Showing posts with label သံလွင်အိပ်မက်. Show all posts
Showing posts with label သံလွင်အိပ်မက်. Show all posts

Monday, April 18, 2011

စွယ်တော်ရွက်တို့နှင့်အတူ...

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၅) အမှတ် (၁) ထွက်ပါပြီ။
ဒီတပါတ် သံလွင်အိပ်မက်မှာတော့ သဘာဝ ဘေးအန္တရာယ်တွေအကြောင်း၊ အဲဒီ သဘာဝ ဘေးအန္တရယ်တွေကို ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အရေးပေါ်အစီအစဉ်တွေအကြောင်း၊ ပြီးတော့ အခုခေတ်မှာ တိုးတက်နေတဲ့ သိပ္ပံပညာကိုတောင် ပြန်လည် အံတုလာပြီဖြစ်တဲ့ ကူးစက်ပြန့်ပွားတတ်တဲ့ ရောဂါ အသစ်အဆန်းတွေ အကြောင်း၊ ရောဂါသည်တွေကို အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးနေတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေအကြောင်း ကို အင်တာဗျူးနဲ့ တကွ ဖတ်ကြရမှာ ဖြစ်ပါတယ်။

အဲဒီမှာ ကိုယ့်ရဲ့ ဝတ္ထုတိုလေး တပုဒ် ပါပါတယ်…။
ဝတ္ထုလေးရဲ့ နာမည်က
စွယ်တော်ရွက်တို့နှင့်အတူ တဲ့။ ကုန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ဒီစကာင်္ပူမှာ စည်ကားသိုက်မြိုက်စွာကျင်းပသွားတဲ့ ဆရာကန်တော့ပွဲတွေ၊ ဆရာ ဆရာမတွေ၊ အတန်းဖေါ်သူငယ်ချင်းတွေနဲ့ တပျော်တပါး ပြန်လည်တွေ့ဆုံခဲ့ရတဲ့ အချိန်တွေ… အဲဒါတွေ ခေါင်းထဲကိုရောက်နေတုန်း ရေးဖြစ်ခဲ့တဲ့ ဝတ္ထုလေးပါ။ ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။

စွယ်တော်ရွက်တို့နှင့်အတူ...



ဒီစာတွေ မကျက်ချင်ပါဘူး.. ဒီပုစ္ဆာတွေလဲ မတွက်ချင်ပါဘူး… ခေါင်းတွေ ကိုက်လိုက်တာ… ဟု အသံထွက်ကာ ခပ်ညည်းညည်း ပြောလိုက်မိသည်။ အတူတူ စာကျက်နေကြသော အတန်းဖေါ် သူငယ်ချင်းများက ခေါင်းကြည်သွားအောင် သံပုရာရည် သောက်လိုက်ပါလား ဟု ပြောကြသည်။ တချို့ကတော့ ကော်ဖီ လဘက်ရည် တစ်ခုခု သောက်လိုက်ပါလားတဲ့။ အမှန်က နောက်ဆုံးနှစ် စာမေးပွဲကြီး ဖြေရန် ရက်ပိုင်းသာ လိုတော့သည်။ အချိန်များများ စာကျက်လေ ခေါင်းတွေက ပြင်းထန် ဆိုးရွားစွာ ကိုက်လေလေ လွန်ခဲ့သော တစ်နှစ်ကျော်ကျော် လောက်မှ အစပြုခဲ့သော ခေါင်းကိုက် ဝေဒနာသည် ဒီနှစ်ပိုင်းအတွင်းမှာတော့ အချိန်တိုင်း၊ နေ့တိုင်းလိုလိုမှာ ကိုက်နေတော့သည်။ ထိုခေါင်းကိုက်ဝေဒနာ အကြောင်းကို သူတို့ နားလည်အောင် ဘယ်လိုပြောပြရပါ့။ ခံစားဖူးမှ သိနိုင်မည်လေ။

ခေါင်းတွေ ကိုက်လာတိုင်း ဘာစပရို၊ ပါရာဆီတမော၊ အက်စပရင် ဆေးတွေလဲ စုံလှပြီ… သက်သာလှ တခဏသာ…။ အကြောအားကောင်းစေရန် နျူရိုဘီယံ ဆေးပြားများ သောက်သေးသည်။ ဘာမှ ထူးထူးခြားခြားမရှိ… ကြာတော့ စိတ်ပျက်ကာ ဘာဆေးမှ မသောက်ချင်တော့…။ ရှုဆေးတချို့ တခါတခါ ရှုကြည့်သည်။ တခါတခါ နားထင်မှာ ဆေးပလာစတာ ဖြူဖြူလေးတွေ ကပ်ထားကြည့်သည်။ နည်းနည်းတော့ သက်သာသလို ရှိသည်။ စာကျက်ရသောကြောင့် စိတ်ရှုပ်မှုနှင့် ခေါင်းကိုက်သောကြောင့် စိတ်ညစ်မှုတို့ ပေါင်းစပ်ကာ ဆံပင်ထူထူတွေကို ခပ်တိုတို ညှပ်ထားလိုက်သည်။ ထိုအခါ ပုံပန်းမကျလှသော ဆံပင်တိုတိုနှင့် သာမန်ရွက်ကြမ်းရေချို မျက်နှာနှင့် နားထင်မှ ဆေးပလာစတာ ဖြူဖြူနှင့် အချိုးမပြေ ပိန်ရှည်ရှည် စက်မှုအင်ဂျင်နီယာ ကျောင်းသူတယောက်၏ ရုပ်ပုံကို မှန်ထဲမှာ ကြည့်မိသောအခါ ခေါင်းကိုက်နေသည့်ကြားမှ အသံထွက်အောင် ဟားတိုက် ရယ်မောပစ်လိုက်မိသည်။ သိပ်ရယ်စရာ ကောင်းတာပဲ။


