Thursday, November 8, 2012

ညနေ သုံးနာရီ


အမှန်ဆိုရလျှင် ညနေ သုံးနာရီဟူသော အချိန်သည် တဆိတ်တော့ ကိုးလိုး ကန့်လန့်နိုင်လှသော အချိန်တခုသာ…။ ညနေ သုံးနာရီသည် တခုခုကို ပြုလုပ်ရန် အနည်းငယ် နောက်ကျ နေပြီဟု တွေး၍ ရနိုင်သလို အနည်းငယ် စောနေသေးသည် ဟု တွေး၍ ရနိုင်သော အချိန်လည်း ဖြစ်သည်။ ထို့အပြင် ညနေ သုံးနာရီသည် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုနှင့် မတင်မကျဖြစ်နေသော ခံစားမှုတခုကို ပေးစွမ်းနိုင်သည့် အချိန်ဟုလည်း ကိုယ်ပိုင် ခံစားချက်တခုအနေဖြင့် ကောက်ချက်ချ ကြည့်ချင်ပါသည်။

ညနေ သုံးနာရီ…
အလုပ်နားရက်များတွင် နေ့လည်စာ စားအပြီး အိပ်ရာပေါ်တွင် စာအုပ်တအုပ်နှင့် လှဲခွေနေရာမှ မျက်လုံးများ မှေးစင်းကာ အိပ်ချင်လာသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ အလုပ်တက်ရသော နေ့ရက်တိုင်းတွင် အလွန်တရာ ပျင်းရိစွာဖြင့် အိပ်ငိုက်ချင်နေသောအချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ အစည်းအဝေးတခုတွင် ကြားဖြတ် အနားယူပြီး ကော်ဖီသောက်ရန် အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ ကောင်မလေးတယောက်က ကောင်လေးတယောက်ကို ချစ်အဖြေပေးရန် သာယာလှပသော ပန်းခြံတခု (သို့မဟုတ်) တနေရာရာသို့ ချိန်းဆို ခေါ်ယူသောအချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ မျက်မမြင် လူမည်း အဆိုတော် Stevie Wonders ၏ I just called to say I love you သီချင်း ရေဒီယိုမှာ လာလေ့ရှိသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ အိမ်အနီးရှိ မူလတန်းကြို ကျောင်းတကျောင်းမှ ကလေးများ ပတ်ဝန်းကျင် လေ့လာရေးအတွက် နှစ်ယောက်တတွဲ လက်ချင်း ချိတ်ကာ လျှောက်သွားကြသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် အိမ်ရှေ့မှ ဖြတ်သွားသော ကောင်မလေးတယောက် ၀တ်ဆင်ထားသော တီရှပ် နောက်ကျောမှာ ရေးဆွဲထားသော နာရီပုံတွင် ညွှန်ပြနေသော လက်တံသည် ညနေ သုံးနာရီ ဖြစ်သည်။ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သော ရပ်ဝေးမှ သူငယ်ချင်းတယောက် ဖုန်းဆက်လာသော အချိန်သည် ညနေ သုံးနာရီ ဖြစ်နေပြီး သူနှင့် တွေ့ဆုံကာ စကားပြောရန် ချိန်းဆိုသော အချိန်မှာလည်း လာမည့် သောကြာနေ့ ညနေ သုံးနာရီပင် ဖြစ်နေခဲ့သည်။ စိတ်လှုပ်ရှားဖွယ် အိမ်ပြန်ခရီးတခုတွင် လေယာဉ်ပြေးလမ်းပေါ်သို့ လေယာဉ်ပျံ ဘီးချသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သလို အိမ်ရှေ့မှ အနီရောင် စာတိုက်ပုံးထဲသို့ (မျှော်နေသော) စာများ ရောက်လာတတ်သော အချိန်မှာလည်း ညနေ သုံးနာရီ ပင်ဖြစ်သည်။ မွေးနေ့တွင် ချစ်သူ ခင်သူများဆီမှ လက်ဆောင်များ ပန်းစည်းများ လက်ခံရရှိသော အချိန်၊ အလုပ်နှင့်ပတ်သက်သော ကောင်းသတင်းများ၊ မိသားစုနှင့်ပတ်သက်သော ၀မ်းမြောက်ဖွယ်သတင်းများ ကြားရသော အချိန်တွေသည်လည်း အံ့သြဖွယ်ကောင်းလောက်အောင် တိုက်တိုက်ဆိုင်ဆိုင် ညနေ သုံးနာရီတွေမှာ ဖြစ်နေလေသည်။

ထိုမျှသာမက အချစ်ဆုံးသူငယ်ချင်းတယောက်၏ မိခင်ဖြစ်သူ ကွယ်လွန်ကြောင်း သတင်းကို သိရသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ စီးနင်းလာသော အငှားကား လမ်းခုလတ်တွင် ဘီးပေါက်ကာ ရပ်တန့်သွားသော အချိန်သည် ညနေ သုံးနာရီ ဖြစ်နေသေးသည်။ သုံးလက်စ ကွန်ပျူတာလေး အမည်းရောင် စကရင်ကြီး ဖြစ်ပြီး ရုတ်တရက် ပျက်စီးသွားသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ ရေးလက်စ ဘောပင် မှင်ကုန်သွားသော အချိန်၊ စိတ်ပါလက်ပါ ဟင်းချက်သောနေ့က ဟင်းအိုး ရေခန်းကာ တူးကပ်သွားသော အချိန်၊ ရေချိုးခန်းထဲမှာ ရေပိုက် ပိတ်ပြီး ရေတွေ လျှံကျလာသောအချိန်… စသည့် သေးသေးမွှားမွှား ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရသော အချိန်သည်လည်း ပြောရရင် ညနေ သုံးနာရီသာ…။

ပြောခဲ့သလိုပင်…
ဘ၀မှာ ကောင်းခြင်း ဆိုးခြင်းများ ရောနှောနေသော ညနေ သုံးနာရီပေါင်း များစွာကို လက်ခံ ကြုံဆုံခဲ့ရဖူးသည်။ ထို ညနေ သုံးနာရီများကို ချစ်သည်လည်း မဟုတ်… မုန်းသည်လည်း မဟုတ်… သို့သော်လည်း စိတ်ထဲတွင် မှတ်မှတ်ရရ သတိတော့ ထားဖြစ်နေသည်မှာ အသေအချာ…။ နေ့ရက်တွေတိုင်းမှာ ညနေ သုံးနာရီနားနီးလာလျှင် လက်မှာ ပတ်ထားသော နာရီကို အလိုလိုနေရင်း ငုံ့ကြည့်ဖြစ်သည်။ အနည်းဆုံး မော်နီတာ ညာဖက် အပေါ်ထောင့်မှ ဂဏန်းလေးများဖြင့် ပြသော နာရီကို ကြည့်မိတတ်သည်။ မည်မျှပင် အလုပ်များနေစေကာမူ ညနေ သုံးနာရီတ၀ိုက်တွင် စိတ်က အလိုလိုနေရင်း နာရီကို သတိထားကာ ကြည့်မိနေတတ်သည်။ စကားဝိုင်းတခုတွင် ထိုအကြောင်းကို စကားစပ်၍ ပြောပြဖြစ်သောအခါ ညနေ သုံးနာရီများကို စွဲလမ်းသော ပြဿနာ… ဟု မိတ်ဆွေတယောက်က ကောက်ချက်ချဖူးသည်။ သူ ပြောတာ ဟုတ်ပါလိမ့်မည်…။

ညနေ သုံးနာရီကို သည်မျှ စွဲလမ်းသူ တယောက်ကို မျှော်လင့်မထားသော အဖြစ်အပျက်တခုနှင့် တိုက်ဆိုင် ကြုံတွေ့ခဲ့စေသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သလို ထိုအဖြစ်အပျက်၏ နောက်ဆက်တွဲ ဟု ဆိုနိုင်သော အဖြေ ရလာဒ်တခုအတွက် စိတ်နှလုံး ပင်ပန်း မောဟိုက်စွာ စောင့်မျှော်ရန် ချိန်းဆိုခံလိုက်ရသော အချိန်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် ညနေ သုံးနာရီသာ ဖြစ်လို့ နေခဲ့လေသည်။

ဘုရားရေ… အခု ညနေ သုံးနာရီထိုးရန် မိနစ်အနည်းငယ်သာ လိုတော့သည်…။
လက်ထဲမှ လက်ပတ်နာရီ၊ နံရံပေါ်မှ တိုင်ကပ်နာရီ၊ လက်ကိုင်ဖုန်းမှာ ပေါ်နေသော နာရီ… ထိုနာရီများ အားလုံးသည် သုံးနာရီထိုးရန် မိနစ်အနည်းငယ်သာ လိုတော့ကြောင်း တညီတညွတ်တည်း ပြသနေကြသည်။ မကြာခင်မှာ တခုခုကို သေသေချာချာ သိရတော့မည်…။ အဖြူ အမည်း သဲကွဲတော့မည်…။ စိတ်လှုပ်ရှားစွာဖြင့် လက်ဖ၀ါး အချင်းချင်း မသိမသာ ပွတ်တိုက် နေမိသည်။ လက်ချောင်းများ၏ အေးစက်သော အထိအတွေ့ကို လျှစ်လှူရှုကာ မသိလိုက် မသိဖာသာ ထားချင်သော်လည်း မရ…။ လေအေးပေးစက်ကြောင့် လက်ဖျားတွေ လိုသည်ထက် ပိုအေးနေသည်ဟု တဖက်သတ် ကောက်ချက်ဆွဲလိုက်သည်။

အခန်းကျယ်ကြီး တခုထဲမှာ ဟိုလျှောက် ဒီလျှောက် လျှောက်နေကြသူများ၊ မိုးတိုးမတ်တပ် ရပ်နေကြသူများ၊ ကောင်တာတွင် ငွေရှင်းရန် စောင့်နေကြသူများ၊ ကော်ဖီဖျော်စက်မှာ ကော်ဖီယူသောက်ရန် တန်းစီနေသူများ၊ စကားစမြည် ပြောဆိုနေကြသူများ၊ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသူများ များစွာ ရှိနေသည်။ ထိုလူများ အကြားမှာ မိမိနာမည်ကို ခေါ်လျှင် မကြားလိုက်မည်စိုးသောကြောင့် နားကို အတတ်နိုင်ဆုံး စွင့်ရင်း အသံတွေတိုင်းကို အာရုံစိုက်နေမိသည်။ ကိုယ့်နာမည်ခေါ်လျှင် ချက်ချင်း ထသွားနိုင်ရန်လည်း ခါးကို မတ်ကာ ခန္ဒာကိုယ်ကို အသင့် အနေအထားဖြင့် ပြင်ထိုင်လိုက်မိသည်။ မတည်ငြိမ်သော စိတ်အတွေးတို့ဖြင့် နာရီကို နောက်တခါ ထပ်ကြည့်လိုက်သောအခါ နာရီလက်တံများသည် သုံးနာရီထိုးရန် နှစ်မိနစ်သာ လိုတော့သည်ဟု ညွှန်ပြနေကြသည်။ သက်ပြင်းတချက်ကို ဖြေးညှင်းစွာ ချနေချိန်မှာ နာမည်ခေါ်သံကို ပီပီသသ ကြားလိုက်ရသည်…။ လာပါပြီ… လာပါပြီ… ဟု ပါးစပ်က ရေရွတ်ရင်း တချိန်တည်းမှာ လူကလည်း မိမိသွားရမည့် အခန်းဝသို့ သွက်လက်စွာ ရောက်သွားခဲ့သည်။

