လွန်ခဲ့တဲ့ သုံးလလောက်ကစပြီး ညစာစားပြီးချိန်တွေမှာ ကျွန်မတို့နှစ်ယောက် လမ်းလျှောက်ဖြစ်တယ်။ အချိန်ရှိရင် ရှိသလို နာရီဝက် မိနစ်လေးဆယ်၊ တချို့နေ့တွေဆို တစ်နာရီလောက်ပေါ့။ လမ်းလျှောက်တယ်ဆိုတဲ့နေရာမှာလည်း အားကစားဝတ်စုံတွေဘာတွေ အကျအနဝတ်၊ ရှူးဖိနပ်တွေ၊ ခေါင်းစည်း လက်ပတ်တွေနဲ့ အထူးတလည် ပြင်ဆင်ပြီး လျှောက်တဲ့ လျှောက်နည်းမျိုး မဟုတ်ဘူး။ ဒီလိုပဲ အိမ်နေရင်း အဝတ်လေးနဲ့ ခြေညှပ်ဖိနပ်အပါးလေးစီးပြီး စကားတပြောပြောနဲ့ အညောင်းပြေ၊ အပျင်းပြေ လျှောက်ကြတာ။ အစပိုင်းကတော့ ကျွန်မတို့နေတဲ့ အိမ်နားပတ်ဝန်းကျင် ကားလမ်းဘေး ပလက်ဖေါင်းမှာ ပတ်လျှောက်ကြတယ်။ ဒါပေမဲ့ လမ်းပေါ်မှာ ဥဒဟို ဖြတ်သန်းသွားလာနေတဲ့ ကားသံတွေ ဆူညံတာ၊ လမ်းသွားလမ်းလာတွေကို ရှောင်တိမ်းရတာ၊ ပလက်ဖေါင်းပေါ်မှာ အသံမပေး ဘာမပေး၊ အရှိန်ပြင်းပြင်းနဲ့ မောင်းချလာတတ်တဲ့ စက်ဘီးတွေရဲ့ ရန်ကို စိုးရိမ်ရတာ… စတာတွေကြောင့် မလှမ်းမကမ်းမှာရှိတဲ့ Park Connector Network (PCN) လမ်းကလေးမှာ သွားလျှောက်ကြတယ်။ အိမ်ကနေ အဲဒီလမ်းကလေးကို မီတာ ရှစ်ရာ လောက် လျှောက်ရတယ်။
လမ်းကလေးကိုရောက်ရင်တော့ ကိုယ်ဘယ်လောက် လျှောက်သလဲ ဆိုတာ မှတ်လို့ရသွားပြီ။ လမ်းပေါ်မှာ မီတာ အမှတ်အသားလေးတွေကို မီတာ နှစ်ရာခြား တစ်ခါ ဆေးအဝါနဲ့ ရေးထားတယ်။ လမ်းကလေး အစကနေ အဆုံးကို မီတာ နှစ်ထောင့်လေးရာ ရှိတယ်။ ကျွန်မတို့ကတော့ အများဆုံး မီတာ ၁၆၀၀ အထိ လျှောက်ပြီး ပြန်လှည့်ကြတယ်။ ဒီတော့ အသွား ၁၆၀၀၊ အပြန် ၁၆၀၀ စုစုပေါင်း ၃၂၀၀ ဆိုတော့ ၃.၂ ကီလိုမီတာ။ အိမ်ကနေ လမ်းကလေးရောက်အောင် လျှောက်ရတာက အသွားအပြန်ဆို မီတာ ၁၆၀၀ ရှိတော့ အားလုံးပေါင်းလိုက်ရင် ငါးကီလိုမီတာ နီးပါးလျှောက်ဖြစ်တာပေါ့။ ထမင်းစားပြီးချိန် အညောင်းပြေ အေးအေးဆေးဆေးလျှောက်ကြတာမို့ အဲဒီလို အပြည့်လျှောက်မယ်ဆို တစ်နာရီလောက် ကြာတယ်။