အပြည့်အစုံကို ဒီမှာ ဆက်ဖတ်နိုင်ပါတယ်…။



Sunday, May 9, 2010

သံလွင်အိပ်မက် အတွဲ (၄) အမှတ် (၁)


သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၄) အမှတ် (၁) ထွက်ပါပြီ။ ဒီတပါတ် သံလွင်အိပ်မက်မှာတော့ လူ့အဖွဲ့အစည်းအတွင်း နှစ်ပေါင်းများစွာ ကြာအောင် စွဲကပ်နေခဲ့သော ရောဂါဝေဒနာဆိုးတခုဖြစ်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှု… စတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသားပေး ရေးသားဖေါ်ပြထားတာကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

အဲဒီမှာ ကိုယ့်ရဲ့ ဝတ္ထုတိုလေး တပုဒ် ပါပါတယ်…။
ဝတ္ထုလေးရဲ့ နာမည်က နှလုံးသား သံစဉ် ပါ။
အသက်လေးရလာတဲ့ ပင်စင်စား ဖခင်တယောက်နဲ့ ခေတ်မီပြီး လူငယ်ပီသချင်တဲ့ သားတယောက်၊ ဒီလို ကွာဟနေတဲ့ မျိုးဆက်နှစ်ခုရဲ့ သံစဉ်မတူတဲ့ တေးသွားနှစ်ပုဒ်ကို ခံစားပြီး ရေးထားတာပါ။ ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။

********



ရန်ကုန်လေဆိပ် ပြည်ပထွက်ခွာနေရာတွင် ဖြစ်ပါသည်။ လူဝင်မှုကြီးကြပ်ရေးကောင်တာကို ဖြတ်ကျော်ပြီး ခရီးသည်များ နားနေ စောင့်ဆိုင်းရာနေရာကို တစ်လှမ်းချင်း လျှောက်လှမ်း ဝင်ရောက် ပျောက်ကွယ်သွားသော သားဖြစ်သူ၏ကျောပြင်ကို ကြည့်ရင်း မျက်ရည်ကြည်များ ရစ်ဝိုင်းနေသော ဖခင်တစ်ယောက်၏ သာမန်ထက်ပိုသောခံစားချက်တို့ကို နှစ်သိမ့်ရန် စကားလုံးများ စီစဉ်နေမိပါသည်။

တည်ကြည် ရိုးဖြောင့်သော၊ အနေအစား ဆင်းရဲခဲ့သော်လည်း မိမိ၏လိပ်ပြာကို မိမိကိုယ်တိုင် လုံလုံလဲလဲရှိခဲ့သော၊ နှစ်ပေါင်းသုံးဆယ်နီးပါး သာမန်အစိုးရ ဝန်ထမ်းဘဝကို ရောင့်ရဲတင်းတိမ်စွာဖြင့် ဖြတ်သန်းလာခဲ့ပြီး လက်ရှိ အငြိမ်းစားဘဝရောက် ဖခင်တစ်ဦး နှင့် ငယ်ရွယ်ပြီး နုနယ်ပျိုမြစ်သော သွက်လက်တက်ကြွသော၊ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုသော၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကာ စီးပွားရှာပြီး မိဘကို မတောင့်မတ မကြောင့်မကျ အခြေအနေမျိုးတွင် ထားသော်လည်း အရာရာကို အလေးအနက်မထားတတ်သော ပေါ့ပေါ့တန်တန် ခပ်မိုက်မိုက် ဂျစ်ကန်ကန် လူငယ်လေး တစ်ယောက်… ထိုသူနှစ်ယောက်၏ကြားတွင် အရာရာကို စိတ်အေးချမ်းသာစွာ အဆင်ပြေပြေဖြစ်အောင် ကြားဝင်ဆောင်ရွက်ပေးရမည့်သူမှာ ကျွန်မ ဖြစ်နေလေသည်။

----------
--------------------
------------------------------
အပြည့်အစုံကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်…။



