Monday, December 1, 2008

ဆောင်း (သို့ ) ဒီဇင်ဘာ အလွမ်း

ဆောင်းကို ချစ်သည်။ နှင်းကို ချစ်သည်။ ဒီဇင်ဘာကို ချစ်သည်။
အခုတော့ ဒီက သူတို့ ပြောကြတဲ့ winter ဆိုတဲ့ ဆောင်းရာသီတွေမှာ ဆောင်းကလဲမပီ၊ နှင်းကိုလဲ မမြင်ရတော့ပြီ။ လွမ်းစရာ…။

အိမ်က ဆောင်းကို လွမ်းမိသည်။ နှင်းကိုလဲ လွမ်းမိသည်။ ဒီဇင်ဘာနေ့ ရက်တွေကိုလဲ လွမ်းမိသည်။ ကျောင်းသားဘ၀က ဆောင်းရာသီ၊ ဆောင်းနံနက်ခင်းတွေကို လှိုက်လှိုက်လှဲလှဲ လွမ်းဆွတ်တမ်းတမိသည်။

နှင်းမှုန်မှုန်တွေကြား အိပ်ရာက စောစောထပြီး ဖေဖေ မေမေ၊ မောင်လေးတို့ နဲ့  အတူ ရွှေတိဂုံဘုရား သွားဖူးခဲ့ရသော အချိန်များကို လွမ်းသည်။ ဘုရားပေါ်မှအဆင်း လမ်းတပါတ်လျှောက်ပြီး Oriental House မှာ Dim Sum ဖြစ်ဖြစ်၊ စမ်းချောင်းထဲက တင်တင်အေးမှာ မုန့် ဟင်းခါးပူပူ ဖြစ်ဖြစ် စားခဲ့ရတာကို လွမ်းသည်။ ဒီဇင်ဘာလကို ပြည်သူ့  အားကစားလ ဟုသတ်မှတ်ကာ စနေ၊တနင်္ဂနွေနေ့  မနက်စောစောတွေမှာ ကြားရနေကျ “စောစောအိပ်လို့  စောစောထလို့  စောစောလမ်းလျှောက်ကြပါစို့ ” ဆိုတဲ့ ရပ်ကွက်ထဲက သီချင်းသံ (လော်စပီကာသံ) ခပ်ကျယ်ကျယ်ကိုလဲ လွမ်းမိသေးသည်။ နိုဝင်ဘာ ၃၀ ရက် ညဖက်တွေမှာ ထုံးမှုန့် ဖြူဖြူတွေ အရည်ဖျော်ပြီး လမ်းမပေါ်မှာ Happy Sweet December လို့  စာလုံးအကြီးကြီးတွေ ရေးခဲ့ကြရတာကိုလဲ ခုထိလွမ်းနေဆဲ…။

ခရစ်စမတ်နား နီးလာရင်တော့ အနီးအနားက Church တွေက ကလေး လူကြီးတစ်စုရဲ့  ခရစ်စမတ် သီချင်းသံတွေ ၊ တစ်အိမ်ဝင် တစ်အိမ်ထွက် ဆုတောင်းပေးသံတွေ ဝေေ၀ဆာဆာ၊ လိမ္မော်သီးတွေ၊ သကြားလုံးတွေ လက်ဆောင်အဖြစ်ပေးခဲ့ကြရတဲ့ ညချမ်းအချိန်တွေကိုလဲ မြင်ယောင်လွမ်းဆွတ်နေဆဲ…။

ဘယ်တော့မှ မမေ့နိုင်။ အမှတ်ရ လွမ်းနေသေးသည်။ ဆောင်းတွင်းရဲ့  အေးစက်စက် ညတညမှာတော့ ဟော့ပေါ့ ပူပူတစ်အိုးတည်ပြီး ဖေဖေနဲ့  မေမေ့ရဲ့ မွေးနေ့ ပွဲကို အတူတူပေါင်းပြီး နွေးထွေးစွာ ကျင်းပလေ့ရှိခဲ့ကြတာ…။ ကိုယ်တို့ မောင်နှမ မုန့်ဖိုးတွေစုပြီး တိတ်တိတ်ကလေး ၀ယ်ထားတဲ့ မွေးနေ့လက်ဆောင်တွေကို ဖေဖေနဲ့ မေမေ့ကို ပေး…။ သူတို့ ကလဲ သားနဲ့သမီးရဲ့ အဖိုးတန်မဟုတ်တဲ့ အမှတ်တရ လက်ဆောင်ပိစိလေးတွေထဲမှာ လှိုက်လှိုက်လှဲလှဲ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးထားရင်း ကြည်နူးပီတိတွေဖြာ…။ ဘယ်တော့မှ မမေ့နိုင်။ အမှတ်ရ လွမ်းနေသေးသည်။

ကျောင်းတက်ရတဲ့ ဒီဇင်ဘာ နံနက်ခင်းတွေမှာတော့ နှင်းငွေ့ မှုန်မှုန် မှာ ကျောင်းရှေ့ က တိုင်ကြီးတွေကြားက တိုးထွက်လာတဲ့ လင်းလက်နွေးထွေးတဲ့ နေရောင်ခြည် နုနုတွေကို လွမ်းသည်။ ထိုနံနက်ခင်းတွေမှာ နွေးအေးဆိုင်မှာ စားခဲ့ရတဲ့ ပဲထမင်းနဲ့ ကော်ဖီပူပူကို လွမ်းနေသည်။ ထိုနံနက်စာ စားအပြီး အပြေးအလွှား (အနောက်ပေါက်မှ) သွားတက်ခဲ့ရသော Building 7 နဲ့ Building 8 က Lecture တန်းတွေကို လွမ်းနေသည်။ သူလာရင် အတူတူ ထိုင်နေကျ Building 6 ထောင့်နားက နေရာလေးကို လွမ်းသည်။ သူကျွေးနေကျ ကော်ဖီသကြားလုံး ညိုညိုလေးတွေကို လွမ်းသည်။ သူငယ်ချင်းတစ်စု အတန်းလစ်ပြီး ခရေပင်လမ်းမှာ သွားထိုင်နေခဲ့ရသော အချိန်တွေကို လွမ်းသည်။ သူငယ်ချင်းတစ်ယောက်ကို အတန်းဖေါ် သူငယ်ချင်း ကောင်လေးတစ်ယောက်က ချစ်စကားပြောချင်လို့  ကျန်တဲ့သူတွေအားလုံး ရှောင်ပေးပြီး ခရေပင်တွေအောက်မှာ သူတို့ နှစ်ယောက်ထဲ ကျန်ခဲ့အောင် ဖန်တီးပေးခဲ့ရတဲ့ ဆောင်းနံနက်ခင်းက ဇာတ်လမ်းလေးကိုလဲ မမေ့မလျော့ လွမ်းနေသေးသည်။ (ခုတော့ ထိုနှစ်ယောက်က တူနှစ်ကိုယ်တိုင်းပြည်လေး တစ်ခု အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပြီ။)

