Tuesday, September 14, 2010

မီးပူတိုက်ခြင်း၏ အကျိုးကျေးဇူး


လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ဘလော့ဂ်စရေးခါစ အချိန်တုန်းက တင်ဖြစ်ခဲ့တဲ့ ပိုစ့်အဟောင်းလေးပါ။ ဘလော့ဂ် စခါစ အချိန်ဆိုတော့ စာလာဖတ်တဲ့သူလည်း တော်တော်နည်းပါတယ်။ ဒါကြောင့် အများစုက ဖတ်ဖူးကြလိမ့်မယ်မထင်လို့ နဲနဲပါးပါးပြင်ဆင်ပြီး ပြန်တင်လိုက်ပါတယ်။ အလုပ်များလို့ စာအသစ်မရေးနိုင်ခင်မှာ ဒီလိုလေး လုပ်ဖို့ အကြံရသွားတာ... မပိုင်လား…း))

မီးပူတိုက်ခြင်း၏ အကျိုးကျေးဇူး

နေ့ စဉ်နေ့ တိုင်း ပြုလုပ်ဆောင်ရွက်ရသော အိမ်မှုကိစ္စ အဝဝထဲတွင် ကျွန်မ စိတ်အညစ်ဆုံး နှင့် အမုန်းဆုံးအလုပ်တစ်ခုမှာ မီးပူတိုက်ခြင်းပင်ဖြစ်သည်။ အခြားအခြားသော အိမ်အလုပ်များကို ဇယ်ဆက်သလို တရစပ် လုပ်ကိုင်နိုင်သော်လည်း မီးပူတိုက်ရဖို့ ကိုတော့ ကျွန်မ ပျင်းလဲ ပျင်း၊ အလွန်လဲ မုန်းတီးသည်။ ဟင်းဆယ်မျိုးကို ဆက်တိုက် ချက်လိုက်ချင်သော်လည်း အင်္ကျီမို့  သုံး လေးထည်လောက် မီးပူတိုက်ရပြီဆိုလျှင်တော့ ဒေါသများက သူ့ အလိုလိုနေရင်း ပွနေကြပြီး မြင်မြင်ကရာ လူတိုင်းကို ရန်လုပ်ချင်နေလေသည်။ အရင်က မိဘများနှင့် အတူတူနေစဉ်ကတော့ အိမ်မှာ အကူကောင်မလေးများ ရှိသောကြောင့် ထိုတာဝန်နှင့် ကင်းဝေးခွင့် ရခဲ့သည်။ ယခုမူ ထိုသို့ မဟုတ်တော့ပြီ။ အစစအရာရာ ကိုယ့်ကိုကိုယ်သာ အားကိုးရာ ကိုယ်သာဖြစ်တော့သည် ဟူသော ဘဝမျိုးကို ရောက်နေပြီမို့ …။

သို့ သော်… သို့သော်… ထိုအမုန်းဆုံး အလုပ်တစ်ခုကို ကျွန်မ နှစ်နှစ်သက်သက် ပျော်ပျော်ပါးပါး မညီးမညူ ပြုလုပ်ချင်လာအောင် ဆွဲဆောင်လိုက်သော အရာမှာ ကျွန်မ၏ ဘလော့ဂ်ကလေး ဖြစ်သည် ဟုပြောလိုက်လျှင် ကြားရသူအပေါင်းက ဟင်… ဘာဆိုင်လို့ လဲ… ဟု ဝိုင်းပြောကြမည်ကိုလဲ အသေအချာ သိနေပါသည်။ ဆန္ဒများ မစောကြစေချင်… ဆက်လက် နားဆင်ပါ…။ ဆိုင်ပုံ ဆိုင်နည်းကို အခု ပြောပြပါမည်။

