ကိုယ့်လက်ရာ ဆိုလို့ ကိုယ် ဘာဟင်းတွေများ လက်စွမ်းပြ ချက်ပြုတ်တော့မှာပါလိမ့်လို့ မတွေးကြနဲ့လေ… နော်။ ဟိုတလောက လိုချင်လှချည်ရဲ့ဆိုပြီး ဂျီတိုက်လိုက်လို့ ရထားတဲ့ ကိုယ့်ရဲ့ နှစ်ကျပ်ခွဲနဲ့ စမ်းထားတဲ့ လက်ရာလေးတွေကို ဆိုလိုတာပါ။
အမှန်ကတော့ အဲဒီ နှစ်ကျပ်ခွဲလဲရပြီးရော… ကိုယ် နည်းအမျိုးမျိုးနဲ့ လမ်းပေါက်တွေ ရှာပါသေးတယ်။ ဒါပေမယ့်လဲ အဲဒီ ခရစ်စမတ်နဲ့ နှစ်သစ်ကူး ရက်တွေမှာ ကိုယ့်မိသားစု အရေး၊ ဟိုအရေး ဒီအရေး၊ သုံးပါးမကတဲ့ အရေးတွေနဲ့ ပွေလီနေတော့ ဘယ်ကိုမှ မှတ်မှတ်ရရ မသွားဖြစ်လိုက်ပါဘူး။ အဲဒီရက်တွေလွန်သွားတော့လဲ မိုးတွေက ရွာလိုက်တာမှ ဆက်တိုက်…။ ဖြစ်ချင်တော့ ပြောပါတယ်… အပြင်လေး ဘာလေးထွက်ပြီး နှစ်ကျပ်ခွဲနဲ့ လက်စွမ်းပြမယ် စဉ်းစားလိုက်တိုင်း မိုးတွေက သည်းကြီးမဲကြီးကို ရွာချတော့တာ…။ တကယ်… တကယ်… Botanic Garden ကိုဆို ရောက်ပြီးမှ မိုးတွေကြောင့် ကားပေါ်က ဆင်းလို့ မရပဲ ဒီတိုင်း လှည့်ပြန်လာခဲ့ရတဲ့ အထိကို အခြေအနေ ဆိုးတာပါ။
ဟိုးရှေးရှေးက လူပျက်တွေ ပျက်သလိုပါပဲ… မင်းသားလေးက အားရပါးရ ကပြ အသုံးတော်ခံချင်ပါသော်လည်း ကျန်းမာရေးက မကောင်း… ကျန်းမာရေးကောင်းလို့ မင်းသားလေး ကတော့မယ် ဆိုပြန်တော့ အခြေအနေက မပေး… အခြေအနေ ပေးပြန်လို့ မင်းသားလေး ကတော့လဲ အားပေးမယ့်သူက မရှိ… ဆိုသလိုကို ဖြစ်နေတော့တာလေ…။
ဒီလိုနဲ့တော့ ဘယ်ရမလဲ... ဟိုအကောင် လက်ထဲ ဟိုအသီး ရောက်နေသလို ဆိုတော့ အငြိမ်ကို မနေနိုင်၊ တခုမဟုတ် တခုတော့ ရိုက်နေရမှ ဖြစ်မယ် ဆိုပြီး အိမ်မှာ တွေ့ရာ မြင်ရာ အကုန်ရိုက်ပါတယ်။ ရိုက်တာမှ အိမ်ရှိ လူကုန် နဲ့ အိမ်ရဲ့ နေရာ အနှံ့အပြား တွေသာမက ငါးကန်ထဲက ရွှေငါးတွေ၊ မှန်တင်ခုံပေါ်က ပစ္စည်း ပိစိ ပေါက်စတွေ၊ စာပွဲပေါ်က စာအုပ်တွေ၊ ထမင်းဝိုင်းက ထမင်း ဟင်းပန်းကန်တွေရော မီးဖိုထဲက ကြက်သွန်တွေ အာလူးတွေပါ မရှောင် နီးနီးတမျိုး ဝေးဝေးတဖုံ…။ အခုဆို အိမ်ကလူတွေကလဲ ကိုယ် နှစ်ကျပ်ခွဲကြီး ကိုင်လိုက်တိုင်း ရှောင်ထွက်သွားတဲ့ အကျင့်တွေ၊ သူတို့ကို ချိန်ရွယ်လိုက်တိုင်း မျက်နှာကို လက်နဲ့ကာတဲ့ အကျင့်တွေကို ရက်အနည်းငယ်အတွင်းမှာ ကိုယ်စီကိုယ်ငှ ရနေကြပါပြီ…။ ပါးစပ်ကလဲ ပူညံပူညံတွေ ပွစိ ပွစိ ရေရွတ်ကြရင်းနဲ့ပေါ့…။
ဒီကိစ္စတွေရဲ့ အသေးစိတ်ကိုတော့ နောက်မှပဲ နှစ်ကျပ်ခွဲတန် ဒုက္ခများ တို့… သက်ဝေနှင့် သူ၏ နှစ်ကျပ်ခွဲ တို့… စတဲ့ ခေါင်းစဉ် တခုခုနဲ့ ပိုစ့်ရေးပြီး တင်ပါအုံးမယ်။