နောက်ပြီးတော့ ဆောင်းဦးပေါက်တစ်ခုမှာ ကျောင်းက စီစဉ်တဲ့ လေ့လာရေးခရီးတစ်ခု သွားခဲ့ရတာ ပြန်တွေးကြည့်မိတိုင်း ခုချိန်ထိ ရင်ခုန်လွမ်းဆွတ်နေဆဲ။ ကိုယ့်ဘဝမှာ မိဘ ညီအစ်ကို မောင်နှမတွေ မပါဘဲ ပထမဆုံး သွားခဲ့ရတဲ့ နှစ်ညအိပ် ခရီးလေး တစ်ခု…။ အမှောင်မကွဲသေးတဲ့ မနက်စောစောမှာ Bus ကား အကြီးကြီးတွေနဲ့  ခရီးစခဲ့တာ…။ လမ်းတလျှောက် သီချင်းတွေ ဆိုကြ၊ မုန့် တွေ စားကြ၊ တစ်ယောက်နဲ့ တစ်ယောက် စကြ၊ နောက်ကြ၊ ဘယ်တော့မှ စိတ်တွေ မဆိုးခဲ့ကြ၊ ဓါတ်ပုံတွေ ရိုက်လို့  မဝခဲ့ကြ…။ ဇက်နဲ့ ဧရာဝတီမြစ်ကို ဖြတ်အကူး ဧရာဝတီမြစ်ပြင်ကျယ်မှာ တိုက်ခတ်နေတဲ့ လေခပ်ကြမ်းကြမ်းတွေကြားမှာတောင် အချမ်းဒါဏ်ကို မေ့ထား၊ အနွေးထည်တွေချွတ် ဓါတ်ပုံတွေရိုက်၊ ပြေးလိုက်ကြ လွှားလိုက်ကြ ၊ မယုံနိုင်စရာ နောက်ဆုံးနှစ် အင်ဂျင်နီယာ မမတွေ…။

ချမ်းချမ်းစီးစီးညတွေမှာ မအိပ်နိုင်ကြ။ အိပ်ပစ်လိုက်ပြီး အချိန်တွေကုန်သွားမှာကို နှမြောတသစွာ…။ ညမှောင်မှောင်မှာ သူငယ်ချင်းတစ်စု ဧရာဝတီ မြစ်ကမ်းနံဘေးက လဖက်ရည်ဆိုင်လေးမှာ စကားတွေ ဆူဆူညံညံ ပြောတဲ့သူတွေကပြော၊ တချို့ ကတော့ တွေတွေငေးငေး သီချင်းတွေနားထောင်… အဲဒီအချိန်က ဇော်ဝင်းထွတ်ရဲ့  ဆေးဆိုးပန်းရိုက် မျက်နှာ သီချင်းသံတွေက နေရာအနှံ့ …။

နောက်ဆုံးညမှာ မီးပုံပွဲလေး တစ်ခု..။
ပြန်ပြောပြရရင် နာမည်ကြီး ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားကို တောင် အားနာချင်စရာ…။
“လေပြေညှင်းရယ် ငြိမ်သက်ဆဲညမှာ အသာအယာ တိုးလို့ တိုက်ခတ်စဉ်….” ဆိုတဲ့ ခင်မောင်တိုးရဲ့  သီချင်းတစ်ပုဒ်ကို တစ်ယောက်က ဂီတာတီးလို့  တစ်ယောက်က ခပ်တိုးတိုး ညည်းဆို…။ အရောင်ဖျော့ဖျော့ မီးတောက်တွေကို ကြားထဲမှာ ခြားထားရင်း တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ငေးကြည့်နေကြတဲ့ သူတွေ…။ အဲဒီညမှာဘဲ အဆင်ပြေသွားကြတဲ့ သူငယ်ချင်း နှစ်စုံတွဲ မက…။

အပြန်ခရီးမှာတော့ အလာခရီးနဲ့  တခြားစီ။ သီချင်းသံတွေ တိတ်ဆိတ်ခဲ့ပြီ။ ဆူညံသံတွေလဲ နဲနဲအားပျော့ခဲ့ပြီ။ ရင်ခွင်တိုင်းမှာ အလွမ်းတွေအပြည့်နဲ့ …။ အငြင်းခံရလို့ အသဲကွဲတဲ့ သူတွေက ကွဲ…။ အသစ်စက်စက် အတွဲတွေကတော့ လက်ချင်း ဆုပ်ထွေး အနာဂတ် အရေးတွေး…။ ညမှောင်မှောင်မှာ ကျောင်းကြီးရှေ့ ကို ပြန်ရောက်.. ဆောင်းက မညှာမတာ အေးစက်နေပြီ…။ ဒါပေမယ့် ရင်ထဲမှာတော့ အပျော်နဲ့ ရောနေတဲ့ အလွမ်းတွေက ပူပူပြင်းပြင်း တောက်လောင်…။

ကဲ.. မကုန်နိုင်တော့ဘူးလား… ဆောင်းရဲ့အလွမ်းတွေရယ်…။
တကယ့်တကယ် ရေတွက်ကြည့်လို့  မကုန်ဆုံးနိုင်တဲ့ အလွမ်းတွေ ကိုယ့်ရဲ့ ဆောင်းမှာ အပြည့်…။

နောက် တဆောင်းမှာတော့…
ကိုယ့်အိမ်လေးကိုပြန်ပြီး နှင်းဝေတဲ့ ဆောင်းကို ကြိုချင်တယ်…
ထုံးမှုန့် ဖြူဖြူတွေနဲ့ အတူ Sweet December စာလုံးတွေကို လမ်းမပေါ်မှာ တပျော်တပါး ရေးဆွဲချင်တယ်…
မနက်စောစော နှင်းမကွဲခင် အချိန်လေးထဲမှာ ရွှေတိဂုံဘုရားကို မိသားတစ်စု အတူတူ သွားဖူးချင်တယ်…

ဒါပေါ့… ဘုရားပေါ်က ပြန်ဆင်းပြီးရင်တော့ Dim Sum ဖြစ်ဖြစ်၊ တင်တင်အေး မုန့်ဟင်းခါးဖြစ်ဖြစ် တခုခုစားမှာပေါ့…
နောက်ပြီး ကိုယ့် ကျောင်းကြီးဖက်ကို တစ်မနက်လောက်သွားပြီး ကျောင်းရှေ့ က တိုင်ကြီးတွေနားမှာ နေပူစာလှုံချင်တယ်…

ပြီးရင်တော့ ကိုအောင်တို့ ရဲ့ နွေးအေးက ပဲထမင်းလေးစား၊ ကော်ဖီကျကျတစ်ခွက်သောက်…
ပြီးရင် ခရေပင်လမ်းမှာ သူနဲ့ အတူ လျှောက်ကြည့်ရင်း အတိတ်က အချိန်တွေကို ရင်ထဲ ပြန်ခေါ်သွင်း…။

စွယ်တော်ရိပ်ကိုသွားပြီး စွယ်တော်ရွက်လေး တစ်ရွက်နှစ်ရွက်လဲ အမှတ်တရ ခူးချင်ပါသေးတယ်…
အိမ်ပြန်ရောက်ရင် စာအုပ်ကြားထဲ ညှပ်ထားပြီး အခြောက်ခံ သိမ်းထားမှာပေါ့…။
ဒီ့ထက်ပိုပြီး အခွင့်အရေးရမယ်၊ အချိန်လဲရမယ် ဆိုရင်တော့ ဇက်ကလေးနဲ့ ဧရာဝတီမြစ်ပြင်ကို တစ်ခေါက်လောက် ဖြတ်ကူးပြီး လတ်ဆတ်တဲ့ ဧရာဝတီလေကို တဝကြီး ရှုရှိုက်လိုက်ချင်သေး…။