အခန်းတံခါးကို တွန်းဖွင့်ကာ ၀င်သွားလိုက်ပြီး သူတို့ ညွှန်ပြရာ စားပွဲဘေးမှ ထိုင်ခုံတွင် အသာအယာ ၀င်ထိုင်လိုက်သည်။ စားပွဲတဖက်မှာ ထိုင်နေသော ရုပ်ရည် သန့်ပြန့်ကာ အထင်ကြီး လေးစားချင်စရာ၊ အားကိုးချင်စရာ တည်ငြိမ် အေးချမ်းသော အသွင်အပြင်ရှိသူ ဆရာဝန်ကြီးက နှစ်လိုဖွယ် အပြုံးနှင့် အတူ နှုတ်ဆက်လေသည်။ နှစ်သိမ့်ပြုံးလေလား… အားပေးပြုံးလေလား… မ၀ံ့မရဲတွေးမိစဉ်မှာ အာရုံတွေ မှောင်မိုက် ထွေပြားစွာ အေးခဲနေခဲ့သည်။ မြန်မြန်ပြောလိုက်ပါတော့လား…. အဖြေက ဘာလဲဟင်… ဟု သိချင်ဆန္ဒ ပြင်းပြစွာဖြင့် တဲ့တိုးကြီး မေးချလိုက်ချင်သော်လည်း လည်ချောင်းဝတွင် တစုံတခုက လာရောက် ပိတ်ဆို့နေသလို… အသံက အပြင်သို့ ထွက်မလာ…။

ထိုစဉ် ပရင်တာသံ တဂျစ်ဂျစ်ကို ကြားလိုက်ရသည်။ ဟော… ဒါဆို သိရတော့မည်… တခုခုကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ သိရတော့မည်…။ စားပွဲအောက်မှ အေးစက်နေသော လက်ဖ၀ါးနှစ်ဖက်ကို အချင်းချင်း တင်းကြပ်စွာ ဆုတ်ကိုင်ထားမိသည်။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း တွက်ဆ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အခုအချိန်မှာတော့ ကြိုးစားပမ်းစား တင်းထားရသော အားအင်များ အကုန် ပျောက်ဆုံးနေကြသည်။ ရင်ထဲမှာ တထိတ်ထိတ် တုန်ခါလျှက် ကိုယ့်ရင်ခုန်သံကို ကိုယ် ပြန်ကြားမိနေသလို…။ ထိုအချိန်မှာပဲ မျက်စိရှေ့မှောက်ကို စာရွက်ဖြူ တစ ရောက်လာခဲ့တာ ဖြစ်သည်…။

ေ၀၀ါးသော မျက်လုံးအစုံက ရုတ်တရက် ဘာကိုမှ မမြင်မတွေ့နိုင် ဖြစ်နေသေးသည်။ မျက်တောင်များကို အနည်းငယ် ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း အမြင်အာရုံကို ကြည်လင်စေလိုက်သည်။ မျက်စိအောက်မှ စာရွက်ပေါ်တွင် ရေးထားသော စာလုံးများထဲမှ အရေးကြီးသော စာလုံးတလုံးကိုသာ ကျီးကန်းတောင်းမှောက် ရှာဖွေနေမိသည်…။

“ဟာ…”

ထိုင်နေရာမှ ထမခုန်မိအောင် သတိကြီးစွာ ထားလိုက်ရသည်…။ သို့သော် နှုတ်ဖျားမှ အလိုအလျောက် ထွက်ကျသွားသော ၀မ်းသာ အံ့သြသော အာမေဋိတ်သံ ခပ်ကျယ်ကျယ်ကိုမူ မည်သို့မျှ မထိန်းချုပ်လိုက်နိုင်တော့ချေ။ သူ့ကို ကြည့်ရင်း ကြည်လင်စွာ ပြုံးနေသော ဆရာဝန်ကြီးနှင့် ဘေးနားမှ သူနာပြုဆရာမလေး နှစ်ယောက်ကို တယောက်တလှည့်စီ လိုက်ပြုံးပြရင်း ဘာပြောရမှန်းမသိအောင် ထူးထူးခြားခြား ၀မ်းသာနေခဲ့တာ ဖြစ်သည်။

ရက်ပေါင်း အတန်ကြာ ကြောင့်ကြ စိုးထိတ်ခဲ့ရသော ပူပန်ခဲ့ရသော သောကများစွာ၊ တွေးလိုက်မိသော အချိန်တွေတိုင်းမှာ အရှင်လတ်လတ် အေးခဲ သေဆုံးသွားခဲ့ရသော အကြောက်တရားများစွာ၊ သိလိုသည်များကို ရှာဖွေဖတ်ရှုရင်း စိုးရိမ်စိတ်ဖြင့် တုန်ခါနေသော လက်ထဲမှ လွတ်ကျခဲ့ရသော စာအုပ်ပေါင်း များစွာ၊ လူအများနှင့် မတွေ့မဆုံချင်ပဲ တကိုယ်တည်း အခန်းအောင်းနေခဲ့သော နေ့ပေါင်းများစွာ၊ စားမ၀င်သော နေ့များနှင့် အိပ်မပျော်သော ညပေါင်းများစွာ၊ တရိပ်ရိပ် ကျဆင်းနေသော ကိုယ်အလေးချိန်၊ ပုံမှန်မဟုတ်သော သွေးတိုးနှုန်းများနှင့် သွေးခုန်နှုန်းများ၊ သေချာသလောက် ရှိနေပြီဟု ယူဆပြီး တိတ်တိတ်ကလေး ငိုကြွေးခဲ့ရသော အချိန်များ၊ ဘယ်သူ့ကိုမှ အပြစ်တင်၍ မရ… ဆိုးလှသော ကံကြမ္မာကိုသာ အဖန်တလဲလဲ ပုံချရင်း မောပန်းနွမ်းနယ်ခဲ့ရသော အချိန်များ၊ ပြုခဲ့သော ကုသိုလ် ကောင်းမှုများကို လက်ချိုးရေတွက်ရင်း ဘုရားကိုသာ အာရုံပြုနေခဲ့ရသော အချိန်များ...

အို… အခုအခါမှာတော့ ထိုအရာတွေအားလုံးသည် စာရွက်ဖြူဖြူပေါ်မှ စာလုံးလေးတလုံးအောက်တွင် အငွေ့ပျံကာ ကွယ်ပျောက်သွားကြပြီ ဖြစ်သည်။

ကြည့်ပါအုံး…
ဖေါ်မပြတတ်အောင် နက်ရှိုင်း သိပ်သည်းလှသော အပျော်များ အတွေးများဖြင့် ငြိမ်သက်နစ်မျောသွားသည်မှာ အချိန်ဘယ်လောက်ကြာသွားသည် မသိ…။ ထပ်တူ ၀မ်းသာသော၊ နားလည် စာနာသော အပြုံးများဖြင့် ၀ိုင်းကြည့်နေကြသူများကို တွေ့လိုက်ရတော့မှ လက်ရှိအခြေအနေကို ပြန်လည် သတိရသွားတာဖြစ်သည်။ အပြုံးချိုချိုဖြင့် သူနာပြုဆရာမလေးက ရှေ့မှာ ချထားသော စာရွက်ဖြူလေးကို လေးခေါက် ခေါက်ကာ စာအိပ်ဖြင့် ထည့်ပေးသည်။ ထိုစာအိပ်လေးကို တယုတယ လှမ်းယူလိုက်ရင်း သူတို့အားလုံးကို ကျေးဇူးတင်စကားဆိုရင်း ၀မ်းသာအပြုံးဖြင့် နှုတ်ဆက်ကာ ထိုအခန်းထဲမှ ထွက်လာခဲ့သည်။

တိုက်ဆိုင်မှု ဟု ဆိုရမည်လား… မတော်တဆမှု ဟု ဆိုရမည်လား…
ကူးစက်ဆေးရုံတခုတွင် ၀န်ထမ်းတဦး၏ ပေါ့ဆမှုကြောင့် ဝေဒနာရှင်တဦး၏ လက်ဖျံကြောအတွင်းမှ ထုတ်ယူလိုက်သော သွေးစက်လက်နှင့် ဆေးထိုးအပ်တချောင်း မတော်တဆ လွတ်ကျ လွင့်စင်ပြီး ဘေးနားမှာ ဖြတ်လျှောက်လာသော ကိုယ့်ခြေခုံပေါ်သို့ တည့်တည့်မတ်မတ် စိုက်ဝင် စူးနစ် သွားခဲ့သော အချိန်သည် နွေရာသီတခု၏ ပူစပ်ပူလောင် ညနေခင်း သုံးနာရီ အချိန်မှာ ဖြစ်သည်။ စိုးရိမ် ထိတ်လန့်မှု၊ ကြောက်ရွံ့ တုန်လှုပ်မှု၊ မရေရာ မသေချာမှုတို့ဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေရသော ရက်ပေါင်းများစွာကို ကျော်လွန်လာခဲ့ပြီးနောက် အဖြေမှန်ကို စစ်ဆေးပြီး အစစ အရာရာ သန့်စင် ကင်းရှင်းကြောင်း စာတမ်းပါ စာရွက်ဖြူလေးတရွက်ကို လက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့သော အချိန်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် ညနေ သုံးနာရီ တိတိမှာပင် ဖြစ်နေလေတော့သည်။

အမှန်ဆိုရလျှင် ညနေ သုံးနာရီဟူသော အချိန်သည် တဆိတ်တော့ ကိုးလိုး ကန့်လန့်နိုင်လှသော အချိန်တခုသာ… သို့သော် ညနေ သုံးနာရီတွေတိုင်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာတတ်သော ထူးခြား ဖြစ်စဉ်များကြောင့် ထို ညနေ သုံးနာရီတွေကို အရင်ကထက် ပို၍ စွဲစွဲလမ်းလမ်း သတိပြုမိနေဦးမည်မှာ အသေအချာပင်…



နှစ်နှစ်ပြည့် မျက်ရှု အွန်လိုင်း မဂ္ဂဇင်းအတွက် ရေးဖြစ်တဲ့ အက်ဆေးလေးပါ
ဒီနေရာ မှာလည်း ဖတ်လို့ရပါတယ်…

၂၀၁၃ ဧပြီလ - Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။


Monday, November 5, 2012

အသည်း အသက်နဲ့ ထပ်တူ


မနေ့က ညကိုးနာရီခွဲ သတင်းကြေငြာချိန်မှာ ဖြစ်ပါတယ်။
အမှတ်တမဲ့ နားထဲဝင်လာတဲ့ သတင်းကြေငြာသံတခုကြောင့် တီဗီကို လှမ်းကြည့်လိုက်မိပါတယ်…။ တမိနစ်လောက် ရှိတဲ့ သတင်းကြေငြာချက်ကို နားထောင်အပြီးမှာ စိတ်ထဲ ၀မ်းသာ ကြည်နူးသလိုလို၊ ၀မ်းနည်းမိသလိုလို ဝေခွဲမရတဲ့ ခံစားမှုတခုကြောင့် အဲဒီသတင်းနဲ့ ပတ်သက်တဲ့ စာမျက်နှာတချို့ကို လိုက်ရှာပြီး ဖတ်ဖြစ်ပါတယ်…။ အခု အဲဒီသတင်းလေးကို ကြည်နူးစရာ ဇာတ်လမ်းလေးတခုအနေနဲ့ “အသဲ အသက်နဲ့ ထပ်တူ” လို့ ခေါင်းစဉ်တပ်ပြီး ဝေမျှလိုက်ပါတယ်…။ ဇာတ်လမ်းလေးက ဒီလိုပါ…

Su Dan ဟာ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတယောက်ဖြစ်ပြီး ဘေဂျင်းမြို့မှာ နေထိုင်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ Tian ဆိုသူနဲ့ အိမ်ထောင်ပြုခဲ့ပြီး ကွန်ပျူတာနဲ့ ပတ်သက်တဲ့ Company တခုကို တည်ထောင်ပြီး အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်…။ သူတို့ ဇနီးမောင်နှံမှာ ခြောက်နှစ်အရွယ် သမီးလေးတယောက် ရှိပါတယ်…။ သို့သော် Su Dan တို့ ဇနီးမောင်နှံဟာ သူတို့ Company ရဲ့ စီမံခန့်ခွဲမှုရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး အကြီးအကျယ် စကားများကြရာက စိတ်မြန်လက်မြန်နဲ့ ၂၀၁၂ ဂျူလိုင်လမှာ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်…။


