Monday, November 10, 2014

အရင်းအနှီး

မျှော်လင့်မထားပဲ ကြားလိုက်ရသော စကားကြောင့် သူမ အံ့သြခြင်းကြီးစွာဖြင့် ထိတ်လန့် တုန်လှုပ်သွားခဲ့ရသည်။ ကြားရသော စကားကို ဟုတ်မှ ဟုတ်ပါလေစ ဟု ပြန်လှန်မေးခွန်းထုတ်ရန်ပင် အားမရှိ၊ နှုတ်ဆွံ့နေခဲ့သည်။ မယုံသင်္ကာစိတ်ဖြင့် ပြန်လှန် မေးခွန်းထုတ်နိုင်သည်ထားဦး၊ ထိုအဖြေကို နောက်တစ်ကြိမ် ထပ်မံကြားနာရန် သူမနှလုံးသားက သူမကို မည်သည့်နည်းနှင့်မျှ ခွင့်ပြုနိုင်တော့မည် မဟုတ်ချေ။  

******

ထိုညနေက သူမ ကျောင်းပြန်ချိန် အနည်းငယ် နောက်ကျနေသောကြောင့် ကားလမ်းတို့က ထုံးစံအတိုင်း ပိတ်နေခဲ့သည်။ ကားတန်းရှည်ကြီးနောက်တွင် တအိအိဖြင့်နှေးကွေးစွာ မောင်းနှင်လာခဲ့ပြီး နောက်ဆုံးတွင် သူမနေထိုင်ရာ လမ်းသွယ်ကလေးကို ရောက်လာခဲ့သည်။ သူမ၏နေအိမ်မှာ လမ်းသွယ်လေး၏ အဆုံးနားတွင် တည်ရှိလေသည်။ လမ်းတလျှောက် အေးအေးဆေးဆေး မောင်းဝင်လာကာ ခြံဝင်းတံခါးကို ဆင်းဖွင့်ပြီး အလိုက်သင့် ချိုးကွေ့ ဝင်လိုက်သည်။ ထို့နောက် ကားကို ဂိုထောင်ထဲသို့ ထည့်ပြီး ဂိုထောင်တံခါးကို ပိတ်ကာ တဆက်တည်း ခြံတံခါးကိုပါ သွားပိတ်လိုက်သည်။ ထိုအချိန်တွင် မျက်နှာချင်းဆိုင် ခြံဝင်းအတွင်း အဝတ်အစား ခပ်နွမ်းနွမ်းနှင့် လူလတ်ပိုင်း အမျိုးသား တစ်စုကို မိုးတိုးမတ်တပ် အနေအထားတို့ဖြင့် တွေ့လိုက်ရသည်။ သူတို့၏ ဟန်ပန်အမူအယာနှင့် မျက်နှာများသည် တစ်ခုခု ထူးခြားနေသည့်အပြင် သူမ၏ စိတ်ကို ထူးဆန်းသော ခံစားမှု တစ်စုံတရာ ပေးစွမ်းနေသလိုပင်။

သူမသည် မျက်မှောင်ကိုကြုတ်ရင်း ပိတ်ထားသော ခြံတံခါးကို အကွယ်အကာယူကာ သေသေချာချာ စူးစမ်း ကြည့်ရှုလိုက်မိသည်။ စုစုပေါင်း အမျိုးသား ခြောက်ယောက်၊ ခြံဝင်းအတွင်းဟိုကြည့် ဒီကြည့်နှင့်၊ တစ်ယောက်ကတော့ ခြံဝင်းအတွင်း အလှဆင်ထားသော ရေပန်းလေးမှ ရေကိုလက်ဖြင့် မရဲတရဲ တို့ထိလျက်၊ သူတို့ထဲမှ နှစ်ယောက်မှာ အတော်လေး ပိန်ချုံးကာ အားအင်ချိနဲ့နေပုံ၊ သူမ ကြည့်နေစဉ်မှာပင် တစ်ယောက်က ကွန်ကရစ်ခင်း လမ်းသွယ်ကလေးပေါ် ရုတ်တရက် ထိုင်ချလိုက်သည်။ ဆင်းရဲနွမ်းပါးပုံရသော သူတို့၏ အသွင်အပြင်တွင် တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာ မျှော်လင့် စောင့်စားနေကြပုံကလည်း တညီတညာထဲ၊ ထင်ရှားစွာ ပေါ်လွင်နေပြန်သည်။ သူမ ဘာကြောင့်ထိုလူများကို စိတ်ဝင်တစားရှိနေရသည်ကို ကိုယ်တိုင်လည်း နားမလည်နိုင်ချေ။ တစ်ခုခုတော့တခုခုပဲ… ပုံမှန်တော့ မဟုတ် ဟု သူမ၏ စိတ်က အလိုလို သိနေခဲ့သည်။

