Tuesday, October 22, 2013

စန်းစန်းတင့်

သူမကို လူအများက စန်းစန်းတင့် ဟု ခေါ်ကြသည်…။
အမှန်ဆိုလျှင် သူမကို မိဘများ မှည့်ခေါ်ထားသော နာမည်မှာ စန်း ဆိုသော ဝေါဟာရ နှင့် တင့် ဆိုသော စကားလုံး တစ်လုံးတစ်လေမျှ ပါဝင်ခြင်းမရှိပါ။ သို့သော် သူမအတွက် ဒီ စန်းစန်းတင့် ဆိုသော နာမည် တွင်နေသည်မှာ ကာလအားဖြင့် အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်သည်…။ သူမထက် အသက်ကြီးသူများနှင့် သက်တူ ရွယ်တူများ၊ လုပ်ဖေါ်ကိုင်ဖက်များက သူမကို စန်းစန်းတင့် သို့မဟုတ် စန်းစန်း ဟု ခေါ်ကြသည်။ သူမထက် ငယ်ရွယ်သူများက မမစန်း ဟူ၍ သော်လည်းကောင်း၊ မမတင့် ဟူ၍သော်လည်းကောင်း၊ တူ တူမ အရွယ် ကလေးငယ်များက အန်တီစန်း၊ အန်တီတင့်… အစရှိသည်ဖြင့် အလျဉ်းသင့်သလို ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် မိဘ ပေးထားသော နာမည်ရင်းပျောက်ကာ စန်းစန်းတင့် ဟူသော နာမည်ကသာ သူမအတွက် နာမည်ရင်းသဖွယ် ဖြစ်နေရတော့သည်။

အစပိုင်းကတော့ သူမကို စန်းစန်းတင့်ဟု ကွယ်ရာမှာ ခေါ်ကြသည် ဟု သူမ ပြန်သိရသောအခါ အနည်းငယ် ကျွဲမြီးတိုမိသည်မှာ အမှန်။ သို့သော်လည်း နောက်ပိုင်းတွင် သူမ ကိုယ်တိုင်က ထိုအမည်နာမကို နှစ်သက် သဘောကျသလို ဖြစ်လာမိသောကြောင့် သူမရှေ့တွင် နောက်ပြောင်၍သော်လည်းကောင်း၊ အတည်အတံ့ ခေါ်ဝေါ် ပြောဆိုနေကြလျှင်သော်လည်းကောင်း ဘာမှ ထူးထူးခြားခြား မခံစားရတော့သလို၊ စိတ်လည်း မတိုမိတော့…။ စန်းစန်းတင့် အမည်တွင်ရခြင်းအပေါ်တွင် ကျေနပ်သလို ဂုဏ်ယူချင်သလိုပင် ဖြစ်နေသေးသည်။

ဤသို့ သူမ နာမည်ရင်း ပျောက်ကာ စန်းစန်းတင့် နာမည်တွင်နေရခြင်းအတွက် ခိုင်လုံသော အကြောင်းအရာ များစွာ ရှိလေသည်။ ထိုအကြောင်းအရာ များစွာအနက်မှ အဆိုးဆုံးမှာ အနံ့အသက်များကို စန်းစန်းတင့် လှစွာသော သူမ၏ နှာခေါင်း ပင်ဖြစ်တော့သည်။