ကိုယ့်ရင်ထဲက အလွမ်းတွေနဲ့ ဆန္ဒတွေ…။

အင်း… ဒါပေမယ့် အခု ဒီဆောင်းရက်တွေမှာတော့ ဒီဆန္ဒတွေအားလုံးကို ရင်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ်သာ သိမ်းထားလိုက်ပါတော့မယ်။
သို့ သော်လည်း ဘုရားမှာတော့ ဆုတွေ အထပ်ထပ်တောင်းနေမယ်…
မျှော်လင့်ချက်တွေ အပြည့်နဲ့ နောက်နှစ်ခါ ဆောင်းအတွက်ပေါ့…။



(ချိုသော ဒီဇင်ဘာ… ဒီဇင်ဘာလ ၁ ရက်နေ့  အမှတ်တရ)

Tuesday, November 25, 2008

ဘောလုံးပွဲမှ အကြွေး

ပြောရရင် နဲနဲတော့ကြာနေပါပြီလေ…။
အဲဒီညက Man U နဲ့  Chelsea တို့ကန်ကြတဲ့ညပေါ့…။ ကိုယ့်ကို အစွဲအလမ်း ထားတယ်ဘဲပြောပြော အတ္တကြီးတယ်ဘဲပြောပြော.. ပြောချင်တာပြောကြ... တို့ကတော့ Man U မှ Man U ပါဘဲ…။ နဲနဲမှ မလျှော့…။



အဲဒီ အသင်းကို ကိုDavid Beckham လေးရှိကထဲက စွဲစွဲမြဲမြဲ အားပေးလာလိုက်တာ ခုထက်ထိပဲပေါ့…။ ဟီဟိ… (တောင်တောင်အီအီများ မတွေးကြစေချင်…) အားကစားကို စိတ်ပါဝင်စားတဲ့ သဘောပါ။
ဒါနဲ့ ဘဲ လမ်းကြောင်းတွေ လွဲကုန်ပြီ။ ပြောချင်တာက အဲဒီ Man U နဲ့ Chelsea တို့  ကန်ကြတဲ့ညက ကိုသူကြီး နဲ့  C Box မှာ စကားပြောဖြစ်တော့ သူက Chelsea Fan ဆိုတာနဲ့ ကိုယ်ကဘဲစပြီး (မိန်းကလေးပီပီ) လောင်းမလားလို့  စိန်ခေါ်လိုက်မိတယ်လေ…။ Man U နဲ့  Chelsea ဘယ်သူနိုင်မလဲ လောင်းကြမယ်… နိုင်တဲ့သူက မုန့် ကျွေးကြေးပေါ့…။ သူကလဲ ၀မ်းသာ အားရပါဘဲ… လောင်းကြမယ်လေတဲ့…။

မွေးနေ့ တွေမှာ မုန့် ကျွေးကြတာ... မွေးနေ့ ဆုတောင်းပိုစ့်လေးတွေ တင်ပေးကြတာ... တစ်ယောက်နဲ့ တစ်ယောက် အမှတ်တရ လက်ဆောင်လေးတွေ ပေးကြတာ... အပျော်သက်သက်နဲ့ အနိုင်အရှုံး လောင်းကြတာ..။ ဘလော့ဂ်ပေါ်က သူငယ်ချင်း မိတ်ဆွေတွေရဲ့ ချစ်စရာ အလေ့အထလေးတွေလေ…။ တကယ့် တကယ် ကျွေးလို့လဲမရ… တကယ်လဲ မစားရကြပေမယ့် တကယ် စားကြရသလို…။ ကျွေးတဲ့သူက ဓါတ်ပုံလေးတွေနဲ့ ကျွေး... စားတဲ့သူကလဲ ကျွေးတဲ့သူရဲ့ စေတနာ တွေကို မြိန်လျှက်စွာသုံးဆောင်.. ပျော်စရာနော်…။

အဆုံးသတ်ရရင်တော့ အဲဒီနေ့ က Chelsea က ရှုံးပြီး Man U က နိုင်လေတော့ သက်ဝေက ကိုသူကြီးကို မုန့်ဝယ်ကျွေးဖို့ ဖြစ်သွားတာပေါ့…။ အဲဒါ ဟိုရောက် ဒီရောက် နေ့ ရွှေ့  ညရွှေ့ နဲ့ မကျွေးဖြစ်ပဲ အကြွေးတင်နေတာ…။ သူက ပထမတစ်ခါမှာ အတိအလင်း ကြေငြာပြီ ဆိုတဲ့ ပိုစ့်နဲ့ သတိပေးတယ်လေ…။ အဲဒီ ရက်တွေက ရုံးမှာ ပရိုဂျက်တွေပိပြီး မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ တအားကို အကြပ်အတည်းထဲ ရောက်နေတာမို့ မကျွေးဖြစ်ခဲ့ဖူး။

ဒီလိုနဲ့  သူလဲ ရန်ကုန်ကို ခဏပြန်သွားတယ် ဆိုတော့ ကိုယ်လဲ ဘာရမလဲ အမေ့ခံ နေလိုက်တာပေါ့…။ သို့သော် မကြာခင်ကာလကဘဲ သူက နောက်ဆုံးရ စက်ရပ် သတင်းတိုများ ဆိုတဲ့ ပိုစ့်အသစ်တစ်ခုမှာ "ကြို စဉ်းစားချေ မသက်ဝေ" ဆိုပြီး သက်ဝေ သူ့ ကို မုန့် မကျွေးရသေးကြောင်း၊ ဘာကျွေးမှာလဲလို့ စဉ်းစားထားဖို့  မမေ့မလျော့ ဖေါ်ပြပြန်တယ်လေ…။ ပြီးတော့ သူကိုယ်တိုင်လဲ စင်္ကာပူကို သိပ်မကြာခင်မှာ ပြန်လာတော့မှာ ဖြစ်ကြောင်းလဲ သတိပေးသေးတယ်…။ ဒီတော့ မဖြစ်ချေတော့ဘူး... ကိုယ်ဒီထက် ဆက်မေ့နေရင် ကိုသူကြီးတစ်ယောက် စင်္ကာပူမှာ ကော်နက်ရှင် ကောင်းကောင်းနဲ့ ပိုစ့်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်တင်ပြီး သတိပေးနေမှဖြင့် ဆိုတဲ့ အတွေးနဲ့ ကျွေးစရာရှိတာကို စေတနာပါပါနဲ့ ကျွေးလိုက်ပြီဖြစ်ပါကြောင်း…။

ပြီးခဲ့တဲ့စနေနေ့ က The Orange Lantern ဆိုတဲ့ Vietnamese စားသောက်ဆိုင်လေးမှာ သွားစားရင်း မမေ့မလျော့ ရိုက်လာခဲ့တဲ့ ဓါတ်ပုံ.. အဲ.. အဲ.. ယောင်လို့ … ၀ယ်လာခဲ့တဲ့ စားသောက်ဖွယ်ရာတွေပါ။ ကိုသူကြီး တစ်ယောက်စာ တင်မက ဘလော့ဂ်ကို လည်လည်လာကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကို မောင်နှမများအတွက်ပါ အများကြီး ပိုဝယ်လာပါတယ်…။ စားသွားကြပါနော်…။



ဒါက နာနတ်သီး ထမင်းကြော် ပုဇွန်နဲ့  ...


ဒါကတော့ ချိုချိုချဉ်ချဉ်နဲ့ ကျွဲကောသီး သုပ်


ဒါက ကော်ပြန့် ကြော်...


