Wednesday, December 31, 2008

ဒီဇင်ဘာကို နှုတ်ဆက်ခြင်း

ဒီတစ်နှစ်
နေရစ်ခဲ့တော့ ဒီဇင်ဘာရေ…

အသစ် အသစ်တွေ ဘယ်လိုပြောင်းပြောင်း
အဟောင်းကိုသာ ချစ်ခင်တွယ်တာစိတ်
ရင်ထဲမှာ အစဉ်အမြဲ ရှိနေတတ်ပေမယ့်
ဒီတကြိမ်တော့ ကိုယ့်ကို ခွင့်လွှတ်ပါလို့ 
လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါရစေ…

ကုန်ခဲ့တဲ့ နှစ်ဟောင်းရဲ့  နေ့ စွဲတွေထဲမှာ
ကိုယ်ဘာတွေ ရရှိခဲ့သလဲ
ကိုယ်ဘာတွေ ဆုံးရှုံးခဲ့သလဲ
ကိုယ်ဘာတွေ တိုးပွားခဲ့သလဲ
ကိုယ်ဘာတွေ ဆိုးရွားခဲ့သလဲ
ကိုယ်ဘာတွေ ချန်ခဲ့နိုင်သလဲ
ကိုယ့်အတွက် ဘာတွေ ကျန်ခဲ့နိုင်သလဲ
….. လဲ
….. လဲ
….. လဲ
ထိုအရာတွေကို အပြန်ပြန် အလှန်လှန်
ဝေဖန်ကာ ဆန်းစစ် ကြည့်ပြန်တော့
အဖြေမှန်ဟာ ကိုယ့်ကို ကွင်းကာရှောင်…
စိမ်းစိမ်းကားကားနဲ့  မသိချင်ယောင် ဆောင်နေလေရဲ့ …။

ဒီလိုဆိုတော့ဖြင့်…
လူသားဆန်ဆန် ကိုယ်ဟန်မဆောင်ချင်တော့ပါ
ဒီနှစ်ဟာ ကိုယ့်အတွက်
ထင်သမျှ အစစမှာ
ဘ၀င်ကျစရာ သဟဇာတ မဖြစ်ခဲ့သမို့ 
နောင်နှစ်မှာ ဆိုတဲ့ မျှော်လင့်ချက်
ကိုယ့်ရင်တွင်း တိုးဝင် ပွေ့ ဖက်
အလုအယက်…

နှစ်သစ်ကို…
ကိုယ်… ကြိုဆိုပါရစေ
ကိုယ်… ရင်ခုန်ပါရစေ
ကိုယ်… မျှော်လင့်ပါရစေ
ကိုယ်… တမ်းတပါရစေ
ကိုယ်…
ကိုယ်…

ဒီဇင်ဘာရေ…
တောင်းပန်ရင်း နှုတ်ဆက်ပါရစေ…
ရာသီစက်ဝန်း တစ်ပါတ်လည်မှာ ပြန်ဆုံကြတာပေါ့နော်…
မျှော်လင့်ခြင်းကို ရင်ခုန်တတ်တဲ့ ကိုယ်
အိပ်မက်အသစ်ကို တမ်းတတတ်တဲ့ ကိုယ်
ကိုယ်ချစ်ရတဲ့ ဒီဇင်ဘာကို
လွမ်းပင်လွမ်းလျက် လွမ်းလက်စနှင့်ပင်
ချန်ရစ်ခဲ့ပါရစေတော့…

ဒီတစ်နှစ်
နေရစ်ခဲ့တော့ ဒီဇင်ဘာရေ…


Wednesday, December 24, 2008

Merry Christmas & Happy New Year 2009






အခုရက်တွေမှာ အလုပ်များနေလို့  ဘာမှလဲ အသစ်မရေးဖြစ်၊
သူငယ်ချင်းတွေဆီလဲ မှန်မှန် အလည် မရောက်ဖြစ်ပါဘူး။
လာလည်ကြတဲ့ သူငယ်ချင်းများကို
ခရစ်စမတ် ပွဲတော် နှင့် မင်္ဂလာ နှစ်သစ် ၂၀၀၉ မှာ ချမ်းမြေ့ ပျော်ရွှင်ကြပါစေ လို့ 
ဆုတောင်းပေးရင်း E Mail က ရတဲ့ ချစ်စရာ ပုံလေးတွေကို
အမှတ်တရ အဖြစ် လက်ဆောင်ပေးလိုက်ပါတယ်။