သူမသည် သိတတ်သည့် အရွယ်မှ စတင်ကာ ယနေ့ အချိန်အထိ ထမင်း ဟင်းကို ဇွန်းဖြင့်သာ စားခဲ့သည်။ လက်ဖြင့် စားလျှင် လက်တွင် စွဲကပ်နေသော ဟင်းနံ့ ကျွေးနံ့များကို သူမ မခံနိုင်ချေ။ တစ်ခါတရံ မတတ်သာသောကြောင့် ထိရ ကိုင်ရလျှင်လည်း သူမ၏ လက်ကို အထပ်ထပ် ဆေးကြော၍ မပြီးနိုင်တော့။ အသုပ်နယ်ချိန်များ၊ ဟင်းကျွေး ဟင်းရံများကို မလွှဲမရှောင်သာ ထိရ ကိုင်ရပြီဆိုလျှင်ဖြင့် လက်အိတ်ကို အသုံးပြုကာ ကိုင်တွယ်သည်။ သူမ၏ လက်ကိုင်အိတ်ထဲတွင် တစ်ခါသုံး လက်အိတ်များကို ထည့်ပြီး သွားလေရာ ဆောင်ယူတတ်သေးသည်။ ထို့အပြင် ဆူးပုတ်ရွက်၊ ဒူးရင်းသီး၊ တညင်းသီး၊ မျှစ်ချဉ် အစရှိသော အနံ့အသက် ပြင်းသည့် အစားအစာမျိုးကို သူမ လုံးဝ စားလေ့မရှိသလို အိမ်တွင်လည်း ချက်လေ့မရှိ။ ချဉ်ပေါင်ရွက်နှင့် ရိုးရိုး မျှစ်ကို ကြော်မိ၊ ချက်မိလျှင်လည်း တစ်အိမ်လုံးအနှံ့ ပန်ကာများ ဖွင့်ခြင်း၊ ဖယောင်းတိုင်များ ထွန်းခြင်တို့ဖြင့် ပျာယာခတ်စမြဲ။ တခါတရံ အိမ်သားများက ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို တို့စရာအနေနှင့် အစိမ်းအတိုင်း စားသုံးရန် ပြင်ဆင်လျှင်လည်း သူမ နည်းနည်းမှ မနှစ်မြို့ချေ။ အကြောင်းအမျိုးမျိုးရှာကာ ပိတ်ပင် တားဆီးတတ်စမြဲ…။

သူမ အလုပ်လုပ်သော ရုံးသည် ဆောက်လုပ်ရေးနှင့် ပတ်သက်သော ရုံးတစ်ရုံး ဖြစ်သည့်အားလျော်စွာ မကြာခဏဆိုသလို ပြင်ပ အလုပ်ခွင်မှ အလုပ်ကြမ်းသမားများ၊ ကားဒရိုင်ဘာများ အလုပ်ကိစ္စဖြင့် ရုံးပေါ်သို့ တက်လာတတ်သည်။ ထိုအချိန်မျိုးတွင် သူမ နေစရာ နေရာ မရှိတော့ချေ။ သူမသည် အနံ့များကို လွန်စွာ မနှစ်မြို့တတ်သူ တစ်ယောက် ဖြစ်လေရာ ထိုသူတို့ထံမှ ပြင်းထန်သော ချွေးနံ့များနှင့် ရောနှောနေသော ကိုယ်နံ့ကို သူမ ဘယ်လိုမျှ မခံနိုင်၊ သူတို့နှင့် ဝေးရာသို့ ရှောင်ပြေးရတတ်စမြဲ…။ ထိုသူများ ပြန်သွားပြီးသော်လည်း အခန်းထဲတွင် အနံ့အသက်များ ကျန်နေသေးသောအခါ ထိုနေ့အဖို့ သူမ ခေါင်းအုံ၊ ခေါင်းကိုက်၍ မဆုံးနိုင်တော့ချေ။ သူမ အဖြစ်ကို ကောင်းစွာ သိနေသော သူမ၏ အထက်လူကြီးကတော့ အဲလိုမှ အလုပ် တကယ် လုပ်တဲ့ အလုပ်သမားတွေလို့ သိရတာပေါ့၊ သူတို့ကိုယ်က မွှေးကြိုင်နေရင် ချွေးနံ့လေးမှ မရရင် ဒါ အလုပ်ကောင်းကောင်းမလုပ်တဲ့သူတွေလို့ သတ်မှတ်ရမှာ… ဟု ရယ်ရယ်မောမော ပြောသော်လည်း သူမ ခေါင်းကို တွင်တွင် ခါယမ်းမိသည်သာ။ ထိုအနံ့များနှင့်အတူ ဆေးလိပ်အနံ့ကိုလည်း သူမ ခါးသီးစွာ မုန်းတီးပြန်သည်။ ဆေးလိပ်မီးခိုးနံ့များ ရလျှင် သူမ အသက်ရှူ၍ မရတော့… လည်ချောင်းထဲမှ အလိုလိုနေရင်း ကြပ်လာကာ အသက်ရှူမ၀ဖြစ်ပြီး ချွေးစေးများ ထွက်လာတတ်သည်။

