Monday, September 24, 2018

ပျော်ရွှင်မှု မိုးရေစက်များ

ဒီနေ့ဟာ မိုးနေ့ပဲ။
မိုးချည်းပဲရွာပြီး လေမတိုက်တဲ့အချိန်ဆိုရင် မိုးစက်တွေ မိုးပေါ်က ကျလာပုံဟာ အဖြူရောင် ဒေါင်လိုက်မျဉ်းပြိုင်တွေအတိုင်း ညီညာ ဖြောင့်တန်းလို့။ ဒေါသ အနည်းငယ်စွက်နေဟန်တူတဲ့ အဲဒီမိုးရေစက်တွေကပဲ သစ်ပင်တွေပေါ်က ကြွေလုကြွေခင် အရွက်ခြောက်တွေနဲ့ ပွင့်ဖတ်တွေကို တစ်ခါတည်း ခြွေချသွားသေးတယ်။ သစ်ပင်ခြေရင်းမှာတော့ ညိုဝါဝါ အရောင်အဆင်းနဲ့ ရွက်ကြွေတွေဟာ ပွင့်ဖတ်အနွမ်းတွေနဲ့ ရောနှောပြီး အနည်းငယ် လှုပ်ရှားလွန့်လူးလို့၊ မိုးရေစက်တွေက မရပ်မနား ကျနေတော့ သူတို့လေးတွေ နာကျင်နေမှာပေါ့နော်။ သစ်ရွက်လေးတွေလည်း နာကျင်မှုကို သိကြတာပဲ။ ပွင့်ဖတ်နွမ်းနွမ်းတွေကလည်း နာကျင်မှုကို သိကြတာပဲ။ ကျွန်တော် မနက်တိုင်း အစာကျွေးနေကျ မိညောင်လို့ နာမည်ပေးထားတဲ့ ကြောင်ကလေးကတော့ မိုးစက်တွေနဲ့ လွတ်အောင် ရှောင်ပုန်းနားနေစရာ နေရာလေးတစ်ခုကို အထိတ်ထိတ် အလန့်လန့် မျက်နှာနဲ့ လိုက်ရှာနေတယ်။ မကြာခင်မှာပဲ သူ့ရဲ့ အသိဉာဏ်လေးရှိသလောက်နဲ့ ရှာထားတဲ့ သစ်ပင်ခပ်သေးသေးတစ်ပင်အောက်မှာ ငြိမ်ပုပြီး ထိုင်နေလေရဲ့။ အမွှေးညိုလေးတွေမှာလည်း မိုးရေစက်တွေ စိုစိုစွတ်စွတ်၊ မျက်လုံးဝိုင်းနဲ့ သူ့မျက်နှာသေးသေးလေးကလည်း သနားစရာလေး။ မိုးတွေ ရွာပေမယ့် လမ်းပေါ်မှာလည်း လူတွေက ထီးကိုယ်စီနဲ့ ဟိုဒီ သွားလာလှုပ်ရှားနေကြမြဲ၊ တစ်ချက် တစ်ချက် လေပြင်းပြင်းတိုက်လိုက်ရင်တော့ သူတို့ဟာ ထီးလက်ကိုင်တွေကို ခပ်တင်းတင်းဆုတ်ထားလိုက်ကြတယ်။ မိုးကာအရှည်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ကြသူတွေကိုလည်း တွေ့ရဲ့။ ကားတွေ ဆိုင်ကယ်တွေလည်း အရှိန်နှေးနှေးပေမယ့် အသွားအလာ မပျက်ပါ။ အခုလို သည်းသည်းမည်းမည်းရွာနေတဲ့နေ့မျိုးမှာတောင် ရှောင်လွှဲလို့ မရတဲ့ စားဝတ်နေရေးတွေအတွက် တာဝန်တွေ ကိုယ်စီရှိကြတယ် ထင်ပါရဲ့နော်။

•••••

အဲဒီမြင်ကွင်းတွေနဲ့ မိုးရေစက်တွေကိုငေးကြည့်ရင်း ငယ်ငယ်က မိသားစုစုံလင်တဲ့ မိုးနေ့တွေကို ပြန်သတိရမိတယ်။ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ နေ့စွဲတွေ…။ အိမ်ငယ်လေးတစ်လုံးထဲမှာ ဖေဖေရယ် မေမေရယ် မောင်လေးရယ် ကျွန်တော်ရယ် နောက်ပြီး ကြောင်ဖြူကလေးတစ်ကောင်ရယ်ပေါ့။