အဲဒီလို ကွာရှင်းပြတ်စဲပြီး နှစ်လအကြာမှာ Tian ဟာ အသဲကင်ဆာ (Liver Cirrhosis) ဝေဒနာ ခံစားနေရပြီလို့ သိလိုက်ရပါတယ်…။ ဒီရောဂါအတွက် အသဲအစားထိုးပြီး ကုသဖို့ အသဲ အလှူရှင်တယောက် အရေးတကြီး လိုအပ်နေပါပြီ…။ သို့သော် Tian အရှေ့မှာ အဲဒီလို အသဲအစားထိုး ကုသဖို့ အသဲအလှူရှင်ကို တန်းစီပြီး စောင့်နေကြတဲ့ လူနာ ဆယ်ယောက် ရှိနေပါတယ်…။


အဲဒီသတင်းကို ကြားရတဲ့ Su Dan ဟာ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Tian ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် သူမရဲ့ အသဲ တစိတ်တပိုင်းကို ခွဲဝေမျှပေးဖို့ ဆေးရုံက Ethics Review Committee ကို ခွင့်တောင်းပါတယ်…။ ကံကောင်းချင်တော့ သူမရဲ့ သွေးအုပ်စု၊ Tissue Type အစရှိတာတွေကလည်း လူနာဖြစ်သူ Tian ရဲ့လိုအပ်ချက်နဲ့ ထပ်တူ ကိုက်ညီနေပါတယ်…။


ဒီနေရာမှာ ပြောစရာရှိတာက တရုတ်နိုင်ငံရဲ့ ဥပဒေ စည်းကမ်း စည်းမျဉ်းအရ အခုလို ကိုယ်ခန္ဒာ အစားထိုး ကုသတဲ့နေရာမှာ အသက်ရှင်လျက်ရှိတဲ့ အလှူရှင်ဟာ လူနာရဲ့ ဆွေမျိုးသားချင်း (သို့မဟုတ်) ဇနီး ခင်ပွန်း တော်စပ်သူ တယောက်ယောက် ဖြစ်ရပါမယ်…။ အဲဒါကြောင့် Su Dan ဟာ သူ ချစ်တဲ့ သူ့ ခင်ပွန်းရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ဥပဒေနဲ့ ကိုက်ညီအောင် Tian နဲ့ ပြန်လည် လက်ခံပြီး လက်ထပ် ထိမ်းမြားခဲ့ပါတယ်။


သို့သော်လည်း Ethics Review Committee အဖွဲ့ဝင်များက Su Dan ရဲ့ တောင်းဆိုမှု နောက်ကွယ်မှာ ငွေကြေးနဲ့ ဆက်စပ် ပတ်သက်မှု တစုံတရာ ရှိနေနိုင်တယ်လို့ ယူဆတာကြောင့် Su Dan ရဲ့ တောင်းဆိုမှုကို ပယ်ချလိုက်ပါတယ်။


ကံကောင်းချင်တော့ အဲဒီ အသဲအစားထိုးကုသဖို့ တာဝန်ရှိတဲ့ ဆရာဝန်ကြီးက Su Dan ဟာ သူ့ ခင်ပွန်းဖြစ်သူကို တကယ် စစ်စစ်မှန်မှန် ချစ်မြတ်နိုးလို့ အခုလို သူ့အသဲကို အစားထိုးစေပြီး Tian အသက်ကို ကယ်တင်လိုတယ်ဆိုတာ နားလည်စွာနဲ့ လက်ခံတဲ့အတွက် Su Dan ကို ဒုတိယ အခွင့်အရေးပေးခဲ့ပါတယ်…။ အဲဒါကြောင့် ပြီးခဲ့တဲ့ ဗုဒ္ဗဟူးနေ့က Su Dan ရဲ့ အသဲ တချို့ တ၀က်ကို Tian ဆီကို အစားထိုးပြီးတော့ ကုသပေးခဲ့ပါတယ်။ စုစုပေါင်း ၁၅ နာရီကြာမြင့်အပြီးမှာ နှစ်ယောက်စလုံးကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်…။


အခုလို ခွဲစိတ်ကုသမှုအပြီးမှာ Tian ဟာ ဆေးရုံမှာ တပတ်ခန့် အနားယူ နေထိုင်ရမှာဖြစ်ပြီး အဲဒီနောက်မှာ သောက်ဆေးတချို့ကို ပုံမှန် သောက်နေရမှာကလွဲလို့ သာမန်လူကောင်း တယောက်လိုပဲ ကျန်းမာတဲ့သူ ဖြစ်သွားပါပြီ။ Su Dan ကလည်း ခွဲစိတ်ပြီး သုံးရက်အကြာမှာ ICU လို့ ခေါ်တဲ့ Intensive Care Unit ထဲမှာ ပုံမှန် လမ်းပြန်လျှောက်နိုင်ပါပြီ။ သူ့ဆီက ဖြတ်တောက်ပေးလိုက်လို့ ရော့ပါးသွားတဲ့ အသဲဟာ နောက် ခြောက်လအတွင်းမှာ ပုံမှန်အရွယ်အစားကို ပြန်လည် ပြည့်ဝလာမှာ ဖြစ်ပါတယ်။


သူတို့နှစ်ယောက်အကြောင်းကို သိကြတဲ့ သူတို့ပတ်ဝန်းကျင်က ဆွေမျိုး မိတ်ဆွေတွေ၊ ဆေးရုံအသိုင်းအ၀ိုင်းက ဆရာဝန်တွေ သူနာပြု ဆရာမတွေ အားလုံးက Su Dan ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ အနစ်နာခံ စွန့်လွှတ်နိုင်မှုတို့ကို တသသနဲ့ ပြောမဆုံး ချီးကျူးမဆုံး ဖြစ်နေကြပါတယ်။


ဇာတ်လမ်းလေးကတော့ အဲဒါပါပဲ…။

အဲဒီဇာတ်လမ်းလေးကို အခုလို ဝေမျှအပြီးမှာ ကျွန်မ စိတ်ထဲမှာ တွေးမိတာ နှစ်ခု ရှိပါတယ်…။

ပထမတခုက ကိုယ်တိုင် ထူထောင်ထားတဲ့ အိမ်ထောင်တခုကို တော်ရုံတန်ရုံ စိတ်ဆိုးရုံ ဒေါသဖြစ်ရုံနဲ့ လွယ်လင့်တကူ ပြီးတော့ အလျင်စလို စိတ်လိုက်မာန်ပါ ကွာရှင်း ပြတ်စဲတာမျိုး မလုပ်ကြပဲ ဘာပဲဖြစ်ဖြစ် တယောက်ကို တယောက် ချစ်ခင်မြတ်နိုးတဲ့ စိတ်ကလေးနဲ့ နားလည်မှုရှိရှိ ညှိနှိုင်းယူကြရင် ကောင်းမှာပဲ လို့ တွေးမိပါတယ်။ လောလောဆယ်ကို ကျွန်မ ပါတ်ဝန်းကျင်မှာ အဲဒီလို အလျင်စလို ကွဲကြ ကွာကြတဲ့ ဇနီးမောင်နှံတွေနဲ့ ထစ်ကနဲရှိ ကွဲမယ် ကွာမယ် တကဲကဲဖြစ်နေတဲ့ ဇနီးမောင်နှံတွေ တော်တော်များများ ရှိနေလို့ပါ။


နောက်တခုကတော့ အမျိုးသမီးတွေမှာ ရှိကြတဲ့ မိခင်စိတ် ရောယှက်နေတဲ့ ကြီးမားတဲ့ မေတ္တာအကြောင်းပါ။ Su Dan ဟာ သူ့ ခင်ပွန်း Tian ကို တော်ရုံတန်ရုံ မေတ္တာစိတ်မျိုးနဲ့ အခုလို ဆုံးဖြတ်နိုင်ဖို့ မလွယ်လှပါဘူး။ တကယ်ကို လေးနက်တဲ့ မေတ္တာစိတ်နဲ့ ချစ်ခင် စာနာတဲ့စိတ်မျိုးရှိနေလို့သာ အခုလို ဆုံးဖြတ်နိုင်တာပါ။ ပြောရရင် ကျွန်မဟာ ပြင်းထန်တဲ့ Feminist တယောက် မဟုတ်ပါဘူး။ ဒါပေမယ့် Su Dan နေရာမှာ Tian သာ ဆို သူနဲ့ ကွာရှင်း ပြတ်စဲပြီးသား ဇနီးဟောင်းတယောက်ကို ခင်ပွန်းဟောင်းတယောက် အနေနဲ့ အခုလို မေတ္တာစိတ် အပြည့်ထားပြီး စွန့်စွန့်စားစား အသက်ကယ်နိုင်ပါ့မလား လို့ တွေးနေမိတာပါပဲ…။




မှတ်ချက် - ၂၀၁၂ ဒီဇင်ဘာလ - Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

Reference က ဒီနေရာ မှာပါ


Sunday, November 4, 2012

တိုးတိတ်တမ်းတ

ခိုင်စိုးလင်း စီစဉ်တဲ့ သရဲမှတ်တမ်း (Ghost Record) E Book ဒီနေ့ ထွက်ပါပြီ…။
ပါဝင်ရေးသားကြသူများကတော့ ကိုကိုသက်၊ ကိုမျိုး၊ ချစ်ကြည်အေး၊ ခိုင်စိုးလင်း၊ ချိုပိန်းနောင်၊ စစ်ငြိမ်းဒီရေ၊ ဆူးခက်မင်း၊ ညီဇံလှ၊ နှင်းနဲ့မာယာ၊ ပန်ဒိုရာ၊ ဖိုးခွား၊ ဖိုးစိန်၊ မိုးလှိုင်ည၊ မြသွေးနီ၊ မှိုင်း (ဆေး - ၂)၊ သူရဿဝါ၊ သက်ဝေ၊ အော်ဂဲနီ၊ အောင်ဖြိုး သြမြိုင် နဲ့ အမည်မဖေါ်လိုသူ တဦး တို့ ဖြစ်ကြပါတယ်…။

ဒီနေရာ မှာ Download ချပြီး ဖတ်နိုင်ပါတယ်…။ ကိုယ်တိုင်က သရဲနဲ့ ရင်းနှီး ကျွမ်းဝင်မှုမရှိတဲ့ အတွက် သရဲအကြောင်း မပါ ပါအောင် အတော်ကို ကြိုးကြိုးစားစားနဲ့ ရေးထားခဲ့တဲ့ ဝတ္ထုတိုလေးကို ဖတ်ကြည့်ကြပါအုံး…


တိုးတိတ်တမ်းတ



အခန်းတံခါးက အခါများစွာကလိုပင် အလူမီနီယံ အကွက်စိပ်စိပ် တံခါးတထပ်၊ ကျွန်းရောင်လက်နေသော သစ်သားတံခါး တထပ်ဖြင့် တင်းတင်းစေ့ကာ ပိတ်ထားဆဲ…။ အယောင်ယောင် အမှားမှားဖြင့် တံခါးကို ခေါက်လိုက်မိသည်။ သို့သော် မည်သည့်အသံ တစုံတရာမျှ မထွက်လာချေ။ အကျင့်ပါနေသော လက်တို့က စလွယ်သိုင်းလွယ်နေကျ ပိုက်ဆံအိပ် အဖြူရောင်လေး၏ အရှေ့ဖက်ခြမ်းမှာ ထည့်ထားလေ့ရှိသော အိမ်သော့ကို လိုက်စမ်းကာ ရှာနေမိသည်။ သို့သော်လည်း ကိုယ်ပေါ်မှာ မည်သည့် ပိုက်ဆံအိပ် တစုံတရာမျှ ရှိမနေ။ ထိုအခါမှ သူမကိုယ်သူမ သတိတရ ငုံ့ကြည့်မိခဲ့တာ ဖြစ်သည်။ သူမကိုယ်ပေါ်မှာ အဖြူညစ်ညစ် (သို့) မီးခိုးရောင်ဖျော့ဖျော့ဟု ခေါ်ဆိုနိုင်သော ဇာနားတပ် ဂါဝန်ရှည်ရှည်ကို တွေ့ရသည်။ ခြေထောက်မှာတော့ မည်သည့်ဖိနပ် တစုံတရာမျှ မရှိ။ ထူးဆန်းသည်နော်…။ ပိုက်ဆံအိပ်များ၊ ဖိနပ်များကို အလွန်အမင်း နှစ်သက်တတ်သူ သူမဆီမှာ မည်သည့် ပိုက်ဆံအိပ် မည်သည့်ဖိနပ် တစုံတရာမျှ ရှိမနေပါလား…

