Thursday, January 16, 2014

Candy Crush နှင့် ဦးနှောက်ကို အလုပ်ပေးခြင်း

အခု ပြောပြမှာကတော့ Candy Crush လို့ အမည်ရတဲ့ ရောင်စုံသကြားလုံးတွေ ခွဲတဲ့ ဂိမ်းအကြောင်းပါ။
ဒီဂိမ်းကို ၂၀၁၂ ခု နိုဝင်ဘာလမှာ စတင်ခဲ့တာဆိုတော့ အခုဆိုရင် တနှစ်ကျော်ကျော် ရှိနေပြီပေါ့။ ၀ီကီက စာရင်းအရ ဒီဂိမ်းကို ၂၀၁၂ ဒီဇင်ဘာလ တစ်လထဲမှာ ဒေါင်းလုဒ် လုပ်သူပေါင်း တစ်သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ကျော်ကြားတဲ့ ဂိမ်းရဲ့ အခြေခံ သဘောတရားကတော့ ရိုးစင်းပါတယ်…။ လွယ်လွယ်ပြောရင် တူရာ တူရာ သကြားလုံးတွေ စုပြီး ခွဲခြေရတာ လို့ပဲ ဆိုကြပါစို့…။ အဲဒီလို တူရာတွေ ခွဲဖို့အတွက် အနည်းဆုံး အရောင်တူ ပုံသဏ္ဍာန်တူ သကြားလုံး သုံးလုံး သို့မဟုတ် သုံးလုံးထက် များတဲ့ သကြားလုံးတွေကို တစ်တန်းတည်းဖြစ်အောင် တစ်လုံးနဲ့ တစ်လုံး လှည့်ပတ်ပြီး နေရာရွှေ့ရင်း ခွဲရတာဖြစ်တယ်..။

ဒီဂိမ်းဟာ အစပိုင်းမှာ လွယ်ကူသယောင်ရှိပေမဲ့ နောက်ပိုင်း အဆင့်တွေ မြင့်လာတော့ တဆင့်ပြီး တဆင့် နည်းအမျိုးမျိုးနဲ့ မရိုးရအောင်၊ ခက်ပုံ ခက်နည်း မျိုးစုံနဲ့ ခက်လာတော့တာပါပဲ…။ တဆင့်နဲ့ တဆင့် ကစားပုံချင်း မတူအောင် ဖန်တီးထားတာမို့ ကစားလိုက် ရှုံးလိုက်နဲ့ လုံးချာလည်နေရင်းက အဲဒီဂိမ်းတီထွင်သူတွေကို အမြင်လည်းကပ်… အံ့လည်း အံ့သြပြီး တကယ်လည်း ချီးကျူးမိပါတယ်။ လောလောဆယ်မှာ ကျွန်ပျူတာကနေ ဆော့လို့ရတဲ့ အဆင့်ပေါင်း ၄၇၀ အထိ ရှိနေပေမဲ့ အိုင်ဖုန်း အိုင်ပက် စတဲ့ ပစ္စည်းတွေကနေ ဆော့ရင်တော့ အဆင့် ၄၁၀ အထိ ပဲ ရှိပါသေးတယ်…။

ဂိမ်းတစ်ကြိမ် ကစားနိုင်ဖို့အတွက် Life လို့ ခေါ်တဲ့ ကစားခွင့် အနည်းဆုံး တစ်ခု ရှိရမှာဖြစ်ပြီး Life ကုန်သွားရင်တော့ အချိန် နာရီဝက်ကို Life တစ်ခုနှုန်းနဲ့ ပြန်ပြည့်လာပါတယ်…။ အဲဒါကို စောင့်နေရတာ စိတ်မရှည်တဲ့သူများကတော့ အိုင်ဖုန်း အိုင်ပက် စတဲ့ ပစ္စည်းတွေရဲ့ နာရီကို ရှေ့တိုးပြီး Life တွေ ပြန်ပြည့်အောင် လုပ်ယူတတ်ကြပါသေးတယ်။

