Monday, September 27, 2010

ငြိမ်းချမ်းရေးငှက်ကို မွေးဖွားပေးသော စက်တင်ဘာလအကြောင်း


အလင်းရောင်လာချိန်မှာ သူ့နှစ်ပြန်စာခန့် ကျယ်ဝန်းသော သံလှောင်ချိုင့်လေးထဲမှ မျက်လုံးဖွင့်ရင်း ထုံးစံအတိုင်း အနီးအနားတဝိုက်က သူ့လို ဘဝတူတွေ အသက်ရှိကြသေးရဲ့လား… အသေကောင်တွေ လာကောက်တဲ့လူရဲ့ အမှိုက်ပုံးထဲ ဘယ်သူများ လှောင်ချိုင့်ထဲကနေ အလွှင့်ပစ်ခံရမလဲ မျက်လုံးဝေ့ဝိုက် ကြည့်လိုက်ပါသည်။
အင်း… ဒီနေ့တော့ အလွှတ်ပစ်ခံရတဲ့သူ မရှိဘူး… တော်ပါသေးရဲ့…။

မသေမချင်းကတော့ သူ့အတွက် လွတ်မြောက်စရာလမ်း မရှိ။ သည်လိုနှင့်ပဲ သည်လှောင်ချိုင့်မှ ဟိုလှောင်ချိုင့်… သည်လူ့လက်မှ ဟိုလူ့လက်…။ သူ့အတွက်ကတော့ အဟာရမရှိတဲ့ ဒီအစာခြောက်တွေ စောင့်စားရင်း… သစ်ပင်၊ သီးနှံ၊ ရေပြင်၊ တောင်တန်းဆိုတာ အကန်းတကောင်လို… အိပ်မက်ထဲမှာတောင် မပျံတတ်တော့ပါ။

အစာခြောက်တွေ စောင့်ရင်း ငိုက်မြည်းနေတဲ့ သူ့မျက်လုံးထဲ ရွှေဝါရောင် အလင်းတန်းတခု တောက်ပဝေ့ဝဲလာသောကြောင့် ခေါင်းကို သတိအနေထားနဲ့ ဆတ်ကနဲ ထောင်မတ်ပြီး သူတို့ရဲ့မှောင်ပြပြ အနံဆိုးဆိုး လှောင်အိမ်ခန်းတွေကြားမှတဆင့် ထူးခြားမှုကို ရှာဖွေကြည့်မိသည်။ ထိုအခါ ဘုန်းတော်ကြီးတပါး ဆိုင်ရှင်နဲ့အတူ သူတို့လှောင်ချိုင့်တွေအနား ဝင်လာရင်း သင်္ကန်းထဲက ပိုက်ဆံတွေကို ဆိုင်ရှင်ကိုပေးပြီး သူတို့ကိုကြည့်ကာ တစုံတခု ပြောဆိုနေသည်ကို တွေ့ရပါသည်။

ဘုန်းတော်ကြီး၏ အေးချမ်းကြည်လင်နေသော မျက်ဝန်းများသည် သူတို့ကိုလှမ်းကြည့်ရင်း ဝမ်းနည်းရိပ်သမ်းလာသည်ကို သေသေချာချာ မြင်တွေ့လိုက်ရချိန်တွင် သူ မေ့လျော့နေခဲ့သည်မှာ ကြာလှပြီဖြစ်သော ဝမ်းနည်းမှုများနှင့်အတူ သူ့မှာ မရှိတော့ဘူး ဟု ထင်မှတ်ခဲ့သော မျက်ရည်များသည် သူ့မျက်လုံးမှာ လျှံဝေကျလာခဲ့ပါသည်။

