Monday, September 27, 2010

ငြိမ်းချမ်းရေးငှက်ကို မွေးဖွားပေးသော စက်တင်ဘာလအကြောင်း


အလင်းရောင်လာချိန်မှာ သူ့နှစ်ပြန်စာခန့် ကျယ်ဝန်းသော သံလှောင်ချိုင့်လေးထဲမှ မျက်လုံးဖွင့်ရင်း ထုံးစံအတိုင်း အနီးအနားတဝိုက်က သူ့လို ဘဝတူတွေ အသက်ရှိကြသေးရဲ့လား… အသေကောင်တွေ လာကောက်တဲ့လူရဲ့ အမှိုက်ပုံးထဲ ဘယ်သူများ လှောင်ချိုင့်ထဲကနေ အလွှင့်ပစ်ခံရမလဲ မျက်လုံးဝေ့ဝိုက် ကြည့်လိုက်ပါသည်။
အင်း… ဒီနေ့တော့ အလွှတ်ပစ်ခံရတဲ့သူ မရှိဘူး… တော်ပါသေးရဲ့…။

မသေမချင်းကတော့ သူ့အတွက် လွတ်မြောက်စရာလမ်း မရှိ။ သည်လိုနှင့်ပဲ သည်လှောင်ချိုင့်မှ ဟိုလှောင်ချိုင့်… သည်လူ့လက်မှ ဟိုလူ့လက်…။ သူ့အတွက်ကတော့ အဟာရမရှိတဲ့ ဒီအစာခြောက်တွေ စောင့်စားရင်း… သစ်ပင်၊ သီးနှံ၊ ရေပြင်၊ တောင်တန်းဆိုတာ အကန်းတကောင်လို… အိပ်မက်ထဲမှာတောင် မပျံတတ်တော့ပါ။

အစာခြောက်တွေ စောင့်ရင်း ငိုက်မြည်းနေတဲ့ သူ့မျက်လုံးထဲ ရွှေဝါရောင် အလင်းတန်းတခု တောက်ပဝေ့ဝဲလာသောကြောင့် ခေါင်းကို သတိအနေထားနဲ့ ဆတ်ကနဲ ထောင်မတ်ပြီး သူတို့ရဲ့မှောင်ပြပြ အနံဆိုးဆိုး လှောင်အိမ်ခန်းတွေကြားမှတဆင့် ထူးခြားမှုကို ရှာဖွေကြည့်မိသည်။ ထိုအခါ ဘုန်းတော်ကြီးတပါး ဆိုင်ရှင်နဲ့အတူ သူတို့လှောင်ချိုင့်တွေအနား ဝင်လာရင်း သင်္ကန်းထဲက ပိုက်ဆံတွေကို ဆိုင်ရှင်ကိုပေးပြီး သူတို့ကိုကြည့်ကာ တစုံတခု ပြောဆိုနေသည်ကို တွေ့ရပါသည်။

ဘုန်းတော်ကြီး၏ အေးချမ်းကြည်လင်နေသော မျက်ဝန်းများသည် သူတို့ကိုလှမ်းကြည့်ရင်း ဝမ်းနည်းရိပ်သမ်းလာသည်ကို သေသေချာချာ မြင်တွေ့လိုက်ရချိန်တွင် သူ မေ့လျော့နေခဲ့သည်မှာ ကြာလှပြီဖြစ်သော ဝမ်းနည်းမှုများနှင့်အတူ သူ့မှာ မရှိတော့ဘူး ဟု ထင်မှတ်ခဲ့သော မျက်ရည်များသည် သူ့မျက်လုံးမှာ လျှံဝေကျလာခဲ့ပါသည်။

ဘုန်းတော်ကြီးယူဆောင်လာသော ကြိမ်ခြင်းထဲ သူ့ရဲ့အဖော်တွေ တကောင်ပြီး တကောင် ဆိုင်ရှင်က ပြောင်းထည့်နေသည်။ မကြားရသည်မှာ ကြာမြင့်လှပြီဖြစ်သော တဖျတ်ဖျတ် အတောင်ပံချင်း ရိုက်ခတ်သံတို့သည် သူ့ရင်ထဲ အသည်းထဲမှတဆင့် လက်ဖျား ခြေဖျားများအထိ သွေးများ ပြန်လည် နိုးကြွ လှိုင်းခတ် လည်ပတ်လာစေသည်။ သူ့အလှည့်မှာတော့ အတောင်နှစ်ချောင်းကို အသာအယာသာ စမ်း၍ ဆန့်တန်းရင်း သံလှောင်ချိုင့်မှအထွက်... အတောင်ပံကို နှစ်ချက် သုံးချက် ခတ်ကြည့်မိသည်။ သူ၏ ကြွက်သားများ အားနည်းနေသေးသော်လည်း အရင်လို တောင်တန်းများ ပင်လယ်များကို ကျော်ဖြတ်ရန် ယုံကြည်မှုအပြည့်…

