Sunday, November 16, 2014

အဝါရောင်အလွမ်းများ

မြင်လွှာအောက်တွင် အ၀ါရောင်တောက်တောက် ကျူးလစ်ပန်းခင်းကြီး တစ်ခင်း ရှိနေခဲ့ပါသည်။ စိမ်းရင့်နေသော အရိုးတံများတွင် ပွင့်ဖူးနေကြသော ကျူးလစ်ပန်းများ၊ ပန်းတစ်ပွင့်ခြင်းစီ၏ နူးညံ့သောပွင့်ချပ်များသည် တရိပ်ရိပ်မြင့်တက်လာသော အလွမ်းများ ဖြစ်ကြပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
ထိုကျူးလစ်ပန်းခင်း၏ အခြားတစ်ဖက် (သို့မဟုတ်) နူးညံ့မှုများ၏ မလှမ်းမကမ်းတွင် ဖွဲ့သီပြ၍ မမှီနိုင်အောင် လှပနုညံ့သော ချစ်ခြင်းများ ရှိနေပါသည်။ လေတစ်ချက်အဝှေ့တွင် အ၀ါရောင်ကျူးလစ်ပန်းကလေးများက တညီတညာထဲ ယိမ်းနွဲ့ကခုန်ကြသည်။ ထိုအချိန်တွင် ဆန္ဒတစ်စုံကြောင့် စိတ်ရှည်လက်ရှည် ဖြီးသင်မွေးမြူထားရသော ဆံနွယ်မျှင်များကလည်း လေပြေနှင့်အတူ လိုက်ပါ ကခုန်ကြသည်။ ထိုဆန္ဒတစ်စုံ၏ နောက်ကွယ်တွင် နာကျင်မှု အစွန်းအစများ ပါဝင်ကောင်း ပါဝင်နေပါလိမ့်မည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
မကြာခင် ကျူးလစ်ပန်းများဆီမှ ဂီတသံ တိုးသဲ့သဲ့ကို ကြားရသည်။ သူတို့၏ ဂီတသံမှာ တိုးတိမ်သောညင်သာစွာ တီးခတ်လိုက်သော တယောသံနှင့် ဆင်တူပါသည်။ အသံလာရာ ကျူးလစ်အ၀ါပွင့်ကလေးများအနားသို့ တိုးကပ်သွားသောအခါ ပီသသော သီချင်းသံကို ကြားနာရပါသည်။ အသံကိုအားမရသောကြောင့် ခေါင်းကို ငုံ့ကိုင်းရင်း ပန်းကလေးများ အနား တိုးကပ်ကာ အာရုံစူးစိုက်ရင်း နားဆင်မိပါသည်။ ထိုအခါ ဆံပင်ရှည် အဖျားများနှင့် ပန်းဝါ ပွင့်ချပ်ကလေးတို့ အမှတ်မထင် ထိတွေ့မိကြပါသည်။ ထိုအထိအတွေ့၏ တိမ်းမူးဖွယ် ညင်သာမှုကို စကားလုံးများဖြင့် ဖွင့်ပာ မပြတတ်ခဲ့ပါ။ ထိုအခိုက်အတန့်သေးသေးလေးတွင် ဆံပင်ရှည်တွေကို ကိုယ်နဲ့ တွေ့ပြီးမှ ညှပ်ပါနော် ဟု တဖွဖွ မှာကြားတတ်သူတစ်ယောက်ကို ဖျတ်ကနဲ လွမ်းတမ်းတမိပါသည်။ သူ့ အမှာစကားကြောင့် နံနက်စောစော အိပ်ရာထ ဆံပင်ဖြီးသောအချိန်များ လှပစွာ ချိုမြိန်ခဲ့ဖူးသည်ကိုလည်း ပြန်လည်အမှတ်ရလာပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
သိပ်သည်းလှသော အလွမ်းများဖြင့် ကျူးလစ်ပန်းခင်း အနီးမှ ထကာ ခပ်လှမ်းလှမ်းအရောက်တွင် ရုတ်တရက် နောက်သို့ပြန်လှည့်ကြည့်လိုက်မိပါသည်။ ဝေးကွာသွားသော်လည်း လှပသော ခိုင်မြဲသော ချစ်ခြင်းများက နွေးထွေး လင်းလက်သော နေရောင်ခြည်အောက်တွင် အရောင်တလက်လက် တောက်ပနေမြဲ ဖြစ်ပါသည်။ပန်းကလေးများ၏ မွှေးပျံ့သော ရနံ့များအကြားတွင် မိန်းမူးရင်း စာဖတ်ရန် အိတ်ထဲတွင်ပါလာသော စာအုပ်ကလေးကို ဆွဲထုတ်လိုက်ပါသည်။ စာအုပ်အမည်မှာ ချစ်မိတဲ့အခါ ဟု ခေါ်ပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။