ဘုန်းတော်ကြီးယူဆောင်လာသော ကြိမ်ခြင်းထဲ သူ့ရဲ့အဖော်တွေ တကောင်ပြီး တကောင် ဆိုင်ရှင်က ပြောင်းထည့်နေသည်။ မကြားရသည်မှာ ကြာမြင့်လှပြီဖြစ်သော တဖျတ်ဖျတ် အတောင်ပံချင်း ရိုက်ခတ်သံတို့သည် သူ့ရင်ထဲ အသည်းထဲမှတဆင့် လက်ဖျား ခြေဖျားများအထိ သွေးများ ပြန်လည် နိုးကြွ လှိုင်းခတ် လည်ပတ်လာစေသည်။ သူ့အလှည့်မှာတော့ အတောင်နှစ်ချောင်းကို အသာအယာသာ စမ်း၍ ဆန့်တန်းရင်း သံလှောင်ချိုင့်မှအထွက်... အတောင်ပံကို နှစ်ချက် သုံးချက် ခတ်ကြည့်မိသည်။ သူ၏ ကြွက်သားများ အားနည်းနေသေးသော်လည်း အရင်လို တောင်တန်းများ ပင်လယ်များကို ကျော်ဖြတ်ရန် ယုံကြည်မှုအပြည့်…

သို့သော်ငြား သူ့ဘဝ သူ သိပါသည်…
ဘုန်းတော်ကြီး၏ မေတ္တာရိပ်သည် သူ့ကို ပျံသန်းခွင့် ကင်းမဲ့နေလျှင်တောင်မှ လန်းဆန်းစွာ အသက်ရှင်ခွင့် ကြာကြာပေးဦးမည်ဟု သူ ယုံကြည်စိတ်ချ နေမိပါသည်။

သူနဲ့အတူ သူ့အဖော်များအားလုံး မမျှော်လင့်…
သူတို့ကို ကြိမ်ခြင်းထဲမှထုတ်ပြီး ဘုန်းတော်ကြီးများမှ နွေးထွေးသော လက်အစုံဖြင့် တယုတယ ကိုင်ဆုတ်ကာ ဝမ်းနည်းငွေ့များ မှိုင်းတက်နေသော ဆုတောင်း ရွတ်ဖတ်မှုများနှင့်အတူ လေထဲသို့ အသာအယာ မြှောက်တင်ပေးကြသည်။

အလင်းရောင်ထဲမှာ မျက်လုံးများ ကြိမ်းစပ်သွားသည်။ နွေးထွေးမှုနှင့်အတူ အားအင်များက ခြေဖျားမှ ဦးနှောက်ထဲအထိ နိုးကြားတက်ကြွစေခဲ့သည်။ လတ်ဆတ်သောလေများကို အငမ်းမရ ရှိုက်သွင်းရင်း ရှင်သန်ခွင့် အတွက် သူ့ကိုယ်သူ အကျေနပ်ကြီး ကျေနပ်လျှက်… သူ့ခန္ဒာကိုယ်က ဆိုင်ပိုင်ရှင်၏ အသေကောင်ထည့်သော အမှိုက်အိပ်ထဲ မကျန်ခဲ့သော်လည်း သူသည် အရှင်လတ်လတ် ဘဝတွေ ကူးခဲ့ရပြီးပြီ…။ မိုင်ထောင်ချီ၍ ဒီတကမ္ဘာလုံးကြီးကို ဖြတ်ကျော် ပျံသန်းရင်း… သစ်တောများ၊ မြစ်ချောင်းများပေါ် ပျော်ရွှင်စွာ ပျံသန်းရင်း… အားမန်တက်ခဲ့ရသော ဘဝ ချုပ်ငြိမ်းပြီးနောက် သံလှောင်အိမ်ထဲမှာ သူ့ခန္ဒာကိုယ်နှင့်အတူ ဦးနှောက်များပါ သေလုမျောပါး အေးခဲ နာကျင်ခဲ့ရပြီးပြီ…။