အဲဒီလို ခွဲတဲ့နေရာမှာ သကြားလုံးတွေချည်းပဲ လွယ်လွယ်ကူကူ ရှိနေသလားဆိုတော့ မဟုတ်ပါဘူး။ သကြားလုံးရောင်စုံတွေကြားမှာ နှောင့်ယှက်နေတဲ့ အတားအဆီးတွေကလည်း အများကြီး ရှိနေပါသေးတယ်။ တစ်ခုပြီး တစ်ခု ဆင့်ကာ ဆင့်ကာ ပေါ်လာတဲ့ ချောကလက်ပြားတွေ၊ အပေါ်က ပြုတ်ပြုတ်ကျလာတဲ့ လက်ပစ်ဗုံးတွေ… အချိန်ကန့်သတ်ချက်တွေ… စတဲ့ အနှောင့်အယှက် အပိတ်အဆို့တွေကိုလည်း အချိန်နဲ့ အမျှ ရှင်းလင်း ချေမှုန်းရပါသေးတယ်။

ဒီဂိမ်းမှာ စပါယ်ရှယ် သကြားလုံးတွေလည်း ရှိပါတယ်။ သူတို့နဲ့ တွဲစပ်ပြီး ဖေါက်လိုက်ရင် တစ်ကြိမ်ထဲနဲ့ သကြားလုံးပေါင်းများစွာ၊ အတားအဆီးပေါင်း များစွာကို ရှင်းလင်းသွားစေတဲ့ အတွက် အဲဒီ စပါယ်ရှယ် သကြားလုံးလေးတွေရအောင်လည်း ကြိုးစားရပါသေးတယ်။

အဲဒီ Candy Crush ဂိမ်းကို ကျွန်မ ၂၀၁၃ ဖေဖေါ်ဝါရီလဆန်းမှာ စပြီး ကစားခဲ့ပါတယ်…။ အခုဆိုရင် အဆင့် ၃၆၇ ကို ရောက်နေပါပြီ…။ သာမန်ဂိမ်းတစ်ခုလိုပဲ ရိုးစင်းတယ်လို့ ယူဆရတဲ့ ဒီဂိမ်းကို ကစားရင်း တဖြည်းဖြည်းနဲ့ သတိထားမိလာတာတွေ ရှိပါတယ်။ အဲဒါတွေက ဘာလဲ ဆိုတော့… ဒီဂိမ်းကို တော်ရုံတန်ရုံ ဇွဲနဲ့ ကစားလို့မရပါဘူး။ တဆင့်ပြီး တဆင့် ခက်ခဲလာတာတွေကို ဖြတ်ကျော်နိုင်ဖို့ ဥာဏ်သုံးပြီး စိတ်ရှည်ရှည်နဲ့ တစ်ဆင့်ချင်း ဆော့ရတာပါ။ တချို့ အဆင့်တွေမှာဆို ကျွန်မ ရက်ပေါင်းများစွာ ကြာတဲ့အထိ ဘယ်လိုမှ မကျော်နိုင်တာ… ။ စိတ်ထဲ တော်ပြီ… ဒီဂိမ်းကို မကစားတော့ဘူးဟာ လို့ လက်လျှော့ချင်လောက်အောင်ကို ဖြစ်မိတာ။ သို့သော်လည်း ကိုယ့်ရှေ့မှာ ရောက်နေကြတဲ့ ကစားဖေါ်တွေကို ကြည့်ပြီး အို… သူတို့တောင် ကစားနိုင်တာ ကိုယ်ဘာလို့ မရရမှာလဲ လို့ တွေးပြီး ပြန်ကစားလိုက်… တစ်ဆင့်တက်သွားရင် ပျော်ရွှင် ၀မ်းသာလိုက်နဲ့…။

စဉ်းစား တွက်ချက်ရတာတွေဟာ လူတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတာလည်း အမှန်ပါ။ ဦးနှောက်ဆိုတာလည်း မသုံးပဲ ပစ်ထားရင် တုံးသွားတဲ့ ဒါးတစ်ချောင်းလိုပါပဲ…။ အစဉ် အသုံးပြုနေကာမှ မှတ်ဥာဏ်တွေ ကောင်းမွန် တိုးတက်စေမှာမို့ ခေါက်ရိုးကျိုးနေတဲ့ ပျင်းစရာ နေ့ရက်တွေကြားမှာ ဒီဂိမ်းလေးကို စွဲစွဲမြဲမြဲ ကစားဖြစ်နေပါတယ်…။