ခြားနားနေသော အကွာအဝေးတစ်ခု၏ ရလာဒ်အဖြစ် ဝန်တိုပူပန်ခြင်းနှင့် လွမ်းဆွတ် သတိရခြင်းတို့က တံခါးကြားထဲ လေတိုးသကဲ့သို့ တကျိကျိနှင့် စိတ်အစဉ်ကို ဝင်ရောက် တိုးဝှေ့ ချယ်လှယ်နေကြပါသည်။ ကျူးလစ်ပန်းတို့၏ ပွင့်ချပ်များက လှသလောက် အလွမ်းများက မလှမပနှင့် တဆိတ် ခါးသက်သက်နိုင်လွန်းလှသည်။ ထိုစဉ် ပွင့်ချပ်တစ်ခုပေါ်တွင် ခိုတွယ်နေသော လိပ်ပြာအနက်ကျားလေး ရုတ်ကနဲ ထပျံသွားပါသည်။ လုံလောက်သော ဝတ်ရည်ချိုမြ ရှာမရသောကြောင့်ဟု အတတ်သိနေခဲ့သည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။မြင်နိုင်ပါလိမ့်မည်။
ဖန်တီးပြုပြင်ထားသော အေးစက်စက် ရာသီဥတု အတုအောက်တွင် အစဉ်သဖြင့် အေးစက်ထုံကျင်နေတတ်သော လက်ဖျားများ ရှိနေခဲ့ပါသည်။ ထိုလက်ဖျားများကို နွေးထွေးစေခဲ့သော လက်တစ်စုံအကြောင်း ဖျတ်ကနဲ တွေးမိပါသည်။ ထိုသို့တွေးမိသော် ရင်တွင်းတစ်နေရာမှ နာကျင်ခံခက်သော ဝေဒနာ တစ်စွန်းတစ်စကို ရရှိပိုင်ဆိုင်လာတတ်ပါသည်။ ထိုဝေဒနာသည် အက်စ်ပရက်စိုတစ်ခွက်ကဲ့သို့ ပြင်းရှ ခါးသက်သော်လည်း မူးယစ်ဆေးသဖွယ် တမ်းမက်စွဲလမ်းချင်စရာအတိ ဖြစ်ပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
ချစ်ခြင်းတွင် ပျော်ရွင်ချမ်းမြေ့ခြင်းများနှင့်အတူ ခါးသီးသော နာကျင်ခံခက်စရာများ တွဲလျက်ရှိနေသည်ပဲ။ မခံမရပ်နိုင်သော ဝေဒနာများအတွက် ထုံဆေးအနည်းငယ် လိုအပ်ပါလိမ့်မည်။ စမ်းသပ်ကြည့်စေချင်ပါသည်။ နာကျင်ခံခက်စရာများနှင့် တွေ့ကြုံရလျှင် ထုံဆေးကို သုံးလိုက်ပါ။ သက်သာရာ ရနိုင်ပါလိမ့်မည်။ သာယာကြည်နူးမှုများအတွက်တော့ ထုံဆေးအာနိသင်ကို ပြယ်စေလိုက်ပါ။ ကြည်နူး ပျော်ရွှင်သော အရသာကို အပြည့်အဝ ခံစားပါ။ သို့သော် ထုံဆေးပြယ်ချိန်တွင် အနာတရများသည် ပုံမှန်ထက် အဆပေါင်းများစွာ ပိုမို နာကျင်တတ်သည်ကို သတိပြုစေချင်သည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
ရေးလက်စစာကို ဤနေရာတွင် ရုတ်တရက် ရပ်နားလိုက်ချင်ပြီ။ ဆက်ရေးချင်စရာ စကားလုံးများ ရှိကောင်း ရှိနေနိုင်ပါသေးသည်။ သို့သော် စာရေးခြင်း၊ စာဖတ်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ သတိရလွမ်းဆွတ်ခြင်း၊ ပျော်ရွင်ကြည်နူးခြင်း၊ ထိခိုက်ကြေကွဲခြင်း အစရှိသော ခံစားမှုများထက် ကျူးလစ်ပန်းများကို တမေ့တမော ငေးမောနေရခြင်းက ပိုအရသာရှိပြီး ပိုစွဲမက်ဖွယ် ဖြစ်လို့နေခဲ့ပါသည်။ စိတ်ထဲတွင် ပြောချင်စရာ၊ ချရေးချင်စရာ စကားလုံးများပေါ်လာတိုင်း ကျူးလစ်ပန်းကလေးများကို တီးတိုး ပြောပြဖြစ်မည်ဟု ယုံကြည်နေပါသည်။ သေချာသည်ကတော့ ထိုကျူးလစ်ပန်းခင်း၏ အခြားတစ်ဖက်တွင် ဖွဲ့သီပြ၍ မမှီနိုင်အောင် လှပ နုညံ့သော ချစ်ခြင်းများ ရှိနေပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။