ထိုစဉ်… လေထဲမှ သစ်တောအုပ်များ သူ့ဆီ ဦးတည် ပျံသန်းလာတာ တွေ့ရသည်။ သူကြိုက်သော သစ်စေ့များ သူ့ထံ ဝေ့ဝဲ ပျံသန်းလာသည်ကို တွေ့ရသည်။ ကြောက်လန့်တကြားနှင့် ထွက်ပြေးခဲ့သော သူ့အဖော် သူ့ထံ အရောက်ပြန်လာသည်ကို တွေ့လိုက်ရသည်။ အတောင်ပံကို လေး ငါး ချက် ခတ်ပြီးသောအခါတွင်မှ သူ မျက်လုံးဖွင့်လျှက် မက်နေသော အိပ်မက်မှ သတိနှင့် အသိ ပြန်ဝင်လာသည်။ သူ လေထဲမှာ ရပ်တန့်ကြည့်သည်.. ပျံသန်းကြည့်သည်။ သူ့ထံမှာ မေတ္တာတရား အရိပ်တခု စိုးမိုးခြင်းဖြင့် လုံခြုံနေသည်။ သူ ကောင်းကင်အမြင့်ဆီကို ပျံတက်ဖို့ထက် ဝေးနေတာကြာပြီဖြစ်သော မြက်ခင်းစိမ်းစိမ်းကို အမြတ်တနိုး မွတ်သိတ်စွာ ဆင်းခိုနားရင်း ရင်နှင့်ကပ်ထားမိသည်။

ဆာလောင်နေသော နှုတ်သီးများက သူ ကာလ ကြာမြင့်စွာ တောင့်တခဲ့သော သစ်စေ့များ အရှေ့သို့ရောက်သော် ချုံးပွဲချငိုကြွေးမိသည်။ သူ သည်းသည်းထန်ထန် ရှိုက်ငင် ငိုကြွေးနေသည်။ နှစ်ပေါင်းများစွာ တမ်းတမိသော သူ့အိပ်မက်ရှည် ထိုသစ်စေ့များရှေ့တွင် လှောင်အိမ်ထဲမှာ ကျန်ရစ်နေခဲ့သေးသော ဘဝတူ အဖော်များကို သတိရ လွမ်းဆွတ်ရင်း သည်းထန်စွာ အူလှိုက်သဲလှိုက် ရှိုက်၍ ရှိုက်၍သာ ငိုကြွေးနေမိတော့သည်။



မှတ်ချက် ။ ။ ဒီပိုစ့်လေးကို ရေးဖြစ်ရန် တိုက်တွန်းအားပေးရင်း ကူညီ တည်းဖြတ်ပေးခဲ့ပြီး ပိုစ့်နှင့် လိုက်ဖက်သော ဓါတ်ပုံကို ကိုယ်တိုင် ရိုက်ပေးခဲ့သော မိတ်ဆွေတယောက်အား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုပါသည်။


16 comments:

  1. မရှိတော့ဘူးထင်တဲ့ မျက်ရည်တွေရယ်၊မျက်လုံးဖွင့်လျက်မက်နေတဲ့အိမ်မက်တွေကို၊ကောင်းမွန်သောတောင်းဆုများနဲ့
    အတူမြတ်မြတ်နိုးနိုးဖတ်သွားပါတယ်

    ReplyDelete
  2. အိပ်မက်ထဲမှာတောင် မပျံတတ်တော့ပါ...
    မလွတ်မြောက်နိုင်သေးတဲ့ ဘဝတူ မြန်မာလူမျိုးတွေ... ဒီလိုမျိုး တွေးနေကြပြီလား...

    ရှင်ရက်နဲ့သေနေရတဲ့ ဘဝတွေအတွက်...
    ကိုယ်လွတ်မရုန်းနိုင်ပဲ ကြီးမားတဲ့မေတ္တာတွေနဲ့ ကျနော်တို့အားလုံးရဲ့ အမေစု... စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ။

    သိပ်ကောင်းတဲ့ ပို့စ်ပါ အစ်မ...

    ReplyDelete
  3. Why they are waiting for?

    http://www.facebook.com/video/video.php?v=469650188853

    by Wai Hnin Pwint Thon..

    ReplyDelete
  4. Ohh....you went back in the middle of Myanmar Literary Talks to write a post?

    ReplyDelete
  5. အဲဒီ ဘုန်းကြီးနဲ့တွေ့ရင် ပြောပါအုန်း..
    ကျနော်တို့ရွာကို ပင့်ချင်လို့..

