Thursday, May 28, 2015

သာတဲ့ ပုဂံမြေ (၅)

 ရွှေဆံတော် ဘုရားကနေ ပြန်တော့ ကန်တော့ပလ္လင် (ဂေါတော့ပလ္လင်) ဘုရားကို သွားဖူးဖြစ်ပါတယ်။ အလောင်းစည်သူမင်းလက်ထက်က မိဘ ဘိုးဘွားတွေကို ကန်တော့ရာနေရာမှာ တည်ထားကိုးကွယ်ခဲ့တာဖြစ်လို့ ကန်တော့ပလ္လင် လို့ဆိုကြရာက နောင် ကာလရွေ့လျောလာတဲ့အခါမှာ ဂေါတော့ပလ္လင်လို့ ခေါ်တွင်ကြကြောင်း သိရပါတယ်။
ထုထည်ကြီးမားပြီး ဥာဏ်တော် ပေတရာ့ရှစ်ဆယ်ခန့် အမြင့်ရှိတဲ့ ဂေါတော့ပလ္လင် လှိုဏ်ဂူတော်ဘုရားကြီးဟာ နရပတိစည်သူမင်းကြီးရဲ့ ကောင်းမှုတော်ဖြစ်ပြီး စေတီတော် တည်ထားကိုးကွယ်စဉ်အတွင်း နရပတိစည်သူမင်း ကံတော်ကုန်သွားတဲ့အခါမှာ သားတော် နားတောင်းများမင်းက ဆက်လက်တည်ထား ကိုးကွယ်ခဲ့တယ်လို့ သိရပါတယ်။
ဘုရားဖူး ဓါတ်ပုံရိုက်ပြီးမှာ မှောင်ရီပျိုးလာပါတယ်။ ဟိုတယ်ကို ပြန်နား၊ ရေချိုး အ၀တ်အစားလဲ ပြီး ညစာစားဖို့ ပြင်ဆင်ကြပါတယ်။ ဒီည ညစာကိုတော့ အပြင်မထွက်ပဲ ဟိုတယ်မှာပဲ စားမယ်လို့ စီစဉ်ထားပါတယ်။ အကြောင်းကတော့ ပုဂံသံတဲဟိုတယ်ရဲ့ ညစာစားချိန်မှာ ဖျော်ဖြေရေးအစီအစဉ်တွေထဲက တခုဖြစ်တဲ့ ရုပ်သေးအကကို သားကို ပြချင်လို့ပါ။ ဖျော်ဖြေရေးအစီအစဉ် ပထမပိုင်းမှာ တေးသံရှင်တဦးက သာယာငြိမ့်ငြောင်းတဲ့ စောင်းလက်သံနဲ့အတူ တေးသီချင်းများ သီဆိုဖျော်ဖြေပါတယ်။
ဒါကတော့ ရုပ်သေးအကပါ။ စားရင်းသောက်ရင်း ဖုန်းနဲ့ ရိုက်လာတာမို့ ပုံက သိပ်မကောင်းပေမဲ့ အမှတ်တရပေါ့။
နောက်တနေ့ မနက်ပိုင်းမှာ ထန်းရည်သောက်ချင်တယ်၊ ထန်းတောတွေကို ဓါတ်ပုံရိုက်ချင်တယ် ဆိုလို့ ထန်းတောတွေဆီကို သွားကြပါတယ်။ စီတန်း ညီညာပြီး သိပ်လှတဲ့ ထန်းတောတွေရဲ့ အလှကို ကင်မရာနဲ့ ဘောင်ခတ်လိုက်တဲ့အခါမှာ အကန့်အသတ်နဲ့ လှရတာမို့ ပုံတွေကို စိတ်တိုင်းမကျသလို ခံစားရပါတယ်။ ဒါနဲ့ ဓါတ်ပုံ သိပ်များများ မရိုက်တော့ပဲ ကင်မရာ ဘေးချပြီး သဘာဝအလှတွေကို တမေ့တမောသာ ငေးကြည့်နေမိတော့တယ်။
လမ်းမတလျှောက်မှာ အညာလက်ဆောင် လို့ ရေးထားတဲ့ ဆိုင်းဘုတ်အတော်များများနဲ့ အိမ်ဆိုင်လေးတွေ တန်းစီနေတာ တွေ့ရပါတယ်။