တခဏအကြာတွင် အမျိုးသားတစ်ဦး ထွက်လာကာ ထိုလူတစ်စုကို အိမ်ထဲသို့ဝင်စေပြီး လမ်းမဖက်သို့ မသိမသာ တစ်ချက်ဝေ့ကြည့်ကာ သစ်သား တံခါးမကြီးကို ပိတ်ပလိုက်သည်။ ထိုလူများ နာခံ ရိုကျိုးစွာ တစ်လှမ်းချင်း သေသေဝပ်ဝပ် လျှောက်လှမ်း လိုက်ပါသွားပုံကို သူမ မျက်လုံးထဲမှ မထွက်ချေ။ အမှန်ဆိုရလျှင် ထိုအိမ်မှ မိသားစုနှင့် သူမတို့ မိသားစု အတန်အသင့် ရင်းနှီးကြသည်။ ဖေဖေ မေမေ နှင့် မောင်နှမနှစ်ယောက်… စုစုပေါင်း မိသားစုလေးယောက်စီသာ ရှိကြသော အိမ်နီးချင်းများမို့ တစ်ခုခုဆို အထူးတလည် ကူညီ ရိုင်းပင်းတတ်ကြသည်။

ထို့ကြောင့် အခုကိစ္စကို သူမ အိမ်မှ အိမ်သားများ သိ မသိမေးမြန်းရန် အိမ်ထဲသို့ အပြေးကလေး ဝင်လာခဲ့သည်။ အိမ်ရှေ့တွင် မည်သူမျှ မရှိ၊ ထိုအခါ မီးဖိုခန်းထဲသို့ တောက်လျောက် ပြေးသွားလိုက်သည်။ မီးဖိုခန်းထဲအရောက်တွင် ယောင်းမတစ်ချောင်းဖြင့် ဟင်းအိုးမွှေရင်း အလုပ်ရှုပ်နေသော သူမ၏ မေမေကို အခါများစွာကလို မေမေ ဘာဟင်းတွေ ချက်နေတာလဲ သမီး ဗိုက်ဆာလှပြီ… စသည်ဖြင့် ပွတ်သီးပွတ်သပ် ချွဲနွဲ့မနေအား… သူမ သိလိုသည်ကိုသာ တန်းတန်းမတ်မတ် မေးချလိုက်မိသည်။ သူမ ထင်ထားသည့်အတိုင်း မေမေက အားလုံး သိနေပြီးပြီ။ ထို့နောက် မေ့မေ့လက်ထဲမှ ယောင်းမကို အသာလှုမ်းယူကာ ဟင်းအိုး ကူမွှေပေးရင်းက မေမေ့စကားကို နားစွင့်နေမိသည်။

