Thursday, January 7, 2016

ပြန့်ကျဲနေသော အက္ခရာများ

အစိမ်းရောင် Scrabble အိတ်တစ်လုံးထဲ အေ ဘီ စီ ဒီ စာလုံးတွေ ပေါင်းစု ရောနှောနေသလို အဲဒီနေရာကို အားလုံး တချိန်တည်းမှာ အတူတူ တစုတဝေးထဲ ရောနှော ရောက်ရှိလာခဲ့ကြ။
အဲဒီနေရာ…
လှပခန့်ညားတဲ့ လေးထောင့်တိုင်ကြီး ဆယ့်ရှစ်တိုင်၊ စွယ်တော်ပင်နဲ့ ခရေပင်တန်း၊ ကျောင်းရှေ့က အစိမ်းရောင် မြက်ခင်းကျယ်၊ ဦးလူပေါဂိတ်နဲ့ ပစ္စည်းမဲ့ဂိတ်၊ အဆောက်အဦးနံပါတ် တစ် နှစ် သုံး လေး ငါး ခြောက် ခုနှစ် ရှစ်၊ အဝါနုရောင် ကျောင်းဆောင်တွေနဲ့ ဂျီဟောသူ၊ တစ်နှစ်မှ တစ်ခါ စိတ်ပါလက်ပါ ဖွင့်လေ့ရှိတဲ့ ကျောင်းရှေ့က ရေပန်းနဲ့ ကားရပ်နားရာ နေရာထိပ်က စကားပွင့်ကြွေတွေ၊ ဘယ်သူ လျှောက်လျှောက် ဘယ်အချိန်မဆို လက်ခုတ်သံ ညံတဲ့ သြဘာလမ်း၊ ပုံဆွဲချိန်နဲ့ တီစကွဲတွေ ငှားရတဲ့ ဂိုထောင်၊ လွှတိုက် တူထု ဂဟေဆော် ပျော်စရာ လက်တွေ့အချိန်တွေ၊ ၁-၃/၂၇၊ ၈-၁/၁ နဲ့ မိန်းကလေးများ နားနေဆောင်၊ တူးတူးရဲ့ ခုနှစ့်ဆယ့်ငါးရာခိုင်နှုန်းနဲ့ ကျောင်းသားရေးရာ၊ နွေးအေးက ကိုအောင် ကိုဇော်နဲ့ စတော်ဘယ်ရီလက်ဖျော်၊ ချစ်သူဘဝ အတည်ပြုစရာ Lovers’ Lane၊ တစ်လတစ်ကြိမ် အသစ်လဲတဲ့ ကာတွန်းဘောက်စ်၊ ဂဏန်းပေါင်းစက် မဲနှိုက်ရတဲ့ ကျောင်းထိပ်က စာအုပ်ဆိုင်၊ မတ်လ ဆယ့်သုံး နဲ့ ဘုန်းမော်၊ ကျောင်းပိတ်ရက်ရှည်တွေနဲ့ အစိမ်းရင့်ရောင် သံဇကာကွက်တွေ၊ တိုးတိုးပြောပါ ဆူညံခြင်းမပြုရ စာတမ်းတွေနဲ့ ကျောင်းစာကြည့်တိုက်၊ ဝါသနာ စေတနာ အနစ်နာ နာသုံးနာနဲ့ အတိပြီးတဲ့ ဆရာ ဆရာမတွေရဲ့ စာသင်ချိန်၊ ပြီးတော့ မေ့ပစ်ဖို့ အလွန်ခဲယဉ်းတဲ့ နာရီတွေ၊ နေ့စွဲတွေ၊ ခုနှစ် သက္ကရာဇ်တွေ၊ အိတ်အစိမ်းရောင်ထဲမှာ သူ့အလိုလို တွယ်ရစ် ချည်နှောင်ပြီးဖြစ်တဲ့ အဖြူရောင် သံယောဇဉ်ကြိုးတွေ နဲ့ ဘယ်တော့မှ မဆုံးနိုင်တဲ့ စွယ်တော် အိပ်မက်ရှည်တွေ။