    ReplyDelete
  6. ကဲကဲ.. . ဒီမိုတွေ။ စောက်တင်းပြော စောက်ပြစ်တင်တဲ့ လမ်းစဉ်မဟုတ်ပဲ အမြင်ဆန်း.. အသွင်ဆန်းနဲ့ လုပ်ထားတဲ့ ဖိနပ်ပေါက် မိုးသီး လုပ်ရပ်က စိတ်ဝင်စားဖို့ကောင်းတယ်။ နအဖဖြုတ်ချရေးနဲ့ ပတ်သက်ပြီး မေးခွန်းလေးတွေ မေးထားတယ်။ စဉ်းစားပြီးဖြေပေးလိုက်ပါ။ နအဖ ဗိုလ်ချုပ်တွေ ကလိမ်ကကျစ်လုပ်တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်ဘူးဆိုပြီး ထိုင်မနေနဲ့။ တိုင်းပြည်အရေးကို ဘေးကနေ လက်ပိုက်ကြည့်မနေနဲ့။ မိမိဥာဏ်မှီသလောက် ဖိနပ်ပေါက်မိုးသီး မေးထားတာလေးတွေကို ဖြေပေးလိုက်ပါ။ အကြံကောင်းလေးတွေ စုပေါင်းမိရင် တစ်ခုခုတော့ အကျိုးရှိတတ်ပါတယ်။

    http://komoethee.blogspot.com/2010/09/blog-post_27.html

    ReplyDelete
  7. အဲဒီ ဘုန်းတော်ကြီး ရွတ်ဖတ်နေတာက "တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ" လို့ ဖြစ်မှာပါပဲ။
    ကျေးဇူး မမ။

    ReplyDelete
  8. ရေးထားတာ လှလိုက်တာ
    တွေးချင်သလောက် ဆက်ကာ ဆက်ကာ တွေးသွားနိုင်တဲ့... ရသ...
    ကျေးဇူး သက်ဝေ...

    ReplyDelete
  9. ချိုးငှက်လေးနဲ့ အတူ ခံစားသွားပါတယ် အစ်မရေ။

    ReplyDelete
  10. ငြိမ်းချမ်းရေးငှက်ကလေးတွေ လွတ်လပ်စွာ ၀ဲပျံနိုင်ပါစေ။

    ReplyDelete
  11. ငိုကြွေးသံများ တကယ်ကိုပဲ ရပ်တန့်ပါစေချင်ပါပြီ မရယ် ..

    ReplyDelete
  12. သူ့နံမည်တောင် မေ့လျော့နေခဲ့သည်မှာ ကြာလှပြီဖြစ်သော ချိုးငှက်လေးက
    ကျေးဇူးတင်ပါတယ်တဲ့
    ငြိမ်း...ငြိမ်း...ငြိမ်းချမ်းရေးငှက် တဲ့လား

    ReplyDelete
  13. စက်တင်ဘာ အမှတ်တရပိုစ့်လေးကို လာအားပေးသွားတဲ့ ယုံကြည်ချက်တူ မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်...

    ReplyDelete
  14. ငြိမ်းချမ်းရေးငှက်ကို မွေးဖွားပေးတဲ့ စက်တင်ဘာလတဲ့လား မမရေ။
    လှောင်ချိုင့်ထဲမှာ ကျန်နေသေးတဲ့ ငှက်လေးတွေအတွက် ဆုတောင်းပေးသွားပါတယ်။

    ReplyDelete
  15. စက်တင်ဘာလ ကုန်လွန်ခဲ့ပြန်ပြီ
    နှုတ်ဆက်လိုက်ပါရဲ့ ဒီနှစ်အတွက်
    ဒါပေမယ့်လည်းစက်တင်ဘာတွေ ရင်ထဲမှာ အမြဲစီးဆင်းနေဦးမှာ

    ReplyDelete
  16. နောက်ဆုံးစက်တင်ဘာမှာ ဒီပို့စ်လေးကိုဖတ်လိုက်ရလို့ တန်ဖိုးအရှိဆုံး အမှတ်အရဆုံးဖြစ်သွားပြီ....

    အားလုံးငြိမ်းချမ်းပါစေ
    မိုးငွေ့

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...