သို့သော်ငြား သူ့ဘဝ သူ သိပါသည်…
ဘုန်းတော်ကြီး၏ မေတ္တာရိပ်သည် သူ့ကို ပျံသန်းခွင့် ကင်းမဲ့နေလျှင်တောင်မှ လန်းဆန်းစွာ အသက်ရှင်ခွင့် ကြာကြာပေးဦးမည်ဟု သူ ယုံကြည်စိတ်ချ နေမိပါသည်။

သူနဲ့အတူ သူ့အဖော်များအားလုံး မမျှော်လင့်…
သူတို့ကို ကြိမ်ခြင်းထဲမှထုတ်ပြီး ဘုန်းတော်ကြီးများမှ နွေးထွေးသော လက်အစုံဖြင့် တယုတယ ကိုင်ဆုတ်ကာ ဝမ်းနည်းငွေ့များ မှိုင်းတက်နေသော ဆုတောင်း ရွတ်ဖတ်မှုများနှင့်အတူ လေထဲသို့ အသာအယာ မြှောက်တင်ပေးကြသည်။

အလင်းရောင်ထဲမှာ မျက်လုံးများ ကြိမ်းစပ်သွားသည်။ နွေးထွေးမှုနှင့်အတူ အားအင်များက ခြေဖျားမှ ဦးနှောက်ထဲအထိ နိုးကြားတက်ကြွစေခဲ့သည်။ လတ်ဆတ်သောလေများကို အငမ်းမရ ရှိုက်သွင်းရင်း ရှင်သန်ခွင့် အတွက် သူ့ကိုယ်သူ အကျေနပ်ကြီး ကျေနပ်လျှက်… သူ့ခန္ဒာကိုယ်က ဆိုင်ပိုင်ရှင်၏ အသေကောင်ထည့်သော အမှိုက်အိပ်ထဲ မကျန်ခဲ့သော်လည်း သူသည် အရှင်လတ်လတ် ဘဝတွေ ကူးခဲ့ရပြီးပြီ…။ မိုင်ထောင်ချီ၍ ဒီတကမ္ဘာလုံးကြီးကို ဖြတ်ကျော် ပျံသန်းရင်း… သစ်တောများ၊ မြစ်ချောင်းများပေါ် ပျော်ရွှင်စွာ ပျံသန်းရင်း… အားမန်တက်ခဲ့ရသော ဘဝ ချုပ်ငြိမ်းပြီးနောက် သံလှောင်အိမ်ထဲမှာ သူ့ခန္ဒာကိုယ်နှင့်အတူ ဦးနှောက်များပါ သေလုမျောပါး အေးခဲ နာကျင်ခဲ့ရပြီးပြီ…။

ထိုစဉ်… လေထဲမှ သစ်တောအုပ်များ သူ့ဆီ ဦးတည် ပျံသန်းလာတာ တွေ့ရသည်။ သူကြိုက်သော သစ်စေ့များ သူ့ထံ ဝေ့ဝဲ ပျံသန်းလာသည်ကို တွေ့ရသည်။ ကြောက်လန့်တကြားနှင့် ထွက်ပြေးခဲ့သော သူ့အဖော် သူ့ထံ အရောက်ပြန်လာသည်ကို တွေ့လိုက်ရသည်။ အတောင်ပံကို လေး ငါး ချက် ခတ်ပြီးသောအခါတွင်မှ သူ မျက်လုံးဖွင့်လျှက် မက်နေသော အိပ်မက်မှ သတိနှင့် အသိ ပြန်ဝင်လာသည်။ သူ လေထဲမှာ ရပ်တန့်ကြည့်သည်.. ပျံသန်းကြည့်သည်။ သူ့ထံမှာ မေတ္တာတရား အရိပ်တခု စိုးမိုးခြင်းဖြင့် လုံခြုံနေသည်။ သူ ကောင်းကင်အမြင့်ဆီကို ပျံတက်ဖို့ထက် ဝေးနေတာကြာပြီဖြစ်သော မြက်ခင်းစိမ်းစိမ်းကို အမြတ်တနိုး မွတ်သိတ်စွာ ဆင်းခိုနားရင်း ရင်နှင့်ကပ်ထားမိသည်။

ဆာလောင်နေသော နှုတ်သီးများက သူ ကာလ ကြာမြင့်စွာ တောင့်တခဲ့သော သစ်စေ့များ အရှေ့သို့ရောက်သော် ချုံးပွဲချငိုကြွေးမိသည်။ သူ သည်းသည်းထန်ထန် ရှိုက်ငင် ငိုကြွေးနေသည်။ နှစ်ပေါင်းများစွာ တမ်းတမိသော သူ့အိပ်မက်ရှည် ထိုသစ်စေ့များရှေ့တွင် လှောင်အိမ်ထဲမှာ ကျန်ရစ်နေခဲ့သေးသော ဘဝတူ အဖော်များကို သတိရ လွမ်းဆွတ်ရင်း သည်းထန်စွာ အူလှိုက်သဲလှိုက် ရှိုက်၍ ရှိုက်၍သာ ငိုကြွေးနေမိတော့သည်။