* * * * * *

ယခင်က ကျွန်မအိမ်မှာ နာရီပိုင်းနှင့်အိမ်အလုပ် လာလုပ်ပေးသော အမျိုးသမီးတစ်ယောက် ရှိခဲ့ဘူးသည်။ သို့သော် လွန်ခဲ့သော ၂၀၀၇ ခု နှစ်ကုန်ပိုင်းလောက်တွင် သူမက ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်ဆက်မလုပ်တော့ဘဲ မြန်မာပြည်ကို အပြီးပြန်သွားခဲ့သည်။ သူပြန်သွားပြီး နောက် လူအသစ်တစ်ယောက် ထပ်ခေါ်ဖို့ အဆင်မပြေတော့ရာမှ အစပြု၍ မီးပူတိုက်ခြင်း ဟူသော အလုပ်မှာလဲ ကျွန်မခေါင်းပေါ်သို့  လုံးလုံးလျားလျား ကျရောက်လာခဲ့လေသည်။ ဒီတော့လဲ ထုံးစံအတိုင်း တစ်ပတ်ကို ငါးရက် အလုပ်လုပ်၊ စနေနေ့ မှာ တစ်ပတ်လုံးစာ လျှော်စရာရှိသည်များကိုလျှော်၊ အခြောက်ခံ၊ ပြီးရင်တော့ တနင်္ဂနွေနေ့ မှာ အမှန်အကန် တိုက်ပွဲဝင် ရတော့တာပေါ့။ ကျွန်မ၏ အကျင့်ကလဲ တစ်မျိုး။ မီးပူတိုက်လျှင် တပတ်စာ အပြင်အဝတ် ရုံးအဝတ်များသာမက အိမ်မှာနေရင်းဝတ်သည့် အဝတ်များ နှင့် အိပ်ရာခင်း ခေါင်းအုံးစွပ် မျက်နှာသုတ်ပုဝါများ၊ မီးဖိုချောင်သုံး လက်သုတ်ပုဝါများ ပါမကျန် အားလုံးကို မီးပူတိုက်ရမှ စိတ်တိုင်းကျ ကျေနပ်လေ့ရှိသည်။

ထို့ ကြောင့် တနင်္ဂနွေနေ့ ညနေပိုင်းရောက်လာပြီဆိုလျှင် မီးပူတိုက်ခြင်းဟူသော အလုပ်ကို မလွဲမသွေ မလုပ်မဖြစ် လုပ်ရလေတော့သည်။ ထိုအချိန်ဆိုလျှင် နောက်တစ်နေ့ အလုပ်သွားရတော့မှာတွေးရင်း စိတ်မောနေသည်ကတစ်ကြောင်း၊ ပျင်းနေသည်ကတစ်ကြောင်း တို့ကြောင့် လူက အလိုလိုနေရင်း Depress ဖြစ်နေရသည့်အထဲ မီးပူတိုက်လျှင် ဘယ်လိုမှ Mood မကောင်းတတ်သော ကျွန်မ၏ အကျင့်ဆိုးကြောင့် ကျွန်မမို့  မီးပူတိုက်ပြီဆိုလျှင် အိမ်သားတွေ ဘယ်သူမှ အနားမလာကြ၊ စကားတစ်ခွန်းလာမဆိုကြ။ အားလုံး ဝေါင်ဝေါင်ရှေးလို့  ဝေးဝေးကရှောင်ကြသည်။ (ဆိုးပါတယ်နော်)

မီးပူတိုက်ခါနီးတိုင်း နည်းအမျိုးမျိုးဖြင့် ဂျီကျ ဂျစ်တိုက်ကာ အသားလွတ် ပြဿနာရှာ ရန်လုပ် တတ်သော ကျွန်မကို သဘောကောင်း၍ အေးဆေးသော အကြောင်းသိသော ခင်ပွန်းလုပ်သူက ခပ်ပြုံးပြုံးသာ ကြည့်နေတတ်သည်။ သူ ကူတိုက်ပေးပါ့မယ်ဟု အခါများစွာ ပြောဘူး၏။ သို့ သော် သူ့ အဝတ်သူ တိုက်သည်မှာ အကြောင်းမဟုတ်သော်လည်း ကျွန်မ အဝတ်များနှင့် တခြားအဝတ်များကို သူတိုက်ရင်တော့ ဘယ်လိုလုပ် ကြည့်ကောင်းပါ့မလဲ။ နောက်ဆုံးတော့ ထိုမီးပူကို ကျွန်မသာပြန်လုရစမြဲ။