Friday, December 19, 2008

ဘလော့ဂ် နှင့် ကိုယ်

ဒီနေ့  အရမ်း အိပ်ချင်နေသည်။
မျက်စေ့က နဲနဲမှ မပွင့်ချင်…။
လဘက်သုပ်တွေ ကော်ဖီတွေလဲ ဘယ်လိုမှ မကယ်နိုင်…။
အလုပ်ထဲမှာလဲ အာရုံမရ…။ စိတ်တွေက ဟိုရောက် ဒီရောက်…။
လုပ်စရာတွေရှိနေပေမယ့် စိတ်ပါလက်ပါ မလုပ်ချင်။

ပျင်း ပျင်းနဲ့  ပျင်းရိခြင်း ၆ ပါး အကြောင်း အကျယ်ချဲ့ တွေးနေမိသည်။
အမှန်တကယ် ပျင်းနေသူတစ်ယောက်အဖို့ တော့ ပျင်းရိခြင်းမှာ ၆ ပါး မ ကပါ…။
အေးလျှင်လဲ ပျင်းသည်။
ပူလျှင်လဲ ပျင်းသည်။
မိုးရွာနေသောကြောင့် ပျင်းသည်။
နေပူသောကြောင့် ပျင်းသည်
နောက်ကျနေသောကြောင့် ပျင်းသည်။
စောသေး၍ ပျင်းနေသည်။
ဗိုက်ဆာ၍ ပျင်းသည်။
ဗိုက်ပြည့်နေသဖြင့် ပျင်းသည်။
ပျင်းပုံ ပျင်းနည်း အမျိုးစုံဖြင့် ပျင်းသည်။
တစ်ခါတစ်ခါမှာ ပျင်းတယ်လို့ ပြောဖို့ ရာတောင်မှ ပျင်းနေတတ်သေးသည်။

ပျင်းတတ်တဲ့ဘ၀ တစ်ချို့ က အိပ်ရမှာတောင် ပျင်းသတဲ့…။
မအိပ်ပဲ ငုတ်တုတ်ထိုင် နေရတော့ကော ပျင်းစရာ မကောင်းပေဘူးလား…။
တွေးရမှာတောင် ပျင်းပါတယ်လေ ဟု စဉ်းစားမိကာ ဆက်မတွေးချင်တော့ပြီ…။

သေသေချာချာ စဉ်းစားကြည့်တော့ ခုထက်ထိ ပျင်းစရာ ရှာမရသေးသော၊ ပျင်းရိဖွယ် မကောင်းသေးသော အလုပ်တစ်ခုတော့ ပြစရာ ရှိနေသည်။ ထိုအရာကား ဘလော့ဂ်ခြင်းပင်…။
အချိန်ရသ၍ ထိုဘလော့ဂ်တွေထဲမှာ ပျော်မွေ့ ၊ ဘလော့ဂ်တွေကို မပျင်းမရိ စိတ်ဝင်တစား လည်ပတ် ဖတ်ရှုသည်။ ကိုယ်တိုင်လဲ မတောက်တခေါက် စာတိုပေစများကို ကြိုးစားပမ်းစား ရေးသားနေသေးသည်။ ထိုဘလော့ဂ်လေးကြောင့် ချစ်ခင်စဖွယ် သူငယ်ချင်း မိတ်ဆွေသစ်များလဲ တိုးပွားလာသည်။ တစ်ယောက်ဆီကို တစ်ယောက် အိမ်လည် (ဘလော့ဂ်လည်) ထွက်ကြသည်။ C Box မှာ နှုတ်ဆက်စကားတွေ ဆိုကြသည်။ စာတွေဖတ်၍ Comment များ ရေးကာ စာမူခများ ပေးလေ့ရှိကြသည်။