Monday, November 16, 2009

သံလွင် အိပ်မက် အတွဲ (၃) အမှတ် (၄)

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၃) အမှတ် (၄) ထွက်ပါပြီ။
ဒီတပါတ် ထွက်တဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းမှာတော့ အပြောင်းအလဲ နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အဓိကထားပြီး ဖတ်ကြရမှာ ဖြစ်ပါတယ်။
အဲဒီမှာ ကိုယ့်ရဲ့ ဝတ္ထုတိုလေး တပုဒ် ပါပါတယ်…။
ဝတ္ထုလေးရဲ့ နာမည်က “ ပြောင်းလဲနေသော ” တဲ့။
ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။


* * * * *


ပြောင်းလဲနေသော





အရာရာတိုင်းသည် စက္ကန့်တိုင်း မိနစ်တိုင်းမှာ လှလှ ပပ ပြောင်းလဲ နေကြသည်။ သက်ရှိတွေ သာမက သက်မဲ့အရာတွေသည်လည်း အချိန်နှင့်အမျှ ပြောင်းလဲတတ်ကြသည်။ ရာသီဥတုတွေ ပြောင်းလဲတတ်သလို ရေမြေတောတောင် သဘာဝတွေကလည်း ပြောင်းလဲတတ်သည်။ အချိန်အခါတွေ ပြောင်းလည်းတတ်သလို အခြေအနေတွေသည်လည်း ပြောင်းလဲတတ်သည်။ စကားလုံးတွေက ပြောင်းလဲတတ်သလို အပြုံးတွေကလည်း ပြောင်းလဲတတ်သည်။ သစ်ရွက်လေးတွေ၊ လိပ်ပြာလေးတွေက အရောင်ပြောင်းတတ်သလို ပန်းပွင့်လေးတွေကလည်း အရောင်ပြောင်းတတ်သည်။ ပြီးတော့ လူတစ်ဦး တစ်ယောက်၏ စိတ်နေစိတ်ထား၊ အမူအကျင့်၊ ဓလေ့စရိုက်၊ အပြောအဆို၊ အယူအဆ၊ စွဲလမ်းသော အရာ၊ အလေးအနက်ထားသော၊ တန်ဖိုးထားသော အရာတွေ သည်လည်း တချိန်နှင့်တချိန် မည်သည့်နည်းနှင့်မျှ မတူညီနိုင်ကြ။ အချိန်နှင့်အမျှ ပြောင်းလဲနေတတ်ကြသည်မှာ ဓမ္မတာပင်…။

ထိုကဲ့သို့သော ပြောင်းလဲခြင်း သဘောတရားကို မည်သူမျှ လွန်ဆန်နိုင်ခြင်း မရှိသလို မည်သူကမျှလည်း တားဆီး၍ မရနိုင်။ ပြောင်းလဲသွားသော အရာတွေကို အရင်အတိုင်း အကောင်းပကတိ ပြန်ဖြစ်ရန်လဲ အတော်လေးကို မလွယ်ကူ။ ဤသို့ မလွယ်ကူမှန်း သိသိကြီးနှင့်ပင် ကိုယ့်မျက်စေ့ရှေ့မှောက်မှာ လှလှပပလေး ပြောင်းလဲသွားသော အရာတစ်ခုကို ဟိုးအရင် မပြောင်းလဲခင် အချိန်တုန်းကလို အကောင်းအတိုင်း ပြန်ဖြစ်လာစေရန် ကိုယ် ရူးသွပ်စွာ ကြိုးစားနေခဲ့မိပါသည်။

* * * * *

သူ့ကို စတင်ရင်းနှီးခဲ့သည်မှာ လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်သည်။ ကျောင်းမှာ မေဂျာတူ အတန်းတူ ပြီးတော့ ခုံနံပါတ်ချင်းကပ်ရက်.. သည်လိုနှင့် သူ့ကို စတင် ရင်းနှီးခင်မင်ခဲ့ရသည်။ ပင်ကိုယ် အလှတွေနှင့် အပြစ်ဆိုစရာမရှိအောင် လှပြီးသားဖြစ်သော်လည်း ခေတ်မှီ သေသပ်လှပသော ဝတ်စားဆင်ယင်မှုနှင့် ပြင်ဆင်ခြယ်သကာ အစဉ်အမြဲ လှနေတတ်သူ၊ ရယ်စရာ ဟာသများကို ရှာရှာဖွေဖွေ ပြောတတ်ကာ အစဉ်အမြဲ ကြည်လင်စွာ ရယ်မောနေတတ်သူ၊ သူငယ်ချင်းများကို လူမျိုး ဘာသာမရွေး တရင်းတနှီး ယုံယုံကြည်ကြည် ခင်မင်ကာ စေတနာအပြည့် ထားတတ်သူ၊ သင်ခန်းစာများကို သိပ်အားမစိုက်ရပဲ လွယ်လင့်တကူ နားလည်တတ်ကျွမ်းနိုင်သူ၊ အရာရာကို အကောင်းဖက်မှ တွေးမြင်တတ်ကာ လူတိုင်းကို ရရာနေရာမှ အတတ်နိုင်ဆုံး ကူညီတတ်သူ၊ သူသည် အလွန် လန်းဆန်း တက်ကြွသော၊ လှပပြည့်စုံ၍ အပြစ်ကင်းစင်သော ချစ်စဖွယ် မိန်းကလေးတစ်ယောက် ဖြစ်ပါသည်။