မိုးတွေ သည်းလာပြီဆိုရင် အိမ်ထဲကို မိုးပက်မှာစိုးတော့ ပြတင်းပေါက်တွေ အကုန်လုံးပိတ်ထားရတယ်။ ဖေဖေက ကလေးတွေ အအေးမမိစေနဲ့၊ အိမ်ထဲမှာ နွေးနွေးထွေးထွေး နေကြဟေ့… လို့ ဆော်သြလေ့ရှိတယ်။ ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဆိုပေမယ့် အပြင်သွားစရာ အကြောင်းအရာတွေ၊ သာရေး နာရေး လူမှုရေး အစရှိတဲ့ ခေါင်းစဉ်တွေလည်း ထူးထူးထွေထွေ ရှိမနေပါဘူး။ ပိတ်ရက်တွေတိုင်းဟာ အေးအေးဆေးဆေး သက်တောင့်သက်သာ အနားယူလို့ရတဲ့ နေ့ရက်တွေပါပဲ။ ရုပ်မြင်သံကြားကလည်း အခုလို နှစ်ဆယ့်လေးနာရီ မရဘူး၊ ညဖက်မှ လာတာဆိုတော့ နေ့လည်နေ့ခင်းတွေဟာ မိသားစု အနားယူဖို့ အပန်းဖြေဖို့ သက်သက်ပါပဲ။ အချိန်ရှိသရွေ့ တယ်လီဖုန်းတွေ၊ တက်ပလက်တွေလည်း ငုံ့ကြည့်နေစရာမရှိတာမို့ ကျွန်တော်တို့တွေ စာအုပ်ကိုယ်စီနဲ့ စောင်ထဲမှာ လုံးထွေးလို့၊ နေ့လည် တစ်နာရီခွဲကနေ နှစ်နာရီအထိ လာလေ့ရှိတဲ့ မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်က သီချင်း သုံးပုဒ်ကို စောင့်နားထောင်လို့။ Abba အဖွဲ့ ဒါမှမဟုတ် Boney M အဖွဲ့တွေက သီချင်းမျိုး လာတဲ့နေ့ဆိုရင် ကျွန်တော်တို့ ရသလောက် လိုက်ဆိုရင်း စိတ်လှုပ်ရှား ပျော်ရွှင်လို့။ နေ့လည် သုံးနာရီ ကော်ဖီချိန်ရောက်တော့ မေမေဖျော်နေတဲ့ လက်ရွေးစင် ကော်ဖီရဲ့ အနံ့ဟာ တစ်အိမ်လုံး မွှေးပျံ့နေတာ။ ကော်ဖီသောက်လို့ ရပြီဟေ့ ဆိုရင် အိပ်ရာထဲ စောင်တွေထဲက ထလာကြပြီး မိသားစုမုန့်ပုံးထဲက ဘီစကစ်အဝိုင်းလေးတွေနဲ့ ကော်ဖီပူပူနဲ့ တို့စားကြတာပဲ။ မောင်လေးက မိသားစုမုန့်ပုံးပေါ်က ပုံကို လက်နဲ့ထောက်ရင်း ဖေဖေ မေမေ မမ သားသားလို့ ရေရွတ်လိုက်ရင်တော့ အကုန်လုံး ရယ်မောရပြန်တာ။ အဲဒီမုန့်ပုံးကို မြင်တိုင်း သူအမြဲပြောနေကျ၊ သူပြောတိုင်းလည်း ကျွန်တော်တို့ အားလုံး (ဘယ်တော့မှ မရိုးနိုင်ပဲ) ပျော်ပျော်ပါးပါး ရယ်မောနေကျ။ ကော်ဖီသောက် မုန့်စားပြီးရင်တော့ စောင်ထဲပြန်ဝင်ပြီး စာဖတ်ကြတာပဲ။