ထိုဘလော့ဂ်တွေနဲ့  ပတ်သက်လျှင် ဘယ်သူက ဘယ်နိုင်ငံက ဘယ်မြို့ မှာနေသည်၊ ဘယ်သူကဖြင့် တစ်ကိုယ်တည်း… အဟဲ၊ ဘယ်သူတွေကတော့ အိမ်ထောင်ရှိကြသည်၊ ဘယ်သူတွေကတော့ မကြာမီ လာမည် မျှော်၊ ဘယ်သူနဲ့ ဘယ်ဝါ ဘယ်ဘလော့ဂ်မှာ ဘာတွေပြောကြသည်။ ဘယ်သူရဲ့  ဘလော့ဂ်မှာ ဘာလေးတွေ ထူးထူးခြားခြားတွေ့ရသည်။ ဘယ်သူ့ ဆီမှာ ဟင်းချက်နည်း အသစ်တွေ စားချင်စရာ ရှိနေသည်။ ဘယ်သူကတော့ဖြင့် ဘလော့ဂ် ခဏ နားနေသည်။ ဘယ်သူကတော့ ဒီရက်ပိုင်းမှာ ခရီးသွားနေလို့  ဘာပိုစ့်မှ အသစ်မတက်။ ဘယ်သူကတော့ ဘာပြဿနာတွေ တက်နေသည်။ ဘယ်သူကတော့ဖြင့် စိတ်တို ပေါက်ကွဲနေသည် စတာတွေအပြင် ဘယ်သူ့ ရဲ့ မွေးနေ့ က ဘယ်နေ့ ၊ ဘယ်သူတွေရဲ့  မင်္ဂလာနှစ်ပါတ်လည်က ဘယ်နေ့ ၊ ဒီနှစ်ဆို ဘယ်နှစ် နှစ်မြောက်... အစရှိသည်တို့ ကိုလည်း အထူးကျက်မှတ်စရာ မလိုပါဘဲ မှတ်မှတ်သားသား သိရှိနေတတ်သေးသည်။ သူတို့ တွေကို ကိုယ်တိုင် မမြင်ဖူး မတွေ့ ဖူး မသိကျွမ်းဖူးပေမယ့် စိတ်ထဲကတော့ ငယ်ပေါင်းကြီးဖေါ်များပမာ အရမ်းကို ရင်းနှီးနေသည်။

တနေ့ တနေ့  နံနက် မိုးလင်းလင်းချင်း အိပ်ရာထဲက မထွက်ခင် ကိုယ့်ဘလော့ဂ်လေးကို ဖုန်းထဲမှာ အရင်ခေါ်ကြည့်ရသည်။ Comment အသစ်တွေ၊ C Box လေးမှာ စာကြောင်း အသစ်တွေ မြင်ရပါက ရုံးနောက်ကျချင် နောက်ကျပါစေ ကွန်ပြူတာကို ခပ်မြန်မြန်ဖွင့်ပြီး ဖတ်သည်။ (ဖုန်းထဲမှာ မြန်မာစာလုံး မမြင်ရ၊ လေးထောင့်အတုံးများသာ မြင်ရသည်။) အလုပ်ချိန်မှာလဲ တစ်ချက် တစ်ချက် ကိုယ်နှစ်သက်ရာ ဘလော့ဂ်လေးများ၊ သူငယ်ချင်းများရဲ့  ဘလော့ဂ်လေးများကို ၀င် ၀င်ဖတ်ကြည့်ဖြစ်သည်။ ထိုအချိန်မျိုးတွေမှာတော့ ဖတ်ရုံသာ ဖတ်ပြီး Comment ကို နောက်မှ တစ်ခေါက်ဝင်ရေးသည်။ ထမင်းစားချိန်တွင်မူ ပြောစရာမလိုတော့… အစားကို ကောင်းကောင်း ဖြောင့်ဖြောင့် မစားနိုင်၊ အချိန်ပြည့် ဘလော့ဂ်လည်သည်။