မှတ်ချက် ။ ။ ဒီပိုစ့်လေးကို ရေးဖြစ်ရန် တိုက်တွန်းအားပေးရင်း ကူညီ တည်းဖြတ်ပေးခဲ့ပြီး ပိုစ့်နှင့် လိုက်ဖက်သော ဓါတ်ပုံကို ကိုယ်တိုင် ရိုက်ပေးခဲ့သော မိတ်ဆွေတယောက်အား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုပါသည်။


Sunday, September 19, 2010

တနင်္ဂနွေနေ့

ကောင်းသော တနင်္ဂနွေနေ့ပါ…
မနေ့က အိမ်မှာ ရိုက်ထားတဲ့ ပန်းပုံလေးတွေ အမှတ်တရ တင်လိုက်ပါတယ်…


အကြောင်းကြောင့်တွေကြောင့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေကြသူများ စိတ်အေးချမ်းသာ ရှိကြပြီး အလုပ်အားရက်မှာ သက်တောင့်သက်သာ အနားယူနိုင်ကြပါစေ… စာမေးပွဲ၊ Assignment နဲ့ Essay တွေ ဖိစီးနေသူများ အဆင်ပြေကြပါစေ… ဘလော့ဂ်မရေးတာကြာနေတဲ့ စာရေးဖေါ်များ အမြန်ဆုံး စာပြန်ရေးနိုင်ကြပါစေ... ဟိုဟို ဒီဒီ လည်ရ ပတ်ရ သွားရ လာရနဲ့ မအားနိုင်လွန်းလို့ အိပ်ရေးမဝတဲ့သူများ အိပ်ရေးဝဝ အိပ်နိုင်ပါစေ...


ဒါကတော့ ပန်းတပွင့်လုံး ရိုက်ပြီးမှ တပိုင်းဖြတ်ထားတာပါ။ ဘာမှ ထွေထွေထူးထူးတွေ တွေးမနေပါနဲ့... နောက်တပိုင်းက မှုန်ဝါးဝါးဖြစ်နေလို့ ဖြတ်လိုက်တယ်လို့ မှတ်ယူကြပါ။ Another Half ကို လွမ်းနေတဲ့သူများ အတွက် ရည်ရွယ်ပါတယ်…။


ဓါတ်ပုံထဲက ပန်းကလေးများလို လှပ လန်းဆန်းပြီး သာယာတဲ့ နေ့သစ်တနေ့ကို ပိုင်ဆိုင်နိုင်ပါစေ…



Tuesday, September 14, 2010

မီးပူတိုက်ခြင်း၏ အကျိုးကျေးဇူး


လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ဘလော့ဂ်စရေးခါစ အချိန်တုန်းက တင်ဖြစ်ခဲ့တဲ့ ပိုစ့်အဟောင်းလေးပါ။ ဘလော့ဂ် စခါစ အချိန်ဆိုတော့ စာလာဖတ်တဲ့သူလည်း တော်တော်နည်းပါတယ်။ ဒါကြောင့် အများစုက ဖတ်ဖူးကြလိမ့်မယ်မထင်လို့ နဲနဲပါးပါးပြင်ဆင်ပြီး ပြန်တင်လိုက်ပါတယ်။ အလုပ်များလို့ စာအသစ်မရေးနိုင်ခင်မှာ ဒီလိုလေး လုပ်ဖို့ အကြံရသွားတာ... မပိုင်လား…း))

မီးပူတိုက်ခြင်း၏ အကျိုးကျေးဇူး

နေ့ စဉ်နေ့ တိုင်း ပြုလုပ်ဆောင်ရွက်ရသော အိမ်မှုကိစ္စ အဝဝထဲတွင် ကျွန်မ စိတ်အညစ်ဆုံး နှင့် အမုန်းဆုံးအလုပ်တစ်ခုမှာ မီးပူတိုက်ခြင်းပင်ဖြစ်သည်။ အခြားအခြားသော အိမ်အလုပ်များကို ဇယ်ဆက်သလို တရစပ် လုပ်ကိုင်နိုင်သော်လည်း မီးပူတိုက်ရဖို့ ကိုတော့ ကျွန်မ ပျင်းလဲ ပျင်း၊ အလွန်လဲ မုန်းတီးသည်။ ဟင်းဆယ်မျိုးကို ဆက်တိုက် ချက်လိုက်ချင်သော်လည်း အင်္ကျီမို့  သုံး လေးထည်လောက် မီးပူတိုက်ရပြီဆိုလျှင်တော့ ဒေါသများက သူ့ အလိုလိုနေရင်း ပွနေကြပြီး မြင်မြင်ကရာ လူတိုင်းကို ရန်လုပ်ချင်နေလေသည်။ အရင်က မိဘများနှင့် အတူတူနေစဉ်ကတော့ အိမ်မှာ အကူကောင်မလေးများ ရှိသောကြောင့် ထိုတာဝန်နှင့် ကင်းဝေးခွင့် ရခဲ့သည်။ ယခုမူ ထိုသို့ မဟုတ်တော့ပြီ။ အစစအရာရာ ကိုယ့်ကိုကိုယ်သာ အားကိုးရာ ကိုယ်သာဖြစ်တော့သည် ဟူသော ဘဝမျိုးကို ရောက်နေပြီမို့ …။