မေမေက ဝမ်းသာစရာ အဖြစ်တစ်ခု မဟုတ်ဟု ဆိုကာ စကားကို တိုတိုနှင့်လိုရင်းသာ ပြောသည်။ အဖြစ်မှာ အိမ်ရှေ့အိမ်မှ ဦးဦး မနက်က ရုံးအသွား ကားမတော်တဆမှု ဖြစ်ခဲ့သည်။ သူ့ကားဖြင့် ဝင်တိုက်မိသူမှာ အသက်ကြီးကြီး ကျန်းမာရေးကောင်းပုံလည်း မရသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ တိုက်မိသော အရှိန်မှာ မပြင်းသော်လည်း ထိုအမျိုးသမီးသည် ကားလမ်းဘေးသို့ လဲပြိုကျကာ နေရာတွင် ချက်ချင်း ဆုံးပါးသွားခဲ့သည် ဟူ၏။

ဟင်… ဒါဆို ဦးဦးက အမှုဖြစ်မှာပေါ့ အဖမ်းခံရမှာပေါ့ ဟုတ်လားမေမေ… ဟု အလောတကြီး မေးမိရာ မေမေက အသာ ခေါင်းညိတ်ပြသည်။ အို… သူမ စိတ်မကောင်းခြင်းကြီးစွာဖြင့် အတန်ကြာ ငေးငိုင်နေမိသည်။ တဆက်တည်းမှာပင် သူမက ညနေက ခြံတံခါးပိတ်ကာ ချောင်းကြည့်ခဲ့စဉ် တွေ့မြင်ခဲ့ရသော မြင်ကွင်းအကြောင်း မေမေ့ကို ပြောပြလိုက်သည်။ ထိုအခါ မေမေက သူမ လုံးဝမျှော်လင့်မထားသော အကြောင်းအရာကို ပြောပြခဲ့တာဖြစ်သည်။

******

ဘာအလုပ်မှ မယ်မယ်ရရ မရှိ၊ အရင်းအနှီးပြုစရာ ငွေကြေး အပိုအလျှံ အနည်းငယ်မျှပင် မရှိ။ ချေးငှားသုံးစွဲရန်ကလည်း ပတ်ဝန်းကျင်မှ လူများအားလုံးက သူလိုကိုယ်လို ဘဝတူများသာ။ တတ်စွမ်းသမျှ ကြုံရာ ကျပန်း အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းရင်း ငွေတွင်းက နက်သည်ထက် နက်လာခဲ့သည်။ မိသားစုများ ထမင်းနပ်မှန်ရန် တစ်ရက်ပြီး တစ်ရက် ခက်ခဲသည်ထက် ခက်ခဲလာခဲ့သည်။

ထိုသတင်းကို ယူဆောင်လာသူက တစ်ရပ်ထဲသား၊ အတော်လေး ရင်းနှီးခင်မင်နေသော ကိုသိန်း။ ကိုသိန်းက လမ်းဆုံမှ မီးပွိုင့်တွင် ဂျာနယ် လက်ပွေ့ရောင်းသူ တစ်ယောက်ဖြစ်သည်။ ဂျာနယ်များ အလွန် အရောင်းသွက်သော အချိန်ကာလဖြစ်သောကြောင့် ငွေကြေးလည်း အတန်ငယ် ချောင်လည်လေသည်။

သူ့ပြောစကားအတိုင်းဆိုလျှင် အကျိုးအမြတ်က မက်မောစရာ အတိ။ ခင်ဗျား သေချာရဲ့လား… ဟု အထပ်ထပ် ပြန်မေးမိသည်။ သူက သေချာပါတယ်… ခင်ဗျားကို ခင်လွန်းလို့ပြောပြတာပါ ပြီးတော့ ခင်ဗျားမှာ အရင် ကုန်ကားမောင်းတုန်းက ရထားတဲ့ ယာဉ်မောင်းလိုင်စင်လည်း ရှိတယ် မဟုတ်လား… ဒါကြောင့် ပြောရတာပါ… ဟု လေးလေးနက်နက် တည်တည်တံ့တံ့ ဆိုခဲ့သည်။ မဝံ့မရဲဖြစ်နေသော သူ့ကို ကိုသန်းက စဉ်းစားပေါ့ဗျာ… ခင်ဗျားနဲ့ ခင်ဗျားမိသားစု လိမ်မာရင် လိမ်မာသလို တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားနိုင်မဲ့ကိစ္စဗျ… ဟု ဆက်ပြောလေသည်။ သူ့စကားအဆုံးတွင် ဒါဆို နောက်တစ်ခါ ကျုပ်ကို အကြောင်းကြားဗျာ အဲဒီအလုပ်ကို ကျုပ်လုပ်မယ် ဟု ခပ်ရဲရဲ ပြောပစ်ခဲ့သည်။