သူနှင့် ရင်းနှီးခင်မင်ခဲ့ရသော အချိန် ကာလ တလျှောက်တွင် သူနှင့် ပတ်သက်၍ စိတ်တိုင်းမကျစရာများ၊ စိတ်ညစ်ညူးစရာများ၊ အလိုမကျစရာများ ဘာမျှ မတွေ့ကြုံခဲ့ရပါ။ အလွန်တရာမှ ချစ်ခင် နှစ်လိုဖွယ်ကောင်းလှသော သူငယ်ချင်းတစ်ယောက် ဖြစ်ပါသည်။ သည်လိုနှင့် သူသည် ကိုယ့် အရင်းနှီးဆုံး စိတ်အချရဆုံး တိုင်ပင်ဖေါ် တိုင်ပင်ဖက် တိုးတိုးဖေါ် သူငယ်ချင်း ညီအမတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါသည်။ ကျောင်းဖွင့်ရက်တွေမှာ သာမက ကျောင်းပိတ်ရက်တွေမှာပါ သူနှင့် အဆက်အသွယ် မပျက်၊ အသွားအလာ မပျက် အချိန်တိုင်းမှာ တတွဲတွဲနှင့် နေဖြစ်ခဲ့ရင်း ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်း စာရင်းထဲမှာ သူသည် ထိပ်ဆုံးနေရာမှာ ရောက်နေခဲ့တော့သည်။

သည်လိုနှင့် တနေ့မှာတော့ ထူးထူးဆန်းဆန်း... ပြောစရာရှိသည် ဟုဆိုကာ သူ ကိုယ့်အိမ်ကို ရောက်လာပါသည်။ တွေ့တွေ့ချင်းမှာပင် ကိုယ့်အိပ်ခန်းထဲသို့ ဝင်လာကာ တံခါးသော့ကို နှိပ်လိုက်ပြီး “နင် ဘယ်သူ့ကိုမှ မပြောပြရဘူးနော်.. ငါ့ကို ဂတိပေးပါ.. ” အစချီသော စကားလုံးများနှင့် စတင်လာပါသည်။ သူပြောနေသော စကားလုံးတွေ အများကြီးထဲမှာ ကိုယ့် နားထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲလိုက်သလို ကျယ်ကျယ်လောင်လောင်ကြီး ကြားလိုက်ရသည်ကတော့ သူ့တွင် ပြင်းထန် ကြီးမားသော ရောဂါတစ်ခု ရှိနေပြီ ဖြစ်နေသောကြောင့် များမကြာမီ အချိန်အတွင်းမှာ အသက်ဆုံးရှုံးသွားနိုင်သည် တဲ့...။ ဘုရားရေ... ကိုယ့်ခေါင်းထဲတွင် မိုက်ကနဲဖြစ်ကာ အမြင်အာရုံများလည်း ဝေဝေဝါးဝါး ဖြစ်သွားသည်။ သူ့ကိုကြည့်လိုက်တော့ ရောဂါရှိနေသူမှာ သူမဟုတ်သလို… ဘာဆို ဘာမှ မဖြစ်လေဟန်နှင့် တည်တည်ငြိမ်ငြိမ်...

----------
--------------------
------------------------------

အပြည့်အစုံကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်…။

*** အလုပ်တွေများပြီး အားလပ်ချိန်တွေ နည်းနေတဲ့ကြားက ဝတ္ထုတိုလေးအတွက် သရုပ်ဖေါ်ပန်းချီလေး ဆွဲပေးတဲ့ ညီမငယ် ပန်ဒိုရာ ကို များစွာ ကျေးဇူးတင် ချစ်ခင်လျက်…။

Monday, July 27, 2009

သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၃)

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း ၅နှစ်ပြည့် အထူးထုတ်
အတွဲ (၃) အမှတ် (၃) ထွက်ပါပြီ။
အဲဒီမှာ ကိုယ့်ရဲ့ ဝတ္ထုလေး တပုဒ် ပါပါတယ်။
ဝတ္ထုလေးရဲ့ နာမည်က "တောင်တန်းတွေရဲ့ တဖက်မှာ" တဲ့...။
ဖတ်ကြည့်ပါ။ ဝေဖန်ပါ။ အကြံပြုပါ။ ကျေးဇူးတင်ပါတယ်။
ပြီးတော့ သံလွင်အိပ်မက်မှာ တခုခုရေးဖြစ်အောင် အားပေး တိုက်တွန်းခဲ့တဲ့
ချစ်ညီမလေး ပန်ဒိုရာ ကို ကျေးဇူး အထူး အထူးပါ။
အဲဒီ ဝတ္ထုလေးကို ဒီမှာ သွားဖတ်လို့လဲ ရပါတယ်…။