ထိုစဉ်အချိန်မှာပင် တံခါးနှစ်ထပ်ကို လွန်မြောက်ကာ တဖက်ခြမ်းကို သိမ်မွေ့ညင်သာစွာဖြင့် သူမ ရောက်ရှိသွားခဲ့တာဖြစ်သည်။ အိမ်ထဲကို ရောက်သွားသောအခါ အရာရာသည် မပြောင်းမလဲ… သူ့နေရာနှင့်သူ စနစ်တကျ စီစီရီရီ ရှိနေသည်ကို အံ့သြဖွယ် တွေ့ရသည်။ ဧည့်ခန်းထဲမှ အနက်ရောင် မှန်စားပွဲငယ်ကလေးကို သူမ လက်ဖြင့် အသာအယာ တို့ထိကြည့်လိုက်သည်။ ခါတိုင်း သူမ တရက်တခါ သုတ်သင်နေကျ ဖုနမှုန့်နုနုလေးတွေ တစက်ကလေးမျှ ရှိမနေ…။ တီဗီဖန်သားပြင်… ထို့နောက် အရောင်ထွက်နေသော လယ်သာဆိုဖာ နက်နက်မှောင်မှောင်တွေ… ထူးဆန်းလိုက်တာ… သူမ နေ့စဉ် ရှင်းလင်း သုတ်သင်နေကျ နေရာများမှာ ဖုန်ဆို၍ တစက်ကလေးမျှ ရှိမနေပါလား…။ ဧည့်ခန်းပတ်ပတ်လည်ကို မျက်စိကစားလိုက်ရာ သူမ နေ့စဉ် ထိတွေ့နေကျ ကြည်လင် စိုလက်နေသော ကွန်ပျူတာ မော်နီတာ မှန်သားပြင်၊ ရွှေငါးကလေးများ လူးလာခေါက်တုန့် ပြေးလွှားနေသော အလှမွေး ငါးကန်မှ အမှုန်အမှိုက်ကင်းစင်ကာ တည်ငြိမ်ပြာလဲ့နေသော ရေပြင်ညီ၊ လောလောလတ်လတ် ရေဖျန်းထားပုံရသော ရေစက် ရေမှုန်လေးများ ခိုတွယ်နေဆဲ အိမ်တွင်း အလှစိုက်သစ်ပင်များမှ သစ်ရွက်စိမ်းလဲ့လဲ့တွေ… အိုး… မယုံနိုင်စရာ…။
ထိုအချိန်မှာပဲ သူမ တစုံတခုကို တွေးမိသွားတာဖြစ်သည်။

ကိုကို… အသံတိုးတိုးလေးဖြင့် သူမ ရေရွတ်လိုက်မိသည်…။ တုန့်ပြန်သံ တစုံတရာ ထွက်ပေါ်မလာ…။ ကိုကိုဟာ သည်လိုလူစားတော့ မဟုတ်တန်ရာဟု သူမ ပိုင်ပိုင်နိုင်နိုင်တွေးမိသော အခိုက်အတံ့လေးမှာ အသက်ကို တဝကြီး ရှုသွင်းလိုက်မိသည်။ ထို့နောက် ခြေလှမ်း ခပ်စိတ်စိတ်တို့ဖြင့် မီးဖိုခန်းထဲ ဝင်သွားလိုက်သည်။ သည်အချိန်ဆို ကိုကို ရုံးက ပြန်ရောက်လို့ ရိုက်စ်ကွတ်ကာဖြင့် နှစ်ယောက်စာ ထမင်းချက်နေပြီ ထင်၏။ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်ကြော်တပန်းကန်၊ ကြက်သား (သို့) ငါးအသားလွှာများကို သံလွင်ဆီအနည်းငယ် ကြက်သွန်ဖြူ ငြုတ်ကောင်းများများဖြင့် မီးပူပူမှာ ဟိုဖက် သည်ဖက်လှန်ကာ ကင်သလို ကြော်သလို လုပ်ထားသော ဟင်းတပန်းကန်ကို ထမင်းစားပွဲပေါ် အချိန်မီရောက်စေဖို့ စီစဉ် ချက်ပြုတ်နေပြီ ထင်၏။ ပြီးလျှင်တော့ အဆင်သင့် သုံးဆောင်ပါ ခင်ဗျာ… ဟူသော ရယ်သံတဝက်ဖြင့် သူမကို ထမင်းစား ခေါ်တော့မည် ထင်၏။
ထိုအတွေးတို့ဖြင့် သူမ ရဲတင်းသွားခဲ့တာ…။

မီးဖိုခန်းအဝမှနေ၍ ကိုကို ဟု ခပ်ကျယ်ကျယ်လေး အော်ခေါ်လိုက်မိသည်။ သို့သော် မီးဖိုခန်းမှာလည်း ဘယ်သူမှ ရှိမနေ။ မီးဖိုချောင်သုံးပစ္စည်းများကလည်း သူ့နေရာနှင့်သူ နေသားတကျ၊ သန့်ရှင်းကာ ပြောင်လက် တောက်ပစွာ…။ မနက်စောစော ဘုရားဆွမ်းတော်ကပ်သည့် ဖန်ပန်းကန်ငယ်ကလေးသည်ပင် ဆွမ်းတော်စွန့်ပြီး ဆေးကြောကာ မှောက်ထားဟန်မှာ သူမလက်ရာအတိုင်း ချွတ်စွတ်။ ကိုကိုကြော်နေကျ ကြက်ဥကြော်သည့် ဒယ်အိုးငယ်ကလေးမှာလည်း ကြော်ပြီးလျှင် အသည်းပုံထွက်သော ပုံစံခွက်ကလေးနှင့် အတူ တွဲလျက်သား…။ ကိုကို… ကိုကို… ကိုကို ဘယ်မှာလဲ…။ သူမ မရှိသည့်နောက်မှာ သူမ၏ ခြေရာ လက်ရာများအတိုင်း အိမ်ကို သန့်ရှင်း စင်ကြယ်ကာ တောက်ပနေအောင် ကိုကို့ကို ဘယ်သူကများ လာကူညီနေသလဲကွယ်…။ အတွေးနှင့်အတူ သူမ ခြေထောက်များ ယိုင်နဲ့လာတာ…

သို့သော် ကိုကိုသုံးနေကျ ရေချိုးဆပ်ပြာနံ့နှင့်အတူ ဆေးနံ့ပါသော ခေါင်းလျှော်ရည်နံ့ကို ရလိုက်သော အချိန်လေးမှာ သူမ ခြေလှမ်းများ တည့်မတ် သေချာသွားခဲ့ပြန်သည်။ ကိုကို ရေချိုးနေတာလားဟင်… ရေကျသံများ ကြားယောင်လာသလိုလို… သေချာတယ်… ဒါ ကိုကို ရေချိုးနေတာပဲ…။ အိပ်ခန်းနှင့် တွဲလျက် ရေချိုးခန်းကို သူမ၏ အမိန့်အတိုင်း ခြောက်ခြောက်သွေ့သွေ့ထားကာ အပြင်ရေချိုးခန်းမှာပင် ရေချိုး ခေါင်းလျှော် ကိုယ်လက် သုတ်သင်ရသည့် အခါတိုင်း ရေတောင် ကိုယ်ချိုးချင်တဲ့ဆီမှာ မချိုးရပါလားကွာ ဟု ငြူစူခြင်းကင်းသော ငြီးတွားမှုမျိုးဖြင့် ကိုကို ပြောလေ့ရှိသည်ကို သတိရသွားသောအခါ သူမ အသံထွက် ရယ်မောမိပါသည်။ သို့သော် ရယ်သံအက်အက်ကွဲကွဲက အပြင်ကိုရောက်မလာ… လည်ချောင်းဝမှာပင် ရပ်တန့်သွားသည် ထင်၏။

စေ့ပိတ်ထားသော ရေချိုးခန်းတံခါးကို သူမ အသာဖွဖွ ခေါက်မိသည်။ သို့သော် ဘာသံမှထွက်မလာ… ပိုမိုသေချာစေရန် သူမ ပါးစပ်ကလည်း အသံပြုကာ တံခါးကို ထပ်ခေါက်မိသည်။ သို့သော် သူမနားထဲမှာ ဘာသံမျှ မကြားရ။ စိတ်မရှည်နိုင်တော့သည့်အဆုံး ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ ဟင်… သူမ တွန်းဖွင့်သော်လည်း မပွင့်လာ… သို့သော် သူမကတော့ဖြင့် ရေချိုးခန်းထဲကို ရောက်နေပေပြီ။ သွားတိုက်ဆေး၊ သွားပွတ်တံ၊ မျက်နှာသစ်ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်သော ပစ္စည်းကိရိယာစုံ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည် အစစ အရာရာသည် သူ့နေရာနှင့်သူ အံဝင်ခွင်ကျ။ ဘယ်အရာမှ ဖရိုဖရဲဖြစ်မနေ…။
ကိုကိုရေ… ဘယ်ရောက်နေတာလဲ…။

တအိမ်လုံး ဘယ်နားမှာမှ ကိုကိုရှိမနေ။ နောက်ဆုံးမတော့ ကိုကိုရှိနိုင်မည့်နေရာ တနေရာသာ ကျန်တော့သည်…။ ထိုနေရာကတော့ သူမတို့၏ အိပ်ခန်းသာ…

ကိုယ်ကို အသာဖေါ့ ခြေဖျားထောက် လျှောက်လှမ်းရင်း အိပ်ခန်းဆီသို့ ဦးတည်မိသည်။ ဤခြေလှမ်းမျိုးဖြင့် လှမ်းလျှောက်လိုက်တိုင်း သူမကို အနောက်ဖက်မှနေ၍ ဟိတ် ငတက်ပြားကလေး… ဟု ချစ်စနိုး ကျီစယ် နောက်ပြောင်ပြီး လာရောက် ဖက်တွယ် နမ်းရှိုက်တတ်သော ကိုကို့ကို အလွန်တရာ လွမ်းဆွတ်သွားပါသည်။ ယခုလည်း အခါများစွာကလိုပင် အနောက်ကနေ ကိုကို ရောက်လာမလား ဟု သူမ တိတ်တခိုး မျှော်နေမိပါသေးသည်။ သို့သော် ကိုကို ရောက်မလာပါ…။ သည်အချိန်မှာ ကိုကို အိမ်မှာ ရှိကို ရှိနေရမည်… သူမ သေချာသိနေပါသည်။ ညနေစောင်း အချိန်မတော်ကြီး ကိုကို အိပ်များနေသလား… သူမ ပြန်အလာကို စောင့်ရင်း ကိုကို အိပ်ပျော်နေလေပြီလား…။

အတွေးနှင့်အတူ အိပ်ခန်းဝကို အရောက်မှာ အိပ်ခန်းတံခါး ပိတ်ထားသည်ကို တွေ့ရသည်။ ဘုရား… ဘုရား… သူမ အသက်ရှုမှားကာ ရင်တွေ အဆမတန် ခုန်လာခဲ့သည်။ ကိုကို... ဘာဖြစ်လို့ အခန်းတံခါးကို ပိတ်ထားတာပါလိမ့်…။ အရင်ကဆို နှစ်ယောက်တည်းနေသော အိမ်ခန်းလေးပင် ဖြစ်လင့်ကစား သူမက အခန်းတံခါးကို မပိတ်တောင် စေ့ရုံ စေ့ထားမှ နှစ်သက်တတ်သူ… ကိုကိုက ဒါမှ လေဝင်လေထွက် ကောင်းတော့မပေါ့… ဟု ဆိုကာ အခန်းတံခါးကို တဆုံး ဖွင့်ထားတတ်သူ…။ အခုမူ အခန်းတံခါးက ပိတ်လျက်သား… ထူးဆန်းလိုက်တာ…

