Saturday, March 14, 2020

မိသားစု ထမင်းဝိုင်း

မိသားစု စုံစုံညီညီ အတူတူစားဖြစ်ကြတဲ့ ထမင်းဝိုင်းတစ်ခုဟာ ပျော်ရွှင်မှုပါ။ ခေတ်တွေက ပြောင်း၊ လူနေမှုစနစ်တွေက ပြောင်း၊ အခြေအနေတွေက ပြောင်းလာတော့ မိဘနဲ့ သားသမီးတွေ ညီအစ်ကို မောင်နှမ မိသားစုတွေဟာ ရေကြည်ရာ မြက်နုရာ တစ်ယောက် တစ်နေရာစီ၊ တစ်နိုင်ငံစီ တကွဲတပြား နေထိုင် ရှင်သန်ကြရဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီအခါ မိသားစု စုံညီတဲ့ ထမင်းဝိုင်းတစ်စု ဖြစ်ဖို့ သိပ်ခက်ခဲလာပါတယ်။
အဲဒီအကြောင်းကို ရေးမယ်လို့ တေးထားတာ တော်တော်ကြာပါပြီ။ ရေးချင်တာတွေက အများကြီးဖြစ်နေလို့ အဆင်ပြေသလို အပိုင်းခွဲပြီး စာစီကြည့်ပါ့မယ်။ အခု ပထမဆုံး ကျွန်မရဲ့ အဖိုးအကြောင်းကနေ စပြောပါရစေ...

အဖိုးဟာ ရှေးခေတ်က ကျောင်းအုပ်ဆရာကြီး ရိုးရိုးအေးအေး မြန်မာအဖိုးအို တစ်ယောက် ဆိုပေမယ့် ထမင်းစားတဲ့အခါ သိပ်မြန်မာမဆန်လှသလို စည်းကမ်းလည်း အတော်ကြီးတတ်ပါတယ်။ ထမင်းဝိုင်းမှာ ဟင်းရည် ပန်းကန်လုံး တစ်လုံးထဲက အတူခပ်စားတာမျိုး မလုပ်ရ၊ ထမင်း ဟင်းပန်းကန် နှုတ်ခမ်းတွေမှာ ဟင်း အစအနတွေ ပေ မနေရ၊ ဟင်းခပ်ရင် တစ်ယောက်ယူပြီးမှ တစ်ယောက်က စောင့်ယူရ၊ သောက်ရေခွက်၊ လက်သုတ်ပဝါ တစ်ယောက်တစ်ခု သုံးရ စသည်ဖြင့်ပါ။ ထမင်းကို ထမင်းစားပွဲမှာသာ ထိုင်စားရပါတယ် ဧည့်ခန်းတို့ အိပ်ခန်းတို့လို တခြားနေရာတွေမှာ မစားရပါ။ ပြီးတော့ Table Manner လို့ ခေါ်ရမလား... ပန်းကန် ဇွန်း ခက်ရင်း လက်သုတ်ပဝါ၊ ရေနွေးကြမ်းအိုး ရေနွေးကြမ်း ပန်းကန်၊ ကော်ဖီပန်းကန်၊ ဟင်းရည်သောက် ပန်းကန်၊ အချိုစားတဲ့ ပန်းကန်၊ အရိုးပန်းကန် စသည်ဖြင့် အကုန် သတ်သတ်မှတ်မှတ် ထားပြီး သုံးရပါတယ်။ အချိုပွဲပန်းကန်ကို အရိုးပန်းကန် လုပ်လို့ မရသလို ဟင်းချိုပန်းကန်လုံးထဲ အသားဟင်းတို့ အရွက်ကြော်တို့ ထည့်ပေးလို့ မရပါဘူး။ အသေးအဖွဲလေးတွေ ဆိုပေမယ့် အဲဒီလို စည်းကမ်းရှိရပါတယ်။ နောက်ပြီးတော့ မနက် ည ထမင်းစားချိန် သတ်သတ်မှတ်မှတ် ရှိရပါတယ်။ အဖိုးရဲ့ မနက်စာ စားချိန်ဟာ ဆယ်နာရီခွဲ ဖြစ်ပြီး ညစာကို ငါးနာရီခွဲမှာ စားပါတယ်။

ကျွန်မတို့ နည်းနည်း အရွယ်ရောက်လာတော့ အဖိုးကို ထမင်းစားတော့မလား ပြင်လိုက်တော့မယ် လို့ ပြောရင် သူက ဘယ်နှစ်နာရီ ရှိပြီလဲ လို့ ပြန်မေးလေ့ပါတယ်။ အဖိုး ဆာရင် ဒီနေ့ နည်းနည်း စောစော စားလေ ဆိုတာမျိုး သူ့ကို သွားလုပ်လို့ မရပါဘူး၊ မနက် ဆယ်နာရီ မခွဲမချင်း ဆာတယ် မပြောတတ်သလို တကယ် ဆာမနေသော်လည်း ညနေ ငါးနာရီခွဲဆို မဖြစ်မနေ စားတတ်ပါတယ်။ ကြာလာတော့ ကျွန်မတို့က အဖိုးရဲ့ ထမင်းစားချိန်ဟာ ဗိုက်ဆာတာနဲ့ မဆိုင်၊ နာရီနဲ့ပဲ ဆိုင်တယ် တို့၊ ဆာတဲ့ အချိန်စားမှ မြိန်မှာပေါ့ တို့ ရယ်သလို မောသလို ဆရာလုပ်သလိုနဲ့ ပြောတတ်ပါတယ်။ အဲဒီလိုပြောရင် အဖိုး စိတ်ဆိုးမယ်လို့ ထင်ရပေမယ့် တကယ်တော့ စိတ်မဆိုးပါဘူး ရယ်ပဲ ရယ်နေတတ်ပါတယ်။ အဲဒီလို အစားအသောက်ကို စည်းနဲ့ ကမ်းနဲ့ အချိန်နဲ့ ချင့်ချင့်ချိန်ချိန် တိုင်းထွာ စားသောက် နေထိုင်ခဲ့လို့လည်း အဖိုးဟာ သူ့အသက် ကိုးဆယ့်သုံးနှစ်အထိ ရောဂါဝေဒနာ ကင်းကင်းနဲ့ ကျန်းကျန်းမာမာ ရှင်သန်နေထိုင်နိုင်ခဲ့ပါတယ်။ မီးဇာကုန် ဆီခမ်း ဖြစ်လာတဲ့အခါမှာတော့ တစ်လလောက် အစားများများ မဝင်၊ မစားနိုင်တော့ပဲ အိပ်ရာထဲ လဲပြီး နောက် တစ်လ လောက်မှာ ဘာဝေဒနာမှ ကြီးကြီးမားမား မခံစားရပဲ ကွယ်လွန်သွားခဲ့ပါတယ်။

ကျွန်မတို့တွေ တစ်ခါတစ်ခါ လုပ်လေ့ရှိတယ်။ ပန်းကန်ထဲ ထမင်းထည့်၊ ဟင်းတွေထည့်၊ ဇွန်းတစ်ချောင်းတပ်ပြီး စာအုပ်တစ်အုပ် မျက်နှာအပ်ရင်း တွေ့ရာနေရာမှာ အလွယ်တကူ စားလိုက်ချင်တာမျိုး၊ တူတစ်စုံနဲ့ ခေါက်ဆွဲပြုတ် တစ်ပန်းကန်ဆွဲပြီး တီဗီရှေ့ သွားထိုင်စားတာမျိုးကို အဖိုးသာ မြင်ရင် ပြောမှာလို့ သတိရ ရသွားတတ်ပါတယ်။ အဲဒီအခါမှာ ကိုယ့်ဟာကိုယ် ကိုယ်ရှိန်သတ်ပြီး တီဗီရှေ့မှာ သွားစားမယ့် အစီအစဉ်ကို ဖျက်၊ ထမင်းပန်းကန် ဟင်းပန်းကန်တွေကို စားချင်စဖွယ် သေသေချာချာ ခင်းကျင်းပြီး ထမင်းစား စားပွဲမှာ ပြောင်းထိုင်ရပါတယ်။ ပြီးစလွယ် လုပ်ချင်တဲ့ အကျင့်ကို ဖျောက်ရပါတယ်။ အလုပ်တဖက်နဲ့မို့ ညစာ နဲ့ ပိတ်ရက်တွေမှသာ အိမ်မှာ ချက်ဖြစ် စားဖြစ်တယ် ဆိုပေမယ့် အဲဒီလို စားဖြစ်တဲ့ အနပ်တိုင်းမှာ ထမင်း ဟင်းကို အချိန်မှန်မှန် အေးအေးဆေးဆေး စားဖြစ်ဖို့ အားထုတ်ရပါတယ်။