ညနေ အိမ်ပြန်ရောက်တာနဲ့  စားဖို့ သောက်ဖို့ ကို ကဗျာကရာ ပြင်ဆင် စားသောက်ပြီးတာနှင့် ကွန်ပြူတာရှေ့ ရောက်သွားပြီး ဖွင့်မိသည်မှာလဲ ထိုဘလော့ဂ်များပင်။ ဟိုးအရင်ကလို ကစားနေကျ အွန်လိုင်းဂိမ်းများကိုလဲ မစွဲလမ်းတတ်တော့ပြီ။ ဂျီတော့ခ်မှာလဲ အနယ်နယ် အရပ်ရပ်မှ သူငယ်ချင်း တစ်သိန်းနဲ့ ချက်တင်း မနှောနိုင်တော့ပြီ။ အားအား ယားယား သူငယ်ချင်းများနှင့်လဲ ဟိုအကြောင်း ဒီအကြောင်း၊ Sales တွေအကြောင်း၊ Discount တွေအကြောင်း ဖုန်းဆက်ရင်း လေမပေါဖြစ်တော့ပြီ။ အချိန်တိုင်း ဘလော့ဂ်မှ ဘလော့ဂ်… ဘလော့ဂ်ပြီးရင်း ဘလော့ဂ်…။ အိမ်ကလူရဲ့  မကြိုက်တကြိုက် အကြည့်တချို့ ကိုလဲ ကြိုးစားပမ်းစား ဘာသာပြန် မနေချင်တော့ပြီ။ မသိချင်ယောင်ကို အကြီးအကျယ် ဆောင်ကာ လုပ်ချင်တာကို စိတ်ပါလက်ပါ လုပ်နေဖြစ်သည်မှာ တော်တော်ညဥ့်နက်သည်အထိ။ အချိန်ကျရုံတင်မက အချိန်လွန်နေပြီး မတတ်သာ၍ အိပ်လိုက်ရသော်လည်း စိတ်အတွေးတွေကတော့ ထိုဘလော့ဂ်လေးတွေဆီမှာ တရစ်ဝဲ၀ဲ။ မအိပ်ခင်မှာလဲ နောက်ထပ် ပိုစ့်အသစ်တစ်ခုအတွက် ဘာလေးရေးရပါ့မလဲ စဉ်းစား။ ဒါတွေအပြင် ရောက်လေရာ အရပ်တွေမှာလဲ ကင်မရာ တရမ်းရမ်းနဲ့  ဟိုရိုက်ရ ဒီရိုက်ရ၊ ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ်လ် တစ်ယောက်လိုလို၊ ကမ္ဘာလှည့် ခရီးသည် တစ်ယောက်လိုလို ဘာလိုလို။ ဘေးလူ အမြင်ကပ်မယ်ဆိုရင် ကပ်ချင်စရာ။

ခက်တော့ တော်တော်ခက်နေသည်။
ထိုသို့ စွဲလမ်းနေခြင်းသည် အနာဂတ်အတွက် ကောင်းသော အလားအလာတစ်ခုတော့ မဟုတ်ပြီ။ ခုတောင်မှ လက်က ကိုက်၊ မျက်လုံးတွေက အောင့်၊ ဇက်ကြောတွေ တက်၊ ပြီးတော့ လူက အချိန်လုံး ညောင်းနေသလိုလို၊ အိပ်ရေး မ၀သလိုလို၊ ဟိုနားက နာ ဒီနားက နာ၊ အသက်ကလေးကလဲ ရလာတော့ ခန္ဒာကိုယ်က နဲနဲ အချက်ပြလာကြပြီ။ အိမ်ရှင်မတစ်ဦး ဖြစ်သောကြောင့် ပစ်ထားသော အိမ်အလုပ် အကြွေးတွေကို တစ်ခါတစ်ခါ စုပုံရှင်လင်း ရသည်မှာလည်း မနိုင်မနင်း။ ဒါဆို ဘယ်လိုလုပ်ရပါ့။

ဒီတော့ တစ်ခု စဉ်းစားမိသည်။
ကျန်တဲ့ ဘလော့ဂ်ဖေါ် ဘလော့ဂ်ဖက် သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းတွေရဲ့  အချိန်ကို စီမံခန့် ခွဲပုံ၊ ဘလော့ဂ်လေးအပေါ် စွဲလမ်းတတ်ပုံ၊ ဘယ်လိုအချိန်တွေမှာ ဘလော့ဂ်လေးအတွက် လှုပ်ရှားကြပုံတွေကို သိလိုသော စိတ်ဆန္ဒ ပေါ်လာမိသည်။ ပြီးတော့ အဲဒီစွဲလမ်းစိတ်တွေကိုလည်း ဘယ်လိုနည်းနဲ့  လျှော့ချကြသည်ကိုပါ တစ်ဆက်တည်း သိချင်နေသေးသည်။ ဒါတွေကို ပိုစ့်လေးတစ်ခု ဖြစ်ဖြစ်၊ Comment လေးမှာဘဲ ဖြစ်ဖြစ် ရေးပြီး ပြောပြကြရင်တော့ အတိုင်းထက် အလွန် (ပွပွကြီး ဖြစ်နေတာ မဟုတ်ပါ) ကျေးဇူးတွေ တင်နေမိမည်။

