မနက်စောစော အိပ်ရာနိုးတော့ အပြင်မှာ နေသာနေတယ်။ အိပ်ခန်းထဲကနေ အပြင်ကို ထွက်လာတော့ အလှမွေး ငါးကန်ထဲမှာ ထည့်ရတဲ့ အရွက်စိမ်းစိမ်း အပင်ကလေးတွေကို ညှပ်ရှည်ရှည်တစ်ချောင်းနဲ့ ဟိုရွှေ့ ဒီရွှေ့ လုပ်နေတဲ့ အမျိုးသားကို တွေ့လိုက်တယ်။ သူက ကျွန်မကို တွေ့တွေ့ချင်းမှာ မုန့်ဟင်းခါး စားပြီး လဖက်ရည်သွားသောက်ကြရအောင် လို့ လှမ်းပြောတယ်။ မင်္ဂလာ မနက်ခင်းပါ ဆိုတဲ့ နှုတ်ဆက် စကားအစား မုန့်ဟင်းခါးဆိုတဲ့ စကားကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်သွားပါတယ်။ သူက ရုံးပိတ်ရက် မနက်ခင်းတွေမှာလည်း ခါတိုင်း ရုံးတက်ရတဲ့ ရက်တွေလိုပဲ မနက်စောစော နိုးနေတတ်တယ်။ ပြီးတော့ ခါတိုင်းလို ကော်ဖီတွေ ပေါင်မုန့်တွေ မက်ဒေါ်နယ် ဘရိတ်တ်စ်တွေ အစား မြန်မာ မနက်စာကို စားချင်တတ်တယ်။ ကျွန်မက အိမ်မှာ ချက်ပေးမယ် ပြောပေမဲ့လည်း ရန်ကုန်မှာလို မနက်စောစော ဆိုင်မှာထိုင်စားရတဲ့ အငွေ့အသက်ကို လိုချင်ပုံရတာမို့ အိုကေလေ… သွားကြတာပေါ့လို့ ပြန်ပြောရင်း ရေမြန်မြန်ချိုးလိုက်ပါတယ်။ ပြီးတော့ ကျွန်မတို့နှစ်ယောက် ပန်နီစူလာကို ချီတက်သွားကြပါတယ်။
အမှန်ပြောရရင် ကျွန်မတို့ ပန်နီစူလာကို အတော်လေး သွားခဲပါတယ်။ သွားဖြစ်ရင်လည်း အပေါ်ထပ်ကို မတက်ဖြစ်သလို မုန့်ဟင်းခါးလည်း စားလေ့ မရှိပါဘူး။ အောက်ထပ်က အင်းလေးမှာ ကြေးအိုးဆီချက် ဒါမှ မဟုတ် မြေအိုးမြီးရှည်စားပြီး ပြန်လာကြချည်းတာပါပဲ။ တလောကတော့ မိတ်ဆွေတစ်ယောက်က ရဲရင့်က မုန့်ဟင်းခါး ကောင်းတယ်လို့ ပြောတာမို့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တစ်ခါ သွားစားကြည့်ကြပါတယ်။ မဆိုးပါဘူး စားလို့ကောင်းသားပါပဲ။ လဖက်ရည်လည်း ကောင်းပါတယ်။ ဆိုတော့… ဒီနေ့လည်း ရဲရင့်ကိုပဲ ဦးတည်ပြီး သွားကြပါတယ်။ မနက်စောစောဆိုတော့ ဆိုင်မှာ လူရှင်းပါတယ်။ ကျွန်မတို့ ရှေ့မှာ မိန်းကလေးနှစ်ယောက် အစုံသုပ် မှာနေကြတာ ကြားလိုက်ပါတယ်။