ဒီတစ်ခါ ပြောချင်တာကတော့ မိသားစု ထမင်းဝိုင်း နဲ့ ဆိုင်ပါတယ်။ ငယ်ငယ်က တန်ဖိုးမထားဖြစ်၊ တန်ဖိုးထားရကောင်းမှန်း သေသေချာချာ မသိ နားမလည်တဲ့ အချိန်တွေထဲမှာ မိသားစု ထမင်းဝိုင်းလေးလည်း ပါခဲ့ပါတယ်။ အဖိုးကို အချိန်မှန်မှန် ထမင်းဟင်း ခူးခတ်ကျွေးပြီးရင် ကျွန်မတို့လည်း အဆင်ပြေသလို စားလိုက်ကြတာ များပါတယ်။ မိသားစု နည်းတဲ့အပြင် ဖေဖေက အဝေးမှာဆိုတော့ ကျွန်မရဲ့ ငယ်ဘဝ ထမင်းဝိုင်းဟာ တစ်နှစ်ခွဲမှာ တစ်လ လောက်သာ လူစုံနိုင်ခဲ့ပါတယ်။ ဒါလည်း အခါများစွာမှာ တစ်ယောက် တစ်ယောက် အချိန်ညှိမရ၊ ညှိဖို့လည်း မကြိုးစားဖြစ်ပဲ အိမ်အကူတွေ ပြင်ကျွေးတဲ့အတိုင်း အဆင်ပြေသလို စားလိုက်ကြတယ်လို့သာ မှတ်မိပါတယ်။

ဒီလိုနဲ့ ကျွန်မ အိမ်ထောင်ကျတော့ အမျိုးသားအိမ်ကို တစ်ပတ် တစ်ရက် နှစ်ရက် ဆိုသလို အလည်သွား ထမင်းစားကြပါတယ်။ အဲဒီအခါ သူတို့အိမ်မှာ မိသားစု စုံမှ ထမင်းစားတဲ့ ချစ်စရာ အလေ့အထကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ ညစာပေါ့။ မိဘတွေက အလုပ်၊ သားသမီးတွေက ကျောင်းသူ ကျောင်းသားတွေမို့ မနက်စာအတွက် ထမင်းဘူးကိုယ်စီနဲ့ သွားကြပေမယ့် ညစာကို လူမစုံ မချင်း မစားတတ်ကြပါဘူး။ ညီမ အငယ်လေးတွေ (ကလေးတွေပေါ့) ဘယ်လောက်ပဲ ဆာနေပစေ အဖေ အမေတွေ ပြန်မလာသေးရင် အဆာပြေ မုန့်စား ရေသောက်ပြီး စောင့်ပါတယ်။ အလုပ်ကိစ္စကြောင့် အပြင်ရောက်နေတဲ့ အဖေ ဘယ်လောက်ပဲ အိမ်ပြန်နောက်ကျနေပါစေ ဘယ်သူမှ အရင်စားထားနှင့်လိုက်မယ် ဆိုတာမျိုး မရှိပါဘူး။ လူမစုံမချင်း အေးအေးဆေးဆေး စောင့်စားကြတဲ့ သူတို့မိသားစုရဲ့ အကျင့်လေးကို အင်မတန် သဘောကျမိပါတယ်။

လူစုံတဲ့ ထမင်းဝိုင်းလေးဟာ စကားသံ ရယ်မောသံတွေနဲ့ ဆူညံ စည်ကားလှပါတယ်။ ပြီးတော့ စားပွဲပေါ်မှာ ဟင်းဘယ်နှစ်ပွဲရှိရှိ ရှိသမျှ ဟင်းပွဲတိုင်းကို အဖေ အမေ က စပြီး ကြီးစဉ်ငယ်လိုက် အလှည့်ကျ ယူကြရပါတယ်၊ အငယ်ဆုံးလေးက အနောက်ဆုံးမှ ယူရမယ့်သူမို့ သမီး ဗိုက်ဆာပြီ မြန်မြန် ယူကြပါဗျို့ ဆိုတာ ထမင်းဝိုင်းမှာ အမြဲ ကြားနေကျ စကားသံပါပဲ။