ခါတိုင်းလို တစ်ယောက်ချင်းစီ အမည်နာမတွေ ရေးသား၍ တက်ဂ်ရင် ကောင်းမလား၊ ဒါမှမဟုတ် ဒီပိုစ့်ကို လာဖတ်သူများထဲမှ ရေးချင်စိတ်ပေါ်လာသူများသာ ရေးပေးကြပါဟု ပြောရရင်ကောင်းမလား ဟုစဉ်းစားနေသည်။ ဘာဘဲဖြစ်ဖြစ်လေ… ဘလော့ဂ်ရေးသူတွေကို ကောင်းကောင်း ကိုယ်ချင်းစာနိုင်သည်။ ဘယ်သူမှ အချိန်တွေပေါလွန်း အချိန်တွေ အားလွန်း၍ ဘလော့ဂ်ရေးနေကြခြင်း မဟုတ်။ ထို့ကြောင့် နာမည်များဖြင့် မတက်ဂ်လိုတော့ပြီ။ ဒီပိုစ့်ကို လာဖတ်မိသော သူငယ်ချင်းတို့  တွေးမိသလို၊ စိတ်ကူးရရင် ရသလို၊ အချိန်ရရင် ရသလို ရေးပေးကြပါ ဟုသာပြောချင်ပါသည်။ ကြိုတင် ကျေးဇူးတင်နေပါသည်။


သူငယ်ချင်းများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ဘလော့ဂ်နိုင်ကြစေ…။

Sunday, December 14, 2008

နှစ်ကိုယ်တူ


အစက,တော့ ရိုးရိုး...

နောက်တော့ တစ်မျိုးတိုးလို့ ... ချစ်ပြန်ဆိုပဲ...။



Thursday, December 11, 2008

၂၀၀၈ မှတ်တမ်း

အချိန်တွေကုန်တာ မြန်လွန်းလှသည်။ နောင်ထပ် ရက်အနဲငယ်ကြာရင် ၂၀၀၉ ဟူသော နှစ်သစ် တခုကိုရောက်တော့မည်။ ကုန်လွန်ခဲ့သော ၂၀၀၈ အကြောင်ကိုးပြန်တွေးကြည့်တော့လဲ ဘာမှ သိပ်မယ်မယ်ရရ မရှိလှ…။

မှတ်မိသမျှ ပြောရရင်… တပါတ်မှာ ငါးရက် အလုပ်လုပ်၍ နှစ်ရက် နားရသည်။ အလုပ်ထဲမှာလဲ သိပ်မဆိုးလှ…။ လုပ်ဖေါ်ကိုင်ဖက် တရုပ်၊ မလေး၊ မြန်မာ တွေနဲ့  အဆင်ပြေသည်။ ကိုယ့်အထက်က လူကြီးတွေနှင့်လဲ ဆက်ဆံရေး အဆင်ပြေသည်။ လခ တစ်ခါတိုးပြီးပြီ။ ဒီလောက်ဆိုရင် တော်ပြီပေါ့…။

ဒီရက်ပိုင်းအတွင်းမှာ ပရိုဂျက် အသစ် များများစားစားမရှိလှ…။ ထို့ ကြောင့် နဲနဲ အသက်ရှု ချောင်နေသည်။ အခု ဒီဇင်ဘာလကုန်တွင် ရမည့် ပုံမှန်လခ နှင့် နောက်ထပ် တစ်လစာ ဘောနပ်စ်ကို မျှော်လင့်နေသည်။ အခုတလော ကမ္ဘာမှာ စီးပွားက ပျက်စပြုနေသည်ဟု ကြားကြားနေရသောကြောင့် ဒီနှစ်အဖို့  ဘောနပ်စ် ရမှရပါတော့မလားဟု ပူသူတွေလဲရှိ…။ နောင်နှစ်မှာ မိန်းမယူရန် ပိုက်ပိုက်စုနေသူများကလဲ ထိုဘောနပ်စ်ကို မျှော်လင့်နေကြသည်။ ဘာဘဲဖြစ်ဖြစ် ရလျှင်တော့ ပျော်စရာပေါ့…။ ရရင်တော့ နှစ်သစ်နှင့် တရုပ်နှစ်ကူးတွင် ရှော့ပင်တွေ ခဏခဏ ထွက်ရန် ရည်ရွယ်ထားသည်။