ဒါနဲ့ ကျွန်မတို့ နှစ်ယောက် မုန့်ဟင်းခါးနှစ်ပွဲ မှာပါတယ်။ ပဲကြော် မကြိုက်တာကြောင့် တခြား ဘာရသေးလဲ မေးတော့ ကြက်ဥနဲ့ ငါးဖယ်ရတယ် ဆိုလို့ ကြက်ဥနဲ့ ငါးဖယ် နဲ့ မုန့်ဟင်းခါး နှစ်ပွဲ လို့ မှာလိုက်ပါတယ်။ အရောင်းကောင်တာ အနောက်မှာက လူရွယ်တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ လူရွယ်က ဟိုမတ်တပ် ဒီမတ်တပ် လုပ်နေပြီး အမျိုးသမီးကတော့ ခုနက မိန်းကလေးတွေ မှာထားတဲ့ အစုံသုပ် အတွက် ပြင်ဆင်နေပါတယ်။ ညာဖက်လက်မှာ လက်အိတ် စွတ်ထားပါတယ်။ ကျွန်မတို့ကို အဲဒီ လူရွယ်က မုန့်ဟင်းခါးကို ခေါက်ဆွဲနဲ့ပဲ ရမယ်လို့ ပြောပါတယ်။ ညှပ်ခေါက်ဆွဲဖတ်ကို ပြောတယ် ထင်လို့ ရပါတယ်လို့ ပြန်ပြောတော့မဲ့ဆဲဆဲမှာ သူက အဝါရောင် ခေါက်ဆွဲဖတ် (ဂျုံခေါက်ဆွဲ) တွေကို ကောက်ကိုင်ပါတယ်။ အဲဒီတော့ ခုနက အစုံသုပ် ပြင်နေတဲ့ အမျိုးသမီးက မုန့်ဟင်းခါးဖတ်တွေ ရှိတယ်လေ ဟိုမှာ ဆိုပြီး လှမ်းပြပါတယ်။ တကယ်တော့ အဲဒီ မုန့်ဖတ်ဇလုံက မုန့်ဟင်းခါးဟင်းရည်အိုးနဲ့ ကပ်လျက် သူနဲ့ လက်တစ်ကမ်းတောင် မဝေးတဲ့ နေရာမှာ တည်ရှိတာပါ။
ဒါနဲ့ အဲဒီလူရွယ်က ဟိုကြည့် ဒီကြည့် လုပ်ရင်း ပန်းကန်လွတ် နှစ်ပန်းကန် ယူပြီး မုန့်ဖတ်ထည့် ဟင်းရည် ထည့်ပါတယ်။ မြင်ရတာနဲ့တင် ကျဲတောက်နေတဲ့ မုန့်ဟင်းခါးပန်းကန်ကို ကြည့်ပြီး နည်းနည်းတော့ စိတ်လေသွားပါတယ်။ ထားတော့လေ… ကြက်ဥနဲ့ငါးဖယ်နဲ့ ဆို အသင့်အတင့်တော့ စားကောင်းမှာပဲ ဆိုပြီး ကောင်တာရှေ့မှာ လာချပေးတဲ့ ပန်းကန်တွေကို ယူမလို့ ကြည့်လိုက်တော့ ကြက်ဥ မပါပါဘူး။ ဆီမပါ ပျားမပါ အရောင် ဖြူရော်ရော်နဲ့ မုန့်ပန်းကန်တွေကို သေချာကြည့်ပြီး သူတို့များ မကြားလိုက်လို့လားဆိုပြီး ကျွန်မက ကြက်ဥနဲ့ ငါးဖယ်နဲ့ ထည့်မှာနော်လို့ ထပ်ပြောတော့ အဲဒီလူငယ်က အသုပ်နယ်နေတဲ့ အမျိုးသမီးကို ကြောင်တောင်တောင်နဲ့ လှမ်းကြည့်ပါတယ်။ အမျိုးသမီးက အိုးကြက်ဥတွေက အိုးထဲမှာလေ လို့ပြောတော့ ကျွန်မတို့ မုန့်ပန်းကန်တွေကို ပြန်ယူပါတယ်။ ဟင်းရည်အိုးကို အတန်ကြာမွှေအပြီးမှာ ပန်းကန်ထဲကို ကြက်ဥ တစ်လုံးစီ ထည့်လိုက်ပါတယ်။ ညင်ညင်သာသာ မဟုတ်ပဲ ခပ်လှမ်းလှမ်းကနေ ပစ်ထည့်သလို ဖြစ်တာမို့ ဟင်းရည်တွေ စင်ပြီး ပန်းကန်ပတ်ပတ်လည်မှာ အတော်လေး ပေပွသွားတာကို စိတ်မသက်မသာစွာ တွေ့လိုက်ရပါတယ်။