အဲဒီ အလေ့အထဟာ အဖေ အမေတို့ ဆီကနေ ကျွန်မ အမျိုးသားဆီကို ပါလာခဲ့တယ်။ ကျွန်မလို အစားများများ မစားတတ်၊ အချိန်မဟုတ် အခါမဟုတ် စိတ်ပါမှ ဆာမှ စားချင်တာ ကောက်စားတတ်၊ တွေ့ရာနေရာမှာထိုင်ရင်း စာဖတ်ရင်း ကော်ဖီလောက် မုန့်လောက်နဲ့သာ အလွယ်တကူ ပြီးလိုက်ချင်တတ်တဲ့သူကို ထမင်းစားပွဲမှာ အချိန်နဲ့ စားတတ်ဖို့ စိတ်ရှည်လက်ရှည် ခေါ်တတ်ပါတယ်။ ထမင်းမစားချင်ဘူး ပြောရင်လည်း ရေခဲမုန့် အာလူးကြော် ကော်ဖီ စသည်ဖြင့် စားချင်တာ တစ်ခုခု ယူလာပြီး စားပွဲမှာ လာထိုင်နေဖို့ ခေါ်တတ်ပါတယ်။ သားလေးကိုလည်း ငယ်ငယ်လေးထဲက ထမင်းဝိုင်းမှာ တစ်ချိန်တည်း အတူတူထိုင်စားတတ်ဖို့ (သူ စားချင်တဲ့ စားတတ်တဲ့ စားစရာတွေ ကျွေးပြီး) လေ့ကျင့်ပေးခဲ့ပါတယ်။ တစ်ခါ တစ်ခါ သားက မဆာသေးလို့ နောက်မှ စားချင် စားပါစေလို့ ကျွန်မက ပြောရင် မကြိုက်ချင်၊ ဆာသလောက် အတူတူစားပါစေ လို့ ခေါ်တတ်ပါတယ်။ နှစ်တွေ ကြာလာတော့လည်း အရာရာဟာ နေသားတကျနဲ့ အကျင့်ရယ်လို့ ဖြစ်လာတာပါပဲ။

အကျင့်ဆိုတာ တစ်ဦး တစ်ယောက်ကသော်လည်းကောင်း၊ ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း စိတ်ထဲက သိမှုနဲ့ဖြစ်စေ၊ မသိမှုနဲ့ ဖြစ်စေ၊ ရည်ရွယ်လို့ဖြစ်စေ၊ မရည်ရွယ်ပဲနဲ့ ဖြစ်စေ ကိစ္စရပ်တစ်ခုကို အကြိမ်ရေများစွာ မပျက်မကွက် အချိန်မှန် ဖန်တီးနေုဖြစ်ခြင်းလို့ ဆိုကြတယ်။ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ ကိစ္စရပ်တွေကို နေ့ရက် အချိန်နာရီတွေထဲမှာ ပုံမှန် မပျက်မကွက် ပြုလုပ်နေဖြစ်ခဲ့တဲ့အခါ အဲဒီ အကျင့် ဆိုတာကို (မသိလိုက် မသိဖာသာ) အစပြုမိရက်သား ဖြစ်လာတာပဲ မဟုတ်လား။

ဒီလိုနဲ့ သုံးယောက်ပဲ ရှိတဲ့ မိသားစုလေးဟာ ဘာမှ ထွေထွေထူးထူး ညှိယူစရာ တိုင်ပင်စရာ မလိုပါပဲ ညနေစာတွေ အမြဲ အတူတူ စားဖြစ်ခဲ့ပါတယ်။ ထမင်းဟင်း ဖွယ်ရာတဲ့နေ့တွေ ရှိသလို မအားလပ်လို့ အလုပ်ပင်ပန်းလို့ မဖွယ်ရာတဲ့ နေ့တွေလည်း ရှိတာပါပဲ။ ဒါပေမယ့် မိသားစု အတူတူစားရတဲ့အခါ ဘာနဲ့ဖြစ်ဖြစ် ကျေနပ်စရာ ကောင်းပါတယ်။ တစ်ချို့ရက်တွေ မချက်အားလို့ အပြင်သွားစားကြမယ် ဆိုလည်း သုံးယောက် အတူတူသွားစားကြတာပဲ။ ရုံးက မိတ်ဆွေတွေနဲ့ စကားစပ်မိတဲ့အခါ သားက ကြီးလှပြီ မိဘတွေနဲ့ အပြင်သွားရင် လိုက်တုန်းလား၊ အတူတူ ထမင်းစားထွက်ရင် လိုက်တုန်းပဲလား လို့ မေးကြပါတယ်။ သူတို့ သားသမီးတွေက ဒီ့ထက် ငယ်ငယ်ထဲက ခေါ်လို့ မရ၊ မလိုက်ကြတော့ဘူးတဲ့... ဒါလည်း အကျင့်ပါပဲ လို့ ပြောရတယ်...

