Friday, July 30, 2010

ကုန်ဆုံးလွယ်


အရှေ့အရပ်မှာ တောင်ညိုတန်းတို့၏ နောက်ကွယ်မှ တိုးထွက်လာသော လင်းလင်းလက်လက် နေရောင်ခြည်တွေကို လှမ်းမြင်နေရပြီ… ပင်လယ်ကမ်းစပ်က ရေလှိုင်းသံ တဝုန်းဝုန်းကတော့ တချက် တချက်မှာ ငြိမ်သက်… တချက်တချက် ပြင်းထန်… ပြီးတော့ ဟိုးခပ်ဝေးဝေး အုန်းပင်တန်းတွေဆီမှာ ငှက်ငယ် ပိစိတို့၏ မနက်ခင်းတေးသံ ကျီကျီကျာကျာ တွေကို ကြားနေရပြီ…။

ထိုသို့ဆိုလျှင် မကြာခင်အချိန်မှာ နောက်ဆုံး နှုတ်ဆက်စကားကို ဆိုကြရတော့မည်ပဲ… ပြီးတော့ ဝေးကွာ… ဝေးကွာ သွားကြရတော့မည်။ ဒီအချိန်မှာ နှစ်ဦးသား တိတ်ဆိတ်ငြိမ်သက်စွာ အတွေးကိုယ်စီနှင့်… ဘာတွေ တွေးနေမိကြသည်လဲ…။

ကုန်ခဲ့သောနေ့ နေဝင်ချိန်တွေမှာ ပင်လယ်ကမ်းစပ်က သဲသောင်ပြင်မှာ တပျော်တပါး ပြေးလွှားခဲ့ကြသော အချိန်များ အကြောင်းကိုလား…။ လှိုင်းတွေကြားမှာ ရေတွေစိုရွှဲ အေးစက်အောင် ဆော့ကစားခဲ့သော အချိန်များ အကြောင်းကိုလား…။ ကမ်းစပ်မှာ နှစ်ဦးသား အတူတူရွတ်ဆိုဖြစ်ခဲ့သော ကဗျာ တပိုင်းတစ ကိုလား…။ သဲပြင်ပေါ်မှာ အတူတူ ရေးဆွဲခဲ့ကြသော အပေါင်းလက္ခဏာ တခုနှင့် နာမည်စာလုံးလေးနှစ်ခု… မကြာခင်မှာ လှိုင်းတချက် ရိုက်ခတ်လိုက်သောအခါ ရေစီးထဲ မျောပါ ပျက်စီးသွားသော အကြောင်းကိုလား…။ ဒါကတော့ ဝမ်းနည်းစရာနော်…

သို့တည်းမဟုတ် ညနေစောင်း အိပ်တန်းတက် ငှက်ငယ်တို့၏ အသံတွေလို ဆူဆူညံညံ ရင်ခုန်သံတွေ အကြောင်း… အုန်းပင် အုန်းလက်တွေကို လေတိုးသော အသံများနှင့် ဆင်ဆင်တူသော အသက်ရှုသံတွေ အကြောင်း… လမိုက်ည မှောင်မှောင် ကြယ်ပွင့်တွေကို သူ့ထက်ငါ အပြိုင်အဆိုင် လုယက် ရေတွက်ခဲ့သော ပျော်စရာ လွတ်လပ်ပေါ့ပါးလှသော အချိန်ပိုင်းလေး အကြောင်း… ပြီးတော့ ကြယ်လေး တပွင့် မျက်စေ့ရှေ့မှာ ကြွေကျသွားချိန်မှာ ပြိုင်တူ တောင်းခဲ့ကြသော ဆုတခု အကြောင်းတွေကို စဉ်းစား မြင်ယောင်နေကြတာလဲ ဖြစ်နိုင်သေးသည်ပဲ…။ သေချာတာကတော့ ကုန်လွယ်လွန်းသော အချိန်တွေ အကြောင်းကတော့ မပါမဖြစ် အားလုံး၏ ရှေ့ဆုံးက ပါဝင်နေလိမ့်မည်။