ဒီဆိုင်လေးမှာ ထန်းရည်အချိုကိုသောက်ရင်း ခဏထိုင်ဖြစ်တော့ အချိန်တိုင်း လူပြည့်နေတဲ့၊ တခုခုစားဖို့ဆို ထိုင်စရာနေရာ တနေရာ အရင်ရှာရတဲ့၊ တိုကင်နံပါတ်ယူပြီး နာရီနဲ့ချီအောင် တန်းစီစောင့်ဆိုင်းရတဲ့ စင်္ကာပူက အလွန်နာမည်ကြီးသော၊ တော်ရုံ နာမည်ကြီးသော၊ နာမည်မကြီးသော၊ အဆင့်အတန်း အမျိုးမျိုးသော စားသောက်ဆိုင်တွေကို ချက်ချင်း သတိရမြင်ယောင်မိပါတယ်။ အင်း……
ထန်းတောတွေ တဖက်တချက် ကာရံနေတဲ့ အဲ့ဒီလမ်းမတလျှောက်မှာ အခုလို လက်တွေ့ ဆီကြိတ်ပြနေတဲ့ ဆီဆုံတွေကိုလည်း တော်တော်များများ တွေ့ခဲ့ရပါတယ်။ ထန်းရည်၊ ထန်းလျက်၊ ထန်းရည်ကနေ ချက်တဲ့ မီးတောက်အရက် တွေအပြင် အဲဒီဆီဆုံတွေကလည်း ခရီးသွားတွေကို စိတ်ဝင်စားစရာတခုအနေနဲ့ ဆွဲဆောင်ပါတယ်။ မြေပဲဆန် ငါးပြည်ကို လေးနာရီလောက် ကြိတ်မှ ဆီ နှစ်ပိဿာလောက်ပဲ ရတယ်လို့ သိရပါတယ်။ အခုလိုဆိုတော့လည်း ဒီခေတ်ကြီးထဲမှာ ကျွန်မတို့တွေ မြေပဲဆီစစ်စစ် မစားရတာ ဘာများဆန်းသလဲလို့ ငေါ့တော့တော့ တွေးမိပါတယ်။ စားအုန်းဆီတွေနဲ့ ရောရိရောရာ ဆီတွေကို ပေါပေါများများ စားသုံးပြီး လူတွေ ရောဂါပေါင်းစုံ ရနေကြတာတွေကို ဆက်တွေးမိတော့ အတွေးစကို အဲဒီနေရာမှာပဲ မြန်မြန်ဖြတ်ရပါတယ်။ အားလပ်ရက် အပန်းဖြေခရီးမှာ မေ့ထားသင့်တာတွေကို မေ့ထားတာ အကောင်းဆုံး မဟုတ်လား။
ဒါကတော့ ထန်းလက်နဲ့ လုပ်ထားတဲ့ ဗူးကလေးတွေပါ။ ထန်းလျက်ခဲ ၀ယ်ရင် အဲဒါလေးတွေနဲ့ ထည့်ပေးပါတယ်။ ချစ်စရာလေးတွေနော်… နာမည်ကျော် LV အိတ်အဆင် လေးထောင့်ကွက်လေးတွေဟာ ဒီ အိတ်ကို တွေ့ပြီး အတုယူထားသလားလို့ ပေါက်ပေါက်ရှာရှာ တွေးမိတော့ ကိုယ့်အတွေးကို ကိုယ့်ဟာကိုယ် ရယ်လိုက်ရတာ။
အပြန်ခရီးတို့ရဲ့ ထုံးစံအတိုင်း အလာတုန်းကရှိနေခဲ့တဲ့ ပေါ့ပါးတက်ကြွမှုနဲ့ လန်းဆန်းပျော်ရွှင်မှုတွေ နည်းနည်း ရော့သွားပါတယ်။ မိုင်တိုင်တွေ တတိုင်ပြီး တတိုင် ဖြတ်ကျော်လာခဲ့တာ… လမ်းဘေးက မြင်ကွင်းတွေ တရိပ်ရိပ်နဲ့ ကျန်ခဲ့တာ… အတွေးထဲမှာတော့ သိပ်မကြာခင် နောက်တခေါက် ရောက်အုံးမှာပေါ့လေ လို့ တွေးရင်း သာတဲ့ ပုဂံမြေဟာ တဖြေးဖြေးနဲ့ ဟိုးဝေးဝေးမှာ ကျန်နေရစ်ခဲ့ပါတော့တယ်။