ဒါကတော့ ချဉ်ချဉ်စပ်စပ် ပူပူလောင်လောင် Tom Yam ဟင်းချို...



ဒါက ကိုယ့်တို့ ဆီက ငါးဖယ်ကြော်နဲ့  ခပ်ဆင်ဆင်တူတဲ့ Fish Cake



နောက်ဆုံး အချိုပွဲက ရေခဲသုပ်နဲ့  ထောပတ်သီးဖျော်ရည်...


ကဲ... ကိုသူကြီးလဲစား... သူငယ်ချင်းတွေလဲ စားကြပါနော်...

လိုက်ပွဲတွေက နောက်မှာ အဆင်သင့်... အများကြီး....။



Friday, November 21, 2008

မိသားစု ထမင်းဝိုင်း

နေ့ တိုင်း နေ့ တိုင်း ထမင်းစားချိန်တွေမှာ အိမ်က မေမေ့လက်ရာ မိသားစု ထမင်းဝိုင်းလေးကို အရမ်း သတိရမိပါတယ်…။ ဟိုးအရင် အချိန်တွေ… မိသားစုတွေ အတူတူနေရတဲ့ အချိန်တုန်းကပေါ့…။ သက်ဝေတို့ အားလုံး နေ့ လည်စာကို ထမင်းဘူးထည့်သွားပြီး အလုပ်ထဲမှာ၊ ကျောင်းမှာ အဆင်ပြေသလို စားတတ်ကြပေမယ့် ညနေစာတွေတိုင်းကိုတော့ မိသားစု စုံစုံညီညီရှိမှသာ စားတတ်ကြပါတယ်။ ဖေဖေ (သို့ ) မေမေ တစ်ယောက်ယောက် အိမ်အပြန် နောက်ကျတဲ့နေ့မျိုး ဆိုရင်လဲ အဆာပြေ မုန့် တစ်ခုခု စားပြီး လူစုံအောင် စောင့်တတ်ကြပါတယ်။ ထမင်းဝိုင်းမှာ အတူတူထိုင်ကြပြီးရင်လဲ ထမင်း ဟင်းတွေ ကို (ဟိုးငယ်ငယ်လေးထဲက အဖိုးအဖွားတွေ သင်ထားတဲ့အတိုင်း) အသက်ကြီးစဉ်ငယ်လိုက် စည်းကမ်းနဲ့  နှိုက်ယူလေ့ရှိကြပါတယ်။ အဖိုး ပြီးရင် ဖေဖေ၊ မေမေ၊ ပြီးတော့ သက်ဝေ.. ပြီးတော့ မောင်လေးပေါ့…။ သူက အငယ်ဆုံးဆိုတော့ နောက်ဆုံးမှ ယူရတာမို့  သူမို့  ဗိုက်ဆာနေပြီဆို လူကြီးတွေ မြန်မြန်ယူကြပါတော့ဗျို့ လို့ ပူညံပူညံလုပ်တတ်သေးတာ တွေးမိတော့ ပြုံးရသေး…။

မိသားစု စုံစုံညီညီနဲ့ အတူတကွ ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့  စားသောက်ခဲ့ရတဲ့ နွေးထွေးလှတဲ့ မိသားစု ထမင်းဝိုင်းလေး အကြောင်းကို ပြန်တွေးမိတိုင်း တစ်ယောက် တစ်နေရာစီမှာ တကွဲတပြား ရောက်နေရတဲ့ ကိုယ့်ရဲ့  လက်ရှိ အခြေအနေတွေကို တကယ်ဘဲ ၀မ်းနည်းမိပါတယ်။ ဘယ်တော့မှ ပြန်ရနိုင်မယ်မှန်း မသိနိုင်တဲ့ မိသားစု ထမင်းဝိုင်းကလေး… အသက် ၈၀ ကျော် (အခုတော့ ဆုံးသွားပါပြီ) အဖိုးရဲ့ ဟိုးတုန်းကဆိုရင်… အစချီတဲ့ စကားဆိုသံတွေ၊ မောင်နှမ နှစ်ယောက်ရဲ့ မမောနိုင် မပန်းနိုင် ငြင်းခုံ စကားနိုင်လုသံတွေ၊ ဖေဖေ မေမေ တို့ ရဲ့  တစ်နေ့ တာ အလုပ်ခွင်အတွေ့ အကြုံ တွေကို ပြန်ပြောပြကြတဲ့ ချိုသာ စကားသံတွေ စည်စည်ညံညံနဲ့  ဘယ်အခါမဆို စားမြိန်ခဲ့ရတဲ့ မေမေ့လက်ရာ ထမင်းဝိုင်းကလေးရဲ့  တန်ဖိုးကို အခုအချိန်မှာ တကယ်ဘဲ အရမ်း လွမ်းဆွတ် တမ်းတမိပါတယ်…။

*****

ဒီလိုနဲ့  မနေ့ ညနေက ထမင်းစားခါနီးမှာ မိုးတွေ သည်းသည်း မဲမဲရွာနေတာကို တွေ့တော့ မိုးဦးကျ ကာလတွေ မိုးတွင်းကာလတွေမှာ မေမေ ချက်လေ့ရှိတဲ့ ဟင်း အတွဲအစပ်လေးတွေကို ပြန်တွေး စိတ်ကူး ပုံဖေါ် ကြည့်မိပါတယ်…။

ပုဇွန်ဆိတ် သေးသေးလေးတွေကို အခွံမခွာပဲ အမြီးနဲ့ ခေါင်းကိုဖြုတ် ရေစင်စင်ဆေး၊ ဆီများများ ကြက်သွန်ဖြူ များများ ငရုတ်သီး စပ်စပ်နဲ့ ကျော်၊ သခွားသီးတွေကို ခြစ်ပြီး ကြက်သွန်စိမ်းရယ်၊ ဆီမပါဘဲ လှော်ထားတဲ့ ပုဇွန်ဆိတ်လေးတွေကို မျှင်ငပိ၊ ငြုတ်သီးစိမ်းနဲ့ ပြီး ရောထောင်းထားတာရယ် နဲ့ သံပုရာရည် ညှစ်ပြီး သုပ်ရတဲ့ သခွားသီးသုပ်ရယ်၊ တွဲဖက် ကတော့ ဘူးသီးဟင်းခါးလေးကို ငြုတ်ကောင်း နိုင်နိုင်နဲ့ ချက်ပြီး ပူပူလေးသောက်...။

မိုးရာသီတွေမှာသာ ပေါပေါများများတွေ့ ရတတ်တဲ့ ငါးသလဲတိုး (သို့ ) လယ်ငါးခူ ခပ်သေးသေးလေးတွေကို ဆီများများထဲမှာ ကြွပ်ကြွပ်ကလေးကြော်ထားတဲ့ ငါးကြော်ရယ်၊ ဈေးထဲမှာ တစ်ခါတရံမှ ရတတ်တဲ့ ကောက်ရိုးမှိုလေးတွေကို ရေစင်စင်ဆေး၊ ပြီးတော့ ဆီလေးနဲနဲ နဲ့ လှိမ့်၊ ကြက်သွန်စိမ်း ပါးပါးလှီး၊ ငြုတ်သီးစိမ်းတောင့်လေးတွေကို တုတ်ချောင်းကလေး ထိုးပြီးမီးကင် မညက် တညက်ထောင်း၊ ခုနက မှိုကြော်လေးနဲ့ရော သံပုရာရည်ညှစ်ပြီးသုပ်တဲ့ မှိုချဉ်သုပ်ရယ် ကြာဆံဟင်းခါး (သို့ ) ဘူးသီးနဲ့ ပုဒတ်စာဟင်းခါး ပူပူလေးရယ်နဲ့ တွဲစားရတဲ့ ဟင်းတွေကတော့ မေမေ့ရဲ့  ဘယ်တော့မှ မရိုးနိုင်တဲ့ လက်ရာပါ။