နားရသည့် စနေ တနင်္ဂနွေ နှစ်ရက်မှာ အိမ်သန့် ရှင်းရေးလုပ်၊ ဈေးဝယ်၊ ချက်ပြုတ်၊ လျှော်ဖွပ် မီးပူတိုက်ရတာနဲ့ တင် တစ်ရက် ကုန်သွားသည်။ ကျန်တဲ့ တစ်ရက်မှာတော့ အောချတ်လေး၊ စီးတီးဟောလေး ဘယ်လေး ညာလေး သွားရင်သွား…။ ရုပ်ရှင် ကြည့်တဲ့အခါကြည့်…။ မဟုတ်ရင် ဟိုက ဒီက ဖိတ်ကြတဲ့ သူငယ်ချင်းတွေ အိမ်မှာ သွားစားကြသည်။ အိမ်မှာ စုတဲ့အခါ စုကြသည်။ မြန်မာစာ စစ်စစ်လေးများ ချက်ပြုတ်စားကြသည်။ ထိုအခါ ပိတ်ရက် နှစ်ရက်က တကယ်ကို မ၀ မလင်…။ တခါတရံ ကြာသာပတေးလို ပိတ်ရက်များမှာ သောကြာနေ့  ခွင့်ယူပြီး စနေ တနင်္ဂနွေ နှင့် ဆက်နားလိုက်သည်။ ဘာမှ သိပ်ကြီးကြီးကျယ်ကျယ် မဖြစ်သော်လည်း ဆေးခွင့်ကို တစ်လ တစ်ခါလောက်တော့ ယူဖြစ်သည်။ မဟုတ်ရင် ဆေးခွင့်တွေ ပိုနေမှဖြင့် နှမြောစရာ…။

နောက်နှစ် ၂၀၀၉ မှာတော့ ပိတ်ရက်တွေက ဆက်နေကြသည်။ အီးမေးလ်မှ ရထားသော ၂၀၀၉ အတွက် ပိတ်ရက် (စင်္ကာပူ) ပြက္ခဒိန်ကို သတင်းအဖြစ် ဝေမျှပေးလိုက်သည်။


အနီရောင်ဖြင့် ပြထားသောရက်မှာ အစိုးရ ရုံးပိတ်ရက်၊ အ၀ါရောင်မှာ စနေ တနင်္ဂနွေ နေ့ များ၊ အပြာရောင်မှာ ခွင့်ယူသင့်သော နေ့ ရက်များ။ ထိုရက်များတွင် ခွင့်ယူပါက အသင် ရနိုင်သည့် ဟောလီးဒေး ရက်ရှည်များ ကိုတွေ့ ရမည် ဖြစ်သည်။ ကြိုတင်ပြင်ဆင်ခြင်းကို နှစ်သက်တတ်သူများအတွက် အလွန်ကောင်းသော ပြက္ခဒိန်ပင်…။ ဟိုတစ်ရက်က ရုံးမှ အထက်လူကြီးကို ထိုပြက္ခဒိန်ကိုသွားပြကာ ၂၀၀၉ အတွက် ထိုအပြာရောင်နေ့ ရက်များကို အခုထဲက ကြိုပြီး ခွင့်တင်ထားချင်ပါသည်ဟု ရှည်ရှည်ကဲကဲ ပြောလိုက်မိသဖြင့် မျက်လုံးပြူးဖြင့် ပြန်ကြည့်ခြင်းခံရသည်။ (သူ့မျက်လုံးက နဂိုထဲက နဲနဲတော့ပြူးပါသည်။)