ဂိမ်းအကြောင်း ပြောရင်း တလက်စထဲမှာ Dementia ဆိုတဲ့ ရောဂါ အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ်။ Dementia ဆိုတာ လက်တင်ဘာသာစကားက ဆင်းသက်လာတာ ဖြစ်ပါတယ်။ De ဆိုတာ without လို့ အဓိပ္ပါယ်ရပြီး ment ကတော့ the roots of mind လို့ အဓိပ္ပါယ်ရပါတယ်။ Dementia ကို လွယ်လွယ် ပြောရရင်တော့ သတိမေ့တတ်တဲ့ ရောဂါတစ်ခုလို့ ပြောနိုင်ပါတယ်…။ အစောပိုင်း လက္ခဏာတွေကို အကြမ်းဖျင်း ပြောပြရမယ်ဆိုရင် တခုခု ချိန်းထားပြီး မေ့နေတာမျိုး၊ ကိုယ့်အနီးအနားက တွေ့နေ မြင်နေကျ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ နာမည်တွေ အလွယ်တကူ ခေါ်လို့ မထွက်တာမျိုး၊ စကားပြောနေရင်း တ၀က်တပျက်နဲ့ ကိုယ်ဘာပြောနေမှန်း မေ့သွားတာမျိုး၊ မနေ့က ဘာလုပ်ခဲ့တယ် ဘယ်သွားခဲ့တယ် ဆိုတာကို နောက်တစ်နေ့မှာ သတိမရတတ်တာမျိုး၊ အိမ်မှာ ရှိပြီးသား ၀ယ်ပြီးသား ပစ္စည်းတွေကို ထပ်ထပ် ၀ယ်နေမိတာမျိုး၊ အကြောင်းမဲ့ စိတ်တိုလွယ် ဒေါသထွက်လွယ် ဖြစ်နေတာမျိုး၊ မကြာခဏ ဆာလောင်နေတာမျိုး… အဲဒါမျိုးတွေပါ။

အဲဒီလို Dementia ရောဂါကို ကာကွယ်နိုင်တဲ့ အခြေခံအချက်တချို့ကတော့ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်၊ အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးခြင်း၊ လုံလောက်တဲ့ အိပ်ချိန်ကို ပုံမှန် အိပ်စက်ခြင်း၊ စိတ်ဖိစီးမှုများ နည်းပါးအောင် စနစ်တကျ စီမံခန့်ခွဲခြင်း၊ နေ့စဉ် လူမှုဘ၀ ပတ်ဝန်းကျင်မှာ အလိုက်သင့် ပျော်ရွှင်စွာ စီးမျော နေထိုင်ခြင်းတို့နဲ့အတူ ဦးနှောက်ကို အလုပ်ပေးခြင်း ဆိုတာလည်း တစ်ချက် ပါဝင်ပါတယ်…။

အဲဒီ ဦးနှောက်ကို အလုပ်ပေးခြင်း ဆိုတဲ့နေရာမှာ ဂိမ်းကစားတာလည်း တစ်ခု အပါအ၀င်ဖြစ်တယ် လို့ ခိုင်လုံတဲ့ သက်သေ အထောက်အထားများ၊ ဆေးပညာဆိုင်ရာ စာတမ်းများက ဆိုပါတယ်…။ အထိုက်အလျောက် စဉ်းစားတွေးတောရပြီး ဦးနှောက်ကို အသုံးပြုရတဲ့ Crossword Puzzle တွေ၊ Board Games တွေနဲ့ Scrabble တို့ Sudoku တို့လို ဂိမ်းမျိုးတွေကို ကစားပေးခြင်းဟာ Dementia ရောဂါကို တဖက်တလမ်းက ကာကွယ်ပေးနိုင်တယ် လို့ ဆိုပါတယ်။ အပေါ်မှာ ကျွန်မရေးခဲ့တဲ့ Candy Crush လို ဂိမ်းမျိုးဟာလည်း ဦးနှောက်ကို တွေးတော အလုပ်ပေးတဲ့ ဂိမ်းတစ်ခု ဖြစ်တာမို့ အချိန်အားများ ရှိခဲ့မယ်ဆိုရင် ကစားကြည့်ကြစေချင်ပါတယ်။