အပြန်လမ်းတွင် ကိုသိန်း၏ စကားများကို ကြားယောင်ရင်း ငါ တကယ်လုပ်နိုင်ပါ့မလား ဟူသော သံသယအတွေးတို့ဖြင့် တွေဝေနေမိပြန်သည်။ အမှန်ဆိုလျှင် ထိုအလုပ်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေသော အလုပ်မဟုတ်၊ ထိုအလုပ်မှ ရမည့် ငွေကြေးသည်လည်း မည်သူ့ကိုမှ လိမ်လည်လှည့်ဖျားပြီး ရရှိလာမည့် ငွေကြေးတို့ မဟုတ်။ သူ ပေးဆပ်ရသည်နှင့် ထိုက်တန်သော ငွေကြေးဟု သူ ယုံကြည်နေမိသည်။ တချိန်ထဲမှာပင် သူ့ကို အားကိုးတကြီးမှီခိုနေကြသော မိသားစု၏ မျက်နှာများကို ပြန်မြင်ယောင်မိသောအခါ သူ့ ဆုံးဖြတ်ချက်တို့က ပိုမို ခိုင်မာလာခဲ့သည်။

နောက်နှစ်ရက်အကြာတွင် သူ့အိမ်သို့ ကိုသိန်း ရောက်လာခဲ့သည်။ သူ့လက်ထဲတွင် အဖြူရောင် စက္ကူတစ်စ…။ ထိုစက္ကူပေါ်တွင် နေရပ်လိပ်စာတစ်ခုကို ရေးထား၏။ ကြည့်လိုက်သောအခါ ချမ်းသာကြွယ်ဝသော လူကုံထံအသိုင်းအဝိုင်းများသာ နေထိုင်နိုင်သော အရပ်ဒေသဖြစ်သည်။ ထိုစာရွက်ပိုင်းလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း သူ လွယ်နေကျ သားရေအိတ်ကလေးကို လွယ်ကာ အိမ်မှ ထွက်လာခဲ့သည်။ ယာဉ်မောင်း လိုင်စင် ပါရဲ့နော် ဟူသော ကိုသိန်း၏ အမေးကို ခေါင်းတချက် ညိတ်ကာ အသံတိတ် ဖြေဆိုလိုက်သည်။ ထို့နောက် သူ့ မိသားစုအတွက် မှာချင်သည်များကို ကိုသိန်းအား တိုးတိုးတိတ်တိတ် မှာကြားရသည်။ ကိုသိန်းကား ဤကိစ္စများတွင် အလွန်တရာ နောကျေနေပေပြီ။ စိတ်ချပါ… နောက်ပိုင်းကိစ္စတွေ ဘာမှ မပူနဲ့ ကျွန်တော် အကုန်စီစဉ်ပေးမယ် ဟု ကတိ ပေးလေ၏။