*****

ဆောင်းဦးပေါက် ချမ်းချမ်းစီးစီး မနက်တွေမှာတော့ မေမေက မနက် အိပ်ရာက အစောကြီးထပြီး ကောက်ညှင်းဆန်အသစ် စေးစေးလေးတွေနဲ့  ဆီထမင်း ထိုးတတ်ပါတယ်။ ဆီထမင်းကျက်လို့  အဖိုးနဲ့ မေမေတို့ ဘုရား ဆွမ်းတော်ကပ်ပြီးချိန်နဲ့  သက်ဝေတို့ တွေ အိပ်ရာနိုးတဲ့ အချိန်နဲ့ တော့ အကိုက်ပါဘဲ။ ဆီထမင်းနဲ့ တွဲဖက် စားစရာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူကြတာမို့  မေမေက အားလုံးရဲ့  အကြိုက်ကို စိတ်ရှည်လက်ရှည် လုပ်ပေးတတ်ပါတယ်။ အဖိုးအတွက်က နှမ်းလှော်ထောင်း မွှေးမွှေးလေး၊ ဖေဖေ့အတွက်က ငါးရံ့ ခြောက်ဖုတ်ကို ပဲဆီမွှေးမွှေးလေးဆမ်းလို့ တမျိုး၊ ကောက်ညှင်းဆိုရင် အုန်းသီးနဲ့ မှစားချင်တဲ့ သမီး နဲ့ သား အတွက်ကတော့ အုန်းသီးနုနု ဖြူဖြူလေးတွေ ခြစ်လို့ ပေါ့…။

ခရမ်းချဉ်သီး လှိုင်လှိုင်ပေါတဲ့ ဆောင်းတွင်းမှာ မေမေ့ရဲ့ ဟင်း တော်တော်များများမှာ ခရမ်းချဉ်သီးတွေ ပါလေ့ရှိပါတယ်။ ငါးရံ့ ကို ခရမ်းချဉ်သီးများများနဲ့ အရည်စပ်စပ်လေးချက်၊ မချခင်မှာ နံနံပင်လေးအုပ်၊ ဒီဟင်းက အသက်ကြီးလို့  သွားတွေ သိပ်မကောင်းတော့တဲ့ အဖိုးနဲ့ မေမေ့ရဲ့  အကြိုက် ပါ။ အဲဒီ ငါးဟင်းနဲ့ တွဲဖက်စားဖို့ က ငြုတ်သီး၊ ကြက်သွန်ဖြူ ဆီသပ်၊ ပုဇွန်ခြောက်မှုန့် နဲ့ ရောချက်တဲ့ ငန်ပြာရည်ချက်ရယ်၊ ခရမ်းသီးသေးသေး၊ ဘူးသီး သေးသေးလေးတွေကို မကျက်တကျက် ပြုတ်ထားတဲ့ တို့ စရာရယ်…။

အားလုံး အလုပ်အား ကျောင်းအားကြတဲ့ စနေ တနင်္ဂနွေလိုနေ့ မျိုးတွေမှာတော့ မေမေက လုပ်ရတာ နဲနဲလက်ဝင်တဲ့ ငါးရံ့  ဆန်လှော်ဟင်းကို ချက်လေ့ရှိပါတယ်။ ငါးရံ့ ကိုဘဲ အကောင်လိုက် ဆား၊ ဆနွင်း၊ ဆီ၊ ငြုတ်သီး ကြက်သွန်ဖြူ နီတွေရော ပြီးနယ်၊ စပါးလင် အပင်လိုက်ကို ငါးမှာ ချည်၊ မွှေးနေအောင် လှော်ထားတဲ့ ဆန်ကို လေးစိတ်ကွဲလေး ထောင်းပြီး ကြက်သွန်ဖြုလေး ဆီသပ်၊ ပြီးတော့မှ ငါးအကောင်လိုက် ကိုထည့်ချက်ရတဲ့ အဲဒီ ဆန်လှော်ဟင်း ကတော့ တစ်အိမ်သားလုံးရဲ့  အကြိုက်ပေါ့…။ ငါး ဆန်ပြုတ်လို သူ့  အတိုင်းစားလို့ ရသလို ထမင်းနဲ့ အတူ ဟင်းလိုလုပ်ပြီး စားရင်လဲရတာမို့  အဲဒီဟင်းချက်တဲ့နေ့ ဆို အချိန်မဟုတ်သေးဘဲ ဗိုက်က အလိုလိုနေရင်း ဆာနေတတ်ပါတယ်။

တခါတခါ မီးမလာတဲ့နေ့ မျိုးမှာ မီးသွေးမီးဖိုနဲ့  ထမင်းဟင်း ချက်ရတဲ့အခါ မီးသွေးမွှေးရတာ ပင်ပန်းလို့  စိတ်ညစ်စွာ ငြီးငြူမိပေမယ့် ထမင်းဝိုင်းမှာ ခရမ်းချဉ်သီးကို မီးဖုတ်လို့  နံနံပင်နံ့  ငြုတ်သီးနံ့ မွှေးနေတဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော် စားရတဲ့အခါမှာတော့ မောသမျှတွေ အကုန်ပျောက်ပြီး ထမင်းမြိန်ရပြန်ပါတယ်…။

*****

ပူလောင်လောင် အိုက်စပ်စပ် နွေရာသီအခါမျိုးတွေမှာတော့ မေမေ့အတွက် နွေရာသီကျောင်းပိတ်ရက်တွေမို့  ခါတိုင်းနဲ့ မတူ ထူးခြားတဲ့ ထွေလီကာလီ ဟင်းမျိုးတွေ စားရတတ်ပါတယ်။ နွေရာသီမှာ ပူပြင်းတဲ့ ရာသီဥတုကြောင့် လူတွေတော်တော်များများ ထမင်းစားပျက်တတ်ကြပေမယ့် အိမ်သားတွေအဖို့ ကတော့ မေမေ့လက်ရာတွေကြောင့် ပိုလို့  တောင်မှ စားကောင်း သောက်ကောင်း ဖြစ်ကြရတယ်လေ။