ထိုအခါ သူက မီးပူတိုက်ပျင်းသော ကျွန်မအတွက် တစ်နည်းတစ်ဖုံ ကူညီလေသည်။ သူ ဘယ်လိုကူညီသည်ဟု ထင်ပါသလဲ…။ ကျွန်မ မီးပူတိုက်ရာတွင် လွယ်လင့်တကူ နှင့် သက်တောင့်သက်သာ လျှင်မြန်စေရန်ဟုဆိုကာ မီးပူတိုက်ခြင်း အထောက်အကူပြု ပစ္စည်းများ တစ်မျိုးပြီး တစ်မျိုးဝယ်ပေးခြင်းပင်။ သူဝယ်ပေးသော အရာများမှာ ဗျက်ကျယ်ကျယ် အလျားရှည်ရှည်နှင့် မီးပူတိုက်စင်၊ ထိုစင်ပေါ်တွင် ခင်းရသော အခင်းတစ်မျိုး (သူ့ အဆိုအရ ထိုအခင်းဖြင့် ခင်း၍တိုက်ပါက တစ်ဖက်ကိုတိုက်လျှင် အခြားတစ်ဖက်ကို တိုက်စရာ မလိုတော့အောင် တစ်ခါတည်းပြန့် သွားသည် ဟူသတတ်)၊ ရေဖြန်း၍ရသော မီးပူ၊ အလိုလျှောက် ရေနွေးငွေ့ ထွက်သော မီးပူ၊ အဝတ်အထည်များကို မီးမကျွမ်းစေသော မကပ်တတ်သော မီးပူ၊ ပြီးတော့ အဝတ်တွေကို ကော်တင်ထားသလို ပြန့် နေအောင် ဖြန်းရသော ကော်ရည်ဗူး… စသည်ဖြင့် စုံလို့ စုံလို့ ပါဘဲ။ အဲဒါတွေ မလိုပါဘူး… ဝယ်မလာပါနဲ့ ဟု ပြောသော်လည်း မရ။ ကဲ… ဒါတွေ ထားလိုက်ပါတော့…။ ယခု ဘာကြောင့် ထိုအလုပ်ကို ပျော်မွေ့လာရသလဲ ဆိုတာကို ဆက်ပြောပြချင်ပါသည်။

* * * * * *

လွန်ခဲ့သော လအနည်းငယ်ကစ၍ ကျွန်မ ဘလော့ဂ်ကလေးတစ်ခုကို ဝါသနာအရ ကြိုးစားဖန်တီးခဲ့သည်။ ဤဘလော့ဂ်ကလေးတစ်ခု အစမပြုခင်ကရော ဘလော့ဂ်ကလေး အသက်ဝင်ရှင်သန်လာချိန်မှာပါ တစ်နေ့ တစ်နေ့ စားလဲ ဒီဘလော့ဂ် သွားလဲ ဒီဘလော့ဂ် ဖြစ်နေခဲ့တာကတော့ အမှန်ပင်။ ဒါပေမယ့်လဲ မိသားစုတစ်ဖက် အလုပ်တစ်ဖက်နှင့် ကိုယ်ပိုင်အားလပ်ချိန် အလွန်ရှားပါးရာ စိတ်လိုလက်ရ တွေးတောရေးသားရန် အချိန်ကို မနဲလုကာ ရှာဖွေခဲ့ရသည်။ (ဒါကြောင့်လဲ ပိုစ့်တွေ အလွန်ကြဲရခြင်း ဖြစ်သည်)။ အေးအေးဆေးဆေး စဉ်းစားတွေးတောခွင့် ရသည့်အချိန်မျိုးမှာ အများအားဖြင့် ညအိပ်ရာမဝင်ခင် တစ်ခဏ… အိပ်မပျော်ခင် တစ်ခဏ… ထိုတစ်ခဏများအပြင် ရုံးအသွား အပြန် ကားပေါ်မှာ...။ ပြီးရင်လဲ ရသမျှအချိန်လေးမှာ စာရွက်တစ်ခုခုပေါ် မြန်မြန်ချရေးနိုင်ပါမှ။ မဟုတ်လို့ကတော့ အဲဒီစိတ်ကူးတွေ အတွေးတွေ လေထဲလွင့် ပျောက်ကုန်ပြီသာမှတ်…။