သိလား... ကြောင်ဖြူလေးကလည်း ချမ်းတတ်တယ်။ စောင်ထဲကို ဝင်ချင်လို့ သူ့လက်ကလေးနဲ့ လူတွေကို လိုက် လိုက် တို့တယ်။ သဘောကောင်းတဲ့မောင်လေးက စောင်ကိုဖွင့်ပေးလိုက်ရင် တိုးဝင်သွားပြီး ခွေအိပ်နေတော့တာ။ မောင်လေးက ကာတွန်းဖတ်ပြီး တခစ်ခစ်ရယ်ရင် ကြောင်လေးက သူ့ကို မြှူတယ်ထင်ပြီး ထဆော့တတ်သေးတယ်။ မောင်လေးက နားထဲမှာ နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်တော့ ကြောင်လေးက သူပါ နားထောင်ချင်သလို မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေတတ်တယ်။ သူ့နားထဲကို နားကြပ်ထည့်ပေးရင် အစပိုင်းမှာ နည်းနည်းထိတ်လန့်သလို ခေါင်းကို ခါထုတ်တတ်တယ်။ သိပ်ဆူတဲ့ သီချင်းကို ကြောင်ဖြူလေးက မကြိုက်ဘူး။ အေးအေးဆေးဆေး သီချင်းမျိုး ဖွင့်ပြီး အသံကို နည်းနည်းတိုးပေးလိုက်ရင်တော့ ငြိမ်ပြီး နားထောင်နေတာပဲ။ နားကြပ်တစ်ခုကို မောင်လေးနဲ့သူနဲ့ ကြိုးကလေးသွယ်ပြီး တစ်ယောက် တစ်ဖက်စီ နားထောင်နေကြတဲ့မြင်ကွင်းဟာ ပျော်စရာ ပြီးတော့ ချစ်စရာလေး။ အခုခေတ်လို ကင်မရာတွေ လက်ကိုင်ဖုန်းတွေ အလွယ်တကူ မပိုင်ဆိုင်ကြသေးတဲ့ အချိန်ဆိုတော့ အဲဒီကြောင်ကလေးမှာ အမှတ်တရ ဓါတ်ပုံမရှိရှာဘူး။

စာဖတ်ရတာ ပျင်းလာပြီ ညောင်းလာပြီ ဆိုရင်တော့ မိုးရွာတာ ကြည့်ဦးမယ်ဆို စောင်တွေထဲက ထွက်၊ ပြတင်းပေါက်ကို နည်းနည်းချင်းစီ ဟပြီး ဖွင့်ရတယ်။ ဟော... မိုးက စဲနေပြီပဲ... လို့ ကျွန်တော်က အသံကျယ်ကျယ်နဲ့ အော်လိုက်ရင်တော့ အားလုံး အခန်းအပြင်ရောက်လာကြတာပဲ။ ပိတ်ထားတဲ့ တံခါးတွေ ခန်းဆီး လိုက်ကာတွေ ဖွင့်လိုက်ကြတယ်။ ပြီးရင်တော့ ပြတင်းပေါက်ကမြင်ရသမျှ မြင်ကွင်းကို ရုပ်ရှင်ပြကွက်တစ်ခုလို မရိုးနိုင်ပဲ ကြည့်ကြပြန်တယ်။ အိမ်ရှေ့က ဓါတ်ကြိုးတန်းမှာ တွဲခိုနေတဲ့ မိုးရေစက်အလုံးလေးတွေကို လှမ်းကြည့်ရတာ ကလေးဘဝက ပျော်ရွှင်စရာတွေထဲက တစ်ခုအဖြစ် အခုထိ အမှတ်ရနေတုန်းပဲ။ ဆပ်ပြာပူဖေါင်းလေးများ အချိန်စေ့ရင် သူ့အလိုလို မှိန်ဖျော့ ပါးလျပြီး ဖေါက်ကနဲ ပေါက်သွားတတ်ကြသလို အဲဒီရေစက်လေးတွေကလည်း သူတို့အလေးချိန်ကို သူတို့ ထိန်းမထားနိုင်တဲ့အခါကျရင် ဖျတ်ဆို ပြုတ်ကျသွားကြတာ။ ဓါတ်ကြိုးတန်းတွေပေါ် ခိုတွေ ကျီးကန်းတွေ လာနားပြီး ရုတ်တရက် ထပျံကြရင်တော့ ရေစက်တွေ တော်တော်များများ တစ်ချိန်တည်း ပြုတ်ကျသွားတတ်တယ်။ ငြူစူရကောင်းစေလို့ မထင်ပါဘူး။ ကလေးပီပီ ပျော်ရွှင် ရယ်မောနေခဲ့တာပါပဲ။