မေမေချက်လေ့ရှိတဲ့ဟင်းတွေထဲက သက်ဝေ အကြိုက်ဆုံးဟင်းကတော့ မုန်လာပင်ပေါက်နဲ့  ချက်ရတဲ့ ငါးကျည်း ငါးဆုပ် ချဉ်ဟင်းပါ။ ငါးကျည်းအကောင် ခပ်လတ်လတ်တွေကို မန်ကျည်းသီးနဲ့  ဆားနဲ့ နယ်ပြီး ရေစင်စင်ဆေး၊ ပြီးရင် ဒါးမနဲ့  နုတ်နုတ်စင်း၊ ပြီးတော့မှ ဆား၊ အချိုမှုန့် ၊ ငြုတ်သီး တို့ ရယ်၊ စပါးလင် နုတ်နုတ်စင်းရယ်၊ ဆန်လှော်မှုန့် နဲနဲရယ်ထည့်ပြီး နာနာလေးထောင်း၊ မုန်လာပင်ပေါက် နုနုလေးတွေကို ချဉ်ဟင်းအိုး အရင်တည်… ဟင်းအိုး ပွက်ပွက်ဆူလာပြီဆိုမှ ပြီးမှ ခုနက ထောင်းထားတဲ့ ငါးကျည်းတွေကို လက်နဲ့  အနေတော် လုံး ဆုပ်ပြီး ထည့်…။ ငါးဆုပ်လုံးလေးတွေ ကျက်လောက်ပြီဆိုရင် ချ…။ သူနဲ့  လိုက်ဖက်တဲ့ အတွဲက ငြုတ်သီး ဆားထောင်းပါ။ ငြုတ်သီး အလှော်မှုန့် ကို ဆားလေးနဲနဲ နဲ့  ကြက်သွန်ဖြူလေးရောပြီး ထောင်း၊ စားကာနီးမှ ဆီဆမ်းစားရတဲ့ အညာငြုတ်သီးထောင်းပေါ့။ အဲဒီဟင်းချက်တဲ့နေ့ ဆို တအိမ်သားလုံး ခေါင်းမဖေါ်နိုင်အောင် ထမင်းစား ကောင်းခဲ့တာကို ခုထက်ထိ စွဲစွဲလမ်းလမ်း မှတ်မိနေပါတယ်…။ အခုဆိုရင် အဲဒီ ဟင်းနဲ့ ဝေးခဲ့တာ နှစ်ပေါင်း တော်တော်ကြာခဲ့ပြီပေါ့…။

နွေရာသီရဲ့နေ့လည်ခင်းတွေမှာတော့ မေမေက လဖက်ကို ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်တွေနဲ့ သုပ်ပြီး ရေနွေးကြမ်းပူပူနဲ့ ကျွေးတတ်ပါသေးတယ်။ နွေနေ့လည်ခင်း ပူပူမှာ ရေမိုးချိုး၊ ချည်သား အင်္ကျီလေးဝတ်၊ သနပ်ခါး ပါးကွက်ထူထူကွက်ပြီး လဖက်သုပ် ချဉ်ချဉ် စပ်စပ်ကို ရေနွေးကြမ်းပူပူနဲ့စားခဲ့ရတာ ဘယ်တော့မှ မမေ့နိုင်မယ့် နေ့လည်စာပါဘဲ…။

*****

စားသောက်ဖွယ်ရာတွေကို မိသားစုတွေ အတူတကွ တစ်ပျော်တပါး စားသောက်ကြတဲ့အခါတိုင်း မှတ်မှတ်ရရ အဖိုးပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ “လက်ရည်တပြင်တည်း” ဆိုတဲ့ စကားလေးပါဘဲ။ နှီး ဒေါင်းလန်းကြီးတွေထဲမှာ ထမင်းတွေရော ဟင်းတွေပါ စုထည့်ပြီး မိသားစုတွေ ကလေး လူကြီးတွေအားလုံး ပျော်ပျော်ပါးပါး ၀ိုင်းဝန်းနှိုက်ယူ စားသောက်ကြတဲ့ ဟိုး ရှေးရှေးက ချစ်စရာ စည်းလုံးညီညွတ်မှုကို ပြတဲ့ ဓလေ့လေး တစ်ခုပေါ့။

အခုခေတ်မှာတော့ နှီး ဒေါင်းလန်းတွေနဲ့ စားတဲ့ခေတ်မဟုတ်တော့ပေမယ့် မိသားစု ဆိုတာ ဘယ်လို အရာမျိုးမှာမဆို အေးအတူ ပူအမျှ၊ အစစ အရာရာမှာ ကောင်းအတူ ဆိုးအတူ သာတူ ညီမျှ ခွဲဝေ ခံစားကြရတယ် ဆိုတာကို သိရှိ နားလည်ဖို့ အတွက် တခြားအချိန်တွေမှာ မဟုတ်တောင် ထမင်းစားချိန်မှာတော့ အားလုံး အတူတူ စကားလေး တပြောပြောနဲ့အေးအေးလူလူ စားသောက်ကြဖို့ သင့်တယ်လို့  အဖိုးက ခနခန ပြောဖူးပါတယ်။

အဲဒီအချိန်နဲ့ ဆယ်စုနှစ် တစ်ခုလောက်သာ ဝေးကွာတဲ့ အခု လက်ရှိ အချိန်မှာတော့ သွား သုတ်သုတ် စား သုတ်သုတ်နဲ့  ဖွယ်ဖွယ်ရာရာ မဖြစ်တဲ့ အေးစက်စက် မာတောင့်တောင့် ခြောက်ကပ်ကပ် ထမင်းဟင်းတွေကို မိုက်ခရိုဝေ့ဖ် ရဲ့အကူအညီနဲ့  ပူအောင်လုပ်ပြီး သောက်ရေတစ်ခွက် အနားချလို့  မြန်မြန်ပြီး အေးရော သဘောမျိုးနဲ့စားလိုက်ရတဲ့ ထမင်း အနပ်တွေတိုင်းမှာ အော်… အဖိုးသာမြင်ရင် ဘယ်လို ကောက်ချက်မျိုးများ ချမှာပါလိမ့်လို့  တွေးတောရင်း၊ ဖေဖေ မေမေ မောင်လေးတို့ နဲ့နွေးထွေးလှတဲ့ မေမေ့လက်ရာ မိသားစု ထမင်းဝိုင်းကလေးကို အရမ်း သတိရ လွမ်းဆွတ်နေမိပါတော့တယ်။

Wednesday, November 19, 2008

ထိုနောင်တ

ဟိုး ငယ်ရွယ်စဉ် သူငယ်ချင်း ဘ၀ ကထဲက ရင်းနှီး ခင်မင်ခဲ့ရသော သူမကို အချိန်တွေ ရှည်ကြာလာသည်နှင့်အမျှ ရင်ထဲက နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး ချစ်ခင် စုံမက်ခဲ့သော်လည်း ရှင်းပြရခက်ခဲလှသော အခြေအနေတစ်ခုကြောင့် ဖွင့်ဟခဲ့ပြီးသော နှလုံးသား တံခါးကိုပိတ်၊ ကြေငြာခဲ့ပြီးသော အချစ်စိတ်တို့ ကို မြိုသိပ်ကာ သူမ အပါအ၀င် သူငယ်ချင်းတစ်စုတို့ နှင့် ဝေးဝေးကို ဖယ်ခွာရှောင်ရှားကာ တစ်ယောက်တည်း အထီးကျန် ဆန်လှသော၊ ပျင်းရိငြီးငွေ့  ဖွယ် ကောင်းလှသော… နေ့ ပေါင်း ရက်ပေါင်း လပေါင်း နှစ်ပေါင်း များစွာကို အလုပ်ထဲတွင် အချိန်ပြည့် ခေါင်းစိုက်ရင်း ဘ၀ကို ဖြတ်သန်းလာခဲ့သည်မှာ… ထိုတစ်နေ့ အထိ…။

ထိုတစ်နေ့ …
သူမနှင့် မတွေ့ ခင် ထိုနေ့ မနက်အထိ သူ၏ ခိုင်မာသော ဆုံးဖြတ်ချက် နှင့် လုပ်ရပ်အပေါ် တွင် စိုးစဉ်းမျှ သံသယမရှိ၊ နောင်တဆို၍ အမှုန်တစ်စမျှပင်မရှိ၊ ကိုယ့်ကိုယ်ကို ကျေကျေနပ်နပ် ရှိနေခဲ့ကြောင်းကို သူ ရဲရဲကြီး သစ္စာဆိုဝံ့ပါသည်။
ထိုတစ်နေ့ အထိပေါ့လေ..