အကြောင်းသိနေတဲ့ ကျွန်မ အမျိုးသားက မျက်နှာရိပ် မျက်နှာကဲနဲ့ ဘာမှ မပြောဖို့ အချက်ပြပါတယ်။ ကျွန်မ ဘာမှ မပြောပါဘူး။ ဒီလိုပဲ အကြောင်သား ငေးကြည့်နေရင်းက ကောင်တာရှေ့ကို ပြန်ရောက်လာတဲ့ မုန့်ဟင်းခါး နှစ်ပန်းကန်ကို ကြည့်ပြီး ငါးဖယ်ရော လို့ မေးလိုက်တော့ ခုနက လူရွယ်က အော်… ဆိုပြီး ပန်းကန်တွေကို ပြန်ယူပါတယ်။ ပြီးတော့ မှန်စင်ကလေးထဲမှာ အခြားဟင်းလျာတွေနဲ့ အတူ လှမ်းမြင်နေရတဲ့ ငါးဖယ်ကြော်ပန်းကန်ထဲက ငါးဖယ်တစ်ခုကို ယူပြီး မုန့်ဟင်းခါး ပန်းကန်ထဲ အချပ်လိုက် ထည့်လိုက်ပါတယ်။
ကျွန်မ ပါးစပ်က "ငါးဖယ်က အချပ်လိုက် ထည့်ရတာလား" ဆိုတဲ့ စကား ချက်ချင်း ထွက်သွားပါတယ်။ အဲဒီတော့ ခုနထဲက ပြင်နေဆဲ အစုံသုပ်ဇလုံကို ကိုင်လျက်သား အမျိုးသမီးက ဟဲ့ ငါးဖယ်က ညှပ်ရမှာလေ လို့ ပြောပါတယ်။ ယောင်နနနဲ့ လူရွယ်ဟာ သူ့လက်အိတ်ကို ဘယ်အချိန်က ချွတ်လိုက်မှန်းမသိ… လက်ဗလာနဲ့ ဟင်းရည်တွေထဲကို သုံးပုံနှစ်ပုံလောက် နစ်နေပြီဖြစ်တဲ့ ငါးဖယ်ချပ်ကို နှိုက်ယူမလို့ နည်းနည်းလေးပဲ လိုပါတယ်။ ကျွန်မက "ပန်းကန်ထဲကို လက်နဲ့ နှိုက်မလို့လား" လို့ ခပ်မြန်မြန် လှမ်းအော်လိုက်မိပါတယ်။
ပြင်လက်စ အစုံသုပ်ဇလုံကို လက်တစ်ဖက်က ပိုက်ထားတဲ့ အမျိုးသမီးက ဟဲ့ ဟဲ့ ဇွန်းနဲ့ ခပ်၊ ပြီး အသစ်ယူပြီး ကပ်ကြေးနဲ့ ညှပ် လို့ခပ်ကြိတ်ကြိတ် ပြောလည်း ပြော၊ အားနေတဲ့ လက်တစ်ဖက်နဲ့ ကပ်ကြေးကို လှမ်းပေးတာ တွေ့ရပါတယ်။ အတော်လေး စိတ်တိုနေပြီဖြစ်တဲ့ ကျွန်မကို အမျိုးသားက သွားထိုင်နေတော့ သူ ယူလာခဲ့မယ်လို့ ပြောပါတယ်။ ကျွန်မဘေးက အစုံသုပ် မှာထားတဲ့ မိန်းကလေးနှစ်ယောက်ဆီက အမ မြန်မြန်လေး လုပ်ပေးပါ ဆိုတဲ့ အသံကို ကြားလိုက်ရပါတယ်။ ဟုတ်တာပေါ့ လုပ်နေတာ မပြီးနိုင်တော့ဘူး ကြာလိုက်တာ လို့ စိတ်ထဲက မဆီမဆိုင် တွေးလိုက်မိပါသေးတယ်။