ယခုမူ ကျွန်မအတွက် စိတ်ကူးအတွေးတွေ အေးအေးဆေးဆေးတွေးလို့ ရသော အချိန်ကို ရှာဖွေတွေ့ ရှိခဲ့ပြီ။ ထိုအချိန်မှာ မီးပူတိုက်နေသော အချိန်ပင်တည်း။ အပတ်စဉ် တနင်္ဂနွေနေ့ နေ့ လည်ပိုင်းမှာ ကော်ဖီခါးခါးလေးတစ်ခွက် ဘေးနားချကာ အဝတ်တွေ မီးပူတိုက်ရင်း ဒီတပတ်တော့ ကိုယ့်ဘလော့ဂ်ကလေးထဲမှာ ဘာအကြောင်းအရာတွေနဲ့  ဘာပိုစ့်ကလေးများ အသစ်ရေးရပါ့… ဘယ်လို ကာရန်လေးတွေနဲ့  ဘယ်လို ကဗျာလေးတွေရေးရပါ့… ဟု အေးအေးချမ်းချမ်း တွေးလို့ရသည်။ အကြံထုတ်လို့ရသည်။ စိတ်ကူးယဉ်လို့ရသည်။ ပြီးတော့ စိတ်ကူးရရင် ရသလို စာရွက်အကြမ်းလေးပေါ် ကဗျာကရာ ချရေးလို့လဲ ရသေးသည်။

ကဲ… မကောင်းဘူးလား။ အဲ.. တစ်ခုတော့ရှိသည်။ ထိုသို့ သော အချိန်မျိုးမှာ မီးပူကို အလျားလိုက် အဝတ်ပေါ်ချမထားမိဖို့ တော့ ကြပ်ကြပ် သတိထား ရပေလိမ့်မည်။ ဤတွင်မှ အစပြုကာ မီးပူတိုက်ခြင်း ဟူသော အလုပ်တွင် ကျွန်မ စတင် ပျော်မွေ့လာခဲ့လေသတည်း…။

ပြီးခဲ့သော တနင်္ဂနွေနေ့ ကဆို တိုက်ရခက်သည်ဟု အစဉ်အမြဲ ပူညံပူညံ ပွစိပွစိရေရွတ်လေ့ရှိသော သူ့ရှပ်အင်္ကျီလက်ရှည်များ နှင့် ဘောင်းဘီရှည်များ ကို စိတ်ရှည်လက်ရှည် သေသေချာချာ မီးပူတိုက်ပေးခဲ့၏။ သူကတော့ အရင်အခါ များစွာကနှင့်မတူ တစ်မူထူးခြားပြီး ကြည်ကြည်လင်လင် အေးအေးချမ်းချမ်း မီးပူတိုက်နေသော ကျွန်မကို ကြည့်ပြီး တစ်ခုခုတော့ မှားနေပြီဟု တွေးကောင်း တွေးနေပေလိမ့်မည်။ မမှားပါ… မမှားပါ… ဘာဆို ဘာမှ မမှားပါ။ အားလုံးကောင်းပါသည်။

အခုပဲ ကြည့်လေ… ဒီတပတ် မီးပူတိုက်စရာများ အားလုံးပြီးဆုံးသွားသောအခါ ဤပိုစ့်ကလေးတစ်ခု ရေးစရာ ရခဲ့သည် မဟုတ်ပါလား…။



29 comments:

  1. အမုန်းဆုံးအလုပ်ပါပဲ ဒါပေမယ့် မပြန့်တဲ့ အဝတ်အစားဆို မဝတ်တတ်ပြန် :(((

    ပြဿနာရှာ ရန်လုပ် တတ်သော ကျွန်မကို သဘောကောင်း၍ အေးဆေးသော အကြောင်းသိသော ခင်ပွန်းလုပ်သူက (အဆိုပါစာသားအား အပြန်ပြန်အလှန်လှန် ဖတ်ရှုသွားပါသည်)

    သတိပေးကြော်ငြာတခုလို ဖုန်းနှင့် မီးပူမှားပြီး နားထောင်မိသည်လည်း ရှိနေပါဦးမည်....

    ReplyDelete
  2. အန်တီသက်ဝေ ... ဒီပို့် စ်မီးမီးဖတ်ပြီးသားကြီးနော် ...

    ဒီကလဲ စဉ်းစားနေတယ်နော် ... အဟောင်းတွေ ရီဆိုင်ကယ်လုပ်ဖို့ ...

    မီးပူတိုက်ပျင်းသူစာရင်းထဲတွင် တို့ထားပေးပါ။ အလွန့်အလွန် ပျင်းပါသည်။

    ReplyDelete
  3. စိတ်လေးထားတတ်တော့လူပေပျာ်တာပေါ့..
    အချိန်လုရတဲ့အခါမျှိးမှာ အိမ်နေရင်းအဝတ်တွေမတိုက်နဲ့ပေါ့..
    အဲဒီစိတ်လေးထပ်မွေးလိုက်ရင် ပိုလို့တောင်ပျော်လာအုံးမယ်..ခင်ပွန်းကလည်း ထောက်ပံပေးတာ ကောင်းတယ်နော်..
    အခု နောက်ဆုံးထွက်တဲ့ဂျပန်ကမီးပူလေးတော်တော်ကောင်း
    တယ်..လူအရမ်းသက်သာတယ်..နာမည်တော့မေ့သွားပြီ..ရှာကြည့်ပါ..
    တော်တော်ကြီးကိုကောင်းတာ..
    မီးပူတိုက်ရင်းပိုပျော်ပါစေ..

    ကျေးဇူး

    ReplyDelete
  4. မီးလည်း မီးပူတိုက်ဖို့ ပျင်းတယ်၊
    ဒါပေမယ့် နိုးချိုင့်စ်၊

    မီးပူတိုက်ရင်း ဘာလုပ်ရသလဲဆိုတော့
    မှတ်မှတ်ရရ လုပ်ဖြစ်တာက၊ မမေငြိမ်းရဲ့ ရသစာအုပ်စင်ကို နားထောင်တယ်၊ လက်နဲ့ မျက်စေ့မအားပေမယ့် နားအားနေတယ်လေ၊ စာဖတ်ချင်တဲ့ပိုး အဲဒီလို မသေးဘူး၊ မမေငြိမ်းရဲ့ စာအုပ်စင်ကို သွားရင် ဂျူးရဲ့ မြရဲ့လ၊ ရေမျောသီးတို့ကို နားထောင်တယ်၊
    အဲဒီလို နားထောင်လို့ ရတဲ့ နေရာများ ရှိသေးရင် ညွှန်းကြပါအုံးနော်၊

    ReplyDelete
  5. ရသစာအုပ်စင် ကုန်သွားရင် လို့ ပြောတာပါ။

    ReplyDelete
  6. မီးပူတိုက်ခြင်းကို အရမ်းမုန်း၏။
    ဒါပေမယ့် မီးပူနေ့တိုင်းတိုက်နေရ၏။
    အခုလည်း ခြင်းတစ်လုံးနဲ့ အပြည့်စောင့်နေ၏။
    ဒီပို့စ်လေးကို ဖတ်ပြီး မီးပူတိုက်ရင်း သတိရနေမည်။

    ReplyDelete
  7. အားပေးတဲ့ အနေနဲ့ လျှော်ပြီးသား အ၀တ်တွေ ပို့လိုက်မယ်...း))

    green fingers

    ReplyDelete
  8. Anonymous... လူကို တချိန်လုံး ဖုန်းနဲ့ နားနဲ့ကပ်နေတယ် ထင်လို့လား...း((

    ဆွိ... ဖတ်ပြီးသားလေး လာထပ်ဖတ်ပေးတာ ကျေးဇူး...