ပုံထဲတွင် Source : Ministry of Manpower ဟု အထင်အရှား ရေးသားထားသောကြောင့် ဘာပြဿနာမှတော့ မဖြစ်တန်ရာ…။ အခုတလော ဟိုကိစ္စ ဒီကိစ္စတွေက အတော် ရှုပ်ထွေးနေသောကြောင့် ဓါတ်ပုံတင်ဖို့ ရာ တော်တော်သတိထားနေရသည်…။

ဒီနှစ် ၂၀၀၈ မှာတော့ မြန်မာပြည်ကို မပြန်ဖြစ်လိုက်…။ ၂၀၀၉ မှာတော့ ပြန်ဖြစ်အောင် ပြန်မည်ဟု စိတ်ကူးထားသည်။ ခုထဲက ပိုက်ဆံကြိုစုထားမည် ဟုလဲ စဉ်းစားထားသေးသည်။ ဘယ်လောက် စုဖြစ်မည်ကိုတော့ မသိ…။

၂၀၀၈ ထဲမှာ ဘာကုသိုလ် ကောင်းမှုတွေ ပြုထားသလဲ ဟု ကိုယ့်ကိုယ်ကို ပြန်မေး၊ ပြန်တွေး ကြည့်နေမိသေးသည်။ များများစားစား ပြောစရာဆိုလို့  ရန်ကုန်က ရှင်သာမဏေကျော် စာပြန်ပွဲအတွက် စလုံး ၂၀၀၊ ကိုယ်နေခဲ့သော အထက်တန်းကျောင်းမှ အာစရိယ ပူဇော်ပွဲအတွက် ၁၅၀၊ နာဂစ် အတွက် ၂၀၀ လှုခဲ့သည်။ ပြီးတော့ နာဂစ်မှာ မိဘမဲ့သွားသော ကလေးငယ်များ၏ ပညာရေးအတွက် (ရွှေည၀ါ ဘုန်းတော်ကြီးကျောင်း ပညာရေး) မူလတန်း ကလေး နှစ်ယောက်နှင့် အလယ်တန်း ကလေး တစ်ယောက်ကို လှမ်းမွေးစားထားသည်။ လစဉ်ပုံမှန် စလုံး ၄၅ ကျပ် လှုရသည်။ ထိုကလေးလေးတွေက သူတို့ ရဲ့  ဓါတ်ပုံလေးတွေနဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းလေးတွေပါတဲ့ စာရွက်လေးတွေ ပို့ ပေးကြသည်။ သနပ်ခါး ပါးကွက်ကြား ဓါတ်ပုံလေးတွေနဲ့  ပဲပင်ပေါက်လို လက်ရေး ကွေးကွေး လိမ်လိမ်လေးတွေက တကယ်ကို ဂရုဏာသက်စရာ..။ ပြန်ကြည့်မိတိုင်း ကြည်နူးစရာ…။

နောက် ဘာရှိသေးလဲ…။ အော်… သတိရတာ တစ်ခုရှိသေးသည်။ ရန်ကုန်မှ ဘုန်းတော်ကြီးတပါး ဒီမှာ ဆေးကုသရန် ကြွလာစဉ်က န၀ကမ္မ ၀တ္ထု အလှုငွေ ၂၀၀ လှုခဲ့သေးသည်။ ဒါနဲ့ မေ့တော့မလို့ … ဒီမှာ လစဉ်လတိုင်း မပျက်မကွက် လှုရတာ တစ်ခုလဲ ရှိနေသေးသည်…။ အဲဒီကိုတော့ ၄ လ (သို့ ) ၆ လ တစ်ကြိမ်လောက် မှန်မှန် သွားလှုရသည်။ မဟုတ်လို့  တလုံးတခဲထဲ စုထားပြီးမှ လှုရပါက ထိုလအဖို့  ထမင်းငတ်သွားနိုင်သည်။

ဒီ ၂၀၀၈ ထဲမှာ နှစ်ဖက်မိဘများ၊ ညီအစ်ကို မောင်နှမများ၊ ယောင်းမတွေ ယောက်ဖတွေ တစ်စုပြီးတစ်စု လည်လည်လာကြသောကြောင့် ဆွေစုံ မျိုးစုံ တွေ့ရသည်။ ထိုလများတွင် ဘတ်ဂျက် နဲနဲကြပ်သွားသည်မှလွဲ၍ ပျော်စရာကောင်းပါသည်။ ၂၀၀၈ မှာ သူငယ်ချင်းတွေလဲ တော်တော်များများ တွေ့ရသည်။ သူတို့ တွေက ပုံစံ အစုံအလင်ဖြင့် လာကြသည်။ တချို့က အလည်သက်သက်၊ တချို့က အလုပ်ရှာ၊ တချို့ကတော့ ကလေးကျောင်းထား…။ အဆင်ပြေကြသူများလဲရှိ၊ မပြေကြသူများလဲရှိ...။