ဒါနဲ့ စားပွဲတစ်ခုခုမှာ သွားထိုင်ဖို့ ဇွန်းနှစ်ချောင်းကို လှမ်းအယူမှာ ငါးဖယ်ကြော် အချပ်တွေ ထည့်ထားတဲ့ စတီးလ်ပန်းကန် နှုတ်ခမ်းပေါ်မှာ တစ်လက်မရဲ့ သုံးပုံတစ်ပုံလောက် ရှိတဲ့ ပိုးဟပ်တစ်ကောင် လမ်းလျှောက်နေတာ တွေ့လိုက်ပါတယ်။ စကားစပ်လို့ ပြောရရင် ကျွန်မ ဘဝမှာ အလွန်အင်မတန် ကြောက်တဲ့ အကောင်ဟာ ပိုးဟပ်ပါ။ မြွေကြောက်တယ်ဆိုတာ မှန်ပေမဲ့ မြွေက နီးနီးနားနားမှာ မကြာခဏ မြင်ရလေ့ရှိတဲ့ အကောင်မျိုး မဟုတ်လေတော့ သူ့ကို ကြောက်ပုံက တစ်မျိုးပါ။ အခု ပိုးဟပ်ကတော့ အဆိပ်မရှိ မကိုက်တတ် သော်လည်း၊ ကိုယ့်အိမ်မှာ မရှိသော်လည်း အိမ်အောက်တွေမှာ မကြာခဏ တွေ့ရတတ်တော့ မကြာခဏ ကြောက်ရ အော်ရ ရှောင်ရ တိမ်းရ ထခုန်ရနဲ့။ တိုက်တွေမှာ ပိုးသတ်ဆေး ဆေးဖြန်းတဲ့နေ့တွေဆို တိုက်အောက်တွေမှာ မြင်မကောင်းအောင် ပြန့်ကျဲနေတဲ့ ပိုးဟပ် အသေတွေ နဲ့ မသေမရှင်ဖြစ်နေတဲ့ လှုပ်စိ လှုပ်စိအကောင်တွေကြားမှာ ကျွန်မ လမ်းလျှောက်စရာ နေရာမရှိ၊ ခြေကို ဘယ်လို လှမ်းရမှန်း မသိအောင် သွေးပျက်တတ်တာပါ။ ရွံတာလည်း ပါမယ် ထင်ပါတယ်။
ဒီတော့ ခုနက စကား ပြန်ဆက်ရရင် ပိုးဟပ်ကို တွေ့တွေ့ချင်း အနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ဘယ်လိုမှ မနေနိုင်၊ ဘာကိုမှလည်း မတွေးနိုင် မမြင်နိုင်၊ ကောင်း မကောင်း သင့်မသင့်လည်း မစဉ်းစားနိုင်တော့ပဲ "အမ အမ ဟိုမှာ ပိုးဟပ် ငါးဖယ်ပန်းကန်မှာ လျှောက်သွားနေတယ်.." ဆိုပြီး ပြောလိုက်မိပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်မ အမျိုးသားက သွားတော့ သွားထိုင်နေတော့ ဘာမှ ထပ်မပြောနဲ့တော့ ဆိုတဲ့ သဘောနဲ့ ကျွန်မကို ဆွဲဖယ်ပါတယ်။ အမျိုးသမီးကတော့ အနည်းလေးမှ တုန်လှုပ်ပုံ မရပါဘူး။ သုပ်လက်စ အစုံသုပ်ဇလုံကို ချပြီး အနောက်ထဲ ဝင်သွားပါတယ် ပြန်ထွက်လာတော့ လက်ထဲမှာ ပါလာတဲ့ တစ်ရှူးနဲ့ ပိုးဟပ်ကိုအုပ်ပြီး ဖယ်လိုက်ပါတယ်။ ရုတ်တရက် မျက်စိကို စုံမှိတ်ထားလိုက်မိတာကြောင့် သူ အင်အားသုံး၊ ဖိညှစ်ပြီး ကိစ္စတုံးပလိုက်သလား၊ သူများ အသက်ကို သတ်ရင် ငရဲကြီးမှာစိုးလို့ ဖွဖွလေးပဲ ယူဆောင်သွားသလားဆိုတာ ကျွန်မ မသိလိုက်တော့ပါဘူး။