အဲဒီလိုပဲ မိဘတွေနဲ့ အတူရှိနေတဲ့ အချိန်တွေမှာလည်း ညနေတိုင်း လူစုံပြီး ဖွယ်ရာတဲ့ ထမင်းဝိုင်းတစ်ခုဖြစ်ဖို့ ကျွန်မ အားထုတ်ရပါတယ်။ ရုံးနဲ့ အိမ်နဲ့ သိပ်နီးတဲ့ ကျွန်မအတွက် နေ့လည်ထမင်းစားချိန်တွေပါ အိမ်ပြန်ပြီး မိဘတွေနဲ့ ထမင်းလက်ဆုံ စားလို့ ရပါသေးတယ်။ နည်းနည်းတော့ ပင်ပန်းတယ်လို့ ထင်ရပါတယ်... ဒါပေမယ့် တစ်နေ့တခြား အသက်အရွယ် ကြီးရင့် အိုမင်းလာတဲ့ မိဘတွေကို အချိန်ပေးဖို့ ဂရုစိုက်ဖို့၊ သူတို့နဲ့ ထမင်းလက်ဆုံ အတူစားနိုင်ဖို့ ဘာကိုများ ကြောင့်ကြနေစရာ တွေဝေ နှောင့်နှေးနေစရာ ရှိပါသလဲ။

မိသားစု စုံစုံညီညီ အတူတူစားဖြစ်ကြတဲ့ ထမင်းဝိုင်းတစ်ခုဟာ လိုက်ရှာနေစရာမလိုပဲ တွေ့နိုင်တဲ့ ပျော်ရွှင်မှုပါ။ ခေတ်တွေ စနစ်တွေက ပြောင်း၊ အခြေအနေတွေက ပြောင်းလာတော့ မိဘနဲ့ သားသမီးတွေ ညီအစ်ကို မောင်နှမ မိသားစုတွေ တစ်ယောက်တစ်နေရာစီ နေထိုင် ရှင်သန်ကြရတဲ့အခါ မိသားစု စုံညီတဲ့ ထမင်းဝိုင်းတစ်စု ဖြစ်ဖို့ သိပ်ခက်ခဲလာပါတယ်။ ဒီလိုဆိုတော့ ဘယ် မိသားစုမဆို ဆုံနိုင်သမျှ၊ ဆုံခွင့်ရသမျှ အချိန်တွေတိုင်းမှာ စည်ကား ပျော်ရွှင်ဖွယ် ထမင်းဝိုင်းကလေးတွေကို တန်ဖိုးထား ဖန်တီးနိုင်ကြမယ် ဆိုရင်ဖြင့်...

သက်ဝေ
(၈ မတ် ၂၀၂၀)

4 comments:

  1. ဘလော့လောကလေး ပြန်ရှင်သန်လာပြီလား မ။

    ReplyDelete
    Replies
    1. သတိရလို့ လာကြည့်ရင်း ၂၀၁၉ မှာ တစ်ပိုစ့်မှ တင်မထားတာ တွေ့ရလို့... update လာလုပ်တာ ညီမ...
      ညီမ ဘလော့လေးလည်း invite လုပ်ပါဦး... <3

      Delete
  2. တကယ်တော့ Lockdown ကာလမှာ ဘလော့ဂါတွေ ဘလော့ဖက်ကို ခြေဦးပြန်လှည့်လာမလားလို့ မျှော်လင့်မိတယ်။ အစ်မရဲ့ ပို့စ်လေးကိုဖတ်ပြီး လူမစုံရင် မစားဘဲ စောင့်တဲ့ မိသားစုကို ပြန်သတိရသွားပြီ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...