လမ်းကလေးကိုရောက်ရင်တော့ ကိုယ်ဘယ်လောက် လျှောက်သလဲ ဆိုတာ မှတ်လို့ရသွားပြီ။ လမ်းပေါ်မှာ မီတာ အမှတ်အသားလေးတွေကို မီတာ နှစ်ရာခြား တစ်ခါ ဆေးအဝါနဲ့ ရေးထားတယ်။ လမ်းကလေး အစကနေ အဆုံးကို မီတာ နှစ်ထောင့်လေးရာ ရှိတယ်။ ကျွန်မတို့ကတော့ အများဆုံး မီတာ ၁၆၀၀ အထိ လျှောက်ပြီး ပြန်လှည့်ကြတယ်။ ဒီတော့ အသွား ၁၆၀၀၊ အပြန် ၁၆၀၀ စုစုပေါင်း ၃၂၀၀ ဆိုတော့ ၃.၂ ကီလိုမီတာ။ အိမ်ကနေ လမ်းကလေးရောက်အောင် လျှောက်ရတာက အသွားအပြန်ဆို မီတာ ၁၆၀၀ ရှိတော့ အားလုံးပေါင်းလိုက်ရင် ငါးကီလိုမီတာ နီးပါးလျှောက်ဖြစ်တာပေါ့။ ထမင်းစားပြီးချိန် အညောင်းပြေ အေးအေးဆေးဆေးလျှောက်ကြတာမို့ အဲဒီလို အပြည့်လျှောက်မယ်ဆို တစ်နာရီလောက် ကြာတယ်။
လမ်းကလေးရဲ့ တစ်ဖက်ဘေးမှာ ရေမြောင်းတစ်ခု ရှိတယ်။ ခန့်မှန်းခြေ ပေလေးဆယ်လောက်ပဲ ကျယ်တာမို့ ကျွန်မတို့က ရေမြောင်း ဒါမှမဟုတ် တူးမြောင်းလောက်ပဲ ခေါ်ချင်တာ၊ ဒါပေမဲ့ သူတို့က River - မြစ် - လို့ အမည်တပ်ကြတယ်။ နည်းနည်းတော့ ရယ်ချင်စရာ ကောင်းတာပေါ့။ နောက်တစ်ဖက်မှာတော့ သစ်ပင်တွေ အများကြီးနဲ့ သစ်တောအုပ်လေးရှိတယ်။ အဲဒီတောအုပ်လေးတလျှောက်မှာ လမ်းမီးတိုင်လေးတွေ တန်းစီနေတာမို့ ညအချိန်ဆိုပေမဲ့ အင်မတန် လင်းလင်းရှင်းရှင်းရှိလှတယ်။ မိုးရွာပြီးခါစ ညနေတွေဆို သစ်ပင်အောက်ခြေမှာ မှိုပွင့်တွေကို တွေ့ရတတ်တယ်။ အဲဒီမြစ်ထဲမှာ ငါးမမျှားရလို့ ရေးထားတဲ့ကြားက ငါးမျှားနေသူတွေကိုလည်း ရံဖန်ရံခါ တွေ့ရတယ်။ ရေစပ်မှာ လမ်းလျှောက်နေတဲ့ ဗျိုင်းတွေကို ဟိုနားတစ်ကောင် ဒီနားတစ်ကောင် တွေ့ရတတ်ပြီး ငှက်အော်သံ အဆန်းတွေကိုလည်း ကြားရတတ်သေးတယ်။
မိုးရွာမယ့်ညနေမျိုးတွေမှာ ကောင်းကင်တစ်ခုလုံး နီနေသလို၊ ကိုရွှေဖါးတွေ အော်နေသံ အမျိုးစုံကို ကြားရပြန်တယ်။ အဲဒီလို ညနေတွေဆို ကျွန်မတို့ မိုးမိမှာစိုးလို့ မီတာတစ်ထောင်လောက်ကနေ ပြန်လှည့်တတ်ကြတယ်။ တရက်ကတော့ ဖားတွေအော်နေတဲ့နေရာကို အဖြတ် ကျွန်မက ဖါးတွေကို ခြောက်လှန့်တဲ့အနေနဲ့ လက်ခုပ် သုံးလေးချက်လောက် ခပ်ကျယ်ကျယ်လေး တီးလိုက်တယ်။ ရုတ်တရက် သူတို့ အသံတွေ တိတ်သွားကြတယ်။ မကြားစဖူးမို့ အံ့သြသွားကြပုံပဲ။ ဆယ်စက္ကန့်လောက်ကြာတော့ တစ်ကောင်က သွေးတိုးစမ်းသလို ခပ်တိုးတိုး အော်တယ်။ ဒီတော့ ကျွန်မက လက်ခုပ် ထပ်တီးတယ်။ သူ ဆက်မအော်ဘူး။ တယ်ဟုတ်တဲ့ ငါပါလား ဖါးတွေကို အသံတိတ်အောင် လုပ်လိုက်နိုင်တယ်လို့ ကိုယ့်ကိုကိုယ် ကျေနပ်နေတာ ဘယ်လောက်မှ မကြာလိုက်ဘူး။ ဒင်းတို့တွေ သံပြိုင် ပြန်အော်ကြတော့တာပဲ။ နောက်ထပ် လက်ခုပ်ဘယ်လောက်တီးတီး မရပ်ကြတော့ဘူး။ အမျိုးသားကတော့ မမြင်ရတဲ့ ဖားတွေနဲ့လည်း ရန်ဖြစ်တတ်တဲ့ ကျွန်မကို ကြည့်ပြီး ရယ်လို့မဆုံးဘူး။
ကျွန်မတို့ ညစဉ် ရှစ်နာရီခွဲ အိမ်ကနေ ထွက်၊ ရှစ်နာရီလေးဆယ်လောက်ဆို အဲဒီလမ်းလေးကို ရောက်တယ်။ လမ်းကလေးမှာ ကိုယ့်လိုပဲ လမ်းလျှောက်ဖေါ်တွေ အများကြီးတွေ့ရတယ်။ အဲဒီ လမ်းလျှောက်ဖေါ်တွေထဲမှာ အသက်ကြီးကြီး အဖိုး အဖွားအရွယ်တွေ၊ လူလတ်ပိုင်းတွေ လူငယ်တွေ ကလေးတွေ အရွယ်စုံ ဆိုက်ဒ်စုံ ပြီးတော့ လူမျိုးပေါင်းစုံလည်း တွေ့ရတယ်။ တစ်ရက် ကနေ တစ်ပတ်၊ တစ်ပတ်ကနေ တစ်လ… ညစဉ်ညတိုင်း တွေ့ကြရတာ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မျက်မှန်းတန်းနေ မှတ်မိနေကြပြီ။ အဲဒီလို မှတ်မိနေကြတယ်ဆိုတာကိုလည်း တစ်ယောက်က တစ်ယောက်ကို ကြည့်တဲ့ အကြည့်တွေထဲမှာ တွေ့ရတတ်တယ်။ ဘယ်လိုအကြည့်မျိုးလဲဆို အသိအမှတ်ပြုတဲ့ အကြည့်မျိုးလို့ ပြောရမယ်။ အရယ်အပြုံးရှားပါးတဲ့ နိုင်ငံက လူသားတွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ရယ်ပြ ပြုံးပြပြီး နှုတ်ဆက်ဖို့ အဆင့်ထိကို မရောက်နိုင်ပါဘူး။ အသိအမှတ်ပြုတယ်ဆိုတာကိုက အတော်လေး ဟုတ်နေပြီပေါ့။ အဲဒီလိုတွေ တွေ့ရဖန်များလာတဲ့အခါ သူတို့ တစ်ယောက်ချင်းစီရဲ့ဟန်ပန် အမူအရာ၊ အဝတ်အစား၊ သွားလာ လှုပ်ရှားပုံ စတာတွေ အားလုံးကို ကျွန်မက မှတ်မိနေတတ်ပြီ။
လီကွမ်ယုနဲ့ တူတဲ့ တရုတ်အဖိုးကြီးတစ်ယောက်၊ သူ့အဖေါ်ကတော့ အရပ် အလွန်မြင့်ပြီး ဆံပင်တွေ တစ်ခေါင်းလုံး ဖြူနေတဲ့ တရုတ်အဖိုးကြီး… သူတို့နှစ်ယောက်ဟာ စကားသံကျယ်ကျယ်နဲ့ စကားပြောတတ်ပြီး လမ်းလျှောက်ရင် ဘယ်ဖက်ကပ်လိုက်၊ ညာဖက်ရောက်သွားလိုက်၊ လမ်းအလယ်ခေါင်ကျကျမှာ လျှောက်လိုက်နဲ့ လမ်းလုံးပြည့် လျှောက်တတ်တယ်။ ဒီအသက် ဒီအရွယ်မှာ သူငယ်ချင်း မိတ်ဆွေတစ်ယောက်နဲ့အတူ စကားစမြည်ပြောရင်း အေးအေးလူလူ လမ်းလျှောက်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပေဘူးလို့ ကျွန်မ အမျိုးသားက မှတ်ချက်ချတယ်။