    Bingoboyz... ဂျပန်မီးပူ ရောင်းတဲ့နေရာ ရှာပေးပါ...

    ပြုံးပန်း... ကိုယ်လဲ မီးပူတိုက်ရင်း သီချင်းနားထောင်ပါတယ်... တခါတခါတော့လဲ သီချင်းသံကြောင့် တွေးချင်တာ တွေးမရလို့ ပိတ်လိုက်တဲ့အခါလဲ ရှိပေါ့...။

    မြသွေး... မီးပူတိုက်ရင်း သတိရနေမယ် ဆိုတာလေးကို ချစ်လိုက်တာ... ကျေးဇူး...

    အစိမ်းရောင်လက်ချောင်းဆိုတဲ့အတိုင်း... စိမ်းကားရက်စက်ပါ့ဗျာ...း))

    အဟောင်းလေးကို လာဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်...။

    ReplyDelete
  9. အိမ်မှာလည်း အထုပ်လိုက် မီးပူတိုက်ဖို့... ပို့လိုက်မယ်နော် များများတိုက်လေ ပိုစ့်များများစဉ်းစားထွက်လေ မဟုတ်လား....

    ReplyDelete
  10. ဖတ်ဘူးတယ်။ မှတ်မိတယ်။

    ReplyDelete
  11. ကြက်ဥရှိသေးတယ် မဟုတ်လား ထုတ်ပါဦး

    ReplyDelete
  12. ဟရေး....ဒိုဘီဝါလား ..ခါလာလေး.....
    ကုလားလေးနော်....မီးဘူ မတိုက်ဘဲ ..ဝိတယ်နော်...
    လူးလဲသက်သာဒယ်...စတိုင်းလဲမိုက်ဒယ်....

    ReplyDelete
  13. မီးပူ တိုက်ရမှာ မုန်းလွန်းလို့ …
    အဝတ် အစား ဝယ်ရင်တောင် မီးပူတိုက်စရာ မလိုတာပဲ ရွေးဝယ်ဖြစ်တယ် …
    ဘလော့ ပို့စ် ရေးဘို့ အထိတော့ ဖြစ်မှာ မဟုတ်ဘူး။ တခါဝတ်မှ တခါတိုက်တာလေ …

    မချို

    ReplyDelete
  14. ကိုဂျီးရဲ့ ရှိရှိသမျှ အင်္ကျီခြောက်ထည်များလား (ပိုလာရင် အဟောင်းဆုံးကို လွှင့်ပစ်တယ်လေ) :P

    ReplyDelete
  15. မောင်မျိုးSeptember 14, 2010 at 11:07 PM

    ဟုတ်ပါ့ ဘလော့ဂါ ဆိုတာ ရေချိုးခန်းထဲ ပိတ်မိနေတာတောင် ပို့စ်ရေးဖို့စိတ်ကူးနေတဲ့ အမျိုး အစ်မရ ဆိုးတယ်နော့် ဒါပေမယ့် ပျော်စရာကောင်းတယ်း)

    ReplyDelete
  16. ယူရိုခြေစစ်ပွဲတွေ ကန်နေကြပြီ အမရေ ...း)

    ReplyDelete
  17. အဲဒီပို့စ်လေး မှတ်မိတာပေါ့ အမရယ်.. အမကိုတောင်လေ.. ရွယ်တူအောက်မေ့လို့ နာမည်ကို ဒီအတိုင်းခေါ်ထားတာလေ.. အခုမှ အားနာနေတာ.. :D ရှပ်အင်္ကျီတိုက်ရတာ အမုန်းဆုံး.. အဲဒါကြောင့် နောက်ဆုံးမှ တိုက်တယ်... မပန်ရဲ့ comment ကိုဖတ်ပြီး ရီချင်သွားတယ်..:D