----------

--------------------

-----------------------------

တောင်တန်းတွေရဲ့ တဖက်မှာ




ဟိုးအဝေးကြီးအထိ မျက်စေ့တဆုံး မြင်နေရသော ပင်လယ် ရေပြင်ကျယ်ကြီးကို ကမ်းစပ်တနေရာမှာ ထိုင်ရင်း တွေငေးစွာကြည့်နေမိသည်။ ထိုရေပြင်ကျယ်၏ အနားသတ်မှာ ချစ်စရာ တိမ်လိပ်ဖြူဖြူတွေ စီးမိုးထားသော တောင်တန်းများကို မြူတွေကြားမှတဆင့် မှုန်မှုန်လေး မြင်နေရသည်။ ပင်လယ်ပြင်ကျယ်မှာ တည်ငြိမ်နေသော အသွင်ကို ဆောင်ကာ ပြာလဲ့နေသည်။ တောင်တန်းများမှာ ခိုင်မာသော အသွင်ကိုဆောင်ကာ မှိုင်းညို့နေကြသည်။ ကိုယ်ကြည့်နေသော ပင်လယ်ကြီးက လှပစွာ တည်ငြိမ်နေသော်လည်း ကိုယ့်စိတ်တွေကတော့ ဆန့်ကျင်ဖက်… ကိုယ်ကြည့်နေသော တောင်တန်းများက ခိုင်မာစွာ တည်ငြိမ်နေသော်လည်း ကိုယ့်စိတ်တွေက ဆန့်ကျင်ဖက်… အတွေးပေါင်းစုံ တွေးရင်း တယောက်တည်း ယောက်ယက်ခတ်စွာ..။

ကမ်းစပ်တလျှောက်လုံး ကိုယ် လှမ်းကြည့်မိသည်။ ဘယ်သူမှမရှိ… ကိုယ်တယောက်ထဲပါလား ဟူသော အသိကြောင့် နဲနဲတော့ ကြောက်စိတ်ကလေး ဝင်လာမိသည်။ တချိန်ထဲမှာပင် ကိုယ့်အနားကို တယောက်ယောက် ရောက်လာသလို ခံစားလိုက်ရသည်။ ကိုယ် ဘေးဘီ ဝဲယာကို ကြည့်မိသည်…။ သို့သော် ဘာဆို ဘာမှ မတွေ့…။ မင်းအနားမှာ ကိုယ် အမြဲရှိနေမည် ဟူသော စကားသံကို ကြားယောင်လာသည်…။ သူ.. ဘယ်မှာလဲ…။

သူ… တောင်တန်းတွေကို ချစ်မြတ်နိုးတတ်သူ… ကိုယ့်ကိုလဲ ပင်လယ်တွေနဲ့ တောင်တန်းတွေ ဘယ်ဟာကို ပိုချစ်သလဲ ဟူသော ပေါက်ပေါက်ရှာရှာ မေးခွန်းမျိုးကို မေးတတ်သူ တစ်ယောက်…။ တကယ်လဲ ကိုယ်က တောင်တန်းညိုညိုတွေကို ပင်လယ်ပြာပြာတွေထက် ပိုချစ်တတ်သူ…။ တောင်တန်းတွေကို တူညီစွာ ချစ်တတ်သူနှစ်ယောက်… ထိုချစ်သူနှစ်ယောက်ကို တချိန်မှာ သူတို့ ချစ်သော တောင်တန်းတွေက မတွေ့ရအောင် ကာဆီးထားကြလိမ့်မည်ဟု တခါမှ မတွေးမိခဲ့ကြချေ…။

ဟော… ညနေစောင်းလာသည်နှင့်အမျှ လေတွေပိုပြင်းလာသလို ပင်လယ်ပြင်ကျယ်မှာလဲ ရေလှိုင်းတွေ တွေ့နေရပြီ…။ ရေတက်ချိန် ဟုထင်ပါသည်။ ကိုယ် ထိုင်နေသော နေရာနားကို ရေလှိုင်းတွေ ခပ်ဖြေးဖြေးချင်း စတင်ရိုက်ခတ်လာကြသည်။ အလွမ်းတွေဖြင့် ပူလောင်နေသော ကိုယ့်ရင်ကို ဘယ်အရာကများ ငြိမ်းအေးစေမှာလဲ…။ ရေလှိုင်းတွေရဲ့ အအေးဓါတ်တွေက ကိုယ့်ရင်ကို အေးမြစေနိုင်မှာလား…။ အပူသက်သာလို သက်သာငြား ရေတွေထဲ ဆင်းပြီး အစိုခံကြည့်အုံးမည်…။