နောက်တစ်ယောက်ကတော့ ကျွန်မတို့ဆီက ချင်းလူမျိုးနဲ့အတော်တူတဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်၊ သူ့ရဲ့ထူးခြားချက်က လမ်းလျှောက်ရင် အားကစား ဘောင်းဘီရှည်နဲ့အတူ အအေးပိုင်းဒေသတွေမှာ ဝတ်လေ့ရှိတဲ့ အနွေးထည်လက်ရှည် ထူထူကြီးကို လည်ပင်းအထိ ဇစ်ဆွဲတင် ဝတ်ပြီး လျှောက်တာ။ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ်၊ မြင်ပါများလာတော့ သူ့ကိုမြင်တိုင်း ကျွန်မ အံ့သြရတယ်။ သူ့မှာ အကြောင်းတစ်ခုခုတော့ ရှိကို ရှိလိမ့်မယ်လို့ ထင်တယ်။ အနွေးထည်နဲ့ လျှောက်ရင် ချွေးအောင်းသလိုဖြစ်ပြီး အဆီကျနှုန်း များလေသလား လို့လည်း တွေးမိတယ်။ လမ်းမှာ သူနဲ့ မျက်နှာချင်းဆိုင်တွေ့တိုင်း အဲဒီလို အနွေးထည်နဲ့ လျှောက်ရခြင်းရဲ့အကြောင်းရင်းကို ဖွင့်မေးလိုက်ချင်စိတ် (အင်တာဗျူးချင်စိတ်) ကို မနည်း မြိုသိပ်ထားရတယ်။ ထူးခြားချက်နဲ့ လူသားပေပဲ။
အဲဒီလမ်းလေးမှာ ရိုးရိုးစက်ဘီးစီးသူတွေ၊ ပြိုင်ဘီးစီးသူတွေ၊ Roller Blade စီးသူတွေလည်း ရှိတယ်။ အများအားဖြင့်တော့ နိုင်ငံခြားသား အဖြူတွေ များတယ်။ အမျိုးသားငယ်ငယ်နှစ်ယောက်ကတော့ ပြိုင်ဘီးကို အရှိန်များများနဲ့ စီးရင်း လမ်းလျှောက်သူတွေအနားက ဖြတ်သွားရင် Watch out လို့ အသံပေး သွားတတ်တယ်။ သူတို့စက်ဘီးက မီးရောင်တွေကြောင့် သူတို့ကို အဝေးကနေ မြင်သာပါတယ်။ ဒါပေမဲ့လည်း သူတို့နဲ့ ဆုံတိုင်း အမြဲ အသံပေးသွားတတ်တယ်။ တခါတခါ သူတို့ မအော်ခင် ကျွန်မက အရင်ဦးအောင် အော်လိုက်ရင် သူတို့ ရယ်သွားတတ်တယ်။ နောက်ထပ် စက်ဘီးစီးတဲ့တစ်ယောက်ကတော့ အမျိုးသမီးပိန်ပိန်လေး။ သူက မီးစုန်းရောင် Reflector အပြားပါတဲ့ အပေါ်အကျီလေးကို အမြဲဝတ်ထားတတ်တယ်။ အဝေးကနေ လှမ်းမြင်နိုင်တာပေါ့။ သူ့ကိုတော့ ကျွန်မအမျိုးသားက Just for Laugh လို့ နာမည်ပေးထားတယ်။ တီဗီမှာ လာနေကျ Just for Laugh ထဲက သရုပ်ဆောင်တစ်ယောက်နဲ့ တူလို့ တဲ့။