ဂိမ်းကစားတယ် ဆိုတာ ကလေးတွေအလုပ်လို့ ယေဘုယျ သတ်မှတ်ထားပြီး ကျွန်မတို့လို လူကြီးတစ်ယောက် ဂိမ်းကစားတယ်လို့ ဆိုလိုက်ရင် တော်တော်များများရဲ့ အမြင်မှာ အသက်အရွယ်နဲ့ မလိုက်ဖက်တာတွေ လုပ်နေတဲ့သူ ဒါမှမဟုတ် ကလေးကလားအလုပ်တွေ လုပ်နေတဲ့သူလို့ ဘေးကနေ ထင်မြင် ယူဆတတ်ကြပါတယ်…။ ဒါပေမဲ့လည်း လူကြီးတစ်ယောက်အတွက် တခါတခါမှာ အဲဒီလို အချိန်မျိုးတွေဟာ ရှိကို ရှိသင့်တယ်… တကယ်လည်း လိုအပ်ပါတယ်လို့ တွေးရင်း၊ ဂိမ်းတွေဆော့ရင်း ဒီစာကို ရေးပါတယ်…။



မှတ်ချက် - 2014 January - Gamer Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

9 comments:

  1. မမကတော်လိုက်တာ သာမီး ခု 125 ကနေကိုမကျော်သေးဘူး ဟင့်...ဒါမယ့် ကြိုက်တယ် အဲဂိမ်းကို အဆင့်တဆင့်တက်ဖို့ စာမေးပွဲဖြေရတာကိုလဲကြိုက်တယ်...း)

    ReplyDelete
  2. အမသက်ဝေက တော်လိုက်တာ။ မိုးဦးက ၁၃၇ကို မကျော်နိုင်လို့စိတ်တိုလို့ ပစ်ထားတာ ၃လလောက်ရှိပြီ။ ခုတော့ စိတ်နဲနဲပြန်ပါသွားပြီ။ :)

    ReplyDelete
  3. အဟင့်..ပစ်က အခုမှ 105 မှာ

    ReplyDelete
  4. အမ.. Pet Rescue Saga လေး ကစားပါလား..
    အကောင်လေးတွေ ကယ်ရတာလဲ စိတ်ဝင်စားဖို့ ကောင်းတယ်..

    ReplyDelete
  5. ကြားသာကြားဖူးနေတာ။ မဆော့ဖြစ်ပေါင်ဗျာ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  6. dementia များ စနေလား မသိဘူး သက်ဝေရေ... ရုံးမှာ နာမည်ခေါ်ခါနီးမေ့မေ့နေလို့  ကလေးတွေက ထောက်ထောက်ပေးရတယ်... မဖြစ်ဘူး.. candy crush ကစားမှ

    ReplyDelete
  7. ၂၃၇ မှာ တစ်နေကြာပေါ့ မမသက်ဝေရေ..

    ReplyDelete
  8. သူကြီးမင်းFebruary 24, 2014 at 8:34 PM

    ၃၄ လောက်နဲ့ ဆက်မဆော့တော့ဘူး။ ခံပြင်းစိတ်နဲ့ ကစားလေလေ အချိန်ကုန်လေလေ ဖြစ်တာမို့။ ပြီး လိုက်ဖ်တွေ လိုက်တောင်းနေရတာလဲ တစ်ဒုက္ခ ဆိုတော့လေ။

    ဘာဘဲပြောပြော ကစားရတာတော့ ဦးဏှောက်ကို လည်ပတ်စေတာ အမှန်ပါဘဲ။

    ReplyDelete
  9. 105 မှာအရှုံးပေးထားရတဲ့ဂိမ်း

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...