ငြိမ်သက် တိတ်ဆိတ်မှုတွေကို အသံ တခုခုဖြင့် ထိုးဖေါက်ပစ်လိုက်ချင်သော်လည်း အသံတွေသည် လည်ချောင်းဝမှ အပြင်ကို ရောက်မလာ…။ လက်ထဲမှာသာ တခုခုရှိနေလျှင် ထိုအရာကို ဟိုး… ရေပြင်ကျယ်ကြီးဆီသို့ လှမ်းပစ်လိုက်မိမည် ထင်သည်။ အနည်းဆုံးတော့ ရေသံတချို့နှင့်အတူ ဝဲဂယက်တွေထပြီး ပတ်ဝန်းကျင်မှာ လှုပ်လှုပ်ခတ်ခတ်တော့ ဖြစ်သွားမှာပေါ့။ သည့်ထက်ပို ပြင်းထန်လျှင် ရေစက်ရေပေါက် ရေမှုန်ရေမွှား တချို့ပင် လူကိုလာရောက် ထိမှန်နိုင်သေးသည်။ ထိုရေစက်တွေကများ နှစ်ဦးသားရင်ကို အေးမြနိုင်စေမည်လား… ရင်ထဲက အပူတွေကို ငြိမ်းအေးနိုင်မည်လား… အကြာကြီးအတွက် မဟုတ်တောင် တဒင်္ဂအဖို့တော့ အေးချမ်းသွားစေနိုင်မည် ထင်ပါသည်။ သိပ်တော့ မသေချာလှပါ…။

ထိုအတွေးစတွေနှင့် လက်တွေကို ပြန်ငုံ့ကြည့်မိသည်။ ဝေဝါးနေသော အမြင်အောက်တွင် ကိုယ့်လက်ချောင်းများကို ရုတ်တရက် ရှာမတွေ့နိုင်အောင်ပင် အသိစိတ်တို့နှင့် ဝေးကွာနေခဲ့သည်…။ အိုး… တွေ့ပြီ... နွေးထွေးသော သူ့လက်အစုံထဲမှာ ကိုယ့်လက်ချောင်း သေးသေးလေးတွေ နစ်ဝင် ပျောက်ဆုံးနေသည်ပဲ...

ဤလက်များကို အသုံးပြု၍ တိတ်ဆိတ်ခြင်းကို ဖြိုခွဲရန် မကြိုးစားချင်တော့ပါ…။ ထိုနွေးထွေးမှုတို့သည် ဝေးကွာသွားပြီးနောက် ပြန်မဆုံခင် အချိန်တွေအထိ နှလုံးသားထဲမှာ ထာဝရ တည်မြဲနေနိုင်ရန် တသက်စာ မှတ်သား နေလိုက်မိသည်…။ အဲဒီ အခိုက်အတန့်ကလေးမှာပဲ သူ ညက ရွတ်ဆိုခဲ့သော ကဗျာတပိုင်းတစကို နောက်တခေါက် တိုးတိတ်စွာ ထပ်မံ ရွတ်ဆိုလိုက်တာ…

ချစ်သူရယ်
တကယ်ဆို ဒီည
ငါ့လက်မောင်းပေါ် ခေါင်းအုံးရင်း
ဗင်းနစ်မြို့က ကုန်သည်လေးအကြောင်း
ဒီနစ်ဟောင်းမှာ
ငါ ဂျူးတွေကို ဘယ်လိုမုန်းကြောင်း
ဆောင်းကိုမုန်းကြောင်း
အနာဟောင်းတွေ ပြောပြ…

ကောင်းကင်က ကြယ်တွေအတူ
ဆွဲ ယူ ရေတွက်
မင်းရဲ့ လက်တွေ နွေးထွေး
ကိုယ့်ရဲ့ သွေးတွေ ပြေးခုန်
အဟောင်းတွေ အကုန်မေ့
ပျော်ရွှင်စွာ တွေ့ပါရစေတော့…