အခု Bonus အနေနဲ့ နေပြည်တော်မှာ ဖူးခဲ့ရတဲ့ ဘုရား နှစ်ဆူနဲ့ နေပြည်တော်တ၀ိုက်က မြင်ကွင်း ဓါတ်ပုံတွေ တင်လိုက်ပါတယ်။

ဥပ္ပါတသန္တိစေတီတော်ကို ညနေ နေ၀င်ရီတရောမှာ ဖူးတွေ့ရတဲ့ပုံပါ။
အဲဒီစေတီရဲ့ အတွင်းနံရံတွေမှာ ပန်းချီဦးဘကြည်ရဲ့ လက်ရာ ရုပ်စုံဗုဒ္ဓ၀င်တွေကို စကျင်ကျောက်နဲ့ ထွင်းထုထားတာ တွေ့ခဲ့ရပါတယ်။ အင်မတန်မှ လက်ရာမြောက်ပါတယ်။ ဒါကတော့ သားတော် ရာဟုလာ ဘုရားရှင်ဆီက အမွေတောင်းနေတဲ့ ပုံလေးပါ။
ဒါကတော့ မဟာဗောဓိစေတီတော်ပါ။ ဗုဒ္ဓဂယာက မဟာဗောဓိစေတီတော်ပုံကို ကူးယူပြီး တည်ထားကိုးကွယ်တယ်လို့ သိရပါတယ်။ နေပြည်တော်ရဲ့ ဗုဒ္ဓဂယာ လို့လည်း ခေါ်ကြပါတယ်။
ဒါကတော့ မဟာဗောဓိစေတီတော်ရဲ့ ရင်ပြင်တနေရာပါ။ ဒီဘုရားကို သွားရောက်ဖူးမျှော်မယ်ဆိုရင် ယောက်ျားလေး မိန်းကလေး လူကြီး လူငယ်မှန်သမျှ ဘောင်းဘီတွေ စကပ်တွေ ဝတ်လို့မရပါဘူး။ မဖြစ်မနေ လုံချည်ဝတ်ရပါတယ်။ လုံချည်မပါသွားရင် ငှားဝတ်လို့ရတဲ့ နေရာလေးလည်း ရှိပါတယ်။
နေပြည်တော် ဘူတာရုံ
ပြည်သူလူထုရဲ့ မေတ္တာခံယူတဲ့ နာမည်ကျော် ဗိုလ်ရှုခံ
မြန်မာနိုင်ငံရဲ့ အကျယ်ဆုံး ဆယ်လမ်းသွား လမ်းမကြီး...
နေပြည်တော်မှာရှိတဲ့ ဟိုတယ်တွေထဲက အကြီးဆုံး ဟိုတယ်လို့ ပြောကြတယ်။ နာမည် မမှတ်မိတော့ပါ။
ဒါကတော့ တနေ့ကမှ နေပြည်တော် လမ်းညွှန်မြေပုံကို ကြည့်ရင်း အမှတ်မထင် တွေ့မိတာလေးပါ။ National Landmark Garden တဲ့။ မြန်မာနိုင်ငံ မြေပုံလေး လုပ်ထားတာ ကြည့်ပြီး စိတ်ထဲ သဘောကျနေတယ်။
ဘလော့ခေတ် အလွန်မှေးမှိန်နေတဲ့ အချိန်မှာ ပုဂံပိုစ့်ကို လာဖတ်တဲ့၊ ဓါတ်ပုံတွေ လာကြည့်တဲ့ မိတ်ဆွေတွေ တယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

သက်ဝေ
(၂၈ မေ ၂၀၁၅)

12 comments:

  1. ဘလော့မရေးဖြစ်တော့ပေမယ့် သံယောဇဉ်မပြတ် လာလာဖတ်လျက်ပါပဲလို့...း)

    ReplyDelete
  2. "မိတ်ဆွေတွေ တယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။" တဲ့... ခိခိ...ဖယူဖယူကြော်တိန်းလေသံနဲ့ပါလား...စိတ်မဆိုးမှန်းသိလို့ ချစ်လို့စတာပါရှင့်..။

    ReplyDelete
  3. Thanks Ma Thet Wai. There are many people still reading blog and please dont stop writing. We dont like FB.

