Wednesday, April 8, 2020

လင်းခါး - ရေသေအိုင်

အစကနေ အဆုံး လက်ကမချပဲ ဆက်တိုက် ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်ပါ။ အသက်ရှူဖို့ မေ့သွားလိုက်၊ သက်ပြင်းတွေ ချလိုက်၊ ဝမ်းနည်းလိုက်... တစ်ခါတစ်ခါ သဘောတကျ ပြုံးရယ်လိုက်နဲ့ ဖတ်ဖြစ်ပါတယ်။ အခုက စာအုပ် Review ရေးမလို့ မဟုတ်ပါဘူး၊ စာဖတ်လို့ ပြီးတော့မှ သတိထား ကြည့်မိတဲ့ မျက်နှာဖုံးလေး အကြောင်း ပြောပြချင်လို့ပါ။

အမှန်အတိုင်း ပြောရရင် စာမဖတ်ရသေးခင်မှာ မျက်နှာဖုံးကို စေ့စေ့စပ်စပ် မကြည့်ခဲ့မိပါဘူး။ (ကြည့်မိသူလည်း နည်းမယ်လို့ ထင်ပါတယ်)။ ကြည့်မိလည်း အော်... လဖက်ရည်ဆိုင်က စားပွဲနဲ့ ခုံပုလေးတွေလို့ ရိုးရိုးပဲ မြင်လိုက် တွေးလိုက်မိမှာပါ။ စာကို စစဆုံးဆုံး ဖတ်ပြီးသွားတော့လည်း စာအုပ်ကို နှစ်သက်မယ်၊ ဇာတ်လမ်း ဇာတ်ကွက် သရုပ်ဖေါ်တာကို သဘောကျမယ်၊ ဇာတ်ကောင်တွေရဲ့ ဆွဲဆောင်မှုမှာ စီးမျောမယ်၊ ရေးထားတာ ကောင်းလိုက်တာ လို့ တွေးမယ်... ပြီးရင်တော့ ဒီလိုပဲ ချထားလိုက်မိမှာပါပဲ။ ဒါပေမယ့် ညက ကျွန်မ စာဖတ်လို့ အပြီးမှာ စာအုပ်လေးကို လက်ကမချသေးပဲ ဟိုလှည့် ဒီလှည့် ခဏ ကြည့်ရင်း ဖိုးသက်၊ ဇော်ပိုင်၊ ခိုင်မြဲနဲ့ ကျော်ဇောတို့ အကြောင်း ပြန်တွေးနေမိတယ်။ တွေးနေရင်းမှာ စာအုပ်ရဲ့ မျက်နှာဖုံးကို သေသေချာချာ ကြည့်မိသွားတာပဲ။

အဲဒီလို ကြည့်မိတဲ့အခါ ရိုးရှင်းတဲ့ မျက်နှာဖုံး သရုပ်ဖေါ်ပုံလေးဟာ စာအုပ်တစ်အုပ်လုံးကို လှလှပပ နဲ့ အဓိပ္ပါယ် ရှိရှိ ကိုယ်စားပြုနေတာကို ရုတ်တရက် တွေ့လိုက်ရပါတယ်။ သစ်သား စားပွဲလေးတစ်လုံး၊ ဆေးပေါ့လိပ်ထည့်တဲ့ ခွက်ကလေး၊ ကျွန်မတို့ရဲ့ လဖက်ရည်ဆိုင်တွေမှာ တွေ့ရလေ့ရှိတဲ့ ဒန်ရေနွေးကြမ်းအိုးနဲ့ မှောက်ထားတဲ့ ရေနွေးကြမ်းပန်းကန်။ ပြီးတော့ လဲပြိုနေတဲ့ ခုံပုလေးသုံးလုံးနဲ့ မလဲမပြို ကျန်နေတဲ့ ခုံကလေးတစ်လုံး... အဲဒါတွေဟာ စာအုပ်ထဲက စာတွေကို အပြည့်စုံဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဖေါ် ပြနေခဲ့ပါတယ်။

နောက်ကျောဖုံးကို ကြည့်လိုက်ပြန်တော့ ရောင်စုံစက္ကူလေးတွေနဲ့ ခေါက်ချိုးထားတဲ့ လှေကလေး လေးခု၊ သူတို့ဟာ ဘယ်ကိုမှ မစီးဆင်းနိုင်တော့တဲ့ ရေသေအိုင်ထဲမှာ ယိုင်နဲ့စွာ ငြိမ်သက်စွာ ရပ်တန့်လို့။ စက္ကူလှေလေးနဲ့ ဆင်တူတဲ့ ဘဝတွေမို့ အချိန်ကြာလာတာနဲ့အမျှ အဲဒီ ရေသေထဲမှာပဲ ဆွေးမြေ့ နစ်မြုတ် ကွယ်ပျောက်သွားကြဦးမယ် ထင်တယ်နော်။ ခက်ခဲလှတဲ့ ဘဝတွေ... လို့ အသံတိတ် ရေရွတ်မိတယ်။ ဆက်လက်ရှင်သန်ဖို့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေဟာ ဝမ်းနည်းစရာလည်း ကောင်းလှတယ်။

စာဖတ်ထားလို့ ခံစားရတာကို အဆများစွာ ပိုတိုးပြီး ခံစားရစေတဲ့ မျက်နှာဖုံး သရုပ်ဖေါ်ပုံတွေ... သဘောကျ နှစ်သက်တဲ့ စိတ်နဲ့ အမှတ်တရ သိမ်းထားချင်လို့ ဒီစာလေးကို ရေးဖြစ်ပါတယ်။

သက်ဝေ
(၁၂ ဖေဖေါ်ဝါရီ ၂၀၂၀)

No comments:

Post a Comment

အမှတ်တရ ရေးခဲ့ပါ...