ဒီနှစ်အတွင်း နှလုံးသားရေးရာကတော့… ပြောရရင် အားလုံးကောင်းပါသည်။
ဒါပေမယ့် ဟိုတပတ်က အိုင်စီရှိုးကို လိုက်ပြဖို့ သူ့ ကို ပူဆာရင်းက စကားပြော အဆင်မပြေလို့  စိတ်တို စိတ်ဆိုးရသေးသည်။ အိုင်စီက စလုံးကို တစ်နှစ်မှာ တစ်ခါလာနေကျ၊ လာတိုင်းလဲ ကြည့်ချင်လို့  ပူဆာနေကျ၊ ပူဆာတိုင်းလဲ သူက အဲဒီ လူရှုပ်ရှုပ် ဆူဆူညံညံပွဲမျိုးတွေ နဲနဲမှ ၀ါသနာမပါတာမို့  ဟိုဟာနဲ့ လှည့်ချော့၊ ဒီဟာနဲ့ လှည့်ချော့၊ ဒီလိုနဲ့ ၃ နှစ်တိုင်ခဲ့ပြီ။ ဒီနှစ်တော့ ပိုက်ဆံအိပ်တစ်လုံးနှင့် အပေးအယူတည့်ကာ ဒေါသကို လျှော့လိုက်ရသည်…။ အငဲ နဲ့ Rဇာနည်ကို အခွေထဲမှာဘဲ ကြည့်ပါတော့မယ်လေ…။

နောက် မှတ်မှတ်ရရ တစ်ခုကတော့ ၂၀၀၈ ဇန်န၀ါရီလကစလို့ ဘလော့ဂ်လေး တစ်ခုကို တော်တော်လေး (တကယ်တော့ တော်တော်ကြီး) ကြိုးစားပမ်းစား ဖန်တီးထားသည်။ ထိုဘလော့ဂ်လေးကြောင့် သူငယ်ချင်း မိတ်ဆွေ အသစ်များ များစွာရခဲ့သည်။ တစ်ယောက်ကို တစ်ယောက် မမြင်ဖူးကြသော်လည်း အနှစ်နှစ် အလလက ခင်မင်ခဲ့သူများပမာ ရင်းနှီးခင်မင် သံယောဇဉ်တွယ်ကြသည်။ တန်ဖိုးမဖြတ်နိုင်စရာ…။ ထိုဘလော့ဂ်လေးကြောင့် အိပ်ရေးပျက်ရသည်။ လက်ကိုက်ရသည်။ မျက်စေ့ ကိုက်ရသည်။ တခါတရံ ခေါင်းလဲ ခြောက်ရသေးသည်။ သို့ သော် ဒါလေးကိုဘဲ မက်မက်မောမော တွယ်တာနေသည်။ မနက် မိုးလင်း အိပ်ရာမှ နိုးနိုးချင်း သူ့ ကိုအရင် ဖွင့်ကြည့်ပြီးမှ ကျန်တာတွေ ဆက်လုပ်လို့ ရသည်။ တမျိုးတော့ ထူးဆန်းသား။

နောက်ထပ်တော့ ထူးခြားဖြစ်စဉ် ဘာမှမရှိတော့ပြီ။ ခြုံကြည့်ရလျှင် ကောင်းသောနှစ် တစ်ခုဟု ဆိုနိုင်ပါသည်။ ကိုယ့်ကိုယ်ကို ကျေနပ်တတ်ဖို့ က အရေးအကြီးဆုံး မဟုတ်ပါလား…။



(ပိုစ့်အသစ် ဘာရေးရမှန်း မသိသောကြောင့် စဉ်းစားလို့ ရသမျှ ရောက်တတ်ရာရာ ရေးချလိုက်သည်။ လာဖတ်သူများကို ကျေးဇူးတင်ပါသည်။)