*****

သူမကို ချစ်မြတ်နိုးကြောင်း ဖွင့်ဟပြောဆိုပြီးကာမှ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာသော အခြေအနေတစ်ခုကြောင့် ဖွင့်ဟခဲ့ပြီးသော ထိုအချစ်တို့ ကို ပြန်လည် ရုပ်သိမ်းပါသည်ဟု (ရင်ထဲမှာ မောပန်း ဆို့ နင့် ကြေကွဲနေသော်လည်း) ပေါ့ပေါ့ဆဆ ဟန်ပန် အမူအရာမျိုးဖြင့် သူမကို စိမ်းကားခဲ့ပါသည်။ မယုံကြည်နိုင်သော၊ အံ့သြနေသော သူမ၏ မျက်လုံးဝိုင်းဝိုင်းကလေးများကို ရယ်မောချင်ယောင်ဆောင် ဥပက္ခာပြုရင်း… ထိုနေ့ က ကိုယ့်ဘ၀ကို ကိုယ် နာကျည်း ၀မ်းနည်း ကြေကွဲစိတ်တို့ ဖြင့် ဘယ်သူမှမသိအောင် တစ်ယောက်တည်း ကြေကြေကွဲကွဲ ငိုခဲ့မိပါသည်။ အကြောင်းသိ ရင်းနှီးခင်မင်သော သူငယ်ချင်း တစ်စု၏ နားမလည်နိုင်လွန်းသော အကြည့်များ၊ အပြစ်တင်စွပ်စွဲသံများ၊ ကဲ့ရဲ့  ရှုံ့ ချသံများ... အားလုံးကို ဘာမှ ဖြေရှင်းချက် မပေးတော့ဘဲ… အားလုံးကို ကျောခိုင်း… အားလုံးနှင့် ဝေးရာ… အဝေးဆုံးနေရာ တစ်ခုသို့ …။

သူမနှင့်ဝေးရာမှာ နေထိုင်ရင်း သူမကို သတိရ လွမ်းဆွတ်မိသည့် အချိန်တွေတိုင်းမှာ ထို အလွမ်းစိတ်တို့ ကို ဖြေဖျောက်နိုင်ရန် စိတ်၏ တစ်ခုတည်းသော ထွက်ပေါက်အနေဖြင့် အလုပ်များကို လောဘတကြီး ကြိုးစားလုပ်ကိုင်ခဲ့ပါသည်။ ဟိုမှ သည်မှ၊ သူငယ်ချင်း အချို့  ထံမှ တစ်စွန်းတစ်စ ကြားသိရတတ်သော သူမ၏ သတင်းများကို ကြားချင်သော်လည်း မကြားချင်၊ သိချင်သော်လည်း မသိချင်၊ သူမလေးကို မြင်ချင်သော်လည်း မမြင်ရဲ၊ တွေ့ ဖို့  အခွင့်အရေးရှိနေပါသော်လည်း မတွေ့ ရဲဖြင့် အစစ အရာရာကို ထိန်းချုပ်ကာ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် အချိန်များကို ကုန်လွန်စေခဲ့ပါသည်။ သေသေချာချာ ပြန်တွက်ကြည့်ရလျှင် ကုန်လွန်ခဲ့သော အချိန်များမှာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိခဲ့လေပြီ။ သူ့ ကိုယ်သူ ထူးဆန်းစွာ အံ့သြခဲ့သည်မှာ တစ်ယောက်တည်း ဘ၀ကို ဖြတ်သန်းလာရင်း မကြာခဏ တွေ့ မြင် ကြုံဆုံရတတ်သော မိန်းကလေးငယ်များ၊ လွယ်လင့်တကူ ကြည်ဖြူ လိုက်လျောကြမည့် မိန်းကလေးငယ်များ အပေါ်တွင် နည်းနည်းလေးမျှ စိတ်မ၀င်စား စိတ်မကစားမိခြင်းပင်…။

*****

ကိုယ်တိုင်ရွေးချယ်ခဲ့သော လမ်းကို တည့်တည့်မတ်မတ် လျှောက်လှမ်းခဲ့သောကြောင့် ရင်းနှီးပေးဆပ်ခဲ့သော အချိန်ကာလများ၊ ကြိုးစားမှုများ၏ အကျိုးကို ချိုမြိန်စွာ စားသုံးနေရသော အချိန်တွင် အရာရာ အတန်အသင့် ပြည့်စုံသည့် ဘ၀တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီ ဟု ယူဆကာ စိတ်အစဉ်တို့ သည် ဟိုး အဝေး ကာလတစ်ခုဆီက သူမလေးဆီသို့  လွင့်မျော….။ သူ့ ကို နာကျည်းနေမည်ဟု ယူဆရသော သူမကလေး… သူ့ နှလုံးသားကို အချိန်ပြည့် လွှမ်းမိုးနေခဲ့သော.. အချိန်တိုင်း ဘယ်တော့မှ မေ့မရခဲ့သော သူမလေး…။ သူ၏ စိတ်ကူးအိပ်မက်တို့ သည်… အနည်းငယ် အဓိပ္ပါယ်ရှိလာ…။
အို.. ဘာဘဲဖြစ်ဖြစ် အမှားတွေကို ခွင့်လွှတ်ဖို့ ဆိုတာ ကိုယ်က အရင် တောင်းပန်ကြည့်ဖို့ တော့ လိုမှာပေါ့လေ…။

သူမနှင့် သူ၏ ဆက်စပ် ပတ်သက်ခဲ့သော အနေအထားကို ဟိုး ကကြီးမှသည် အ အထိ အစ အဆုံးသိနေခဲ့သော ငယ်သူငယ်ချင်း တစ်ယောက်နှင့်အတူ သူမကို သူ သွားရောက်တွေ့ ဆုံရန် ကြိုးစားခဲ့ပါသည်။ သာယာလှပသော ပြာလွင်သော မိုးကောင်းကင်ကြီး အောက်တွင် ရင်ခုန် လှိုက်မောဖွယ်ကောင်းလှစွာဖြင့် သူမကို သူ တွေ့ ခွင့်ရခဲ့ပါသည်။ ဆယ်နှစ်တာကာလအတွင်း ဘာမှထူးထူးခြားခြား မပြောင်းလဲဘဲ ဟိုးငယ်ငယ်တုန်းကလို နုနယ်ပျိုမြစ်၍ လှပနေသော၊ ချစ်စရာကောင်းသော၊ အေးချမ်းသိမ်မွေ့ ဆဲဖြစ်သော သူမကို သူ အံ့သြတကြီး ငေးကြည့်နေမိပါသည်။ သို့သော်… သူမ ဘ၀၏ အကြီးမားဆုံး ပြောင်းလဲမှုကို သူမကိုယ်တိုင် ဖွင့်ဟ ပြောဆို လာသောအခါ… ။