ကိုသိန်းပေးလိုက်သော လိပ်စာအတိုင်း ရောက်သွားသောအခါ ကိုယ့်ထက် အရင် ရောက်နှင့်နေသူ လေး ငါးယောက်ကို တွေ့ရ၏။ သူတို့၏ မျက်နှာများပေါ်တွင်လည်း မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများ က အထင်းသား။ အချင်းချင်း တစ်ယောက်ကို တစ်ယောက် စကားမဆိုကြ၊ သို့သော် မျက်လုံးအကြည့်များဖြင့် အသိအမှတ်ပြု နှုတ်ဆက်လိုက်ကြသည်။ ထိုစဉ် သူတိုအထဲမှ တစ်ယောက်ကတော့ သေမထူး နေမထူး ဘဝတွေပါဗျာ… ဟု ခပ်တိုးတိုး မချင့်မရဲ ရေရွတ်ကာ ခြံဝင်းအတွင်းရှိ မြက်ခင်းစိမ်းစိမ်းဘေးမှ ကွန်ကရစ်လမ်းပေါ်သို့ လဲပြိုကျသလို ရုတ်တရက် ထိုင်ချလိုက်သည်။ သူ့ကို အသာ အကဲခတ်ကြည့်ရာ  ကောင်းကောင်း ကျန်းမာပုံမရချေ။

ထိုစဉ် လူတစ်ယောက်က အိမ်ထဲဝင်ရန် လာခေါ်သည်။ ခန်းနားလှပစွာ ဆင်ယင်ထားသော အဆောင်အယောင်များအောက်တွင် အလိုလိုနေရင်း လူက သေးနုပ်သိမ်ငယ်သလို ခံစားရပြန်သည်။ အိမ်ထဲသို့ ရောက်ပြီးလျှင် အခန်းငယ်တစ်ခုထဲသို့ သူတို့ကို တစ်ဦးချင်း ခေါ်ယူလေသည်။ သူ့အလှည့်အရောက်တွင် လူရွယ်နှစ်ယောက်က မေးခွန်းများ မေးကြ၏။ မေးသမျှကို အမှန်အတိုင်း ရိုးရိုးသားသားသာ သူ ဖြေခဲ့သည်။ သူ့ယာဉ်မောင်းလိုင်စင်ကို တောင်းကာ သေသေချာချာ ကြည့်ရှူ စစ်ဆေးကြသည်။ မကြာခင်မှာ လူတစ်ယောက် ရောက်လာကာ သူ့ကို ရွေးချယ်လိုက်သည်ဟု အသိပေးလေသည်။ ၀မ်းသာမိသည်မှာ ဆိုဖွယ်ရာ မရှိ။ ထို့နောက် သူ့ကို အခန်းထဲတွင် ထိုင်ခိုင်းထားပြီး အကြောင်းစုံကို ရှင်းပြတော့သည်။ မောင်းလာသော ကားလမ်း အနေအထား၊ --- အမည်ရ လမ်းတွင် ကားကို ချိုးကွေ့လိုက်ပုံ၊ လမ်းဘေးမှ အမျိုးသမီးကို ကားဖြင့် မည်သို့ ပွတ်မိပုံ၊ အမျိုးသမီး လဲကျသွားပြီး သတိမေ့မျောနေရာမှ မကြာခင်တွင် ဆုံးပါးသွားပုံ၊ အရေးပေါ် သူနာပြုယာဉ်ရောက်လာက အမျိုးသမီးကို သယ်ဆောင်သွားပုံ စသည်တို့ကို အသေးစိတ် ရှင်းလင်း ပြောပြခဲ့သည်။ နားလည်ပြီနော် ဟုလည်း အထပ်ထပ် မေးမြန်းသည်။ နောက်ဆုံးတွင် သူ့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားကြတော့သည်။

