ… Candy Floss ၀ယ်စားမယ်… ဦးလေးကြီး Candy Floss တခုလောက် ပေးပါ။

လက်ထဲရောက်လာတဲ့ Candy Floss ကို လှည့်ပတ်ကြည့်ရင်း စိတ်ထဲ အလိုလိုနေရင်း ကျေနပ် ပျော်ရွှင်စွာနဲ့ ပြုံးနေမိတယ်။ တနေရာမှာ ငြိမ်ငြိမ်ထိုင်စားမယ်လို့ စိတ်ကူးပြီး ထိုင်စရာ နေရာ လိုက်ရှာမိတယ်။ ကံအားလျော်စွာပဲ လှေခါးထစ်တွေနားမှာ နေရာလွတ်တခု တွေ့တယ်။ နေရာမှာ အကျအနထိုင်၊ လွယ်လာတဲ့ ကျောပိုးအိတ်ကို ဘေးနား အသာချပြီး လက်ထဲက Candy Floss ကို မစားခင် သေသေချာချာ ကြည့်မိပြန်တယ်။

ကြည့်ပါအုံး… ပန်းရောင် နုနု Candy Floss... သေးကွေးတဲ့ အမျှင်လေးတွေနဲ့ ရစ်ဖွဲ့ထားတဲ့ Candy Floss အမျှင်လေးတွေက သေးကွေးပေမဲ့ တခုကို တခု သေသေချာချာ ပြီးတော့ ခိုင်ခိုင်မာမာ ရစ်တွယ် နှောင်ဖွဲ့လို့ သေးငယ်တဲ့ သကြားစလေးတွေကနေ ဒီလို အမျှင်လေးတွေ ဖြစ်လာတာ ချစ်စရာ ပြီးတော့ အံ့သြစရာ။ ပထမဆုံး အကြိမ်အဖြစ် ပါးစပ်ခပ်ကျယ်ကျယ် ဟပြီး Candy Floss ကို ကိုက်လိုက်တယ်။ ပြီးတော့ တယောက်တည်း သဘောတကျ ပြုံးရယ်နေမိ။ အိုး…. အေးစက် ချိုမြ ရှတတဲ့ အရသာ။ အဲဒီ အမျှင်သေးသေးလေးတွေဟာ လျှာပေါ်ရောက်တော့ ချက်ချင်းဆိုသလို အရည်ပျော်သွားကြတာပဲ အဲဒီလို အမျှင်တွေ အရည်ပျော်သွားကြတဲ့ အရသာကို ဖြည်းဖြည်းချင်း ခံစားနေမိတယ်။ တကိုက် ပြီးတော့ နောက်တကိုက်၊ နောက်တကိုက် တခဏအတွင်းမှာ ပန်းနုရောင် Candy Floss ဟာ ပတ်ဝန်းကျင်ကို ပြီးတော့ အရာရာကို မေ့လျော့သွားစေခဲ့တယ်။ သတိရတဲ့အချိန်မှာ ပါးစပ်တ၀ိုက် ပန်းရောင် Candy Floss အစ အနတွေ ပေကျံနေမှာကို တွေးမိပြီး ကျောပိုးအိပ်ထဲက တစ်ရှူးထုပ်ကို အသည်းအသန် ရှာနေမိတယ်။ ဘေးဘီကို အသာ အကဲခတ်ကြည့်တော့ လူတိုင်း ကိုယ့်အာရုံနဲ့ကိုယ်… Candy Floss စားရင်း ပါးစပ်တ၀ိုက်မှာ အစ အနတွေ ပေကျံနေတဲ့ သူတယောက်ကို ဘယ်သူမှ သတိထားမိကြပုံမပေါ်တာမို့ စိတ်သက်သာရာ ရသွားတယ်။

ရေခဲချောင်းတချောင်းစားရင်း အချိန်ကြာလာရင် အရည်တွေ ပျော်ကျလာတတ်တာမျိုးလိုပဲ Candy Floss တွေဟာ အချိန်ကြာလာတော့ အမျှင်တွေ တခုနဲ့ တခု ပျော်ပြီး ကပ်တပ်တပ် ဖြစ်လာတာ တွေ့ရတယ်။ ဒါနဲ့ ခပ်မြန်မြန်လေး စားပြီး Candy Floss စားခြင်းအမှုကို လက်စသတ်လိုက်တယ်။ တုတ်ချောင်းကို အမှိုက်ပုံးထဲ သွားလွှင့်ပစ်ရင်း ရေစပ်တလျှောက် လေတဖြူးဖြူုးအောက်မှာ လမ်းလျှောက်လာခဲ့တယ်။ နေကလည်း တော်တော်ကျနေပြီ ဆိုတော့ လူတွေက ပိုလို့တောင် များလာသေး။