ထိုနေ့ က သူမအတွက်.. တိတိကျကျပြောရလျှင် သူ၏ တွေဝေခဲ့မှု နှင့် အစားထိုးမရသော ကုန်လွန်ခဲ့ချိန် များစွာတို့ အတွက် ပထမဦးဆုံးအကြိမ်အဖြစ် နောင်တ အနည်းငယ် ရခဲ့မိပါသည်…။ သို့ သော် ထိုနောင်တတို့ ကို မာနတရားတို့ ဖြင့် ဖုံးလွှမ်းဖို့  ကြိုးစားရင်း သူမရှေ့ တွင် ဘာမှမဖြစ်လေဟန် ကောင်းကောင်း ဟန်ဆောင်နိုင်ခဲ့ပါသည်။ ထိုအချိန်ပိုင်းလေးအတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မဆုံးဖြစ်နေရင်း…။

*****

ထိုတစ်နေ့ …
ထိုတစ်နေ့ …
ထိုနေ့ က သူမနှင့် ဒုတိယအကြိမ်အဖြစ် တွေ့ ဆုံရန် အကြောင်းဖန်လာပါသည်။ ဒုတိယအကြိမ် ဆုံတွေ့ ရချိန်သည် ပထမအကြိမ်နှင့် ဆယ်စုနှစ် တစ်ခုနီးပါး ကွာခြားခဲ့ပြန်ပါသည်။

သူမ…
သက်တူ ရွယ်တူ သူငယ်ချင်းများစွာတို့ ကြားတွင် ဘာမှပြောင်းလဲသွားသည်ဟု မထင်ရသော သူမ…။ သူမကို ချစ်ခင်ကြင်နာသော အိမ်ထောင်ဖက်နှင့်အတူ… ချစ်စဖွယ် စကားတွေ တီတီတာတာ ဆိုတတ်နေသော သားကလေး တစ်ယောက်နှင့်အတူ… သာယာ ချမ်းမြေ့သော မိသားစုဘ၀လေးတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်သော သူမ…။ ဟိုးအရင်တုန်းကလို နုနယ်ပျိုမြစ်ခြင်းများ အပြည့်ဖြင့် လှပနေဆဲ သူမ…။ ဘ၀ကို စိတ်အေး ချမ်းမြေ့စွာ ဖြတ်သန်းခဲ့ရသော သူမ…။

ထိန်းချုပ်လို့ မရ ပြင်းပြင်းထန်ထန်လှုပ်ခတ်နေသော ကိုယ့်ရဲ့ စိတ်အစဉ်တွေသည်…
ရေခဲတမျှ အေးစက်နေသော ကိုယ့်ရဲ့ ခြေဖျား လက်ဖျားတွေသည်…
ခန္ဒာကိုယ် နေရာအနှံ့ မှာ တဒိတ်ဒိတ်ခုန်တိုးနေသော ကိုယ့်ရဲ့  နှလုံးသွေး တွေသည်…
နောက်ဆုံးမှာတော့ မျက်ဝန်းထဲမှ မျက်ရည်ကြည်များအဖြစ်သို့  ကူးပြောင်းခါနီးဆဲဆဲ…

ကြည်ကြည်လင်လင် ရယ်မောနှုတ်ဆက်နေသော သူမကို ပြန်လည်နှုတ်ဆက်ရန် ကြိုးစားပမ်းစား ကိုယ်အားယူနေဆဲမှာေ၀၀ါးသွားသော မြင်ကွင်းကြောင့်... အို.. ကိုယ့်ရဲ့  နောင်တတွေ အတ္တတွေ လွှမ်းမိုးနေတဲ့ မျက်ရည်တွေကို သူမလေး ရိပ်မိသွားမှာ စိုးလှပါသည်…။

အဆုံးမှာတော့…
နှစ်ပေါင်းများစွာ ကြာရှည်အောင် သော့ခတ် သိမ်းဆည်းထားခဲ့သော ကိုယ့်ရဲ့  နှလုံးခုန်သံကို ကိုယ်တိုင် မယုံကြည်နိုင်စွာဖြင့်… အပြင်ပန်းက ကြည့်လျှင် အစစအရာရာ ပြည့်စုံသည်ဟု ဆိုနိုင်သော်ငြားလည်း ရုပ်ဝတ္ထုအားဖြင့်သာ ပြည့်စုံပြီး အဖက်ဖက်က လိုအပ်ချက်ပေါင်း များစွာဖြင့် ကိုယ့်ရဲ့ အေးစက်စက် အထီးကျန် ဘ၀ကို ကိုယ်တိုင်ကြေကွဲစွာ… ။

ခိုင်မာသော ဆုံးဖြတ်ချက်တွေနှင့်အတူ ကိုယ်တိုင် ရွေးချယ်လျှောက်လှမ်း ခဲ့သော ကိုယ့်ဘ၀လမ်းကလေးမှာ သံသယတွေ၊ နောင်တ တရားတွေ ဖြင့် ပြည့်နှက်… ပြန်လည် ပြင်ဆင်ခွင့် မရှိတော့သော ဘ၀များ…။
ဘာနဲ့ မှ လိုက်လို့  မမှီနိုင်အောင် နောက်ကျခဲ့ပြီဖြစ်သော အချိန်ကာလများ… ပြန်လည်ဆုံဆည်းခွင့်ကို ဆု အဖြစ်တောင် တောင်းယူ၍ မရနိုင်တော့သော ကိုယ့်အဖြစ်ကို ကိုယ်တိုင် နာကျင် နာကျည်းစွာဖြင့်…။
သက်ပြင်းတွေကို အခါခါချရင်း တွေ့ ဆုံချိန်တွေကို အတတ်နိုင်ဆုံး ဆွဲဆန့် ထားလိုက် ချင်သော်လည်း လူ့ ဘ၀၏ နိယာမတွေအရ အချိန်တန်ရင် အိမ်ပြန်ရစမြဲမို့ ကိုယ့်ရဲ့  ပြန်ပြင်မရသော မှားယွင်းမှုတွေနဲ့ အတူ နောင်မှရသော နောင်တတရားတွေ၊ ယူကျုံးမရ စိတ်တွေ ရင်ထဲမှာ အပြည့်အနှက်ဖြင့်…။

*****

သူမကို ဘ၀တသက်လုံး ဘယ်တော့မှ မေ့လို့ မရနိုင်သော်လည်း ကိုယ်တိုင် ရွေးချယ်မှုနှင့် ဖြတ်တောက်ခဲ့ပြီးသော ကြိုးတစ်စ… ပြန်လည်၍ ဆက်သွယ် ထုံးနှောင်ရန်လည်း အခွင့်အရေးက မရှိတော့ပြီ… သူ့ အတိုင်းသာ ရှိပါစေတော့.. ။ သူမ ဘ၀ကလေး အစဉ်အမြဲ လှပ ပျော်ရွှင်စေနိုင်ရန် သူမ၏ စိတ်ကလေး အစဉ်သဖြင့် အေးချမ်း ပြည့်စုံစေနိုင်ရန် ဆုတောင်းပေးရုံမှတပါး….။

စာကြွင်း ။ ။ ဒီသီချင်းလေးနဲ့  အတူတူ နားထောင်ရင်း ဖတ်ကြည့်ပါနော်…။
အေးချမ်းမေ - ဇာတ်ဆရာ အလိုကျ

Wednesday, November 12, 2008

ခိုင်မြဲသောကြိုး



Hours fly...

Flowers die...

New days, New ways passed by

But LOVE stays...

F O R E V E R

* * * * * *