ကိုကိုရေ…
မောပန်းလှစွာသော မရေမရာ သံသယ အတွေးတချို့နှင့်အတူ သူမ ခြေလှမ်းတွေ ယိမ်းယိုင်ကာ လူက ကတုန်ကယင် ဖြစ်လာလေသည်။ သူမဝတ်ထားသော ဂါဝန်လက်ဖျားမှ နှင်းဆီပွင့်ပုံ ပန်းဇာ ဖြူဖြူလေးကို အကြောင်းမရှိ အကြောင်းရှာ ကိုင်တွယ် ပွတ်သပ်ကြည့်နေရင်း အိပ်ခန်းဝတွင် သူမ ခြေစုံရပ်လျက်သား…။ ထိုစဉ် အကြည့်တချက်က ပြူတင်းပေါက်နှင့် ကပ်လျက်မှ ဘုရားစင်ပေါ်ရှိ သပြေပန်းအိုးကလေးဆီသို့ မထင်မှတ်ပဲ ရောက်သွားခဲ့သည်။

ကြည့်ပါအုံး… စိမ်းစိုလက်နေသော အရွက်နုလေးများဖြင့် ဝေဆာ တင့်တယ်နေသော သပြေပင်ကလေးတွေ… သူမ နောက်ဆုံးတွေ့ခဲ့စဉ်က အရွက်နုကလေးများက ထွက်လု ထွက်ခင်… သို့သော် သူမ မရှိသော ရက်ပိုင်းအတွင်းမှာ အရွက်နုလေးတွေ တော်တော်ကြီးလာပါပေါ့လား…။ ကုန်လွန်ခဲ့သော ရက်တွေကို လက်ချိုးကာ ရေတွက်ကြည့်ချင်သော်လည်း သူမ ရေရေရာရာ မမှတ်မိတော့ချေ။

သူမ အကြည့်တို့ကို ဘုရားစင်မှ လွှဲဖယ်ကာ အိပ်ခန်းတံခါးဆီသို့ ပြန်လည် ဆွဲခေါ်လိုက်သည်။ တံခါးကို အသံမြည်အောင် ခေါက်လိုက်ရမည်လား… အဘယ်သို့ အသံပြုရပေမည်နည်း… သူမ ဝေခွဲမရ…။ အခန်းထဲမှာ ကိုကိုတယောက်တည်းရော ဟုတ်ပါ့မလား။ တခြားသူစိမ်းတယောက်ရော ရှိမနေနိုင်ဘူးလား…။ ထိုအတွေးတို့ နောက်မှာ ခြေထောက်များကို ကောင်းကောင်းထောက်၍ မရချင်တော့… ထို့ကြောင့် အခန်းတံခါးကို ကျောမှီကာ သူမ ထိုင်ချလိုက်ရသည်။

ကိုကိုရေ…
ကိုကိုရေ… ဟူသော ရေရွတ်သံ နောက်တကြိမ်မှာ ရှိုက်ငင်သံတွေအတူကပ်လျက် ပါလာခဲ့သည်။ အို… ကိုကိုများ ကြားသွားလေမည်လား…။ ထိုအသံတွေကို ကိုကိုကြားသွားလျှင် အနှောက်အယှက်များ ဖြစ်သွားလေမည်လား…။ တွေးနေရင်းမှာပင် သူမ ရှိုက်ကြီးတငင် ငိုနေမိကြောင်း သတိပြုမိသည်။ အင်း… အင်း… ကိုကိုက ငိုတာ မကြိုက်ဖူး… ချက်ချင်းပင် သူမ အငိုတိတ်လိုက်သည်။ ကြည်လင်သော စိတ်ထားလေးနှင့် မျက်နှာလေး ပြန်ရအောင် မိနစ်အနည်းငယ် အချိန်ယူလိုက်ရသည်။ ငိုထားသော မျက်နှာနီနီကို ကိုကို တွေ့မသွားစေချင်ပါ။ သို့သော် မျက်နှာကို ကြည့်ကောင်းအောင် ပြုပြင်စရာ ပေါင်ဒါဘူးလေး နှုတ်ခမ်းနီလေးမျှပင် သူမမှာ မပါလာခဲ့…။

ကဲပါလေ… ကိုကိုမေးတော့လည်း ပြောပြလိုက်ရုံပေါ့… ကိုကို့အနားမှာ တခြားမိန်းမ တယောက်ယောက်များ ရောက်နေမလားလို့ တွေးပူရင်း ငိုရသည်ပေါ့… သည်လိုဆိုလျှင်တော့ ကိုကိုက ပူစရာမရှိ ရှာကြံပြီး ပူနေသော အရူးမလေး ဟု ချီးကျူး ထောပနာ ပြုမည်မှာ အသေအချာ။

အခန်းတံခါး လက်ကိုင်ဘုကို အသာလှည့်လိုက်စဉ် အခိုက်အတံ့လေးမှာ ခုနက တည်ငြိမ်သွားသော စိုးရိမ်စိတ်များက တဖန် ပြန်လည်ကြီးစိုး နေရာယူလာကြပြန်သည်။ ဘာပဲ တွေ့တွေ့ ရင်ဆိုင်ရမှာနော်… ပြီးတော့ ကိုယ့်နေရာကို အစားထိုးရက်သူရယ်လို့ မစွတ်စွဲပဲ ကြည်ဖြူပေးရမှာနော်… ကိုကိုစိတ်ချမ်းသာဖို့က ကိုယ့်အတ္တထက် ပိုအရေးကြီးတယ်နော်… ကိုယ့်ကိုယ်ကို တဖွဖွ ဆိုဆုံးမရင်း ဘာမဆို ရင်ဆိုင်မည် ဟူသော ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချကာ တံခါး လက်ကိုင်ဘုကို လှည့်ဖွင့်လိုက်သည်။ အို… တံခါးက ပေါ့ပေါ့လေးပဲ…

ဂါဝန်စကလေး လွင့်ကနဲ တချက်အဝှေ့မှာ သူမ အခန်းထဲကို ရောက်သွားသည်…။ အခန်းထဲမှာ မြင်လိုက်ရသော မြင်ကွင်းက သူမရင်ထဲကို စူးစူးရှရှ ဝင်ရောက်ကာ မူးဝေနောက်ကျိလျှက် နေရာမှာ ပုံလျက်သား လဲကျသွားခဲ့သည်။ သို့သော် သူမ၏ ဝိညာဉ်ကတော့ ရုပ်ရှင် အနှေးပြကွက်များထဲကလို လှလှပပ နိုးထကာ ဂါဝန်စလေး တလွင့်လွင့်ဖြင့် ကိုကိုရှိရာဆီကို တလှမ်းချင်း လှမ်းသွားပြီး ကိုကို့ နောက်ကျောကို ညင်သာစွာ ဖက်တွယ်လိုက်မိသည်။

ကိုကိုလား… ကိုကိုကတော့ သူမရဲ့ အထိအတွေ့ကို ဘာမှ မခံစားရသူတယောက်လို…။ အိပ်ရာဘေးမှ စာကြည့်စားပွဲတွင် ထိုင်ကာ စားပွဲပေါ်တွင် ထောင်ထားသော သူမတို့ ချစ်သူဖြစ်ကာစနေ့ရက်တွေက တယောက်နဲ့တယောက် မျက်နှာချင်းဆိုင် ခပ်ခွာခွာ ရပ်ရင်း၊ တယောက်ရဲ့ လက်ချောင်းတွေကို တယောက်က လှမ်းယူ ဆုတ်ကိုင်လို့၊ တယောက်ရဲ့ မျက်ဝန်းတွေထဲမှာ တယောက်က တယောက်ကို ဖွေရှာလို့၊ ကြည်ရွှင် ရယ်မောနေကြသော အနည်းငယ် ဟောင်းနွမ်းနေပြီဖြစ်သော မှန်ဘောင်လေးထဲမှ ဓါတ်ပုံကို မျက်တောင်မခတ် ငေးကြည့်နေခဲ့သည်လေ…။ ကိုကို့ နောက်ကျောကို ပါးဖြင့်မှီအပ်ကာ အသံမထွက်ပဲ သူမ ကြိတ်ရှိုက်ငင်နေခဲ့မိသည်။ ကိုကို့ကို အထင်လွဲချင်ချင် သံသယများဖြင့် ပူလောင်ခဲ့ရသော အချိန်များအတွက် သူမ အထပ်ထပ် တောင်းပန်ရင်း ငိုပြီးရင်း ငို… ငိုရတာကိုပဲ အရသာ တွေ့နေခဲ့သည်…။

သူမတို့ ဓါတ်ပုံကို စူးစူးစိုက်စိုက် ငေးကြည့်နေသော ကိုကို့ မျက်လုံးတွေ နီရဲနေမည်လား… ကိုကို မျက်ရည်ကျနေမည်လား… ကိုကို ပြုံးနေမည်လား… ကိုကို မဲ့နေမည်လား… စသော ကိုကို့မျက်နှာပေါ်မှ ခံစားချက်များကို သူမ ဖွေရှာကြည့်ရန် စိုးစဉ်းမျှ မလိုအပ်တော့ကြောင်းကို တချက်တချက် စည်းချက် မညီညာစွာ လှုပ်ခါသွားသော ကိုကို့ကျောပြင်မှ တဆင့်သော်လည်းကောင်း၊ လည်ပင်းတလျှောက် တင်းမာလာသော သွေးပြန်ကြောများ၏ လှုပ်ရှားမှုများမှ သော်လည်းကောင်း သူမ အသေအချာ ခံစားသိရှိနေခဲ့ပြီဖြစ်သည်။

ကိုကို…
သူမ မရှိသော နေ့ရက်တွေအတွက် ကိုကို့ကို သူမ စိတ်ချလိုက်တော့မည်…။
ကိုကို စိတ်ချမ်းသာဖို့… ကိုကို့ ဘဝမှာ ဆက်လက် နေပျော်ဖို့ သူမ အဝေးမှသာ ဆုတောင်းပေးတော့မည်။ သံသယ စူးစူးများ၊ မယုံသင်္ကာ စိုးရိမ်စိတ်များဖြင့် ကိုကို့အပါးကို သူမ နောက်တကြိမ် ချဉ်းကပ်ရန် ကြိုးစားတော့မည် မဟုတ်ပါ။ ကိုကို့ကျောပြင်ကို နောက်ဆုံးအကြိမ်အဖြစ် အသာအယာ ရှိုက်နမ်းအပြီးမှာ ဘာကိုမှ မချည်နှောင် မတွယ်တာနေတော့ပဲ ဝါဂွမ်းလေးတစလို တိုးတိတ်စွာ သူမ လွင့်မျောသွားခဲ့သည်…
နှုတ်ဆက်ခဲ့တယ် နော်… … ကိုကို…