အချိန်တန်တော့ အိတ်အစိမ်းရောင်ထဲကနေ အေ ဘီ စီ စာလုံးတွေကို မှောက်သွန်ချလိုက်သလို အားလုံး တစ်ယောက် တစ်နေရာစီ ဟို ဒီ တစစီ ဝေးကွာ ပြန့်ကျဲကုန်ကြ၊ တချို့က ပျော်ရာမှာ နေကြ၊ တချို့က တော်ရာမှာ နေကြရ၊ တချို့တွေကတော့ စာလုံးတွဲတွေလို မခွဲပဲ တတွဲတွဲ ရှိမြဲ ရှိနေကြ။ အားလုံး အတူတူ တစုတဝေးထဲ ပြန်ဆုံနိုင်ဖို့ အခွင့်အရေးတွေ ခက်ခဲ ရှားပါးကုန်ကြ။ ခေတ်စာမျက်နှာတွေပေါ်မှာ ရံဖန်ရံခါ တွေ့ကြဆုံကြ ပြောဆို ရယ်မောကြ တခါတခါ ငြင်းကြခုန်ကြ ရန်ဖြစ်ကြ။ ဘယ်လိုအခြေအနေမျိုးရောက်ရောက် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ဝေးဝေး မဆုံးနိုင်တဲ့ စွယ်တော်အိပ်မက်ရှည်တွေကို စိတ်ပါလက်ပါ ဆက်မက်နေကြ။ အားလုံးရဲ့ ဆင်တူအိပ်မက်တွေက အိတ်အစိမ်းရောင်ထဲကို - ခဏလောက်ဖြစ်ဖြစ် - တစုတဝေးထဲ ပြန်ဝင်နိုင်ဖို့ ဖြစ်နေခဲ့ကြ။ အဲဒီအိပ်မက်တွေ လက်တွေ့ အကောင်အထည်ဖေါ်နိုင်ဖို့ စုဝေးကြ တိုင်ပင်ကြ အားထုတ်ကြိုးပမ်းကြ။ နှင်းတွေဝေနေတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ အိတ်အစိမ်းရောင်ထဲကို ရောက်ရာအရပ်က မဆိုင်းမတွ ပြန်လာဖို့ ကိုယ်စီကိုယ်ငှ ကြိုးစားခဲ့ကြ။

ဒီလိုနဲ့ ဒီနေ့မှာ…
အားလုံး အတူတူ ပြန်လည်ဆုံတွေ့ကြ။
ရန်ကုန်စက်မှုတက္ကသိုလ်ဆိုတဲ့ ခေါင်းစည်းအောက်က အစိမ်းရောင် အိတ်ကလေးတစ်လုံးထဲကို အေ ဘီ စီ ဒီ စာလုံးလေးတွေ တစ်ခုချင်း ပျော်ရွှင်စွာ တိုးဝင်ခဲ့ကြ။ အနှစ်နှစ်ဆယ် ဝေးနေခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ ဆရာ ဆရာမတွေ အားလုံး တစုတစည်းထဲ ပြန်လည်ဆုံတွေ့ခဲ့ကြ။ သိပ်ပျော်တယ် ဆိုတဲ့စကားကို ကျောင်းဝင်းတခုလုံး ပဲ့တင်ထပ်အောင် ကျယ်ကျယ်လောင်လောင် ပြီးတော့ ကြည်ကြည်နူးနူး ရေရွတ်ခဲ့ကြ။ စွယ်တော်အိပ်မက်ရှည်သီချင်းကို အားလုံး သံပြိုင် သီဆိုခဲ့ကြ။

သက်ဝေ
(၀၁ ဒီဇင်ဘာ ၂၀၁၅)


- ၂၀၁၅ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများ အာစရိယ ပူဇော်ပွဲ အမှတ်တရ ထုတ်ဝေတဲ့ စာအုပ်အတွက် ရေးပါတယ်။

2 comments:

  1. N ဆိုတဲ့ စာလုံးတစ်လုံးကလည်း T ပြန်ပြောပြတဲ့ အိတ်အစိမ်းရောင်ထဲက စာလုံးတွေရဲ့ ဖြတ်သန်းမှုကို လာငေးသွားတယ်...။

    ReplyDelete
  2. kyit tae so dar htet po kyit tae..

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...