လှိုင်းလုံးတွေ တဖြည်းဖြည်းပို၍ ပို၍ကြီးမားစွာ ကမ်းစပ်ကို ရိုက်ခတ်လာကြသည်။ ကိုယ့်တကိုယ်လုံး ရေတွေစိုနေပြီ။ လေခပ်ပြင်းပြင်းတချက်အဝှေ့မှာ စိမ့်ကနဲ အေးသွားသော အအေးဓါတ်ကြောင့် ကိုယ် ကျေနပ်စွာ ပြုံးမိသည်..။ ရင်ထဲက ပူလောင်မှုတွေ နဲနဲတော့ သက်သာသွားသလိုပါပဲ…။ တဆက်တည်းမှာ ကိုယ့်အနားကို တယောက်ယောက် ရောက်လာသလို ခံစားမှုမျိုးကို နောက်တကြိမ် ခံစားလိုက်ရပြန်သည်။ လိုက်ရှာကြည့်တော့လဲ ဘယ်သူ့ကိုမှမတွေ့။ နေဝင်ကာစ မှောင်ရီနေသော ညနေခင်းသည် လူတွေရဲ့ စိတ်နှလုံးကို လှပသော လှည့်ဖျားခြင်းများ ယူဆောင်လာသည်လား… ချမ်းမြေ့သော သာယာ ကြည်နူးမှုများကို ပေးစွမ်းနိုင်သည်လား.. စိတ်ထိခိုက်စရာ ဝမ်းနည်း ကြေကွဲမှုများကို ပေးစွမ်းနိုင်သည်လား…။ ဘယ်အရာမှ သိပ်မသေချာလှပါ…။ သေချာတာတခုကတော့ ဒီအချိန်မှာ ကိုယ် သူ့ကို လွမ်းနေသည်… ကိုယ် သူ့ကို တွေ့ချင်သည်… ကိုယ် သူ့ကို စကားတွေ ပြောချင်နေသည်…။

ပင်လယ်ပြာပြာနှင့် တောင်တန်းများကို ချစ်တတ်သူ… ကိုယ့်အတွက် ပင်လယ်ကြီးတခုလို ကြည်လင် ကျယ်ပြန့်သော၊ တောင်တန်းတွေလို ခိုင်မာ တည်တံ့သော ချစ်ခြင်းမေတ္တာများကို ယူဆောင်လာသူ… ချစ်စဖွယ် သီချင်းအေးအေးလေးတွေမှာ စီးမျော ပျော်ဝင်တတ်သူ… ခရီးသွားခြင်းကို နှစ်သက်တတ်သူ… ရောက်လေရာ နေရာတွေမှာ ရှုခင်းလှလှတွေတွေ့တိုင်း မမေ့မလျော့ ဓါတ်ပုံရိုက်တတ်သူ… စာတွေရေးတတ်သူ… ကဗျာတွေကို ချစ်တတ်သူ… မိုးကောင်းကင်ကို မော့ကြည့်ရင်း ကြယ်တွေကို ရေတွက်တတ်သူ… နံနက်စောစော နေထွက်ချိန်တွေမှာ ချစ်သူကို သတိတရ လွမ်းတမ်းတတတ်သူ… စိတ်နှလုံး နူးညံ့ပျော့ပျောင်းကာ ကြင်နာတတ်သူ… ကိုယ့်ကို အရာရာမှာ လိုက်လျော ကြင်နာ နားလည်တတ်သူ… စိတ်ထဲကနေ သူ့ကို ကိုယ့် အနားသို့ ခေါ်ယူကာ စကားများစွာ ပြောနေမိသည်။

"ဒီနေ့လား… ဘာမှ မထူးခြားပါဘူး... နေကောင်းပါတယ် ကိုကို…
ထမင်းလား.. ဟင့်အင်း.. မစားဖြစ်ဖူး.. ကော်ဖီသောက်တယ်… မုန့်စားတယ်လေ…
ပြီးတော့ အားဆေးလဲ မှန်မှန်သောက်ပါတယ် ကိုကိုရဲ့…"

"စိတ်မပူပါနဲ့လေ… ညက အိပ်ရေးဝအောင် ကြိုးစားပြီး စောစောအိပ်ပါတယ်..
အိပ်ရင်းနဲ့ အိပ်မက်တွေမက်တယ်... မနက် နိုးတော့ အိပ်မက်တွေကို ပြန်စဉ်းစားနေမိတယ်... ဟင့်အင်း… အိပ်မက်ထဲမှာ ကိုကို့ကို မတွေ့ပါဘူး… အဖြူရောင် နှင်းဆီပန်းတွေပဲ ပါတာ… ပြီးတော့ အိပ်မက်ထဲမှာလဲ အခုလိုပဲ ရေတွေနဲ့ နီးနီးမှာ ထိုင်နေတာလေ… အင်းပေါ့... တယောက်တည်းပဲပေါ့… "