တစ်ခါတစ်ရံ နေ့လည် ထမင်းစားချိန်အပြီးမှာ အလုပ်ကိစ္စကြောင့် သူမ အနားလာ စကားပြောဆိုသူများထဲတွင် ပါးစပ်မှ ဟင်းနံ့များ (သို့) မကောင်းသော အနံ့အသက်ဆိုးများ ထွက်နေသူများ ပါလာပါက သူမ စိတ်ညစ်ညူးစွာ မျက်နှာပျက်တတ်သည်။ ထို့အပြင် ကိုယ်ကို နောက်ဆုတ်ကာ၊ မျက်နှာလွှဲဖယ်ကာ ထိုသူတို့နှင့် ဝေးအောင် မသိမသာရော သိသိသာသာပါ ပြုမူတတ်သေးသည်။ ထိုအပြုအမူသည် ယဉ်ကျေးဖွယ်ရာသူ တစ်ယောက် ပြုမူရမည့် အပြုအမူမျိုး မဟုတ်မှန်း သူမ မသိ မဟုတ်… ကောင်းကောင်း သိလေသည်။ သို့သော် သူမ၏ မနှစ်မြို့မှု၊ အော်ဂလီဆန်လာမှုတို့ကို သူမ မည်သို့မျှ ဖုံးကွယ်နိုင်စွမ်းမရှိခဲ့ချေ။

တခါက သူမ သူငယ်ချင်းတစ်ယောက် အိမ်လာလည်ရာ သူ့ထံမှ ရေမွှေးနံ့နှင့်အတူ ရောနှောနေသော ချွေးနံ့ကို ဆိုးဆိုးဝါးဝါး ရနေသောကြောင့် သူ့ကို မသိမသာ လှည့်ပတ် ပြောဆိုကာ စူပါမားကက်တစ်ခုသို့ ဈေးဝယ်ရန် ခေါ်ဆောင်သွားပြီး ချိုင်းချွေးနံ့ ပျောက်ဆေးတောင့် တစ်တောင့်ကို လက်ဆောင်အဖြစ် ၀ယ်ပေးခဲ့ဖူးသည်။ သူမက ထိုသို့သော စန်းစန်းတင့် သူ တစ်ယောက် ဖြစ်လေသည်။

သူမတွင် ဖျောက်မရသော စန်းစန်းတင့် အကျင့် နောက်တစ်ခု ရှိသေးသည်။
ထိုအကျင့်ကား ထမင်းစားပွဲကို အမြဲတစေ သုတ်နေတတ်ခြင်း ဖြစ်သည်။ အားလုံး စားသောက်ပြီးချိန်တွင် စားပွဲသုတ်သည်မှာ ပြဿနာမရှိပါ။ သို့သော် သူမကတော့ စားနေရင်းတန်းလန်းမှာပင် တစ်ရှူး (သို့မဟုတ်) လက်သုတ်ပုဝါ တစ်စဖြင့် အမြဲလိုလို သုတ်နေခြင်းဖြစ်သည်။ ထမင်းဝိုင်းမှာ တစုံတယောက်က ဟင်းခတ်ရင်း ဖြစ်စေ၊ တစုံတခု လှမ်းယူရင်း ဖြစ်စေ လမ်းခုလပ်တွင် ဟင်းရည်လေး ဆီလေး တစ်စက်၊ ထမင်းလုံးလေး တစ်လုံးတစ်လေများ မကျလိုက်လေနှင့်၊ သူမ မျက်စိက ဖျတ်ကနဲ လှမ်းမြင်လိုက်ပြီး အလျင်အမြန် လှမ်းသုတ်လိုက်သည်သာ။ အိမ်သားများက သူမ အကျင့်ကို သိသောကြောင့် ဘာမှ မဖြစ်ကြသော်လည်း အခြား သူစိမ်းများနှင့် သွားလာ စားသောက်သောအခါ ထိုအကျင့်မှာ အတော်လေး ဆိုးရွားလှသည်။ မလုပ်မိအောင် အတန်တန် သတိထားသည့်ကြားမှ သူမ စိတ်က မသိလိုက်ခင်မှာပင် သူမ လက်က အမှတ်မထင် လှမ်းသုတ်ပြီးသား ဖြစ်နေတတ်သည်။ ထိုအပြုအမူသည် လူတဖက်သား စားသောက်နေချိန်တွင် အနှောက်အယှက် ဖြစ်သွားစေသလို တနည်းအားဖြင့် သူတို့ စားသောက်ပုံ မသပ်ရပ်၊ ဖိတ်တတ် စင်တတ်သည်ကို သွယ်ဝိုက် ညွှန်ပြရာလည်း ရောက်နေသည် မဟုတ်လား…။