မိုးစဲသွားတဲ့ကောင်းကင်ဟာ စောစောကလို မှုန်မှိုင်းမနေတော့ဘူး၊ အပြာရောင်သမ်းစပြုလာပြီ။ သစ်ရွက်တွေကလည်း မိုးရေစက်တွေက ရေချိုးပြီး အလှဆင်ပေးလိုက်သလို စိမ်းစိုလင်းလက်နေတာပဲ။ အဲဒီလို သန့်ရှင်းနေတဲ့ သစ်ပင်၊ သစ်ရွက်တွေ ပန်းပွင့်ရောင်စုံတွေ၊ မြက်ခင်းတွေနဲ့ အိမ်ရှေ့က လမ်းလေးတွေကို ပြပြီး ကျွန်တော်တို့ကိုလည်း ကလေးတွေ သန့်ရှင်းအောင် ရေချိုးကြတော့ လို့ မေမေက ပြောတယ်။ ရေမိုးချိုးပြီးတော့ ကျွန်တော်တို့ မောင်နှမက ညနေစောင်း နေဝင်ချိန်လေးကို သီချင်းနားထောင်ရင်း စောင့်ကြည့်၊ ဖေဖေက အိမ်ထဲမှာ စာဖတ်၊ မေမေကတော့ ညစာ ချက်နေတာပေါ့။ ကြောင်ဖြူလေးက ကျွန်တော်တို့အနားမှာ ငြိမ်ငြိမ်သက်သက် လာထိုင်လို့ သူလည်း မေမေ့လက်ရာ ညစာကို မျှော်နေပုံပဲ။ ခဏနေတော့ မီးအားမပြည့်တပြည့် မီးပွင့်နီကျင်ကျင်လေးတွေ ဖွင့်ပြီး မိသားစု ညစာ အတူတူစားကြတာပေါ့။ ဘယ်လောက် ပျော်စရာကောင်းတဲ့ အချိန်တွေလဲ။