"အမှန်ကတော့ စိတ် ကြည်ကြည်လင်လင်ရှိရင် ကိုကို့ဆီကို စာတွေရေးချင်နေတာ...
အိမ်မက်ထဲမှာ တွေ့ခဲ့တာတွေကို ပြန်ရေးပြချင်တာပေါ့… နှုတ်တရာ စာတလုံးတဲ့… ဒီတော့ စာနဲ့ရေးထားနိုင်ရင် အမှတ်တရ ပိုဖြစ်မှာပေါ့ ဟုတ်ဖူးလား…"

"ပြီးတော့… စိတ်ထဲမှာ ဟိုတွေး ဒီတွေးနဲ့ ဝမ်းနည်းနေပြန်တယ်..
ကိုယ့်ကြောင့် တစုံတယောက်ကို စိတ်အနှောက်အယှက်ပေးမိသလို ဖြစ်မှာ ကြောက်တယ်... ကိုယ်ပေးနိုင်တာနဲ့ ကိုယ်ပြန်လိုချင်တာ မျှတရဲ့လားလို့လဲ စဉ်းစားမိတယ်... တခါတလေကျရင်တော့ ကိုယ်ဘာတွေ လိုချင်နေတာလဲ လို့ ကိုယ့်ကိုယ်ကိုယ် ထပ်ခါတလဲလဲ မေးမိပြန်တယ်... အဖြေရပြန်တော့ ရင်ထဲကနေ အပြင်ကို ရောက်မလာနိုင်အောင် တခုခုက ပိတ်ပင် တားဆီးထားတယ်... ဖြစ်နိုင်ရင် လူတွေနဲ့ ဝေးဝေးမှာ တယောက်ထဲ တိတ်တိတ်ကလေး နေချင်တယ်... ကိုကို့ကိုလား… အင်း.. ရှိနေနိုင်ရင်တော့ အကောင်းဆုံးပေါ့… ဒါပေမယ့် မမျှော်လင့်ချင်ပါဘူး... မောတယ် ကိုကို…”


ညသည် တဖြည်းဖြည်း အမှောင်တွေ သိပ်သည်းလာပြီ။ ညမှောင်မှောင်မှာ ရေတွေစိုစိုနှင့် နေရာမှမရွှေ့ပဲ ပေတေကာ ထိုင်နေမိသော ကိုယ့်ကိုယ်ကိုယ် တော်တော်အံ့သြမိသည်။ ထိုင်နေရတာ အချိန်တွေ တော်တော်ကြာနေပြီဟု သတိထားလိုက်မိကာမှ ခြေထောက်တွေက ညောင်းညာနေကြသလို… ဒီလိုနှင့် တရိပ်ရိပ်တက်လာနေကြသော ရေလှိုင်းတွေကြားမှာ မတ်တပ်ရပ်ဖို့ ကြိုးစားမိသည်။ ကိုယ်ကို မတ်မတ်ရပ်နိုင်သွားသောအခါ ရှေ့ကို တလှမ်း နှစ်လှမ်း လှမ်းကြည့်မိသည်။ အို… ရေတွေက ကိုယ့် ခါးလောက်နီးနီး ရောက်နေပါပြီလား… ကိုယ် အံ့အားသင့်သွားသည်။ စက္ကန့်အနည်းငယ်မျှ ထိုရေတွေထဲမှာ ငြိမ်ပြီး ရပ်နေမိသည်… သို့သော် နောက်တကြိမ် လှိုင်းပုတ်လိုက်သောအခါ ဟန်ချက် အနည်းငယ် ပျက်သွားသည်။ လဲကျတော့ မလိုပဲ…။

ထိုစဉ် တယောက်ယောက်က ဟန်နီ.. ဟု စိုးရိမ်တကြီး လှမ်းခေါ်သံ ကြားလိုက်ရသည်။ အသံက တိုးသော်လည်း ဘယ်သူ့အသံဆိုသည်ကို ကိုယ့်ဖာသာ သေချာနေပြန်သည်။ ထိုအသံသည် ကိုယ့် အနောက်ဖက်မှ ရောက်လာသလို ခံစားရသဖြင့် ရေတွေထဲ ရပ်နေရင်းမှပင် အနောက်ဖက်သို့ လှည့်ကြည့်မိသည်။ ဘာမှ မတွေ့ရ…။ မှောင်ရီနေသော ညထဲတွင် ခပ်ဝေးဝေးမှ အုန်းပင် အုပ်အုပ်တွေနှင့် ဘန်ဂလို ပုပုလေးတွေကိုသာ အစီအရီ လှမ်းမြင်ရသည်။ တခဏကြာတော့ ထို ခေါ်သံသည် ရေတွေ တဝုန်းဝုန်းကြားမှ ဖြစ်နေပြန်သည်။ ထိုအခါ မျက်နှာကို အသံလာရာဖက်သို့ လှည့်မိပြန်သည်။ ရေတွေထဲမှာလဲ ဘယ်သူမှ ရှိမနေ။ နောက်တကြိမ်မှာ ခေါ်သံသည် ဟိုးအဝေးကြီးမှ လာနေသလို… တောင်တန်းတွေဆီမှ ပဲ့တင်ထပ်ကာ လာနေသလိုလို… အသံလာရာကို လှည့်ရှာရင်း ကိုယ် တော်တော်လေး မောဟိုက်လာသည်လေ…။ ဘာဖြစ်လို့ခေါ်နေတာလဲ... ဒီကို လာခဲ့လိုက်လေ...။