Friday, October 12, 2012

လှော်တက်ဝယ်သူများနှင့် တညနေ

ဆိုင်အ၀ကနေ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ စားပွဲတော်တော်များများမှာ လူပြည့်နေတာ တွေ့ရတယ်။ ကံကောင်းထောက်မစွာနဲ့ နှစ်ယောက်ထိုင် စားပွဲအလွတ် တလုံးကို တွေ့လိုက်လို့ ခြေလှမ်းတွေကို အရှိန်နည်းနည်း မြှင့်ပြီး ဆိုင်ထဲကို ၀င်သွားလိုက်တယ်။ စားပွဲထိုးဝန်ထမ်းတယောက်ကို လွတ်နေတဲ့ နှစ်ယောက်ထိုင် စားပွဲမှာ ထိုင်မယ့်အကြောင်းကို မျက်ရိပ်ပြပြီး အသိပေးလိုက်တယ်။ ပါးရည်နပ်ရည်ရှိလှတဲ့ စားပွဲထိုးကလေးက အစားအသောက် မှာဖို့ စာရင်းနဲ့အတူ သောက်ရေ ဖန်ခွက်တခွက်ကို စားပွဲမှာ လာချတယ်။ တကယ်ဆို နှစ်ယောက်ထိုင်စားပွဲမှာ သောက်ရေ ဖန်ခွက် နှစ်ခွက်တော့ လာချသင့်တယ် မဟုတ်ဖူးလား။ တကိုယ်ရည် တကာယသမားလို့ ဘယ်လိုအချက်တွေကို ကြည့်ပြီး သိသွားတာပါလိမ့်…။ မကျေမနပ်နဲ့ ခေါင်းကုတ်ရင်း (လုပ်မိလုပ်ရာ) ချောင်းတချက် ဟန့်လိုက်မိတယ်။

အစားအသောက်ကောင်းကောင်းရတဲ့ ဆိုင်တဆိုင်ရဲ့ ညနေခင်းဟာ တော်တော်လေး စည်စည်ကားကား ရှိလှတယ်။ ဆူညံသံတွေကို ကြောက်တတ်တဲ့သူ ဆိုရင်တော့ ဒီလိုဆိုင်မှာ လာမစားသင့်ပေဘူး။ အခုနက စားပွဲထိုးကလေး နောက်တခေါက် ပြန်ရောက်လာတယ်။ မှာတော့မလား ခင်ဗျာ… လို့ လာမေးတယ်။ ကိုယ့်ပုံက တစုံတယောက်ကို စောင့်နေတဲ့ ပုံမျိုး တကယ် မပေါက်ဖူး ဆိုတဲ့ သဘောပဲ။ အသားကင် အခေါက်ကင် ထမင်းပေါင်း တပွဲ၊ အကြော်စုံ တပွဲနဲ့ ထောပတ်သီးဖျော်ရည်တခွက် မှာလိုက်တယ်။ စားပွဲထိုးကလေးက အံ့အားသင့်သွားသလို တချက်ကြည့်တယ်။ တယောက်တည်း ဒါတွေ အကုန်စားမှာလား ဆိုတဲ့ အကြည့်မျိုး။ နောက်တယောက် လာအုံးမှာလေ… လို့ ပြောခွင့် ရချင်သွားတယ်။ ဒါပေမယ့် ၀မ်းနည်းစရာပဲ… ကိုယ်နဲ့အတူ ညစာ စားမယ့်သူ တယောက်မှ မရှိဘူး။


မှာစရာရှိတာ မှာအပြီး ဘေးဘီဝဲယာကို မျက်စိ ကစားမိတယ်။ ဘေးချင်းကပ်ရက် စားပွဲရှည်တခုမှာ အမျိုးသမီး အမျိုးသား တစု ထိုင်နေကြတယ်။ အသက်လေးဆယ်လောက်စီ ရှိကြပုံရတယ်။ သပ်သပ်ရပ်ရပ်တွေပဲ… မျက်နှာချင်းဆိုင် နံရံမှာ ကပ်ထားတဲ့ မှန်ချပ်တွေကတဆင့် မြင်နေရတာတော့ အမျိုးသမီး လေးယောက်နဲ့ အမျိုးသား ငါးယောက် စုစုပေါင်း ကိုးယောက်။ ရှေ့တည့်တည့်က စားပွဲမှာ ခပ်ငယ်ငယ် ကောင်လေးနဲ့ ကောင်မလေး…ချစ်သူ စုံတွဲတွေ ဖြစ်ကြဟန်တူတယ် ကြည်ကြည်လင်လင် ရယ်ရယ်မောမောနဲ့…။ သူတို့နဲ့ ရှေ့ဆင့် နောက်ဆင့် စားပွဲမှာတော့ အသားအရေ နီစပ်စပ် ဆံပင် ရွှေရောင်နဲ့ အနောက်နိုင်ငံသားမှန်း သေသေချာချာ သိသာထင်ရှားနေနေတဲ့ အမျိုးသားတယောက်နဲ့ အသားညိုညို ခေတ်ရှေ့ပြေး အဆင်အပြင်၊ မိတ်ကပ်မျက်နှာနဲ့ စကပ် ပေါင်လယ်လောက်နဲ့ အမျိုးသမီးတဦး… ကြည့်ရတာ အမျိုးသမီးက ကိုယ်တို့ ရိုးရာ အစားအစာတွေနဲ့ သူ့ရဲ့ အနောက်တိုင်းသားကို မိတ်ဆက်ပေးနေဟန်ပဲ…။

မှာထားတဲ့ စားစရာတွေရဖို့ မိနစ်နှစ်ဆယ်လောက် စောင့်ရပါမယ် လို့ စားပွဲထိုးကလေးက လာပြောတယ်။ စိတ်နည်းနည်း ညစ်သွားပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ.. စားချင်တဲ့သူဆိုတော့ စောင့်ရမှာပေါ့…။ ဒီအချိန်မှာပဲ နားထဲကို ရယ်သံ မောသံတွေ ဇွန်းသံ ခက်ရင်းသံတွေ နဲ့အတူ စကားသံတွေ လှိမ့်ဝင်လာခဲ့တာ။

“ကိုယ်က အလုပ်လုပ်တယ်လေ… ၀ယ်ထားတဲ့ အ၀တ်အစား အသုံးအဆောင်တွေ အိမ်မှာနေရင်း ၀တ်ပစ်ရမှာစိုးလို့… လှတုန်း ပတုန်း အရွယ်ရှိတုန်းလေး ၀တ်ရ စားရ သုံးရတာမဟုတ်လား… ပြီးတော့ အလုပ်လုပ်ရတာ အပျင်းလည်း ပြေတယ်လေ… ပိုက်ဆံက သိပ်အရေးမကြီးပါဘူး…”

ဘေးချင်းကပ်ရက် စားပွဲက အသားဖြူဖြူ ခပ်၀၀ ကိုယ်လုံးနဲ့ အမျိုးသမီးက ကိုယ်ပေါ်မှာ ၀တ်ဆင်လာတဲ့ အင်္ကျီနဲ့ မြင်ရုံနဲ့ တန်ဖိုးကြီးမှန်း သိသာစေတဲ့ ပိုက်ဆံအိပ် ကြီးကြီးကို ဘေးလူတွေ မြင်အောင် သိသိသာသာ ပြရင်း ဘာမှ မဖြစ်သလို လေသံမျိုးနဲ့ ပြောတယ်။ ပြီးတော့ တဆက်တည်းမှာပဲ မျက်နှာချင်းဆိုင်က ပိန်ပိန်သေးသေး အမျိုးသမီးကို ယူရော အခု ဘာလုပ်နေလဲ... Working Mother လား... Home Maker ပဲ လား... လို့ ခပ်နှိမ်နှိမ်လေး လှမ်းမေးလိုက်တယ်။ ပိန်ပိန်အမျိုးသမီး မျက်နှာ ကွက်ကနဲ ပျက်သွားတာကို မျက်မှန်ထောင့်စွန်းကနေ မြင်ဖြစ်အောင် မြင်လိုက်ရတယ်…။ သူ ဘာပြန်ပြောမလဲ လို့ အသာ နားစွင့်လိုက်တော့…

“်ဘာလုပ်နေလဲ ဟုတ်လား… စိုးရေ.. ကိုယ် ဘယ်လိုဖြေလိုက်ရရင် ကောင်းမလဲ ဟင်…”

ပိန်ပိန်အမျိုးသမီးက ကြိုးစားပမ်းစား ဟန်လုပ် ပြုပြင်ထားရတဲ့ ရယ်သံချိုလွင်လွင်စွက်တဲ့ အသံမျိုးနဲ့ ဘေးနားက မျက်မှန်တပ် အမျိုးသမီးကို စစ်ကူတောင်းသလို အဖေါ်ညှိသလို လှမ်းမေးလိုက်တယ်။ မေးမယ့်သာ မေးတာပါ… စိုး ဆိုတဲ့ အမျိုးသမီးဆီက အဖြေကို မစောင့်ပဲ သူက တခါတည်း ဆက်ပြောတယ်…။

“ကိုယ် ဘာလုပ်နေလည်း ပြောပြရရင် ကားမမောင်းတတ်လို့ သားသမီးတွေကို ဟိုပို့ ဒီကြို ဒရိုင်ဘာ အလုပ် မလုပ်ရတာကလွဲရင် အိမ်မှာ လိုသမျှ အကုန်လုပ်ရတယ်လေ အေးရဲ့...”

အသားဖြူဖြူ ခပ်၀၀ အမျိုးသမီးနာမည်က အေး တဲ့…။ အဲဒီ အေး ဆိုတဲ့ အမျိုးသမီး နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ အံ့လည်း အံ့သြသွားပုံပဲ.. ပိန်ပိန်အမျိုးသမီးက သူ့မှာ ကားရှိကြောင်းကို လူစုံစုံမှာ ပါးပါးလေး ချပြသွားတာ မဟုတ်လား။ အေး က လှုပ်ရှားသွားးတဲ့ သူ့ကိုယ်သူ ဟန်မပျက်အောင် အသာ ပြန်ထိမ်းလိုက်ရင်း တဟင်းဟင်းနဲ့ ရယ်နေတယ်။ ပြီးတော့… “ဒီအကြော်လေး စားကောင်းတယ်နော်…” လို့ ပြောသံ ကြားလိုက်တယ်… ဒါ သိသိသာသာ စကားလမ်းကြောင်း လွှဲတာပဲ…။

အဲဒီအချိန်မှာပဲ ထမင်းပေါင်းရောက်လာလို့ ဘေးစားပွဲက အသံတွေကို ခဏမေ့သွားတယ်။ မစားဖြစ်တာ ကြာလို့လား မသိ… အငွေ့တထောင်းထောင်းနဲ့ ထမင်းပေါင်းဟာ အတော်လေး အရသာရှိတယ်။ စားနေရင်းက ဘေးစားပွဲက အမျိုးသမီးတွေထဲမှာ ထမင်းပေါင်း ကောင်းကောင်း လုပ်တတ်တဲ့သူများ ပါမလားလို့ မဆီမဆိုင် တွေးမိပြီး ကိုယ့်အတွေးနဲ့ ကိုယ် ရယ်ချင်သွားသေးတယ်။ ဒီအချိန်မှာပဲ အရှေ့စားပွဲက အသံတွေ နားထဲ ရောက်လာတာ။

အနောက်တိုင်းသားနဲ့ အတူထိုင်နေတဲ့ အမျိုးသမီးရဲ့ မိတ်ဆွေဖြစ်ဟန်တူတဲ့ အမျိုးသမီးတယောက် သူတို့ စားပွဲနားမှာ လာရပ်ပြီး စကားပြောနေတယ်။ မိန်းမပီပီ ခပ်ထေ့ထေ့ ခပ်ငေါ့ငေါ့ ပြောတဲ့ လေသံမျိုး…။

“မိန်းမ သိပ်ကောင်းစားနေတယ်ပေါ့… တွဲနေတာ ကြာပြီလား… ဟင်း ဟင်း ဟင်း… ငါ့လည်း မိတ်ဆက်ပေးအုံးလေ…”