သို့ သော်… သို့သော်… ထိုအမုန်းဆုံး အလုပ်တစ်ခုကို ကျွန်မ နှစ်နှစ်သက်သက် ပျော်ပျော်ပါးပါး မညီးမညူ ပြုလုပ်ချင်လာအောင် ဆွဲဆောင်လိုက်သော အရာမှာ ကျွန်မ၏ ဘလော့ဂ်ကလေး ဖြစ်သည် ဟုပြောလိုက်လျှင် ကြားရသူအပေါင်းက ဟင်… ဘာဆိုင်လို့ လဲ… ဟု ဝိုင်းပြောကြမည်ကိုလဲ အသေအချာ သိနေပါသည်။ ဆန္ဒများ မစောကြစေချင်… ဆက်လက် နားဆင်ပါ…။ ဆိုင်ပုံ ဆိုင်နည်းကို အခု ပြောပြပါမည်။

* * * * * *

ယခင်က ကျွန်မအိမ်မှာ နာရီပိုင်းနှင့်အိမ်အလုပ် လာလုပ်ပေးသော အမျိုးသမီးတစ်ယောက် ရှိခဲ့ဘူးသည်။ သို့သော် လွန်ခဲ့သော ၂၀၀၇ ခု နှစ်ကုန်ပိုင်းလောက်တွင် သူမက ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်ဆက်မလုပ်တော့ဘဲ မြန်မာပြည်ကို အပြီးပြန်သွားခဲ့သည်။ သူပြန်သွားပြီး နောက် လူအသစ်တစ်ယောက် ထပ်ခေါ်ဖို့ အဆင်မပြေတော့ရာမှ အစပြု၍ မီးပူတိုက်ခြင်း ဟူသော အလုပ်မှာလဲ ကျွန်မခေါင်းပေါ်သို့  လုံးလုံးလျားလျား ကျရောက်လာခဲ့လေသည်။ ဒီတော့လဲ ထုံးစံအတိုင်း တစ်ပတ်ကို ငါးရက် အလုပ်လုပ်၊ စနေနေ့ မှာ တစ်ပတ်လုံးစာ လျှော်စရာရှိသည်များကိုလျှော်၊ အခြောက်ခံ၊ ပြီးရင်တော့ တနင်္ဂနွေနေ့ မှာ အမှန်အကန် တိုက်ပွဲဝင် ရတော့တာပေါ့။ ကျွန်မ၏ အကျင့်ကလဲ တစ်မျိုး။ မီးပူတိုက်လျှင် တပတ်စာ အပြင်အဝတ် ရုံးအဝတ်များသာမက အိမ်မှာနေရင်းဝတ်သည့် အဝတ်များ နှင့် အိပ်ရာခင်း ခေါင်းအုံးစွပ် မျက်နှာသုတ်ပုဝါများ၊ မီးဖိုချောင်သုံး လက်သုတ်ပုဝါများ ပါမကျန် အားလုံးကို မီးပူတိုက်ရမှ စိတ်တိုင်းကျ ကျေနပ်လေ့ရှိသည်။

ထို့ ကြောင့် တနင်္ဂနွေနေ့ ညနေပိုင်းရောက်လာပြီဆိုလျှင် မီးပူတိုက်ခြင်းဟူသော အလုပ်ကို မလွဲမသွေ မလုပ်မဖြစ် လုပ်ရလေတော့သည်။ ထိုအချိန်ဆိုလျှင် နောက်တစ်နေ့ အလုပ်သွားရတော့မှာတွေးရင်း စိတ်မောနေသည်ကတစ်ကြောင်း၊ ပျင်းနေသည်ကတစ်ကြောင်း တို့ကြောင့် လူက အလိုလိုနေရင်း Depress ဖြစ်နေရသည့်အထဲ မီးပူတိုက်လျှင် ဘယ်လိုမှ Mood မကောင်းတတ်သော ကျွန်မ၏ အကျင့်ဆိုးကြောင့် ကျွန်မမို့  မီးပူတိုက်ပြီဆိုလျှင် အိမ်သားတွေ ဘယ်သူမှ အနားမလာကြ၊ စကားတစ်ခွန်းလာမဆိုကြ။ အားလုံး ဝေါင်ဝေါင်ရှေးလို့  ဝေးဝေးကရှောင်ကြသည်။ (ဆိုးပါတယ်နော်)