လမ်းလျှောက်နေရင်း စဉ်းစားမိတယ်။
ဘ၀မှာ နေ့တဓူဝ ကြုံတွေ့နေရတဲ့ အရှုပ်အထွေးတွေဟာ Candy Floss အမျှင်လေးတွေနဲ့ တူတယ်ဆိုပါစို့။ တကြိမ်ထက် တကြိမ် ပိုပိုပြီး ရှုပ်ထွေးလာ၊ အရှုပ်တွေကလည်း တခုနဲ့ တခု ပိုပိုပြီး တွယ်ကပ်ရစ်နှောင်လာ… တဖြည်းဖြည်းနဲ့ တိုးတိုးပြီး များလာ။ အဲဒါတွေကို ဖွင့်ထုတ် ရှင်းလင်းပစ်ဖို့ မလွယ်ကူတဲ့အခါတွေတိုင်းမှာ မလွဲမသွေ ကြိတ်မှိတ် မျိုချပစ်ရတာပဲ မဟုတ်လား။ ခုနက စားလိုက်တဲ့ Candy Floss အမျှင်လေးတွေဟာ ပါးစပ်ထဲရောက်တဲ့အခါ လျှာပေါ်မှာ အလွယ်တကူ အရည်ပျော်သွားတတ်ကြသလို၊ ချိုမြမြ အရသာအဖြစ်နဲ့ လည်ချောင်းထဲ အသာအယာ စီးဝင်သွားတတ်ကြသလို၊ ဘ၀မှာ တွေ့မြင် သိကြား ကြုံဆုံနေရသမျှ အရှုပ်အထွေးတွေကိုလည်း Candy Floss စားသလို ရှောရှောရှူရှူနဲ့ သက်သက်သာသာ အရည်ဖျော်ပြီး မျိုချလိုက်နိုင်ရင် ဘယ်လောက်များ ကောင်းမလဲလို့။

ကိုယ့်အတွေးနဲ့ကိုယ် ခုနက Candy Floss ဆိုင်ကို လှမ်းကြည့်လိုက်မိတော့ လူတွေက ပန်းနုရောင် အမျှင်တွေ တွယ်ယှက်နေတဲ့ Candy Floss တခုကို သူ့ထက်ငါ ဆောလျင်စွာ ပိုင်ဆိုင်နိုင်ဖို့အတွက် တန်းစီမြဲ တန်းစီနေ… တိုးမြဲ တိုးနေလျက်ပဲ။


14 comments:

  1. ဘ၀မှာ သိကြားကြုံဆုံနေရသမျှအရှုပ်အထွေးတွေကိုလည်း Candy Floss စားသလို ရှောရှောရှူရှူနဲ့ သက်သက်သာသာ အရည်ဖျော်ပြီး မျိုချလိုက်နိုင်ရင် ဘယ်လောက်များ ကောင်းမလည်းလို့.....<<မမသက်ဝေရေ ဒီပို့စ်လေးကြိုက်လို့မို့.ဒုတိယမ္မိ လာအားပေးသွားပါကြောင်း...း)

    ReplyDelete
  2. အမသက်ဝေ ... Candy Floss လေး စားရင်း တွေးမိတဲ့ အတွေးလေးက လှတယ် ... ။ ဓာတ်ပုံလေးကြည့်ပြီးတော့ ငယ်ငယ်က စားခဲ့ဖူးတာလေး သတိရမိတယ်။ Candy Floss မစားဖြစ်တာ နှစ်ပေါင်းများစွာ ကြာပေါ့ ... ။

    ReplyDelete
  3. ဘဝရဲ့ အရှုပ်အထွေးတွေက candy floss လို ပန်းရောင် အမျှင်လေးတွေ မဟုတ်တော့လည်း တစ်ခါတစ်ရံမှာ စားချင်စိတ် မရှိတာတော့ အမှန်ပါပဲဗျာ၊ တကယ်တော့ ဘာအရောင်ပဲ ဖြစ်ဖြစ်ပါလေ၊ စားမယ် ဆိုရင် အိုက်တင်အပျက်ခံပြီး ပါးစပ်ကို အကျယ်ကြီး ဖွင့်ရမှာတော့ သေချာတယ်...၊း)

    (သိကျွမ်းခွင့်ရလိုက်တဲ့ နေရာလေးတစ်ခုမို့) ညနေခင်းမှာ အတူလိုက်ပါ ခံစားခဲ့တယ် အစ်မသက်ဝေ...။း)

    ReplyDelete
  4. အစ်မရေးထားတာဖတ်ပြီး အာတာပူစီ စားချင်စိတ်တောင် ပေါ်သွားတယ်။ မစားဖြစ်တာ တော်တော်ကြာခဲ့ပြီပဲလို့လည်း သတိရသွားတယ်။
    ပန်းနုရောင် candy floss လိုပဲ အက်ဆေးထဲက အတွေးလေးက မျှင်မျှင်လေး... ဒါပေမယ့် ချိုတယ်။း)

    ReplyDelete
  5. i want to eat that pinky candy floss as well as your pinky beautiful easy...