•••••

ရေးလက်စ စာ တစ်ပိုင်းတစ်စမှာ သတိရလို့ အိမ်အပြင်ကို လှမ်းကြည့်လိုက်တော့ အခုနက ဒေါကြီးမောကြီးနဲ့ ရွာနေတဲ့မိုးဟာ တိတ်သလောက် ဖြစ်နေပြီ။ မိုးသားနဲ့ ညအမှောင်နဲ့ အနည်းငယ် ရောနှောစပြုနေပြီ။ နေဝင်တာကိုလည်း မသိလိုက်ရပါလားလို့ တွေးရင်း ငယ်ငယ်က မိုးနဲ့ အခုမိုးကို (အလိုလို) နှိုင်းယှဉ်ကြည့်မိလျက်သား ဖြစ်သွားတယ်။ ငယ်ငယ်တုန်းက ငေးမောနေကျ၊ မြင်ဖူးနေကျ မိုးဟာ ဒီနေ့ ရွာသွားတဲ့ မိုးလို သစ်ပင်ပေါ်က သစ်ရွက်ခြောက်တွေကို ဒေါနဲ့ မောနဲ့ ခြွေချခဲ့ပုံလည်း မရပါဘူး၊ သစ်ပင်ခြေရင်းမှာ နာကျင်မှုနဲ့ လူးလွန့်နေတဲ့ ရွက်ခြောက်တွေ ပွင့်ဖတ်အနွမ်းတွေလည်း မရှိကြပါဘူး။ သစ်ပင် သစ်ရွက်တွေနဲ့ ပန်းရောင်စုံတွေဟာ ရေချိုးထားသလို ပကတိ သန့်ရှင်းကြည်လင်ပြီး စိမ်းစိုလို့၊ ကျွန်တော်တို့အားလုံးလည်း စိတ်ရောကိုယ်ပါ အေးမြငြိမ်းချမ်းလို့သာ ကျန်နေခဲ့တာပါ။ ဒီနေ့ရွာသွားတဲ့မိုးကတော့ဖြင့်… ကြည့်ပါဦး… ရေစိုနေတဲ့ ဒါဏ်ရာရ သစ်ရွက်ခြောက်တွေနဲ့ ပွင့်ဖတ်ကြွေ အပိုင်းအစတွေက နေရာအနှံ့၊ နာကျင်မောပန်းနေဟန်တူတဲ့ သစ်ပင်ကြီးတွေက ခပ်ငြိမ်ငြိမ်၊ အုန်းလက်အကျိုးအပဲ့တွေနဲ့ သစ်ကိုင်းခြောက်တစ်ချို့ကတော့ လူသွားစင်္ကြန်လမ်းပေါ်မှာ ဖရိုဖရဲ ကန့်လန့်ဖြတ် လဲကျလို့။ လူတွေ ကားတွေကလည်း အနားမနေနိုင်၊ သူတို့ကိစ္စနဲ့သူတို့ လှုပ်ရှားသွားလာနေမြဲ။ မိုးစက်လေးတွေတွဲခိုနေတဲ့ ဓါတ်ကြိုးတန်းတွေလည်း မတွေ့ရ၊ ခုနက မိုးစိုနေတဲ့ကြောင်လေး မိညောင်ကတော့ ကြောက်တဲ့ အရှိန် ပြေသေးဟန်မတူ၊ ခေါ်တာတောင် လှည့်ကြည့်ဖေါ်မရဘူး၊ သစ်ပင်အောက်မှာ ပုံစံမပျက် ဝပ်နေတုန်း။ အဲဒီမြင်ကွင်းတွေကြည့်ရင်း၊ ငယ်ငယ်က မိုးနေ့တွေကို ပြန်သတိရရင်း စာရွက်ဖြူဖြူပေါ်မှာ ကျွန်တော်ချရေးမိတဲ့ စာကြောင်းတွေကလည်း မိုးရေစက်တွေ ထိခတ်ခံထားရသလို မျှော်လင့်မထားတဲ့ ဝမ်းနည်းခြင်းတွေနဲ့ စိုစွတ်နေပါလား။ မိုးရွာပြီးစခြင်း အတူတူကို ငယ်ငယ်က မိုးနေ့တွေနဲ့ မတူပဲ ပျော်စရာမကောင်းတော့တာ ဘာကြောင့်ပါလိမ့်။

အရင်ကတော့ ကျွန်တော်ကပဲ အလွယ်တကူ ပျော်ရွှင်တတ်လို့လား၊ ပျော်ရွှင်စရာတွေကပဲ ကျွန်တော့်ဆီ အလွယ်တကူ ရောက်လာတတ်လို့လား မသိဘူး၊ အရာရာတိုင်းဟာ ပျော်ရွှင်စရာတွေချည်းပဲ၊ တွေးကြည့်ရင် လှိုက်လှဲပျော်ရွှင်ခဲ့ရတဲ့ နေ့စွဲတွေ၊ အချိန်တွေ၊ အဖြစ်အပျက် အကြောင်းအရာတွေ တော်တော်များပါတယ်။ ကြိုးတန်းပေါ်က မိုးရေစက်တွေဟာလည်း ပျော်ရွှင်မှုပဲ၊ တဖျတ်ဖျတ်လှုပ်ခါနေတတ်တဲ့ ခန်းဆီးစလေးဟာလည်း ပျော်ရွှင်မှုပဲ၊ သွပ်မိုးပေါ်ကို မိုးစက်တွေကျတဲ့အသံကလည်း ပျော်ရွှင်မှုပဲ၊ မိသားစု မုန့်ပုံးထဲက ဘီစကစ်ချပ်တွေဟာလည်း ပျော်ရွှင်မှုပဲ၊ ရေဒီယိုက လာလေ့ရှိတဲ့ Boney M ရဲ့ River of Babylon နဲ့ Abba ရဲ့ Super Trouper ကလည်း ပျော်ရွှင်မှုပဲ၊ ရှုမဝမဂ္ဂဇင်းထဲက ဝါကျင့်ကျင့်စာရွက်လေးတွေကလည်း ပျော်ရွှင်မှုပဲ၊ တဂျစ်ဂျစ် အသံမြည်အောင်လှည့်ပြီး ဆက်ရတဲ့ အမည်းရောင်တယ်လီဖုန်းတစ်လုံးဟာလည်း ပျော်ရွှင်မှုပဲ၊ မီးရောင်မှိန်မှိန်နဲ့ ဧည့်ခန်းလေးဟာလည်း ပျော်ရွှင်မှုပဲ။ ဖေဖေ မေမေ မောင်လေး... ပြီးတော့ ကြောင်ဖြူလေး… ပြောရရင် အရာရာဟာ ပျော်ရွှင်မှုတွေ ပြည့်နှက်လို့ပါပဲ။