အပြင်ဆိုင်များတွင် သွားလာ စားသောက်လျှင်လည်း စန်းစန်းတင့်သူ သူမအတွက် ပြဿနာ များစွာ ရှိနေတတ်သည်။ ထိုပြဿနာများမှာ ဆိုင်များမှ ပေးသော ဇွန်း၊ ခက်ရင်း နှင့် ဓါးများ အမျိုးအစား မတူ၊ အရွယ်အစား မတူ ဖြစ်နေတတ်ခြင်း၊ တူ များ တစ်ချောင်းနှင့် တစ်ချောင်း အတို အရှည် မညီ၊ အရောင်အသွေး မတူ ဖြစ်နေတတ်ခြင်း၊ ချလာပေးသော ဟင်းပန်းကန်၊ ထမင်းပန်းကန်များ၏ နှုတ်ခမ်းပတ်ပတ်လည်တွင် ဟင်းစ ဟင်းနများ ပေကျံနေတတ်ခြင်း အစ ရှိသည်တို့ပင်…။ ထိုအခါမျိုးတွင် သူမ မျက်နှာပျက်တတ်ပြီး ဘေးဘီကို အကဲခတ်ကာ အမျိုးအစားတူသော ဇွန်း ခက်ရင်းများကို မသိမသာ လိုက်လံ လဲလှယ်ခြင်း၊ တစ်ရှူးတစ်စဖြင့် ဟင်းပန်းကန် ထမင်းပန်းကန်များ အားလုံးကို တစ်ခုချင်းစီ လိုက်သုတ်ခြင်းများကို လုပ်တတ်သည်။ အတူသွားဖေါ် လာဖေါ် စားဖေါ်များက သူမအကြောင်းကို သိနေသောကြောင့် အားလုံးက နားလည်စွာ စောင့်ဆိုင်းပေးကြသည်။ ပေကျံနေသော ပန်းကန်နှုတ်ခမ်းများကို သူမ စိတ်တိုင်းကျ သုတ်ပြီးမှ စတင် စားသောက်တတ်ကြသည်။ ထို့အပြင် ဆိုင်များတွင် စားသောက်သောအခါ တချို့ အစားအစာများမှ အငွေ့အသက်များသည် ကိုယ်ပေါ်တွင် ၀တ်ဆင်ထားသော အ၀တ်များ၊ ဆံပင်များ၌ ဟင်းနံ့များ စွဲကျန်နေတတ်သည်…။ ထိုအခါ ထိုနေ့အဖို့ သူမ ကိုယ့် အ၀တ်မှ အနံ့၊ ကိုယ့် ဆံပင်မှ အနံ့တို့ကို ကိုယ်တိုင် ပြန်ရနေရင်းက အလိုလို စိတ်တိုကာ ခေါင်းကိုက်နေတတ်ပြန်သည်။ သူမက ထိုသို့သော စန်းစန်းတင့် သူ တစ်ယောက် ဖြစ်လေသည်။

ထိုမျှသာမက တစ်ခု တစ်ခုကို ထိပြီး ကိုင်ပြီးတိုင်း ရောက်လေရာ နေရာတွင် လက်ဆေးခြင်း၊ ခြေဖ၀ါးတွင် တစ်ခုခု ကပ်နေသည်ဟု အထင်ရောက်ကာ မကြာခဏ ခြေဆေးခြင်း၊ အိပ်ခန်းကြမ်းပြင်တွင် ဆံပင်ချည် တစ်ပင် တွေ့တိုင်း တံမြက်စည်း တစ်ခါ လှဲခြင်း၊ မကြာခဏ ကြမ်းတိုက်ခြင်း၊ ဖုန်စုတ်ခြင်း၊ အိမ်ရှိ ပရိဘောဂပစ္စည်းများကို လက်နှင့် တို့ကြည့်၍ ဖုန် ရှိနေပါက အငြိမ်မနေနိုင်ပဲ အချိန်မရှိ အချိန်ရှိ လိုက်သုတ်နေတတ်ခြင်း၊ အိပ်ခန်းနှင့် တွဲလျက်ပါရှိသော ရေချိုးခန်းကို လုံးဝ အသုံးမပြုစေပဲ ခြောက်သွေ့စွာဖြင့် သန့်ရှင်း မွှေးကြိုင်နေအောင် ထားခြင်း၊ အိမ်သားများ ပစ္စည်းများကို သူ့နေရာနှင့်သူ နေရာတကျ မထားလျှင် ပွစိပွစိ လုပ်တတ်ခြင်း၊ အ၀တ်ဟောင်းခြင်းထဲတွင် အ၀တ်များ ပြည့်နေပါက အလိုလို အနံ့တစ်မျိုး ရနေပြီး ညကြီးမင်းကြီးမရှောင် ချက်ချင်း ထလျှော်တတ်ခြင်း… စသည့် အတိုအထွာ ကိစ္စ၀ိစ္စ သေးသေးလေးများကိုလည်း တစ်ချက်ကလေးမှ မလစ်ဟင်းအောင် စန်းစန်းတင့် တတ်သေးသည်။

ထိုထိုသော အကြောင်းများကြောင့် သူမ နာမည်ရင်း ပျောက်ကာ စန်းစန်းတင့် နာမည်တွင်နေရခြင်းအပေါ် မည်သူ့ကိုမျှ အဆိုး မဆိုသာချေ…။ သူမကိုယ်သူမ အလွန်အကျွံ စန်းစန်းတင့် မဖြစ်အောင် ထိန်းသော်လည်း အကျင့် ဗီဇဆိုသည်မှာ လွယ်လင့်တကူ ပြုပြင်နိုင်ရန် ခက်ခဲလှသည်…။ နောက်ဆုံးတော့ ဘယ်သူ ဘာပြောပြော စန်းစန်းတင့် နေမြဲ… ထို့အပြင် စန်းစန်းတင့် ဟူသော အမည်နာမကို သူမ အပြုံး မပျက် ဆက်လက် ထိန်းသိမ်းထားနေမြဲ…။

11 comments:

  1. မမသက်ကြီး ပျောက်နေတာ။ ခုမှပဲပေါ်လာတော့တယ်

    ReplyDelete
  2. စန်းစန်းတင့် ဖတ်နေရင်း ဖတ်နေရင်းနဲ့ တိတွားဘီ..
    ဒါပဲ ..fb မှာ ဘယ်သူလဲဆိုပြောပြလိုက်ရမလား ပြော..
    :) :)

    ReplyDelete
  3. ဆိုက်ကို ဝင်နေပြီ...

    ReplyDelete
  4. OCD.. probably...

    ReplyDelete
  5. ဘူဖေးသွားစားတဲ့ ကျောင်းသားတွေ စာသင်ခန်းထဲ ရောက်ရင် အဲဒီအစားအသောက်အနံ့ တွေ ရတာ ခေါင်းကိုက်လို ရှုဆေးရှုရဖူးတယ်...း)

    ReplyDelete
  6. စဉ်းစားလိုက်ရတာ. စန်းစန်းတင့် လှစွာသော နှာခေါင်း ကို အခြေခံ၍ အဖြေထုတ်ပါတယ်။

ှစန်းစန်းတင့် = Sensitive

    ReplyDelete
  7. ဖတ်ရင်းနဲ့ ကိုယ်ကိုယ်တိုင်လဲ နဲနဲတော့ စန်းစန်းတင့်သူ ဖြစ်နေလို့ သဘောကျမိပါရဲ့။ ဒညင်းသီး၊ မျှစ်ချဉ်၊ အမွှေးတိုင်၊ ရွှေပြည်နန်း တို့လို သိပ်ပြင်းတဲ့အနံ့တွေဆို လုံးလုံးမခံနိုင်တာ မို့ သူများတွေကိုလဲအားနာရ၊ ကိုယ်လဲဒုက္ခရောက်ရနဲ့ အဆင်မပြေဖြစ်ရပါတယ်။ ကြိုက်လို့ ဖဘပေါ် ရှယ်လိုက်ပါတယ်နော်။
    ငြိမ်းအေးမွန်

    ReplyDelete
  8. ကောင်းတယ်နော်၊နှခေါင်းအုပ်တဲ့မျက်နှာဖုံးလေးတွေရဲ့အစ
    :)

    ReplyDelete
  9. ကိုယ်ချင်းစာစိတ်မရှိသူ ..
    ဆိုက်ကို နည်းနည်းဝင်နေသူ ..
    တရားမရှိသူ ..

    ReplyDelete
  10. ကျမ စန်းစန်းတင့်တာက ချိုင်းချွေးနံ့ ရယ် စီးကရက် နံ့ရယ် သူများ အိမ်သာသွားပြီး အမွှေး သုံး မသွားတဲ့ အခါမျိုးတွေမှာ
    mie nge

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...