နောက် အမြဲတွေ့တတ်တဲ့ မိန်းကလေးတစ်ယောက်ရှိသေးတယ်။ သူက iPhone 6+ ကို လက်မောင်းမှာချိတ်၊ နားမှာလည်း နားကြပ်တပ်ပြီး ခုန်ဆွ ခုန်ဆွနဲ့ လျှောက်တတ်တယ်။ အဲဒီလိုလျှောက်နေရင်း လက်တွေကို မြှောက်လိုက် လွှဲလိုက်၊ ကျောကို ပုတ်လိုက် ဗိုက်ကို ပုတ်လိုက်နဲ့။ သူ ကျွန်မတို့ကို ကျော်တက်သွားပြီးရင် သူ လမ်းလျှောက်သလို ခုန်ဆွသလို လက်တွေ လှုပ်သလို သူ့ဟန်ပန်အမူအယာတွေအတိုင်း ကျွန်မ လိုက်လုပ်ပြရင် အမျိုးသားက ဟိုက ပြန်လှည့်ကြည့်လို့ တွေ့သွားမှ ဟုတ်ပေ့ဖြစ်နေမယ်နော်လို့ ခြိမ်းခြောက်တတ်တယ်။ နောက် ထူးဆန်းတဲ့ လမ်းလျှောက်ဖေါ်တစ်ယောက်ကတော့ လမ်းကို နောက်ပြန်လျှောက်တတ်တဲ့ တရုတ်အမျိုးသမီးပါ။ အရပ်ကလေးက ပုပြတ်ပြတ် မျက်နှာဝိုင်းဝိုင်းနဲ့… ခပ်တည်တည်ပဲ လမ်းကို နောက်ပြန်လျှောက်တယ်။ သူ့ကိုလည်း ကျွန်မ အင်တာဗျူးချင်တာပဲ။ သူ့ကို ကျွန်မတို့ ကျော်လာခဲ့ပြီး သူနဲ့ ဆန့်ကျင်ဖက်ကို ရောက်သွားပြီး ကျွန်မတို့ကို သူ မမြင်ရတာ သေချာပြီဆိုတဲ့အချိန်ကျရင် ကျွန်မလည်း သူ့လို လမ်းကို ပြောင်းပြန်၊ နောက်ပြန် လျှောက်ကြည့်မိတယ်။ အိုး… မလွယ်တာမှ တကယ် မလွယ်တာပဲ။ ဟန်ချက်ညီအောင် အတော်ထိန်းရတယ်။ မတော်တဆ လဲကျမှ ကျော်မကောင်းကြားမကောင်း ဖြစ်နေမှာစိုးလို့ နောက်ထပ် မကြိုးစားရဲဘူး။
ကျွန်မတို့နဲ့ ဆုံနေကျ လမ်းလျှောက်ဖေါ် နှစ်ယောက်ရှိသေးတယ်။ တစ်ယောက်ကတော့ ကျွန်မတို့ထက် အသက်နည်းနည်းကြီးပုံရတဲ့ အမျိုးသား၊ ပိန်ပိန်ပါးပါး သွက်သွက်လက်လက်နဲ့ ကျန်းမာပုံပါ။ သူ့မှာက ဘယ်ဖက်လက်ကလေးက တံတောင်ဆစ်အောက်နားကနေ စပြီး မရှိဘူး။ မတော်တဆမှု တစ်ခုခုကြောင့် ဖြစ်ဟန်တူတယ် လို့ တွေးမိတယ်။ သူလည်း နေ့စဉ် မှန်မှန် လမ်းလျှောက်တယ်။ နောက်တစ်ယောက်ကတော့ အသက်ကြီးပုံရတယ်။ သူ့ရဲ့ထူးခြားချက်က စွတ်ကျယ်အကျီနဲ့ ခေါင်းမှာ ဦးထုတ်လေး ဆောင်းပြီး ငိုက်စိုက် ငိုက်စိုက်နဲ့ လျှောက်တတ်တာ။ အသက်ကြီးပေမဲ့ လမ်းလျှောက်တာတော့ သိပ်မြန်တယ်။ ကျွန်မတို့ကို အမြဲတမ်း ကျော်တက်သွားတတ်တယ်။