မီးပူတိုက်ခါနီးတိုင်း နည်းအမျိုးမျိုးဖြင့် ဂျီကျ ဂျစ်တိုက်ကာ အသားလွတ် ပြဿနာရှာ ရန်လုပ် တတ်သော ကျွန်မကို သဘောကောင်း၍ အေးဆေးသော အကြောင်းသိသော ခင်ပွန်းလုပ်သူက ခပ်ပြုံးပြုံးသာ ကြည့်နေတတ်သည်။ သူ ကူတိုက်ပေးပါ့မယ်ဟု အခါများစွာ ပြောဘူး၏။ သို့ သော် သူ့ အဝတ်သူ တိုက်သည်မှာ အကြောင်းမဟုတ်သော်လည်း ကျွန်မ အဝတ်များနှင့် တခြားအဝတ်များကို သူတိုက်ရင်တော့ ဘယ်လိုလုပ် ကြည့်ကောင်းပါ့မလဲ။ နောက်ဆုံးတော့ ထိုမီးပူကို ကျွန်မသာပြန်လုရစမြဲ။

ထိုအခါ သူက မီးပူတိုက်ပျင်းသော ကျွန်မအတွက် တစ်နည်းတစ်ဖုံ ကူညီလေသည်။ သူ ဘယ်လိုကူညီသည်ဟု ထင်ပါသလဲ…။ ကျွန်မ မီးပူတိုက်ရာတွင် လွယ်လင့်တကူ နှင့် သက်တောင့်သက်သာ လျှင်မြန်စေရန်ဟုဆိုကာ မီးပူတိုက်ခြင်း အထောက်အကူပြု ပစ္စည်းများ တစ်မျိုးပြီး တစ်မျိုးဝယ်ပေးခြင်းပင်။ သူဝယ်ပေးသော အရာများမှာ ဗျက်ကျယ်ကျယ် အလျားရှည်ရှည်နှင့် မီးပူတိုက်စင်၊ ထိုစင်ပေါ်တွင် ခင်းရသော အခင်းတစ်မျိုး (သူ့ အဆိုအရ ထိုအခင်းဖြင့် ခင်း၍တိုက်ပါက တစ်ဖက်ကိုတိုက်လျှင် အခြားတစ်ဖက်ကို တိုက်စရာ မလိုတော့အောင် တစ်ခါတည်းပြန့် သွားသည် ဟူသတတ်)၊ ရေဖြန်း၍ရသော မီးပူ၊ အလိုလျှောက် ရေနွေးငွေ့ ထွက်သော မီးပူ၊ အဝတ်အထည်များကို မီးမကျွမ်းစေသော မကပ်တတ်သော မီးပူ၊ ပြီးတော့ အဝတ်တွေကို ကော်တင်ထားသလို ပြန့် နေအောင် ဖြန်းရသော ကော်ရည်ဗူး… စသည်ဖြင့် စုံလို့ စုံလို့ ပါဘဲ။ အဲဒါတွေ မလိုပါဘူး… ဝယ်မလာပါနဲ့ ဟု ပြောသော်လည်း မရ။ ကဲ… ဒါတွေ ထားလိုက်ပါတော့…။ ယခု ဘာကြောင့် ထိုအလုပ်ကို ပျော်မွေ့လာရသလဲ ဆိုတာကို ဆက်ပြောပြချင်ပါသည်။

* * * * * *

လွန်ခဲ့သော လအနည်းငယ်ကစ၍ ကျွန်မ ဘလော့ဂ်ကလေးတစ်ခုကို ဝါသနာအရ ကြိုးစားဖန်တီးခဲ့သည်။ ဤဘလော့ဂ်ကလေးတစ်ခု အစမပြုခင်ကရော ဘလော့ဂ်ကလေး အသက်ဝင်ရှင်သန်လာချိန်မှာပါ တစ်နေ့ တစ်နေ့ စားလဲ ဒီဘလော့ဂ် သွားလဲ ဒီဘလော့ဂ် ဖြစ်နေခဲ့တာကတော့ အမှန်ပင်။ ဒါပေမယ့်လဲ မိသားစုတစ်ဖက် အလုပ်တစ်ဖက်နှင့် ကိုယ်ပိုင်အားလပ်ချိန် အလွန်ရှားပါးရာ စိတ်လိုလက်ရ တွေးတောရေးသားရန် အချိန်ကို မနဲလုကာ ရှာဖွေခဲ့ရသည်။ (ဒါကြောင့်လဲ ပိုစ့်တွေ အလွန်ကြဲရခြင်း ဖြစ်သည်)။ အေးအေးဆေးဆေး စဉ်းစားတွေးတောခွင့် ရသည့်အချိန်မျိုးမှာ အများအားဖြင့် ညအိပ်ရာမဝင်ခင် တစ်ခဏ… အိပ်မပျော်ခင် တစ်ခဏ… ထိုတစ်ခဏများအပြင် ရုံးအသွား အပြန် ကားပေါ်မှာ...။ ပြီးရင်လဲ ရသမျှအချိန်လေးမှာ စာရွက်တစ်ခုခုပေါ် မြန်မြန်ချရေးနိုင်ပါမှ။ မဟုတ်လို့ကတော့ အဲဒီစိတ်ကူးတွေ အတွေးတွေ လေထဲလွင့် ပျောက်ကုန်ပြီသာမှတ်…။