    ReplyDelete
  18. မီးကြွေတိုက်လေ့မရှိဘူး.။
    မြန်မာပြန်တိုင်း အိမ်ကကောင်မလေးတွေက အကုန်တိုက်ပေးနေတော့ ဝတ်လို့တောင် မတတ်တော့ဘူး။
    အိမ်မှာ မီးကြွေတိုက်လေ့မရှိပေမယ့်..
    ဒီနေ့ အိမ်မှာ မဟုတ်တဲံ့နေရာမှာ ရေနွေးငွေ့နဲ့
    တိုက်ရတယ်..။
    ဒါမှ အင်ကျီလှလှပပလေးဖြစ်မှာ မို့လားး။
    ဟားဟ



    အမျိုးတစ်ယောက်

    ReplyDelete
  19. မီးပူလုံးဝမတိုက်ချင်ဘူး...
    ဒီတိုင်းဝတ်တာဘဲ..း))..
    မီးပူတိုက်ရင်းတစ်ယောက်ယောက်နဲ့စကားပြောရရင် တစ်မျိုး.. မပြောဘဲတစ်ယောက်တည်းဆို အတွေးထဲ နယ်မချဲ့နိုင်ဘူး..ဘယ်လိုခေါက်ရ..ထည့်ရ စဉ်းစားရ လို့ အတွေးပျက်ပါ့..
    သက်ဝေရေးမှပြန်စဉ်းစားမိတယ်..
    ဒီအသက်အရွယ်ထိ ကူးကူးမီးပူတိုက်တာ လက်ချိုးရေ.. ၅ ချောင်းမပြည့်ဘူး..

    ReplyDelete
  20. မီးပူတိုက်ရင်း ဘလော့ပိုစ်လေး ရသွားတယ်။ ကောင်းလိုက်တဲ့ အိုက်ဒီယာ။ ညီမတော့ မီးပူထိုးရတာ ပျင်းလို့ တီဗွီမှာ ဇတ်လမ်းလာတဲ့အချိန် မျက်လုံးက ဇာတ်လမ်းကြည့်ပြီး နားက အသံနားထောင် လက်က မီးပူထိုး အဲလိုလုပ်တာ..။

    အစ်မအိုက်ဒီယာလေး ဒီတခါ သုံးကြည့်ဦးမှပဲး))

    ReplyDelete
  21. စရောက်ရောက်ချင်းတုန်းက အကုန်တိုက်တယ်။ အိပ်ရာခင်းကစလို့။ ၃/ ၄ လလောက်ထိ။

    ခုနောက်ပိုင်း အင်္ကျီဝယ်တော့မယ်ဆိုရင်တောင် မီးပူတိုက်ဖို့ လိုသလား မလိုသလား ကြည့်ပြီး တိုက်စရာ မလိုတာပဲ ဝယ်တော့တယ်။

    ReplyDelete
  22. ဟိုးတုန်းထဲက အစကနေစပြီး ဖတ်ဖူးကြောင်း :-)

    ReplyDelete
  23. မီးပူ မုန်းသူ၊ မောင့် ချစ်သူ ပါ မမ။ :D

    ReplyDelete
  24. မီးပူတိုက်ရမှာ ပျင်းသလားမမေးနဲ့.. တနေ့က ဈေးဝယ်ထွက်တော့ အင်္ကျီဝယ်မလို့ ကိုင်ကြည့်တာ ဆိုင်ရှင်က မီးပူတိုက်စရာမလိုဘူးဆိုတာပဲ ထပ်ထပ်ပြောနေလို့ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိမှ ၀တ်ထားတဲ့တီရှပ်က ကြေမွနေတာပဲ.. ဟီး.. ရှက်ထှာ.. :)

    ReplyDelete
  25. ကျွန်တော်လည်း မီးပူတိုက်ရမှပျင်းတယ် တစ်ခါတစ်လေတော့လဲ မိန်းမက မအားရင် အိမ်မှာ မီးပူတိုက်ရတာပဲ ၊ ဒီလိုပဲကူရတာပေါ့ ၊ မတတ်နိုင်ဖူးလေ

    မီးပူထိုးစရာမလိုတဲ့ အ၀တ်အစားတွေကို ချမ်းသာတဲ့ သူတွေလို မ၀ယ်နိုင်တော့လည်း မီးပူထိုးရတဲ့ ဘ၀က လွတ်လမ်းမမြင်ပါဖူး ..