နောက်ထပ်ဆုံနေကျ လမ်းလျှောက်ဖေါ်တွေကတော့ တရုတ်အမျိုးသမီးချောချောလေးနဲ့ အိန္ဒိယအမျိုးသား စုံတွဲ၊ အပြန်ကျရင် တစ်ယောက်တလမ်း ပြန်သွားတတ်ကြတာကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ အိမ်ထောင်သည်တွေ ဟုတ်ဟန်မတူဘူးလို့ စုံထောက်ကြီးသက်ဝေက မှတ်ချက်ချတယ်။ သူတို့က ကျွန်မတို့လိုပဲ ခြေညှပ်ဖိနပ်လေးတွေနဲ့ အေးအေးဆေးဆေး စကားပြောရင်း တစ်ယောက်ကိုတစ်ယောက် မှီနွဲ့လို့ လျှောက်တတ်တယ်။ တလောက သူတို့နှစ်ယောက်ကို ဆယ်ရက်လောက် မတွေ့ရဘူး။ သူတို့ချင်း အဆင်မပြေဖြစ်လို့များ လမ်းမလျှောက်ကြတာလားလို့ မဆီမဆိုင် တွေးပူမိသေးတယ်။ နောက်ရက်တွေမှာ ပြန်တွေ့တော့မှ စိတ်အေးရတယ်။
အဲဒီလမ်းကလေးရဲ့ တစ်ဝက်လောက်မှာ ညကိုးနာရီလောက်ကျရင် ရောက်လာတတ်တဲ့ အိန္ဒိယလူမျိုး သုံး လေးယောက်နဲ့ တရုတ် နှစ်ယောက်လောက် ရှိတယ်။ သူတို့က အဲဒီလမ်းတစ်နေရာမှာ မတ်တပ်ရပ်လို့ တမျိုး၊ ထိုင်လို့ တဖုံ စမတ်ဖုန်းတွေ တက်ပလက်တွေကိုယ်စီနဲ့ ဗီဒီယိုကောလ် ပြောတဲ့သူက ပြော၊ ရုပ်ရှင်ကြည့်သူက ကြည့်၊ သီချင်းနားထောင်သူက နားထောင်နဲ့ အဲဒီနေရာမှာ စတည်းချတတ်တယ်။ ကျွန်မတို့အပြန် အဲဒီနားက ဖြတ်ရင်လည်း သူတို့ရှိနေတုန်းပဲ။ တစ်နေ့ကျတော့ စိတ်ထဲ မသင်္ကာတာနဲ့ ကိုယ့်ဖုန်းကို ဖွင့်ပြီး အင်တာနက် ၀ိုင်ဖိုင်ကို တစ်ချက်ကြည့်တော့ သော့မခတ်ထားတဲ့ ဝိုင်ဖိုင်တစ်လိုင်း မိနေတာ တွေ့ရတယ်။ သူတို့ရပ်နေတဲ့နေရာရဲ့ တစ်ဖက်ခြမ်းမှာက ကွန်ဒိုလေးလုံးရှိတယ်။ အဲဒီက လာတဲ ဝိုင်ဖိုင် ဖြစ်မယ်။ လိုင်းက အတော်လေး အားကောင်းပုံရတယ် အင်တာနက် စာမျက်နှာတွေ မျက်နှာစာအုပ်တွေ တက်လာတာ ဖျတ်ကနဲ ဖျတ်ကနဲပဲ။ အဲဒီတော့မှ သူတို့တဖွဲ့ဟာ အလကားမိနေတဲ့ ဝိုင်ဖိုင်ကို လာသုံးနေကြတာပါလားလို့ သဘောပေါက်သွားတယ်။ အဲဒီလိုတွေလည်း ရှိသေးတာ။
လမ်းလေးတစ်လျှောက်မှာ အနားယူစရာ ခုံတန်းလေးတွေလည်း ရှိတယ်။ အများအားဖြင့်တော့ ကိုယ်ဝန်သည်စုံတွဲ တစ်တွဲ အနားယူရင်း ထိုင်နေတာ တွေ့ရတတ်တယ်။ နောက်ပိုင်းကျတော့ သူတို့ကို မတွေ့တော့ဘူး မွေးသွားပြီထင်တယ် လို့ တွေးမိတယ်။ ကျန်တဲ့သူတွေကတော့ လမ်းလျှောက် ပြေး စက်ဘီးစီး လုပ်နေကျတာ ခုံမှာ ထိုင်တဲ့သူ မရှိသလောက်ပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း နှစ်လလောက်မှာ စုံတွဲတွေ လာထိုင်တာ တွေ့ရတယ်။ မဖွယ်မရာလို့ သတ်မှတ်ရမလား… ပွတ်သီးပွတ်သပ်နဲ့ လူမြင်ကွင်းမှာ ကြည့်ရတာ အဆင်မပြေဘူး။ ခက်တာက အဲဒီနားကဖြတ်ရင် မမြင်အောင် မျက်နှာလွှဲထားလို့ရပေမဲ့ မကြားအောင် နားက ပိတ်ထားလို့မရလေတော့ ကိုယ်ကောင်းကောင်းနားလည်ပြီး ကိုယ်နဲ့ အရင်းနှီးဆုံး ဘာသာစကားကို သူတို့ဆီက ကြားရတယ်။ အဲဒီလိုပါ။
ညတိုင်း လမ်းလျှောက်ချိန်တွေမှာ တွေ့နေကျမဟုတ်တဲ့သူ အသစ်တစ်ယောက်ကို တွေ့ရင် ဟေ့ ဟေ့ ဟိုမှာ အသစ်ကလေး… လို့ အမျိုးသားကို ပြရတယ်။ ကျွန်မစကားကို ကြားတော့ သူက ခွက်ထိုးခွက်လန် ရယ်တာပဲ။ လမ်းတလျှောက် တွေ့သမျှလူတွေရဲ့ လက်လွှဲပုံ လမ်းလျှောက်ပုံ ဟန်ပန်တွေကို သူတို့နောက်ကနေ အတုခိုးပြီး လိုက်လုပ်ပြတိုင်းလည်း သူက ရယ်တာပဲ။ ဒီလိုနဲ့ တစ်ည တစ်ည လမ်းလျှောက်ချိန်တွေဟာ ပျော်စရာ လွတ်လပ်ပေါ့ပါးတဲ့အချိန်တွေ ဖြစ်နေခဲ့တယ်။ ခုနောက်ပိုင်းမှာ အိမ်ချင်းနီးတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ကလည်း ကျွန်မတို့နဲ့အတူတူ လမ်းလိုက်လျှောက်တယ်။ သူပါတဲ့နေ့တွေဆို သုံးယောက်သား စားစရာတွေအကြောင်း၊ အလုပ်အကြောင်း စကားတွေ လုပြောရင်း အချိန်ကုန်လို့ ကုန်မှန်းမသိ၊ မီတာ ၁၆၀၀ ဘယ်လိုရောက်လို့ ရောက်မှန်းမသိ သိပ်ပျော်စရာကောင်းတယ်။ ဒါပေမဲ့ အဲဒီ့သူငယ်ချင်းးက အလုပ်နဲ့ ခရီးသွားရတာ များတော့ သိပ်တော့မှန်မှန် မလျှောက်ဖြစ်ဘူး။
တခါတခါကျတော့လည်း ကျွန်မက စာဖတ်ချင်လို့ စာရေးချင်လို့နဲ့ ဆင်ခြေတွေပေးပြီး လမ်းလျှောက်ရမှာ ပျင်းနေတတ်တယ်။ ကျန်းမာရေးအတွက် ဝဖို့ ပိန်ဖို့ ဝိတ်ကျဖို့အတွက် မဟုတ်ပဲ လေရှူဖို့၊ စကားပြောဖို့၊ ကိုယ်လက်လှုပ်ရှားဖို့ အေးအေးဆေးဆေး လျှောက်ကြတာဆိုတော့ ဘာ မိုတီဗေးရှင်းမှလည်း ထူးထူးခြားခြား မရှိဘူးဖြစ်နေတာ။ အဲဒီလို ပျင်းနေတဲ့အခါတွေမှာ အမျိုးသားက ကျွန်မကို တစ်နေကုန် ကွန်ပျူတာရှေ့ ထိုင်နေတာ အညောင်းမိတယ် ဆိုပြီး အတင်းခေါ်တယ်။ လမ်းလျှောက်တာကို အလုပ်ကြီးတစ်ခုလုပ်နေရသလို သဘောမထားပဲ ပေါ့ပေါ့ပါးပါး စိတ်အေးချမ်းသာ လျှောက်ဖို့၊ enjoy ဖြစ်ဖို့ အမြဲပြောတတ်တယ်။ ပြီးတော့ လမ်းမှာတွေ့တဲ့ လမ်းလျှောက်ဖေါ်တွေအကြောင်းကို စာတစ်ပုဒ်ရေးဖို့လည်း မကြာမကြာ တိုက်တွန်းတတ်တယ်။ သူ့ရဲ့တိုက်တွန်းမှုနဲ့ ဒီစာကို ရေးပါတယ်။