အဲဒီအချိန်မှာ ကျွန်မတို့ရဲ့ မုန့်ဟင်းခါးပန်းကန်နှစ်ခုဟာ အိုးကြက်ဥ နဲ့ ငါးဖယ် ညှပ်ထားတာတွေနဲ့အတူ ကောင်တာရှေ့ကို ပြန်လည်ရောက်ရှိလာပါတယ်။ ဘယ်လောက်ကျလဲ လို့ အမျိုးသားက မေးလိုက်တဲ့ အသံနဲ့ ခုနက အသုပ်ပြင်လက်စ အမျိုးသမီးက နံနံပင် ထည့်မလား ဆိုတဲ့ အသံဟာ တချိန်တည်း အတူတူ ထွက်လာပါတယ်။ အမျိုးသားက ခေါင်းညိတ်ပြလိုက်တဲ့ အခါ ခုနက လက်အိတ်စွပ်ထားတဲ့လက်၊ လက်အိတ်စွတ်လျက်သားနဲ့ တစ်ရှူးကိုကိုင်ပြီး ပိုးဟပ် ဖမ်းလိုက်တဲ့ လက်၊ အဲဒီလက်နဲ့ပဲ နံနံပင်ကို ကိုင်ယူပြီး ပန်းကန်ထဲ ထည့်ပေးလာတာ ဖြစ်ပါတယ်။
ကျွန်မ ပန်းကန်ရော နံနံပင်ထည့်မလား ဆိုတဲ့ အမူအယာနဲ့ လက်ရွယ်လိုက်တဲ့အခါ ကျွန်မက မထည့်ဘူး လို့ ခပ်မြန်မြန် ပြန်ပြောလိုက်ပါတယ်။ ပြီးတော့ မုန့်တစ်ပွဲ ငါးကျပ်ခွဲနဲ့ နှစ်ပွဲကို ဆယ့်တစ်ကျပ် ကျပါတယ် ဆိုတဲ့ အသံကိုကြားပါတယ်။ (((တကယ်ကို ဆယ့်တစ်ကျပ် ကျတာပါ))) အမျိုးသားက ပိုက်ဆံပေးပြီး ပန်းကန်တွေကို စားပွဲတစ်ခုဆီ သယ်လာပါတယ်။ ကျွန်မလည်း ဇွန်းနှစ်ချောင်းကို လက်က ကိုင်ရက်သား၊ အူကြောင်ကြောင်နဲ့ စားပွဲမှာ ဝင်ထိုင်လိုက်ပါတယ်။
စားပွဲပေါ်က မုန့်နှစ်ပွဲကို ကြည့်ပြီး ဘာစကားမှ မပြောနိုင်တဲ့ ကျွန်မကို အမျိုးသားက တခဏတော့ ကြည့်နေပါသေးတယ်။ ပြီးတော့မှ လာ လာ ဒီတိုင်း ထားခဲ့လိုက်တော့ တခြားဟာ သွားစားကြမယ် လို့ ပြောပါတယ်။ ပြီးတော့ သူက ဆက်ပြောတယ်… "ဘာမှ မလုပ်နဲ့ ဘာမှလည်း မပြောနဲ့တော့၊ ဒီတိုင်းလေး အသာလေးပဲ ထားခဲ့လိုက်၊ သွားလည်း လှည့်ကြည့်မနေနဲ့တော့… (ကျွန်မက လမ်းဖက်မျက်နှာမူပြီး အရောင်းကောင်တာကို ကျောခိုင်း ထိုင်နေတာပါ) ဘာမှ သွားမပြောနဲ့တော့နော်..." လို့ တတွတ်တွတ် ပြောပါတယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက် ရဲရင့်ဆိုင်ထဲကနေ ထ ထွက်လာခဲ့ပါတယ်။ တစ်ခုခုပြောခဲ့ချင်ပေမဲ့ ကျွန်မကိုယ်တိုင်လည်း ဘာပြောရမှန်းကို မသိ၊ ပြောစရာ စကားကို ရှာလို့မရတော့တာပါ။ စိတ်ထဲမှာတော့ မဖြစ်မနေု ပြောချင် ဆိုချင် ရှိနေတာ၊ ပြောကို ပြောရမှဖြစ်မှာမို့ ဘယ်လိုမှ မနေနိုင်ပဲ ဒီစာကို ချရေးဖြစ်ပါတယ်။ မှတ်တမ်းအဖြစ် ဓါတ်ပုံလေးရိုက်ခဲ့ဖို့ကိုတော့ ထွက်လာပြီးမှ သတိရတယ်။