    လူပျိုများ မီးပူမတိုက်ချင်တဲ့ အပျိုကြီးတွေကို သတိထားနော် တော်ကြာယူပြီးမှ ကိုယ့်အ၀တ်သာမက အိပ်ယာခင်း ၊ စားပွဲခင်း etc.. မီးဖိုတိုက်နေရမယ် ..

    ချမ်းသာကြပါစေ...

    ReplyDelete
  26. ဇွန်က မီးပူတိုက် မပျင်းဘူး၊ ပျော်တယ်။ အစ်မလိုပဲ အဝတ်အစားသာမက လက်သုတ်ပုငါ၊ ခေါင်းအုံးစွပ်အိပ်ရာခင်းအဆုံး အကုန်တိုက်ရမှာ ကျေနပ်တယ်။း)

    အစ်မသက်ဝေလည်း အရင်က 'ကျွန်မ' နာမ်စားသုံးတာ သတိထားမိတယ်နော်။

    ReplyDelete
  27. ဖတ်ပြီး သဘောတကျ ပြုံးလိုက်မိသေး
    ဟုတ်တယ် ဘလော့ရေးရတာ မလွယ်ဘူး အချိန်ရှိသရွေ့ စာရေးဖို့အကြောင်းဘဲ ခေါင်းထဲ ရောက်နေမိတယ်..
    ဟိဟိ... မီးပူတိုက်ပျင်းလို့ မီးပူအတိုက်လွတ်တဲ ဂျင်းဘောင်းဘီဘဲ ၀တ်နေမိတယ်.း)
    ခု.. မသက်ဝေပိုစ့်လေးဖတ်မိတော့မှ မီးပူတိုက်ဦးမှလို့ စိတ်ကူးရတယ်
    ဒါမှလည်း စာရေးဖို့ စိတ်ကူးလေးတွေ ကွန့်မြူးလာမယ်ထင်ရဲ့နော်...

    ReplyDelete
  28. ဟဟ.. လှိုင်က မပန်နဲ့ နည်းနည်း တူတယ်... အ၀တ် ဆယ်စုံထက် များလာတယ်နော်.. ဘယ်လောက် သစ်သစ် ဈေးကြီးကြီး သိပ်မ၀တ်ဖြစ်တဲ့ အ၀တ်တွေကို ဖယ်ထား စုထားပြီး ဒုက္ခသည် စခန်းကို အထုပ်လိုက် ပို့လိုက်တယ်..

    ကျန်တာတွေလား .. မီးပူတိုက်တယ် မထင်ပါနဲ့။ မွေ့ယာအောက် ထိုးထားလိုက်တာပါ။ လူမီးပူပေါ့။ ယောက်ျားရဲ့ အင်္ကျီ တွေကတော့ ရှိစုမဲ့စု စိတ်လေး စုစည်းပြီး မီးပူတိုက်ပေးရတာပေါ့လေ... ၂ပတ် တခါ :P

    ReplyDelete
  29. မီးပူတိုက်တော့မပျင်းဘူး ပန်ကန်ဆေးပျင်းတာ ညီမလေးက ...။ ငယ်ငယ်ကလေးဘ၀တုန်းကများ ဆေးလိုက်ရတဲ့ ပန်းကန်တွေ ဇလုံလိုက်ပဲ အေးကလဲအေးတော့ ရေမကိုင်ချင်လဲ ဆေးရတယ် စားပြီးသားပန်းကန်က ဆီတွေတောင်ခဲတာ အဲလောက်အေးတယ်.........။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...