အခုအချိန်မှာတော့ ပျော်ရွှင်မှုဆိုတာ ဘာကိုခေါ်တာပါလိမ့်လို့ တွေးရင်း တွေးရင်း အရာရာဟာ ဇဝေဇဝါဖြစ်လာခဲ့တယ်။ ဘယ်အရာကမှ ထူးထူးခြားခြား ပျော်စရာကောင်းလှချည့်လို့ မခံစားရတော့တာလည်း တော်တော် ကြာနေပြီ။ အများသူငါတွေ အားကျ ငေးမောကြရတဲ့ တန်ဖိုးကြီးပစ္စည်းတွေ၊ နေရာဒေသ အသစ်အဆန်းတွေ၊ အရသာရှိလှပါတယ်ဆိုတဲ့ စားကောင်းသောက်ဖွယ်တွေ၊ ဆန်းသစ်ခေတ်မီတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ… ဘယ်အရာမျိုးတွေကမှ ကျွန်တော့်စိတ်ကို ပျော်ရွှင်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ တစ်ခါတစ်ခါ မျက်စိလည် လမ်းမှားပြီး ရောက်လာတတ်တဲ့ ပျော်ရွှင်မှုအပိုင်းအစ ခပ်သေးသေးတွေဟာလည်း အစစ်အမှန်တွေ မဟုတ်ကြလို့ ထင်ပါရဲ့၊ ကျွန်တော့်ဆီမှာ ဘယ်တော့မှ ကြာကြာမနေတတ်ကြဘူး၊ လှိုက်လှဲဝမ်းသာ ပျော်ရွှင်ရတော့မလိုလိုနဲ့ ထင်ယောင်ထင်မှား ဖြစ်ပြီး ခဏနေတော့ သူ့အလိုလို အငွေ့ပျံ ပျောက်ကွယ်သွားတတ်တာတွေချည်းပါပဲ။

တကယ်ပဲ ပျော်စရာမကောင်းတော့ဘူးနော်၊ ဘယ်လိုမှ မပျော်တတ်တော့အောင် ကိုယ်ရော စိတ်ပါ ထုံပေပေဖြစ်သွားပြီတယ် ထင်တယ် လို့ တစ်ယောက်တည်း ရွတ်ဆိုညည်းတွားနေရင်း တစ်နေ့ပြီး တစ်နေ့ (မကုန်ချင်လည်း) ဒီလိုပဲ ကုန်ရပြန်တယ်။ စိတ်ပါတဲ့နေ့တွေမှာဆိုရင်တော့ သတိရသမျှကို ဟိုတစ်စ ဒီတစ်စ (အခုလို စာကြောင်းတွေ) ချရေးဖြစ်တယ်။ ပြန်ဖတ်လိုက်မိတဲ့အခါတိုင်း မိုးတွေ တစ်စက်တစ်ပေါက်မှ ရွာမနေပါပဲနဲ့ ကိုယ့်ရင်ကို အေးမြပြီး ကိုယ့်မျက်ဝန်းကို အလိုလို စွတ်စိုလာစေနိုင်တဲ့ စာကြောင်းတွေပေါ့။

သက်ဝေ
(၂၆ မေ - ၂၆ ဇူလိုင်၂၀၁၈)

၂၀၁၈ အောက်တိုဘာလထုတ် Idea Magazine တွင် ဖေါ်ပြပြီးဖြစ်သည်


1 comment:

အမှတ်တရ ရေးခဲ့ပါ...