    ReplyDelete
  4. ကျေးဇူး အကြီးကြီး တင်ပါတယ် အမသက်ဝေ။
    ပုံတွေလဲကြိုက် စာတွေလဲ သဘောကျ။
    အချိန်တိုင်းလူပြည့်နေပြီး အကြာကြီး တန်းစီရတဲ့ စင်္ကာပူကစားသောက်ဆိုင်ဆိုတာလဲ ကိုယ်တိုင်ကြုံဖူးလို့ သိရပြီ။ :)
    ပုဂံရောက်တုန်းက ထန်းရည်ချို မသောက်ခဲ့ရဘူး။ ခွက်ကလေးတွေနဲ့ တိုက်နေတာ သူများတွေသောက်လို့ ကိုယ်လဲ တခွက်ယူသောက် ကြည့်မိတာ သောက်ပြီးမှ မီးတောက်အရက် ဖြစ်နေမှန်း သိရတယ်။ :D
    ထန်းလက်ဗူးကလေးတွေနဲ့ LV အိတ်ကို နှိုင်းယှဉ်ရေးထားတာဖတ်ပြီး ရယ်လိုက်ရတာ။
    Bonus တွေ အများကြီးရလို့လဲ ဝမ်းသာပါ၏။

    နောက်ထပ်ခရီးတွေသွားရင်လဲ ခရီးသွားပို့စ်လေးတွေ ရေးပါအုံးလို့ ....

    ချစ်တဲ့
    ညီမ
    မေ

    ReplyDelete
  5. ဆွေလေးမွန်May 29, 2015 at 11:54 AM

    ပုဂံဘုရားဖူး ခုထိ မရောက်ဖြစ်သေးဘူး အစ်မသက်ဝေ .. သွားမယ်လို့ အားခဲထားပေမယ့် မရောက်ဖြစ်သေး. ခုလိုဓာတ်ပုံတွေ ဝေေ၀ ဆာဆာနှင့်တွေ့ရပြန်တော့ အတော်သွားချင်တယ် ကွယ်.. :) :)

    ReplyDelete
  6. အစ်မ သက်ဝေ ညီမ အစ်မဘလော့ကို အမြဲလာတယ် ကျေးဇူးလည်းတင်တယ် ဘလော့အများစုဆက်မရေးတော့တာကိုစိတ်မကောင်းဘူး
    ခင်တဲ့
    ညီမလေး
    ရဲရဲ

    ReplyDelete
  7. မသက်ရေ... တင်ခဲ့သမျှ ပုဂံမြေနဲ့အတူ ဝေေ၀ဆာဆာဓာတ်ပုံတွေအားလုံး ကော်ပီခွင့်ပြုပါနော်... အခုမှခွင့်ပြုချက်တောင်းမိတယ် ... :)

    ReplyDelete
  8. မြန်မာပြည်ကို ပြန်လည်ဖြစ်ရင် ပုဂံဘုရားသွားမဖူးခင် ကြိုပြီး သိနေအောင် မသက်ဝေပို့စ်ငါးခုစလုံး လာဖတ်ပြီးမှ သွားလို့ရပြီ။

    ReplyDelete
  9. ခရီးသွားပို့ စ်လေးတွေ သွားဖြစ်ခဲ့ရင် ထပ်တင်အုန်းနော်။
    အထက်ပိုင်းကတစ်ယောက်ရေးသလို ကိုယ်တို့ လို ဘလော့အမြဲဖတ်နေတဲ့သူတွေရှိနေပါတယ်။
    ဖဘ ဟာဗြောက်သောက်ဆန်လွန်းတယ်။
    ကြုံရာလူဝင်လာပြီး
    ဘာမဆိုင်ညာမဆိုင်ဆဲတဲ့သူကဆဲ
    ဆရာကြီးလုပ်တဲ့သူကလုပ်နဲ့ ။
    ဘလော့ကတော့ စာပေနဲ့ ဝါသနာပါရာ အကြောင်းအရာလေးတွေနဲ့ 
    ရိုးရိုးလေးနဲ့ ခန့် နေတဲ့နေရာမို့ ဖတ်နေမှာပါ။
    အိုင်အိုရာ

    ReplyDelete
  10. I've never been to Bagan, I wish I can go ther one day with my family.
    Thanks for amazing photos.

    ReplyDelete
  11. မရောက်ဖူးသေးဘူး... သွားချင်နေမိတယ်...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...