ယခုမူ ကျွန်မအတွက် စိတ်ကူးအတွေးတွေ အေးအေးဆေးဆေးတွေးလို့ ရသော အချိန်ကို ရှာဖွေတွေ့ ရှိခဲ့ပြီ။ ထိုအချိန်မှာ မီးပူတိုက်နေသော အချိန်ပင်တည်း။ အပတ်စဉ် တနင်္ဂနွေနေ့ နေ့ လည်ပိုင်းမှာ ကော်ဖီခါးခါးလေးတစ်ခွက် ဘေးနားချကာ အဝတ်တွေ မီးပူတိုက်ရင်း ဒီတပတ်တော့ ကိုယ့်ဘလော့ဂ်ကလေးထဲမှာ ဘာအကြောင်းအရာတွေနဲ့  ဘာပိုစ့်ကလေးများ အသစ်ရေးရပါ့… ဘယ်လို ကာရန်လေးတွေနဲ့  ဘယ်လို ကဗျာလေးတွေရေးရပါ့… ဟု အေးအေးချမ်းချမ်း တွေးလို့ရသည်။ အကြံထုတ်လို့ရသည်။ စိတ်ကူးယဉ်လို့ရသည်။ ပြီးတော့ စိတ်ကူးရရင် ရသလို စာရွက်အကြမ်းလေးပေါ် ကဗျာကရာ ချရေးလို့လဲ ရသေးသည်။

ကဲ… မကောင်းဘူးလား။ အဲ.. တစ်ခုတော့ရှိသည်။ ထိုသို့ သော အချိန်မျိုးမှာ မီးပူကို အလျားလိုက် အဝတ်ပေါ်ချမထားမိဖို့ တော့ ကြပ်ကြပ် သတိထား ရပေလိမ့်မည်။ ဤတွင်မှ အစပြုကာ မီးပူတိုက်ခြင်း ဟူသော အလုပ်တွင် ကျွန်မ စတင် ပျော်မွေ့လာခဲ့လေသတည်း…။

ပြီးခဲ့သော တနင်္ဂနွေနေ့ ကဆို တိုက်ရခက်သည်ဟု အစဉ်အမြဲ ပူညံပူညံ ပွစိပွစိရေရွတ်လေ့ရှိသော သူ့ရှပ်အင်္ကျီလက်ရှည်များ နှင့် ဘောင်းဘီရှည်များ ကို စိတ်ရှည်လက်ရှည် သေသေချာချာ မီးပူတိုက်ပေးခဲ့၏။ သူကတော့ အရင်အခါ များစွာကနှင့်မတူ တစ်မူထူးခြားပြီး ကြည်ကြည်လင်လင် အေးအေးချမ်းချမ်း မီးပူတိုက်နေသော ကျွန်မကို ကြည့်ပြီး တစ်ခုခုတော့ မှားနေပြီဟု တွေးကောင်း တွေးနေပေလိမ့်မည်။ မမှားပါ… မမှားပါ… ဘာဆို ဘာမှ မမှားပါ။ အားလုံးကောင်းပါသည်။

အခုပဲ ကြည့်လေ… ဒီတပတ် မီးပူတိုက်စရာများ အားလုံးပြီးဆုံးသွားသောအခါ ဤပိုစ့်ကလေးတစ်ခု ရေးစရာ ရခဲ့သည် မဟုတ်ပါလား…။



Sunday, September 12, 2010

တံခါးတချပ်နှင့်အတူ အလည်လာခြင်း…

ရက်အတော်ကြာ ပျောက်နေရာက အခု ခဏလာလည်ပါတယ်။ ခဏ လာလည်တယ် ဆိုတာက ပြီးရင် ပြန်ပျောက်အုံးမယ်လို့ သဘောရတယ်…။ ဒီနေရာကို အလည်မလာရရင် မနေနိုင်အောင် C Box က နှုတ်ဆက်စကားတွေနဲ့ Side Bar က ပိုစ့်အသစ်တွေက ဆွဲဆောင်တယ်။ iMyanmar ရဲ့ ကျေးဇူးကြောင့် ဖုန်းထဲကနေ မြန်မာစာ ဖတ်လို့ရတာမို့ ပိုစ့်အသစ်တွေကို အချိန်ရရင် ရသလို ဖတ်ဖြစ်တယ်။ (ဘလော့ဂ်တိုင်းတော့ ဖတ်လို့မရပါ တချို့ဟာတွေက လေးထောင့်ကွက်ပဲ မြင်ရတယ်)။ အဲဒီလို ပိုစ့်အသစ်တွေ ဖတ်ရတော့ ကိုယ်လဲ မရေးရရင် မနေနိုင်အောင် ရေးချင်လာတယ်။ ဘလော့ဂ်ပိုးဆိုတာ အတော် မသေးဘူးပဲ…။