အပြောခံရတဲ့ အမျိုးသမီးရဲ့ မျက်နှာ ပိုမော့သွားတယ်... ခေါင်းပေါ်က နီကျင်ကျင် ကောက်လိမ်လိမ် ဆံပင်ခွေတွေကို ဆတ်ကနဲ လက်နဲ့ သပ်တင်လိုက်ရင်း မကြာသေးပါဘူးဟာ သူက အတင်း လိုက်ကပ်နေတာ ငါကတော့ စဉ်းစားနေတုန်းပါ… လို့ ပြန်ပြောတယ်…။ ဒါပေမယ့် လေသံထဲမှာ ကျေနပ် ဝံ့ကြွားဟန်က အထင်းသား…။ နောက်တော့ မိတ်ဆက်ကြ လက်ဆွဲ နှုတ်ဆက်ကြ ရယ်မောသံတွေနဲ့အတူ သိပ်မပြေပြစ် မချောမွေ့လှတဲ့ အင်္ဂလိပ်စကားသံ တချို့ နားထဲဝင်လာတယ်။ ခဏနေတော့ အသံတွေ စဲသွားလို့ အသာ လှမ်းကြည့်လိုက်တာ စကပ်တိုဝတ် အမျိုးသမီးရဲ့မျက်နှာပေါ်မှာ အမျိုးအမည် ဖေါ်မပြတတ်တဲ့ အပြုံးတောက်တောက်တွေ ဝေပြီး သူ့ အဖေါ် ဆံပင်ရွှေရောင်နဲ့လူကို ညုတုတု အကြည့်တမျိုးနဲ့ ကြည့်လို့…။

မှာထားတဲ့ အကြော်စုံ ရောက်လာတယ်။ ဘူးသီးကြော် မြင်းခွာရွက်ကြော် တိုဟူးကြော် နဲ့ ကြက်သွန်ကြော်တွေ ပါဝင်တဲ့ အကြော်စုံ ပူပူနွေးနွေးကို အချဉ်ရည်နဲ့ တို့စားနေလိုက်တယ်။ ရေနွေးကြမ်းနဲ့ သောက်ရရင် ကောင်းမလား တွေးရင်း စားပွဲထိုး တယောက် လှမ်းခေါ်လိုက်တယ်။ ထောပတ်သီးဖျော်ရည်ကို အနားချပြီး ရေနွေးကြမ်းမှာလို့ ထင်တယ်။ စားပွဲထိုးလေးက အူကြောင်ကြောင်နဲ့ ကြည့်သွားတယ်။ ထားတော့…

“ကွန်ဒိုဝယ်ချင်ရင် အခု လက်ငင်း ၆၀ ရာခိုင်နှုန်း ပေးရမှာတဲ့… ကြားပြီးကြပြီလား…”

ဟော… စကားလမ်းကြောင်းက ကွန်ဒိုတွေဖက်ကို ဦးတည်သွားပြန်တယ်။ စိုး ဆိုတဲ့ အမျိုးသမီးက သူ့ လက်ကိုင်အိပ်ထဲက နှုတ်ခမ်းနီတောင့်ကို ထုတ်ယူပြီး မှန်မကြည့်ပဲ ကျွမ်းကျွမ်းကျင်ကျင် ဆိုးနေတာကို အရှေ့က မှန်ထဲကနေတဆင့် လှမ်းတွေ့လိုက်တယ်။ နှုတ်ခမ်းနီ ဆိုးလို့ပြီးသွားတော့မှ ကိုယ်ကတော့ ကွန်ဒိုတွေ မကြိုက်လှဘူး... ဈေးကြီးပြီး အခန်းကလည်း ကျဉ်းက ကျဉ်းနဲ့... ရေကူးကန် ပါတော့ရော ကိုယ်က တလလုံးမှာ ဘယ်နှစ်ရက် ဆင်းကူးနိုင်မှာမို့လဲ… တရက်တရက် ကိုယ့်အခန်းကနေ လှမ်းကြည့်ရင် ဗိုက်ပူသူတော်တွေ ရေထဲ ပက်လက်လှန်နေတာတွေပဲ တွေ့ရမှာ… လို့ မဲ့ကာ ရွဲ့ကာ ပြောတယ်။ စပျစ်သီး ချဉ်တယ် ဆိုတာ ဒါမျိုး ထင်ပါရဲ့…။ ပန်းဆီရောင် ရင့်ရင့် နှုတ်ခမ်းနီကိုမှ အားမနာ နှုတ်ခမ်းတလံ ပန်းတလံနဲ့ ပြောနေတာကို ရှေ့က မှန်ချပ်တွေကနေတဆင့် မြင်ဖြစ်အောင် မြင်လိုက်ရပြန်တယ်…။ သိပ်တော့ ကြည့်မကောင်းတာ အမှန်ပဲ…။

ခုနက ကားအကြောင်းကြားပြီး ငြိမ်သွားတဲ့ အေး ဆိုတဲ့ ဝဝ အမျိုးသမီး ခေါင်းပြန်ထောင်လာတယ်။

“အို… ဘာပဲဖြစ်ဖြစ် အေးကတော့ အသက်ကြီးလာရင် အလုပ်မလုပ်ပဲ ထိုင်စားလို့ရအောင် ကွန်ဒိုလေး တခန်းတော့ ဝယ်မှ ဖြစ်မယ်လို့ အိမ်ကလူကို ပြောထားတယ်… လူငှားတင်ထားရင် တလ ငါးထောင် ခြောက်ထောင်လောက်ကတော့ အသာလေး… လူမပင်ပန်းပဲ ငွေအရင်းစိုက်ရုံနဲ့ ပုံမှန်ဝင်ငွေ ရမယ့်အလုပ်မျိုးကို အခုထဲက စဉ်းစားထားမှ အဆင်ပြေမှာ…”

ကြည့်ရတာ လက်ထဲမှာ ငွေအလုံးအရင်း များများစားစား ရှိနေတဲ့ ပုံမျိုး… အခုချက်ချင်း ထ၀ယ်နိုင်တဲ့ လေသံမျိုး...။ ခုနက ကားရှိကြောင်း ပြောထားတဲ့ ပိန်ပိန်အမျိုးသမီး နှုတ်ဆိတ်သွားတယ်။ ပညာသားပါပါနဲ့ စကားလွှဲတယ်…

“အော်… ဒါနဲ့ အေးကို မေးမလို့.. အေး သမီးတွေ ကျူရှင် ဘယ်လိုပေးသလဲဟင်… အိမ်က သားအတွက် မေးတာပါ… သားက အခုမှ သုံးတန်းဆိုတော့ ငယ်တော့ ငယ်ပါသေးတယ်လေ… ဒါပေမယ့် ခုလောက်ထဲက ဆရာကောင်းကောင်းနဲ့ သေသေချာချာ သင်ထားရင် ကောင်းမလားလို့…”

အေးအတွက် နောက်တကြိမ် အကွက်ဝင်သွားပြန်တယ်…။ ကိုယ်လုံးဝဝကို တသိမ့်သိမ့် လှုပ်ခါ ရယ်မောရင်း “ကျူရှင်ဆရာမတွေက အစားစားရှိတယ်လေ… ကိုယ့်သမီးတွေ ကျူရှင်ဆရာမက ပထမတန်းစားတွေ ဈေးကတော့ ကြီးတယ် ဆရာ… တနာရီကို ရှစ်ဆယ် ပေးရတယ်… တပတ်ကို တဘာသာအတွက် အချိန် နှစ်နာရီနဲ့ လောလောဆယ်တော့ ခြောက်ဘာသာ ပေးထားရတယ်… ကိုယ့်လခရဲ့ ၀မ်း သာဒ်လောက်က သူတို့ နှစ်ယောက် ကျူရှင်ဖိုးနဲ့တင် ကုန်တာပါပဲ…” လို့ ခပ်ညည်းညည်းလေး ပြောလိုက်တယ်။

ကျန်တဲ့ အမျိုးသမီး သုံးယောက် အသံတိတ်သွားတယ်။ သူတို့တွေအားလုံးရဲ့ စိတ်ထဲမှာ ပေသီးတွေ ဂဏန်းပေါင်းစက်တွေချပြီး တော်တော်ကြီး အလုပ်များသွားဟန်တူရဲ့…။ အဲဒီအချိန်မှာ သူတို့လေးယောက်ထဲမှာ ဘာမှ များများစားစား မပြောပဲ တိတ်ဆိတ်နေတဲ့ ဆံပင်ရှည်ရှည်နဲ့ မျက်နှာဝိုင်းဝိုင်း အမျိုးသမီးလေးဆီက အသံထွက်လာတယ်…။

“ဒီကိစ္စမှာတော့ ကိုယ် ကံကောင်းတယ် ဆရာ… ကိုယ့်သမီးက သူ့ကျောင်းမှာ Top ပဲ… ဘာကျူရှင်မှ ပေးစရာမလိုဘူး… အခု XXX ဆိုတဲ့ ကျောင်းမှာ တက်နေတယ်လေ…” ဆိုပြီး နာမည်ကြီး ကျောင်းတကျောင်းရဲ့ အတိုကောက် အင်္ဂလိပ် စကားလုံး သုံးလုံးကို ရွတ်ပြတယ်။ ကျောင်းနာမည်ကြားရုံနဲ့တင် ရှိန်သွားစေတဲ့ ကျောင်း၊ စာတော်မှ အမှတ်များမှ တက်ခွင့်ရတဲ့ ကျောင်း ဆိုတာ တန်းကနဲ သိလိုက်တယ်။ အို ဟုတ်လား သမီးလေးက တော်လိုက်တာနော်… ဆိုတဲ့ စကားသံမျိုး (ဝတ်ကျေ တန်းကျေပဲ ဖြစ်ဖြစ်) ဘယ်သူ့ဆီကများ ထွက်လာမလဲ စောင့်နားထောင်နေပေမယ့် ဘာသံမှ မကြားရဘူး…။

အနားက ဖြတ်သွားတဲ့ စားပွဲထိုးလေးကို အေးဆိုတဲ့ တယောက်က ခေါက်ဆွဲကြော် ပါဆယ် နှစ်ပွဲ လှမ်းမှာတယ်… ကိုယ့် သမီးနှစ်ယောက်အတွက်လေ… လို့ ကျန်တဲ့သူတွေကို လှည့် ပြောတယ်…။ သူတို့နဲ့ အတူပါလာတဲ့ သူတို့ အမျိုးသားတွေလို့ ထင်ရတဲ့သူတွေကတော့ အေးအေးဆေးဆေး စကားပြောလိုက် စားလိုက်နဲ့…။ အမျိုးသမီးတွေ ပြောနေတာကို ဘာမှ စိတ်ဝင်စားဟန် မပေါ်ဘူး။ တချက်တချက်တော့ ရယ်သံခပ်သဲ့သဲ့ ထွက်လာတတ်တယ်…။

အကြော်စုံနဲ့ ရေနွေးကြမ်း ကုန်သလောက်ရှိသွားပြီ။ ထောပတ်သီးဖျော်ရည် စ သောက်တယ်။ ထောပတ်သီးရဲ့ ဆိမ့်သက်သက်အရသာ လျှာပေါ်ကို ရောက်လာတယ်။ အနောက်တိုင်းသားဟာ မုန့်ဟင်းခါးဖတ်သုပ်ကို စားရင်း မျက်နှာမှာ ချွေးတွေ သီးနေတယ်…။ သူ ဖြစ်နေပုံကို အသားညိုမလေးက ကြည့်ရင်း တခစ်ခစ်နဲ့ ရယ်နေတယ်…။ နောက်တော့ တစ်ရှူးတစယူပြီး ချွေးသုတ်ပေးနေတာ ရိပ်ကနဲ မြင်လိုက်တယ်…။ အခုနက သူတို့ကို စကားလာပြောတဲ့ အမျိုးသမီး အနားက တခါ ဖြတ်သွားပြန်တယ်…။ ပြန်တော့မှာမို့ လာနှုတ်ဆက်တာ…။ ဒါပေမယ့် သူ့မျက်လုံးတွေက ဟို အနောက်တိုင်းသားရဲ့ မျက်နှာပေါ်မှာ တရစ်ဝဲ၀ဲနဲ့… အထင်ကြီး လေးစား အားကျဟန်က အထင်းသား။ အဲဒီအမျိုးသမီး ထွက်သွားတော့ သက်ပြင်းတချက်ကို မသိမသာ ချလိုက်မိတယ်…။ ခက်တော့ ခက်နေပါပြီ…။