ပီပီသသ ခေါ်နေသော အသံကို ထပ်ခါ ထပ်ခါကြားနေရပြန်သည်။ အာရုံကို စူးစူးစိုက်စိုက်ပြုပြီး ငြိမ်၍ သေသေချာချာ နားထောင်ကြည့်မိတော့ ထိုအသံသည် ဟိုး… တောင်တန်းတွေဆီမှ ဖြစ်နေသည်…။ သေချာပြီ… သူသည် တောင်တန်းတွေကို မြတ်နိုးစွာ ချစ်ခင်တွယ်တာတတ်သူ တယောက်မဟုတ်လား…။ အခု လောလောဆယ်မှာ ကိုယ်လုပ်သင့်သည်က ခေါ်နေသူထံ အရောက်သွားရန်သာ…။ ပြီးတော့ ဤပင်လယ်ပြင်ကျယ်ကြီးက ကိုယ့်ကို ခေါ်နေသူထံ မရောက် ရောက်အောင် ပို့ဆောင်နိုင်မည်ကို နဲနဲမှ ယုံမှားသံသယ ရှိစရာမလိုပါ…။ ရေလှိုင်းတွေကလဲ ကိုယ့်ကို ချစ်ခင်စွာ ကူညီကြအုံးမည်လေ…။ ကိုယ် သွားရတော့မည်... ခေါ်နေသူထံ သွားမှ ဖြစ်တော့မည်... သူခေါ်နေရတာ မောလှရောပေါ့...။

ကိုယ်... ရေတွေထဲကို တလှမ်းချင်း တလှမ်းချင်း ဆက်လျှောက်သွားမိသည်...။ ဟုတ်တာပဲ... ရေလှိုင်းတွေက ကိုယ့်ကို စက္ကန့်အနည်းငယ်အတွင်းမှာ ခပ်ဝေးဝေးသို့ရောက်အောင် ပို့ပေးနိုင်သည်လေ...။ မကြာခင်မှာ သူနှင့်တွေ့ရတော့မည်…။ ကိုယ် ပျော်ရွှင်လှသည်...။ သည်လိုနှင့် တောင်တန်းကြီးတွေနားကို ကိုယ် တခဏအတွင်း ရောက်သွားတော့မည်လေ... ထိုတောင်တန်းကြီးတွေနားမှာ ကိုယ့်ကို နွေးထွေးနှစ်လိုဖွယ် အပြုံးတွေနှင့် ဆီးကြိုနေမည့် ကိုယ့်ကို သိပ်ချစ်သော၊ ကိုယ်ကလဲ သိပ်ချစ်ရသောသူ တယောက် ရှိနေသည်...။ ဘယ်လောက်ပျော်စရာ ကောင်းလိုက်သလဲ...။ မျက်စေ့ကို စုံမှိတ်၍ ထိုကြည်နူးမှုတွေကို ခံစားလိုက်မိသေးသည် ဟုထင်ပါသည်...။ ပြီးတော့ ကိုယ်… လေဟာနယ်ထဲမှာ ရောက်နေသလို… တိမ်လေး တစလို ပေါ့ပေါ့ပါးပါးလေး လွင့်သွားသလိုပဲ…။ ထို့နောက်မှာတော့ ကိုယ်.. ဘာမှ မသိတော့.. ဘာမှ မမြင်ရတော့... ဘာမှ မကြားရတော့ချေ...။

ထိုအခိုက်အတန့်လေးတွင် ပိန်းပိတ်အောင် မှောင်ရီနေသော ကောင်းကင်ကြီးပေါ်ကို မော့ငေးကြည့်နေသူတယောက်သာ ရှိပါက ကောင်းကင်ပေါ်မှ ကြယ်လင်းလင်းလေးတပွင့် ဟိုးအဝေးက တောင်တန်းမှိုင်းညိုညိုများဆီသို့ လွင့်ကြွေကျသွားသည်ကို ထင်ထင်ရှားရှား တွေ့လိုက်ရမည် ဖြစ်ပါသည်...။


သက်ဝေ
၂၂-၀၆-၀၉