ဒီရက်တွေမှာ အစစ မျက်ခြေပြတ်နေတာမို့ ဟိုအရေး သည်အရေးတွေလဲ ဖတ်ရုံသာဖတ်ပြီး ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက် မဆွေးနွေးနိုင်ပါ။ ချက်ပြထားသမျှ ဖွယ်ဖွယ်ရာရာ အစားအသောက်တွေကိုလဲ ကြည့်ရုံသာ ကြည့်သွားပြီး ပြန်လှန်မေးခွန်းများ မထုတ်နိုင်ခဲ့ပါ။ ချက်လဲ မစားကြည့်နိုင်ခဲ့ပါ။ ခရီးသွားမှတ်တမ်းအချို့ကိုလဲ အသာငဲ့ကြည့်င်္ရုသာတတ်နိုင်ပြီး ကိုယ်တိုင် အတူလိုက်ပါ မသွားနိုင်ခဲ့ပါ။ သီချင်းများကိုလဲ စစဆုံးဆုံး နားမထောင်ဖြစ်ခဲ့ပါ။ ခံစားချက်တွေအပြည့်ပါဝင်တဲ့ စာစုတွေကိုလဲ ဖတ်ရုံသာ ဖတ်လိုက်ပြီး ကိုယ်တိုင် အပြည့်အဝ စီးမျောပါဝင် မခံစားနိုင်ခဲ့ပါ။ ခွင့်လွှတ်ကြပါ…။

သို့သော် တံခါးချပ်တွေကို စိတ်ဝင်စားတတ်တာကြောင့် ရသမျှ အချိန်တွေတိုင်းမှာ၊ ရောက်တဲ့ နေရာတွေတိုင်းမှာ အစဉ်အမြဲ မရိုးနိုင်အောင် တွေ့ရတတ်တဲ့ အရောင်အသွေး အရွယ်အစား အသွင်အပြင် အမျိုးအမည်စုံလင်လှတဲ့ တံခါးတွေနဲ့ တံခါးတွေရဲ့ နောက်ကွယ်ကို အမှတ်တမဲ့ရော အမှတ်တရပါ သေသေချာချာ လှမ်းကြည့်လေ့ရှိတတ်ပါတယ်။

လောကကြီးမှာ ဖွင့်ထားတာလား ပိတ်ထားတာလား မသေချာတဲ့ တံခါးတွေ အများကြီး ရှိကြသလို ဖွင့်ထားရက်နဲ့ အထဲကို ကြည့်လို့ မမြင်နိုင်၊ မြင်လို့မရတတ်ကြတဲ့ တံခါးတွေလဲ ရှိပါတယ်။ ထို့အတူပဲ ပိတ်ထားသော်ငြားလည်း စိတ်အာရုံချင်း ဆက်သွယ်ပြီး အတွင်းကို လှမ်းမြင်နိုင်တဲ့ တံခါးမျိုးတွေလဲ သေချာပေါက် ရှိကို ရှိနေပါတယ်။



တံခါးနဲ့ ပတ်သက်လို့ ဟိုတလောက ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးကိုကြည့်ရင်း တွေးမိတဲ့ အတွေးစတချို့ကို ရေးပြချင်ပါတယ်။ အပေါ်က ပုံထဲမှာတွေ့တဲ့ အတိုင်းပါပဲ…။ တင်းတင်းစေ့ပြီး ပိတ်ထားတဲ့ တံခါးတချပ်ပါ။

သို့သော် မှန်ချပ်တွေကြောင့် အထဲကို အတားအဆီးမဲ့ ကြည်ကြည်လင်လင် ထွင်းဖေါက် မြင်နေနိုင်ပါရက်၊ ဖွင့်ကြည့်မယ်ဆိုရင်လဲ လက်ကိုင်ရှည်တွေ အဆင်သင့်နဲ့ အလွယ်တကူ ဖွင့်ကြည့်လို့ရနိုင်စရာ အခွင့်အလမ်းတွေရှိနေပါရက် နဲ့ ဘယ်သူမှ မဖွင့်ကြည့်ကြတာမို့ အလှသက်သက်အတွက် ဆင်ထားတဲ့ တံခါးတခု ဖြစ်နေခဲ့ပါတယ်။