သက်ဝေ
(၀၃ မေ ၂၀၁၄)

5 comments:

  1. စာေ ရး သူ သ က်ေ ဝ ရဲ့ လ က် ရာ လို့
    သိ သာ ထ င် ရှားေ စ တဲ့ စာ တ စ် ပု ဒ် လို့ ထ င် မြ င် မိ ပါ တ ယ် ။
    ဖ တ် ရ တို င်း တ စ် စုံ တ စ် ခု ခံ စား ရ ေ စ တ ာ ပါ ။
    မ ယုံ ဘူ း လ ာ း ၊ ေ သ ေ သ ခ် ာ ခ် ာ ၾက ည့် ပါ ၊ မြ င် နို င် ပါ လိ မ့် မ ည် ။
    အ ဝါေ ရာ င် အ လွ မ်း များ ကို ဖ တ် ရ လို့ ဆ ရာ မ သ က် ေ ဝ ကို
    ေ က် း ဇူ း တ င် ရ ပါ သ ည် ။

    ReplyDelete
  2. ထုံဆေးပြယ်ချိန်တွင် အနာတရများသည် ပုံမှန်ထက် အဆပေါင်းများစွာနာကြင်တတ်သည်။ အချက်ပေါင်းများစွာကို သတိပြုမိသလို သိမြင်ခွင့်ရသွားပါတယ် မသက်ရေ...

    ReplyDelete
  3. အ၀ါရောင်ပန်းတိုင်းကို နှစ်သက်တယ်။ အ၀ါရောင်အလွမ်းတွေကို မလိုချင်သည့်တိုင် လှပစွာစီကုံးဖွဲ့ဆိုထားတဲ့ အက်ဆေးလေးကို ကြိုက်မိတယ်။

    ReplyDelete
  4. beautiful essay!
    မြင်​တာနဲ့ ဒါသက်​​ဝေစတိုင်​ပဲဟု ​ပြောနိုင်​​သော အ​ရေးအသား
    အားကျမိပါ၏။:-)

    ReplyDelete
  5. စိ တ် ထဲ တွ င်ေ ပြာ ချ င် စ ရာ ၊ ချေ ရး ချ င် စ ရာ စ ကား လုံး မ် ာ း ေ ပၚ လ ာ တိုု င်း ကျူး လ စ် ပ န်း က ေ လ း မ် ာ း ကိုု တီ း တိုု း ေ ပြာ ပြ ဖြ စ် မ ည် ဟု ယုံ ကြ ည်ေ န ပါ သ ည် . . . . . . . )))
    မ ယုံ ဘူ း လ ာ း ၊ ေ သ ေ သ ခ် ာ ခ် ာ ၾက ည့် ပါ ၊ မြ င် နို င် ပါ လိ မ့် မ ည်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...