    ReplyDelete
  6. အိမ်နားက ဘူတာမှာ ညဈေးခင်းရင် အဲဒီ အာတာပူစီတွေ ယယ်စားဖြစ်တယ် ..အစ်မသက်ရေ .... ။
    အစ်မလို မတွေးမိခဲ့ဘူး...

    ReplyDelete
  7. အာတာပူစီ၊
    ငယ်ငယ်တုန်းကတော့
    တန်ဆောင်တိုင်ပွဲမှာ ဈေးလည်ရင်း
    မဖြစ်မနေ၀ယ်စားတာ အာတာပူစီပေါ့၊
    အဲဒီအမျှင်လေး ယှက်သန်းနေပြီး လျှာပေါ်ဝဲနေတာ အရသာပါ။
    စင်ကာပူမှာနေတုန်းက အဲဒီလိုရောင်းတာတွေ့တော့ ဘာရယ်မဟုတ် ငယ်ဘ၀ကို တမ်းတပြီး ပျော်မိခဲ့တယ်၊
    အာတာပူစီ အဖွဲ့ကလေး လှတယ် အမ။

    ReplyDelete
  8. အာတာပူစီ၊
    ငယ်ငယ်တုန်းကတော့
    တန်ဆောင်တိုင်ပွဲမှာ ဈေးလည်ရင်း
    မဖြစ်မနေ၀ယ်စားတာ အာတာပူစီပေါ့၊
    အဲဒီအမျှင်လေး ယှက်သန်းနေပြီး လျှာပေါ်ဝဲနေတာ အရသာပါ။
    စင်ကာပူမှာနေတုန်းက အဲဒီလိုရောင်းတာတွေ့တော့ ဘာရယ်မဟုတ် ငယ်ဘ၀ကို တမ်းတပြီး ပျော်မိခဲ့တယ်၊
    အာတာပူစီ အဖွဲ့ကလေး လှတယ် အမ။

    ReplyDelete
  9. ပန်းနုရောင်အတွေးချိုချိုလေးကို ဘဝအမောတွေနဲ့ အတူ မြိုချခွင့်ပေးတာ ကျေးဇူးပါသက်ဝေ

    ReplyDelete
  10. ရေးတာမိုက်တယ်၊အသက်ကြီးလာပြီထင်တယ်နော်၊
    လက်ရေးနဲနဲပိုရှည်လာတယ်၊ဘာဖြစ်ဖြစ်ကျေးဇူးပါဘဲ၊
    ဖတ်ရတာဆန်းပြားနှစ်သက်ပါကြောင်းအန်တီ :)

    ReplyDelete
  11. မောင်မျိုးApril 20, 2013 at 2:35 PM

    တွေးစရာလေးတွေနဲ့ အဆုံးသတ်ပေးထားတာကိုကြိုက်တယ် ။

    ReplyDelete
  12. စာရေးကောင်းတဲ့၊ စာရေးတတ်တဲ့ သူတွေဟာ အာတာပူစီကို အနုပညာဆန်ဆန်တွေးရင်း ရေးရင်း စာကောင်းတစ်ပုဒ်အဖြစ် ဖန်တီးလို့ စာဖတ်သူကို တွေးစေ၊ ငေးစေ၊ သိစေ၊ မြင်စေပါတယ်။ အစ်မသက်ဝေကို ကျေးဇူးတင်လိုက်တား)

    ချစ်တဲ့

    ReplyDelete
  13. အတွေးလေး လှလိုက်တာ အစ်မသက်ဝေ...
    ဘာပဲဖြစ်ဖြစ် မြိုချပျော်ဝင်သွားချိန်မှာ ချိုမြိန်နေရင်ပဲ မဆိုးလှပါဘူးနော်... အကြိမ်ကြိမ်တော့ မစားချင်မိဘူး အစ်မရယ်..

    ReplyDelete
  14. ရင်လှိုင်းJune 30, 2013 at 2:22 PM

    ဘဝ ရဲ့ ဖြစ်မှု ပျက်မှု တွေက Candy Floss လေးလို ချိုနေမယ်ဆို ရင် ဘယ်လောက် ကောင်း မလဲနော်..။ ပန်းနုရောင် အမျှင်တန်း လေး တွေကို ပါးစပ်ကြီး အကျယ်ကြီး ဖွင့် ပြီး စားမိနေလိမ့်မယ်....။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...