ဘာဖြစ်လို့ပါလိမ့်…
အပြင်ဖက်က ထူထဲ ကြီးမား ခိုင်ခံ့တဲ့ အကာအရံ အတားအဆီးတွေကြောင့်လား၊ တံခါးအနားကိုရောက်ဖို့ လှမ်းရမယ့် ခြေလှမ်းတွေနဲ့ အဆင့်ဆင့် လှေခါးထစ်တွေကြောင့်လား၊ လိုတာထက် ပိုနေတဲ့ အလင်းရောင်တွေအောက်မှာ ဒီတံခါးအနားကို အထင်တရှား ရောက်မလာချင်လို့ပဲလား၊ တံခါးရဲ့ အပေါ်နားဆီမှာ တပ်ဆင်ထားတဲ့ လုံခြုံရေး အစောင့်အရှောက် စက်ကလေးကြောင့်ပဲလား၊ ဒါမှမဟုတ် ခြယ်သ ပြင်ဆင် အလှအပ စီရင်ထားတဲ့ ခန်းနားတဲ့ အရှိန်အဝါတွေကြောင့်ပဲလား… … အဲဒီလို လား ပေါင်းများစွာနဲ့ အတူ အတွေးနယ်ချဲ့နေမိတယ်…။ စိတ်ထဲမှာလဲ ဒီတံခါးချပ်ဟာ ဘယ်တော့မှ ပွင့်လာရဖို့ အခွင့်အလမ်း မရှိတော့ဘူးလို့ သေချာပြီး တခုခုကို ဝမ်းနည်း ခံစားနေမိပါတယ်။ တကယ်ကို အလှကြည့်ထားခံရတဲ့ တံခါးတချပ်ပါပဲ…။


*****

စိတ်ရော လူရော မအားတဲ့ကြားက အပေါင်းအသင်း ရောင်းရင်းတွေကို လွန်စွာမှ သတိတရရှိလှတာမို့ ရတဲ့ အချိန်လေးမှာ တွေးမိတာတွေ ရေးပြီး မျက်နှာလာပြပါတယ်…။ မျက်နှာမြင် ချစ်ခင်ကြစေဖို့ ရည်ရွယ်ပါတယ်…။ ဒါပေမယ့် မျက်နှာမြင် ရိုက်ချင်သူများလဲ ရှိကောင်း ရှိနေနိုင်ပါတယ်…။ အဲဒီလူတွေကိုတော့ အကြွေးသာ မှတ်ထားပါ… နောက်များမှ တွေ့ကြတာပေါ့… လို့ ပြောရင်း ရူးချင်ယောင်ဆောင်ပြီး လစ်သွားပါပြီ………။



Wednesday, September 1, 2010

3l0gDay 2010

Blog Day 2010


သြဂုတ်လ ၃၁ ရက် Blog Day အတွက်ပါ။ Blog Day ကိုရောက်တိုင်း ဘလော့ဂ်အဟောင်းတွေက အသစ်တွေကို ကြိုဆိုတဲ့အနေနဲ့ ဘလော့ဂ်အသစ် ၅ ခုနဲ့ မိတ်ဆက်ပေးကြလေ့ ရှိကြတယ်လို့ သိရပါတယ်။ နေ့စွဲအရဆိုရင်တော့ တရက် နောက်ကျနေပါပြီ… ပြီးတော့ စာမျက်နှာအသစ် ၅ ခုလဲ မရှာနိုင်လိုက်ပါဘူး။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ညကမှ တွေ့လိုက်တဲ့ စာမျက်နှာအသစ် တခုနဲ့တော့ မိတ်ဆက်ပေးပါရစေ။


အဲဒါကတော့ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ဆိုတဲ့ ဆရာအောင်သင်းရဲ့စာတွေ ကို စုစည်းပေးထားတဲ့ နေရာလေးပါ။ ဆရာ့ လက်ရေးနဲ့ စာလေးတစောင်ဆရာ့ အထ္ထုပတ္တိ နဲ့အတူ ဆရာ ရေးခဲ့တဲ့ စာတွေကို ဇွန်လ အဆန်းပိုင်းလောက်ကနေ စပြီး တင်ထားတာ တွေ့ရပါတယ်။

အဲဒီဘလော့ဂ်လေးရဲ့ ရည်ရွယ်ချက်မှာ အခုလိုရေးပြထားတာ တွေ့ရပါတယ်…

"ဆရာအောင်သင်းရဲ့ စာတွေကို တစ်နေရာထဲ မှာ စုံစုံလင်လင် ဖတ်စေချင်တဲ့ စေတနာ နဲ့ ခွင့်ပြုချက် ယူပြီး စာဖတ်ခန်းလေး တစ်ခု ဖန်တီးခြင်းသာဖြစ်တယ်။ ကြိုးစားပြီး တဖြည်းဖြည်းနဲ့ စုံလင်အောင် တင်ပေးသွားပါမယ်"

လူငယ်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတတွေ အသိပညာတွေကို ပေးခဲ့တဲ့ ဆရာအောင်သင်းရဲ့ တန်ဖိုးရှိတဲ့ စာတွေကို ဖတ်ရှုနိုင်ကြစေဖို့ အဲဒီစာမျက်နှာလေးကို Blog Day အမှတ်တရအဖြစ် မျှဝေလိုက်ပါတယ်…

ဒါကတော့ Blog Day Website ပါ… Blog Day

သြဂုတ်လ ၃၁ ရက်မှာ ကျရောက်တဲ့ ၅ နှစ်မြောက် Blog Day မှသည် နောင်နှစ်ပေါင်းများစွာတိုင် အေးချမ်း ပျော်ရွှင်စွာ Blogging နိုင်ကြပါစေ…