အစားလည်း စား အသံတွေလည်း ကြားနဲ့ အချိန် တော်တော်ကုန်သွားတယ်။ ပြန်သင့်ပြီလို့ တွေးပြီး ထောပတ်သီးဖျော်ရည်ကို လက်စသတ်ရင်း စားပွဲထိုးကို ခေါ်ပြီး ပိုက်ဆံရှင်းလိုက်တယ်။ ဆိုင်ထဲက ထွက်လာတဲ့ အချိန်မှာ လမ်းပေါ်မှာ လူတော်တော်ရှင်းစ ပြုနေပြီ…။ ဘူတာရုံထဲမှာလည်း လူရှင်းနေပြီ…။ အပြန်ရထားပေါ်မှာ ထောင့်ကောင်းကောင်းတနေရာမှာ ငိုက်မြည်းပြီး လိုက်ပါလာရင်း တခါက စာတအုပ်ထဲမှာ ဖတ်ဖူးတဲ့ လူနှစ်ယောက် လှော်တက် အပြိုင်ဝယ်ကြတဲ့အကြောင်း သတိရသွားတယ်…။ မိတ်ဆွေ တယောက်က ငါးပေရှည်တဲ့ လှော်တက် ၀ယ်တယ်လို့ သတင်းကြားတော့ နောက်တယောက်က သူ့ထက်သာအောင်ဆိုပြီး ခြောက်ပေရှည်တဲ့ လှော်တက် တချောင်း သွားဝယ်ခဲ့သတဲ့…။ အိမ်ပြန်ရောက်တော့ ၀ယ်လာတဲ့ လှော်တက်က ရှည်နေလို့ လှော်ရတာလည်း အဆင်မပြေ… လှေထဲလည်း ထည့်သိမ်းလို့ မရ… အိမ်ထဲမှာ ထောင်ထားဖို့လည်း မဆံ့နဲ့ ဘယ်နားထားရမှန်းမသိ ဘာလုပ်ပစ်ရမှန်းလည်း မသိပဲ ထော်လော် ကန့်လန့် ဖြစ်နေတဲ့ အကြောင်းလေး…။

Monday, October 8, 2012

Baby Small Talk


(Picture from Google)

မြန်မာမိသားစုတွေမှာ ကလေးကို စကား စပြောတဲ့အချိန်မှာ မြန်မာလိုသာ သင်ဖြစ် ပြောဖြစ်ကြတာ သဘာဝပါ။ ဒါပေမယ့် ရေကြည်ရာ မြက်နုရာ ဆိုသလိုပဲ တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ မိသားစုတွေထဲက ကလေးငယ်တွေ ကျောင်းစတက်တဲ့အခါမှာတော့ ကလေးကို ဘယ်ဆရာမကမှ ဘယ်သူငယ်ချင်းကမှ မြန်မာလို လာပြောနေမှာ မဟုတ်ပါဘူး။ ဒီအတွက် မိဘတွေအနေနဲ့ ကိုယ့် ကလေးကို ကျောင်းမနေခင်အချိန် အိမ်မှာ ဒီလို small talk လေးတွေ တလုံးစ နှစ်လုံးစ ပေါ့ပေါ့ပါးပါး ပြောဆိုကြရင်း သူတို့လေးတွေ ကျောင်းမှာ၊ အတန်းထဲမှာ ဆရာမပြောတဲ့ စကား၊ ကလေးအချင်းချင်း ပြောဆိုကြတဲ့ နေ့စဉ်သုံး စကားလေးတွေကို စိမ်းမနေစေဖို့ ရည်ရွယ်ပြီး ဒီပိုစ့်ကို ရေးပါတယ်…။

Pain Pain – ဒါကတော့ စင်္ကာပူမှာ သုံးကြတဲ့ ကလေးစကားပါ… ရယ်စရာလေးနော်…။ တခုခု ထိခိုက်ဒါဏ်ရာရသွားရင် နာသွားလား သို့မဟုတ် နာနေတယ်ဆိုတာကို ပြောတာပါ။ သူငယ်ချင်းတယောက် သူ့သမီးက လက်ကလေး နာနေတာကို Mummy... Pain Pain… လို့ လာပြောတော့ တရုတ်လိုပြောတာလား ထင်ပြီး ဘာမှန်းမသိ ဖြစ်နေတာ တွေ့ဖူးပါတယ်…။ Pain here, Pain there ဆိုတဲ့ စကားမျိုးလည်း ပြောတတ်ကြပါသေးတယ်… ဟိုနားက နာ ဒီနားက နာ ပေါ့လေ…။

ဒါတွေကတော့ ကလေးတွေကို ထမင်းစားချိန် မုန့်စားချိန်တွေမှာ ဆရာမတွေက ပြောလေ့ရှိတဲ့ စကားတွေပါ။

Eat your own food - ကိုယ့်ပန်းကန်ထဲကဟာကို ကိုယ်စားဖို့
Chew properly - စားစရာကို ကောင်းကောင်း ဝါးစားဖို့
Eat little by little - ပါးစပ်ထဲ ပလုတ်ပလောင်း မစားဖို့
Some more please - မဝသေးရင် ထပ်တောင်းဖို့
Finish it up - ကုန်အောင်စားဖို့

Don’t waste foods - မလိုအပ်ပဲ သူများ some more ဆို ကိုယ်လည်း some more လို့ ထပ်တောင်းတတ်တဲ့ ကလေးတွေ တွေ့ဖူးတယ်။ ပြီးတော့ တကယ်တမ်းမှာ စားလို့ မကုန်တော့ဘူး… တခါ နှစ်ခါတော့ ဆရာမတွေက ဘာမှမပြောဘူး သိပ်များလာရင်တော့ အဲလို ပြောတတ်တယ်…

No sharing - တချို့ကျောင်းတွေမှာ ကလေးတွေအတွက် အိမ်ကနေ မုန့်ထည့်ပေးရတတ်ပါတယ်…။ အဲဒီအခါမှာ တယောက်နဲ့ တယောက်ပါလာကြတဲ့ မုန့်အမျိုးအမည်တွေ မတူကြတဲ့အခါ လဲစားတာတို့ လုစားတာတို့ ဖြစ်လာတတ်တယ်။ ပြီးတော့ ရန်ဖြစ်ကြ ငိုကြယိုကြပေါ့။ ဒီအတွက် ဆရာမတွေက အစထဲက ကိုယ့်ဟာကိုယ် စားကြဖို့ သတိပေးတတ်ကြတယ်။ စကာင်္ပူက ကျောင်းအများစုကတော့ အဲဒီလို မုန့်ယူသွားစရာ မလိုဘူး ကလေးအားလုံး ကျောင်းက ကျွေးတာပဲစားကြရတယ်…။

Tummy full - စားလို့ ဝသွားပြီ
Wipe your mouth - စားနေရင်း ပါးစပ်ပေနေရင်
Wash your hand - စားပြီးရင် လက်ဆေး
Wash your mouth - စားပြီးရင် ပါးစပ်ဆေး
Play time - ထမင်းစားပြီးရင် ကစားကွင်းကို ဆင်းကစားကြတော့မယ်…

အဲဒီအခါမှာ ဆရာမတွေက ကလေးတွေကို စည်းကမ်းတကျ သွားဖို့ သင်ပေးရတယ်...။

Line up - တန်းစီ…
One by One - တယောက်ချင်းစီ သွားမယ်
Two by two - နှစ်ယောက် တတွဲသွားမယ်

Be my partner - သားလေးက ပြန်ပြောပြတာ… ဆရာမက two by two line up လုပ်ဆိုတော့ သူက Partner ရှာနေတုန်း ကောင်မလေး တယောက်က Be my partner လို့ ပြောပြီး သူ့လက်ကို လာတွဲတာတဲ့… (မိခင်ဖြစ်သူ ရင်ခံသွားပြီး ထမင်း မစားနိုင်တဲ့ နေ့ပေါ့…)

Keep quiet - စကားများနေလို့ ပြောတာ
Quiet please - တိတ်တိတ်နေကြ…

ဒါတွေကတော့ ကစားကွင်းမှာ ဆရာမတွေက ကလေးတွေကို ထိန်းရင်း တတွတ်တွတ် ပြောနေကြတဲ့ စကားမျိုးတွေ…

No jumping
No running
Mind your step
Watch out
Come closer
Keep going…
Be careful / Careful baby
Be a good boy / Be a good girl
Don’t touch
Put it back
Sit side by side/ put side by side

ပြောစကားနားထောင်တဲ့ ကလေးတွေကို

Good boy Good girl
Oh.. you are so smart
Good job
Well done
Keep it up
Bravo… စသဖြင့် ချီးကျူးဖို့ မမေ့နဲ့အုံးနော်…

ကလေးတန်းလေးတွေမှာ Show & tell နဲ့ Speech & Drama ဆိုတဲ့ အစီအစဉ်လေးတွေရှိတယ်…

Show & tell ကတော့ ကိုယ်ကြိုက်တဲ့ ပစ္စည်းလေးတခုခုကို ကျောင်းကိုယူလာပြီး အဲဒီပစ္စည်းလေးအကြောင်း စီကာပတ်ကုံး ပြောပြကြရတာ… သားလေးက သူ သုံးနှစ်သားတုန်းက သင်္ကြန်မှာ သူတပ်ခဲ့ရတဲ့ နေကာမျက်မှန်အမည်းလေး ယူသွားပြီး မျက်မှန်လေးအကြောင်းရော မြန်မာသင်္ကြန်အကြောင်းရော ပြောပြလိုက်တယ်လေ…။ သူဘယ်လိုပြောတယ်ဆိုတာ ကိုယ်နားမထောင်ရ မကြားရပေမယ့် သူ့အတန်းဆရာမက သားလေး စကားပြော ကောင်းကြောင်း တွေ့တိုင်း တဖွဖွ ပြောနေတော့တာပဲ…။

Speech & Drama ကတော့ တေးသရုပ်ဖေါ်လို Play တွေလို သရုပ်ဆောင်ရတာမျိုးပေါ့…။ အဲလို အချိန်တွေမှာ ကလေးတွေ သိပ်ပျော်ကြတယ်…။ သဏ္ဍာန်လုပ် သရုပ်တူ ဆိုသလို လှုပ်ရှား ကခုန်ရင်း မမောနိုင် မပမ်းနိုင်…။

Stand at the corner - ဆိုတာကတော့ ကလေးတွေကို ပြောစကား နားမထောင်ရင် အပြစ်ပေးတာပါ…။ အခန်းထောင့် နံရံကို မျက်နှာမူလို့ ၁၀ မိနစ်ဖြစ်စေ ၁၅ မိနစ်ဖြစ်စေ မတ်တပ်ရပ်နေခိုင်းတာမျိုးပါ…

ကျောင်းက ပြန်လာတဲ့ ကလေးတွေကို ဆီးကြိုနှုတ်ဆက်စရာ စကားလေးတွေ…

How’s your school day?
What is the best part of your day?
Are you happy at school?
How’s your meal?
How’s your friends?

ဒါလေးတွေကတော့ နေ့စဉ်သုံး စကား လွယ်လွယ်လေးတွေပါ…

Put your cap
Take out your shoes
Put back your shoes
Tie your shoelace
Carry your bag
Bring your water bottle
Drink more water
Clap your hand…
Oh you are yawning…
Are you sleepy?
What happened?
How about me..?
Pass it to him / Pass it to me..
Move a bit
Don’t push me/ him
Don’t push the chair
Stand up / sit down
Put it back
Put properly…
Don’t be naughty
Let’s eat out…

ကိုယ်မှတ်မိသလောက် Small Talk လေးတွေ ရေးထားပါတယ်…။ ကလေးငယ်လေးတွေ ရှိတဲ့ မိဘတွေအတွက် အနည်းနဲ့ အများတော့ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…။




မှတ်ချက် - ဒီပိုစ့်ကို ရေးဖြစ်အောင် တိုက်တွန်းခဲ့တဲ့ စာရေးဖေါ် ကိုသီဟသစ် (အားမန်သစ်) ကို ကျေးဇူးတင်ပါတယ်။ ဒီတပတ်ထွက်တဲ့ ကလေးဂျာနယ်မှာ ဖေါ်ပြပြီး ဖြစ်ပါတယ်…။