Saturday, March 7, 2020

တောင်မရိုးတွေ လေဟုန်စီးတဲ့ ည

သတိမမူ ဂူမမြင် တဲ့... အရင့် အရင် နှစ်တွေမှာလည်း ဒီပန်းတွေ သူ့အချိန်အခါနဲ့ အလှဆုံး ဖူးနေ ပွင့်နေကြမှာပါ။ ဒီပန်းရဲ့ မွှေးရနံ့ကို မှတ်မှတ်သိသိရှိနေခဲ့ပေမယ့် အပင်ကိုတော့ တစ်ခါမှ မော့မကြည့်ခဲ့မိဘူး။ စနေနေ့မနက်က အမှတ်မထင် တွေ့လိုက်ရတော့ သိပ်သဘောကျသွားတယ် တစ်ပင်လုံး စိမ်းဖန့်ဖန့် အဖူးတွေအပြည့်နဲ့ ။ ဒါနဲ့ တနင်္ဂနွေ မနက် တစ်ခေါက် ဆင်းကြည့်တော့ အစိမ်းတွေ ဖျော့ပြီး အဖြူဖက်ကို သန်းစပြုနေကြပြီ။ ပင်လုံးကျွတ် အဲဒီလို အရောင်တွေပဲ။ တနင်္ဂနွေနေ့ည မိုးချုပ်တော့ အစိမ်းရောင်တွေ မရှိတော့ဘူး အားလုံး အဖြူရောင် အဆုတ်လိုက် ခဲနေအောင် ပွင့်တာ မြင်လိုက်ရတယ်။ လှလိုက်တာ မွှေးလိုက်တာ လို့ ရေရွတ်ပြီး ဓါတ်ပုံရိုက်ရတယ်။ ဒီမနက်တော့ နေရောင်နဲ့ အလင်းရောင်နဲ့ တစ်ပင်လုံး အလှဆုံး ဖွေးလှုပ်အောင် ပွင့်နေကြတာ တွေ့ရတယ်။ သိတဲ့သူတွေကို ပြတော့ ဒါ တောင်မရိုးပင် တဲ့။ မြန်မာပြည် သိန်းတန်ရဲ့ " မောင်ခေါ်ရာ" ဆိုတဲ့ သီချင်းလေးတောင် ဆိုပြကြသေးတယ်...

ရွှေလရောင် အိမ်ခေါင်မိုးပေါ်ကျ…
ကြယ်ကလေးတွေ အပြိုင်ဆိုင် ပွင့်တဲ့ည…

ခြံဝင်းအပြင် မြေနီလမ်းပေါ်က
တောင်မရိုးတွေ လေဟုန်စီးတဲ့ ည

လူကြီးတွေ နှစ်ခြိုက်စွာ အိပ်မောကျ
မောင်ခေါ်ရာ မင်းလိုက်မယ် ဆိုတဲ့ ည . . . တဲ့။


သူ အနံ့က ကြာရင် အီလာတတ်ပေမဲ့ ခဏတဖြုတ်ဆိုရင်တော့ ချစ်သူနောက် လိုက်ချင်စိတ် ပေါက်လာတတ်တယ် ထင်ပါရဲ့... လို့ အမတစ်ယောက်က ပြောပါတယ်၊ ဟုတ်မှာပါပဲ အင်မတန် ညွတ်နူးချင်စရာကောင်းတဲ့ မွှေးရနံ့ပါ။

ဒီရက်ပိုင်း စင်္ကာပူကျွန်းလေးရဲ့ တခြားနေရာတော်တော်များများမှာ တောင်မရိုးပင်တွေ ပင်လုံးကျွတ် ဖူးပွင့်နေတယ်လို့ သိရတယ်။ ရာသီမသိ ပန်းနဲ့ ညှိ ဆိုပေမယ့် ဘာပန်းနဲ့မှ ညှိမရတဲ့ ရာသီမရှိတဲ့ ဒီကျွန်းလေးမှာ တော်ရုံ ပန်းတွေကလည်း ရနံ့ကင်းမဲ့လှတယ်။ ထူးထူးခြားခြား ဒီပန်းလေးကတော့ တော်တော်မွှေးတာ တွေ့ရတယ်။ လေသင့်တဲ့အခါ အထပ်မြင့် အိပ်ခန်းထဲအထိ ရောက်လာတတ်တဲ့ မွှေးမြမြ တောင်မရိုး ပန်းရနံ့သင်းနေတဲ့ လေကို ရှူရှိုက်ရတဲ့အခါ ကိုယ့်ရဲ့ စိတ်တွေက အဝေးက ကိုယ့်ဇာတိမြေလေးနဲ့ အမေ့အိမ်လေးဆီကို မကြာခဏ ပြန်ရောက်နေပါတော့တယ်။

သက်ဝေ
(၀၆ ဇန်နဝါရီ ၂၀၂၀)

1 comment:

  1. အစ်မပြောပြမှာ ဒီပန်းမျိုး မြင်ဖူးကြားဖူးတာ... အနံ့လေးတောင်ရလာသလိုလို လှလည်းလှတယ်....။

    မိုးငွေ့

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...