သက်ဝေ
(၁၄ မေ ၂၀၁၆)
ဆရာမတို့လမ်းလျှောက်ပုံလည်း မပါပါလားနော်။ စုံထောက်ကြီးသက်ဝေက ဘယ်က ပေါ်လာတာလဲဟင်။ တနေရာလေးပဲ ပါရ။ တခြားသော ဘလော့ဂါတွေဆီကိုပါ လည်ပတ်သွားပါကြောင်း :)
ReplyDeleteဟုတ်တယ် အစ်မသက်ဝေရေ . ခုလိုမျိုး ညနေပိုင်း လမ်းလျှောက်တာကိုတော့ အားပေးတယ်။ တစ်ကယ်လဲ စိတ်လွတ်လပ်ပေါ့ပါးသွားသလို ညအိပ်ရင်လဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တော့ မနက်အလုပ်သွားချိန်ဆို တက်ကြွလန်းဆန်းနေရော။ လမ်းလျှောက်ရင် လူတွေကို အဲဒီလိုလိုက်ကြည့်ပြီး မှတ်ချက်လေးတွေပေးတာကတော့ တူနေတယ်။
ReplyDeleteလူတွေဟာသော့ချောင်းတွေလိုပဲ ... တစ်ယောက်နဲ့တစ်ယောက် အမူအကျင့်တွေ မတူကြဘူး ... ဆင်သယောင်ယောင် ထင်ရပေမယ့် ထပ်တူကျဖို့ ခဲယဉ်းတယ်
ReplyDeleteကြိုက်တယ်
ReplyDeleteဘလော့က ဖုန်းနဲ့ ဖတ်မရဘူးအေ။ အိမ်ရောက်မှ ဖတ်ရတယ်။ ဂလို ကြော်ငြာတော့..တခြား ဘလော့တွေလဲ ဖတ်ဖြစ်တဲ့သူတွေ ဖတ်ဖြစ်မှာပေါ့နော့။ ကိုယ်ကတော့ အန်တီတင့်ရဲ့ အပယ်ပိတ် ဘုရားဖူး ဖတ်ဖြစ်သွားပါတယ်။ ဘလော့တွေ မဖတ်ဖြစ်တာ တော်တော်ကြီးကို ကြာနေပြီ။ တနေ့တနေ့ မျက်နှာစာအုပ်မှာဘဲ..သတင်း..အတင်း..မှတ်စရာ အဖုံဖုံ..ဇာတ်လမ်းစုံ။ မျက်နှာစာအုပ်က လူတွေကို စွဲလန်းအောင် နည်းမျိုးစုံ နဲ့ လုပ်ထားတယ်။
ReplyDeleteမသက်ဆီကနေ ပို့စ်လေးတွေဖတ်ခွင့်ရဘို့ သော့ချက်ကိုသိသွားသလိုပဲ၊
ReplyDeleteလွတ်လပ်ပေါ့ပါးစွာဖတ်သွားရလို့ သဘောကျတယ်၊
တခါတရံတော့ ဆင်ခြေဆင်လက်လေးတွေကို အိပ်ခိုင်းထားလိုက်ပါကွယ်။
ဒီ ပေ့ခ်ျ ကိုဒီနေ. မှ သက်ဝေ သီချင်း ရှာရင်းတွေ.တာ. လမ်း လျှော်ချိန် မြင်ကွင်း ကို ဖတ်ရတာ ကောင်းလွန်း လို. စာ ၀င် ထား သွား ပါ တယ်... စာ တွေ များ ကြီး ရေး နိုင် ပါ စေ...ကျန်းမာပျော်ရွှင်ပါစေ..
ReplyDelete