အဲ… လိုရင်းကို ပြန်ပြောရရင် ဒီရက်တွေမှာ ဘယ်မှ ဝေးဝေးလံလံသွားပြီး လက်စွမ်းပြခွင့်မရတာမို့ အလွယ်ဆုံးဖြစ်တဲ့ ကိုယ့်အိမ်ကနေ လှမ်းကြည့်ရင်မြင်နေရတဲ့ နေရာကိုပဲ (စွမ်းစွမ်းတမံ) လှမ်းရိုက်လိုက်ပါတယ်…။ ရှုစား အားပေးတော်မူကြပါကုန်…။

ဒီပုံကတော့ မနက် နေထွက်ခါစမှာ ရိုက်ထားတာပါ။ ဒီပုံကို Flickr မှာ တင်တော့ ဒီလောက် မနက်စောစော ထနိုင်လို့လား လို့ မေးတဲ့သူကလဲ ရှိပါသေးတယ်။ တကယ်တော့ ဒီပုံကိုရိုက်တော့ မနက် ၇ နာရီ နီးနီး ရှိနေပါပြီ။ (ဟေ့… ကိုယ် မနက် ၇ နာရီ အိပ်ရာ မထနိုင်ဘူး လို့ ဘယ်သူက ပြောသလဲ… ဟွန်း…)
ကိုယ်ချစ်နေကျ တိမ်လိပ်တွေဟာ နေထွက်ခါစမှာ နေရောင်ဟပ်ပြီး ပုဇွန်ဆီရောင် ပြေးနေတာ ကိုယ့်ဟာကိုယ် ပြန်ကြည့်ပြီး ပီတိတွေ ဖြစ်နေတာ ရက်ပေါင်းများစွာပါ။

ဒီပုံကတော့ နေရာချင်းအတူတူ ရိုက်တဲ့ အချိန်က ၁၂ နာရီ တိတိကွာပါတယ်။ ညနေ ၇ နာရီမှာ ရိုက်ထားတာပါ။ အဲဒီနေ့က ညနေ ၆ နာရီ ၄၅ လောက် ရုံးက ပြန်ရောက်ပြီး အခန်းထဲကနေ လှမ်းကြည့်မိတော့ တိမ်တောက်နေတာ တွေ့တုန်း မြန်မြန်ရိုက်လိုက်တာပါ။ ချက်ချင်းပဲ သတိရသွားတာက အရင်က ရန်ကုန်မှာ တိမ်တောက်ချိန်ဆိုရင် ဖေဖေ (သို့) မေမေက သမီးရေ အိမ်အပြင်ကို ထွက်ခဲ့ပါအုံးဟေ့… လို့ လှမ်းခေါ်ပြီး စ တတ်တာကိုပါ။ အရင်ကတော့ သိပ် နားမလည် ပါးမလည်မို့ ခံလိုက်ရပေမယ့် ခဏခဏ ခံရပေါင်းများလာတော့ သိလာပါတယ်။ နောက်ပိုင်းမှာတော့ တိမ်တောက်တာ မြင်ရင် ဦးရာလူ လှမ်းအော် ခေါ်စတမ်းပါပဲ…။ အဲဒီနေ့ကလဲ ဖေဖေက သမီး အောက်ဆင်းပြီး လမ်းလေး ဘာလေး လျှောက်ပါလား… လို့တောင် လာပြောနေပါသေးတယ်။ (မသိရင် ခက်မယ်.. အဲဒါ လူကို အကျည်းတန်တယ်လို့ ပြောတာ…)
တိမ်တောက်နေတော့ အဆောက်အဦးတွေအပေါ်မှာ နေရောင် ဝါဝါတွေ သန်းနေတာ သိပ်လှတယ်လို့ ထင်ပြီး ကြည့်မဝတာ ညပေါင်းများစွာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ နှစ်ကျပ်ခွဲပိုစ့်မှာ လှိုက်လှိုက်လှဲလှဲ အားပေးသွားကြတဲ့ Comment တွေရဲ့ တန်ခိုးကြောင့် ကိုယ်လိုချင်နေတဲ့ နှစ်ကျပ်ခွဲကို ရက်ပိုင်းအတွင်းမှာ ရခဲ့တာမို့ အားပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို တကယ် ကျေးဇူးတင်ပါတယ်…။ အခုလဲ ဓါတ်ပုံလေးတွေ လာကြည့်ကြတဲ့သူများကို ကြိုတင် ကျေးဇူးတင်ထားပါရစေ။ နောင်ကိုလဲ တတ်အားသ၍ လက်စွမ်းပြပါအုံးမယ်…။