ရဲစခန်းသို့ အသွား လမ်းတလျှောက်တွင် သူ အတော်ပေါ့ပါးနေခဲ့၏။ ညနေစောင်း မှောင်ရီပျိုးချိန်ထိတိုင် သူ အိမ်ကို ပြန်မရောက်သောအခါ အိမ်တွင် စောင့်မျှော်နေကြမည်ဖြစ်သော မိသားစုများအား ကိုသိန်းက အကြောင်းစုံကို ပိပိရိရိ ပြောဆိုရှင်းလင်း ပြနေလိမ့်မည်။ ရုတ်တရက် အခွင့်အရေးပေါ်လာသောကြောင့် အဖေါ်တစ်ချို့နှင့်အတူ တဖက်နိုင်ငံသို့ အလုပ်လုပ်ရန် ထွက်ခွာသွားပြီ ဟု ဆိုကာ သူတို့ဘဝတွင် အိပ်မက်မျှပင် မက်မြင်နိုင်ခြင်းငှာ မစွမ်းသာသော ငွေကြေးပမာဏကို အိမ်သူ့လက်တွင်းသို့ အပ်နှံလိမ့်မည်။ ထိုအခါ အိမ်သူကလည်း ဝမ်းသာတုန်ရီလျက်ကပင် ကိုသန်းစကားကို စိတ်ချ လက်ချ ယုံကြည်ပေလိမ့်မည်။ ထို့နောက် တစ်ခါမျှ မကိုင်တွယ်ဖူးသော ငွေကြေးတို့ကို ကိုင်တွယ်လျှက် အစစ အဆင်ပြေအောင် စီမံ ဆောင်ရွက်ပေလိမ့်မည်။ အိမ်သူနှင့် ကလေးငယ်များကို သတိရမြင်ယောင်မိသောအခါ ရုတ်တရက် ဝမ်းနည်းသွားခဲ့သေးသည်။ သို့သော်လည်း မိသားစု တင့်တောင့်တင့်တယ် နေနိုင်ဖို့အတွင် ငါးနှစ် ဆိုတာ ခဏလေးရယ်ပါ ဟု အားတင်းကာ ထိုအတွေးတို့နှင့်အတူ ကိုသိန်းကို စိတ်ထဲမှ ကျေးဇူး အထပ်ထပ်တင်နေခဲ့သည်။ သည်အတွက် ကိုသိန်းလည်း ထိုက်သင့်သလောက် အကျိုးခံစားခွင့်ရှိမည်ဟု သူ နားလည်နေခဲ့ပါသည်။

******

စကားအဆုံးတွင် မေမေက မောဟိုက်သွားဟန်ဖြင့် ရေခဲသေတ္တာကိုဖွင့်ကာ ရေသောက်နေရင်း သူမကိုလည်း ရေတစ်ခွက် လှမ်းပေးခဲ့သည်။ မေမေ လှမ်းပေးလိုက်သောရေခွက်ကို ကိုင်ရက်သားဖြင့် သူမ တိတ်ဆိတ် ကြောင်အ နေခဲ့သည်။ စိတ်ထဲမှာတော့ ဖြစ်မှဖြစ်ရလေ ဟူသော စကားလုံး ငါးလုံးကို အကြိမ်ပေါင်းများစွာ ပဲ့တင်ထပ်အောင် ရေရွတ်လျက်။

ညနေက ခြံတံခါးကို ကွယ်ရင်း ချောင်းကြည့်ဖြစ်ခဲ့သော အဝတ်အစားခပ်နွမ်းနွမ်း ဝတ်ဆင်ထားသူ အမျိုးသားများသည် သိန်းသုံးဆယ် ဟူသော ငွေကြေးပမာဏကို ပိုင်ဆိုင်ရန် မော်တော်ယာဉ် မတော်တဆမှုအတွက် အငှား တရားခံ ဖြစ်ပေးလိုသူများ၊ တနည်းအားဖြင့် ပြောရလျှင် ငါးနှစ် သို့မဟုတ် ခြောက်နှစ်တာ ကာလအတွက် ဘဝကို စတေးကာ အငှား ထောင်ကျခံပေးလိုသူများ ဖြစ်ကြသည်ဟု သိလိုက်ရသောအခါ သူမ အံ့သြတကြီးဖြင့် ပြောစရာ စကားလုံးရှာမရအောင် တုန်လှုပ်ခဲ့ရပါသည်။ ကြားရသော စကားကို မယုံကြည်နိုင်ပဲ ဟုတ်မှ ဟုတ်ပါလေစ ဟု ပြန်လှန်မေးခွန်းထုတ်ရန်ပင် အားမရှိ၊ နှုတ်ဆွံ့နေခဲ့သည်။ မယုံသင်္ကာစိတ်ဖြင့် ပြန်လှန် မေးခွန်းထုတ်နိုင်သည် ထားဦး၊ ထိုအဖြေကို နောက်တစ်ကြိမ် ထပ်မံကြားနာရန် သူမ နှလုံးသားက သူမကို မည်သည့်နည်းနှင့်မျှ ခွင့်ပြုနိုင်တော့မည် မဟုတ်ပါချေ။