နောက်ကို စနေ တနင်္ဂနွေ မနက်တွေမှာ အစောကြီး အိပ်ရာနိုးနေတတ်ပြီး စားနေကျ ပေါင်မုန့်တွေ ကော်ဖီတွေကို ပုန်ကန်၊ မြန်မာပြည် အလွမ်းပြေ ဆိုင်မှာထိုင်ပြီး မုန့်ဟင်းခါးလေး စားချင်၊ လဖက်ရည်လေး သောက်ချင် ဖြစ်နေတတ်တဲ့ ကျွန်မ အမျိုးသားရဲ့ ချင်ခြင်းတွေ ဒီနေ့ကစပြီး တကြောပြတ်သွားလောက်ပြီ ထင်တာပါပဲ။
သက်ဝေ
(၂၉ နိုဝင်ဘာ ၂၀၁၄)
မြင်တွေ့သမျှ ပြောပြပါမည် (၁)
မြင်တွေ့သမျှ ပြောပြပါမည် (၂)
မြင်တွေ့သမျှ ပြောပြပါမည် (၃)
တီတင့်လဲ တူညီတဲ့အပြုအမူကို ထပ်တူလုပ်မိမှာ အသေအချာ ....
ReplyDeleteရှောင်သင့်တဲ့နေရာလေး အသိပေးလို့ ကျေးဇူးပါ မသက်ရေ။
စင်္ကာပူမှာ မနေဖူးပေမယ့် မြန်မာအစားအသောက်ဆိုရင် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ စေတနာလေးပါ ထည့်ရောင်းကြ ရင်ကောင်းမှာ။ ခုတော့ မြန်မာအငွေ့အသက်ကို လွမ်းတဲ့သူတွေအဖို့ ဈေးကြီးလဲပေးရသေး အရသာကမဲ့နဲ့ တော်တော်စိတ်ပျက်သွားမှာပဲ.. အစ်မသက်
ReplyDeleteDo you mind if I share on Facebook?
ReplyDeleteI'll be more than happy if you do so... Thanks.
Deleteအမသက်.. အောက်ထပ်က ရနံ့သစ်ကမုန့်ဟင်းခါးကောင်းတယ် မ။ ဟင်းပန်းကန်မှာပေပွနေတာမျိုးတခါမှတော့ မကြုံဘူးသေးဘူး
ReplyDeleteဆယ့်တကျပ်...ကြက်ဥ ငါးဖယ်..နံနံပင်...ပိုးဟပ် ...မုန့်ဟင်းခါး
ReplyDeleteမျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်လို့
ဆယ့်တကျပ် မတန်လိုက်တာ အမရယ်...
ပစ်ဆိုလည်း ချက်ချင်းထထွက်ခဲ့မှာသေချာတယ်..
ဟုတ်တယ်အမရယ်.. ဈေးဒီလောက်သတ်မှတ်လို့ မနက်စာကို ပုံမှန်နေ့လည်စာထက်တောင် ပေးပြီး စားကြတာ။ သန့်သန့်ရှင်းရှင်းနဲ့ စားသုံးသူကို ဂရုစိုက်ပေးတဲ့ service လေးတော့ ပြန်လိုချင်တယ်.
ReplyDelete