သက်ဝေ
(၅ နိုဝင်ဘာ ၂၀၁၄)

မှတ်ချက် - မနေ့က ရုံးက ညီမလေးတစ်ယောက်နဲ့ စကားပြောရင်း သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ်နဲ့ အဲဒီလို အငှား ထောင်ကျခံပေးတဲ့သူတွေအကြောင်း အမှတ်မထင် ကြားလိုက်ရပါတယ်။ တစ်ခါမှ မကြားဖူးတဲ့ကိစ္စတစ်ခုမို့ ကြားကြားချင်း အလွန်ပဲ အံ့သြမိပါတယ်။ ပြီးတော့ တညနေလုံး အဲဒီအကြောင်း ခေါင်းထဲရောက်နေပြီး ညကျတော့ ဘယ်လိုမှ မနေနိုင်ပဲ ဒီစာလေးကို ချရေးဖြစ်ပါတယ်။ ပြောပြတဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်။

6 comments:

  1. ဟုတ်တယ် မရေ၊ မြန်မာပြည်ပြန်ရောက်တဲ့အခါ အထူးအဆန်းမြင်ကွင်းတွေ၊ အကြောင်းရာစုံတွေ မြင်တွေ့ကြားရတော့တာပဲ။ လူတွေက အရမ်းကြပ်တည်းနေတော့ အငှားထောင်ကျပေးခံတဲ့သူတွေရှိသလို မိသားစုလိုက် အလှည့်ကျ ကားကိုတမင်အတိုက်ခံပြီး လျော်ကြေးတောင်းကြတဲ့သူတွေလည်း အများကြီးပဲ။ :( Sigh!

    ReplyDelete
  2. ထူးဆန်းအံ့သြဖွယ် အမျိုးမျိုးကို အသက်အပိုင်းအခြားအရ ကြုံတွေ့လာပါလိမ့်မယ် မသက်ရေ....
    ဇွန်လေးပြောသလို တမင်တကာ ကားအပွတ်ခံပြီး ငွေတောင်းတဲ့ အဖွဲ့တွေရှိတယ်။
    တီတင့်သိသလောက်တော့ ကြည့်မြင်တိုင် ပါရမီနဲ့ အင်းစိန်လမ်းပေါ်မှာ။ တစ်နေ့ကတော့ တစ်ဖွဲ့မိပြီလို့ကြားတယ်။

    ReplyDelete
  3. တကယ်အဆင့်မြင့်တဲ့စာလို့ ခံစားမိပါတယ်။
    ရေးဖွဲ့ ထားတာရိုးရိုးလေးနဲ့ ခေတ်ကိုသရုပ်ဖေါ်မှန်းမသိဖေါ်သွားတယ်။
    နောင်တစ်ချိန်မှာပိုတန်ဖိုးရှိလာမဲ့
    ခေတ်သရုပ်ဖေါ်သမိုင်းကိုပြန်မြင်ယောင်စေမဲ့
    အဖိုးတန်အရေးအသားလို့ ခံစားရင်း...
    တိုင်းပြည်အတွက်ကိုယ့်လူမျိုးတွေအတွက်ဝမ်းနည်းမိတယ်။
    အိုင်အိုရာ

    ReplyDelete
  4. ရင်မောစရာပါပဲ :-(

    ReplyDelete
  5. FB မှာ Share ချင်ပါတယ် ခွင့်ပြုပါနော် :-)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...