တကယ်တော့ ကဗျာလေးက တပိုင်းတစနှင့် အဆုံးမသတ်ရသေး…
အဆုံးမသတ်ရသေး ဆိုတာထက် လောလောဆယ်မှာ အဆုံးသတ်ရန် အခွင့်အရေး မရှိသေး ဆိုလျှင် ပိုမှန်လိမ့်မည်…။ အခုအချိန်မှာတော့ တပိုင်းတစ ဒီကဗျာလေးကို ကာရန်လှလှ ရှာတွေ့ပြီး အမြန်ဆုံး အဆုံးသတ် ရေးသားနိုင်ခွင့်ကို နှစ်ဦးသား ဆုတောင်း မျှော်လင့် အိပ်မက် မက်နေကြရုံသာ…။

သို့သော် မပြီးဆုံးသေးသော ထိုတပိုင်းတစ ကဗျာလေးကပဲ ဝမ်းနည်းစရာတွေကြားက ဝေးကွာကြရမယ့် နေ့သစ်တွေအတွက် ခွန်အားများစွာ ပေးစွမ်းခဲ့ပြန်သည်။ သူရွတ်ပြသော ကဗျာလေးကို နားထောင်ကာ ကုန်ဆုံးလွယ်သော အချိန်များ အကြောင်းကို တွေးနေစဉ်မှာပင် ညက ကြယ်ကြွေချိန်မှာ တောင်းခဲ့တဲ့ ဆုတောင်းလေးကို အချိန်တိုင်း ပြန်သတိရနေနော်… ဟု ဆိုကာ တဖြည်းဖြည်းချင်း… တဖြည်းဖြည်းချင်း… ကိုယ့်အနားမှ သူ တိုးတိတ် ညင်သာစွာ တရွေ့ရွေ့ ထွက်ခွာသွားခဲ့တော့သည်…။
အဝေးဆုံး… သို့



မှတ်ချက် ။ ။ ကဗျာလေးကို အသုံးပြုခွင့်ပေးသော ကဗျာဆရာကို ကျေးဇူး အများကြီး တင်ပါတယ်…။


အတူတူဆိုရင်
ကုန်ဆုံးလွယ်

Wednesday, July 21, 2010

Night Festival (New World 2010)

ပြီးခဲ့တဲ့ စနေနေ့က ည ၇ နာရီကနေ မနက် ၂ နာရီအထိ National Museum ရှေ့မှာ လုပ်တဲ့ စကာင်္ပူရဲ့ Night Festival 2010 ကို ရောက်ခဲ့ပါတယ်။ ရောက်သွားတဲ့ အချိန်မှာ ည ၁၁ နာရီလောက်ရှိနေပြီ။ ၁၂ နာရီမှာ Paraboles 2.0 ဆိုတဲ့ ရှိုးရှိတယ်လို့ လက်ကမ်းကြော်ငြာ စာအုပ်လေးမှာ ရေးထားတာနဲ့ အချိန်နဲနဲ စောနေသေးလို့ ဟိုကြည့် ဒီကြည့်နဲ့ ကြည့်နေရင်း National Museum ထဲ ဝင်သွားမိတယ်။ Museum က ဒီနှစ်ရက်စလုံး အတွက် Free Admission ပါတဲ့…။

(National Museum)


အဲဒီ National Museum ကို ဒါ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပါ။ ဒါကြောင့် အဲဒီလူတန်းရှည်ကြီးနဲ့အတူ တခန်းဝင် တခန်းထွက် ရွေ့လျားပါသွားပြီး လိုက်ကြည့်မိပါတယ်။ လူတွေများနေတော့ ဓါတ်ပုံရိုက်လို့ သိပ်မကောင်းပါ။ ပြတိုက်ထဲမှာ အနုပညာ ပြကွက်ဆိုပြီး တွေ့ခဲ့ရတာတွေကို မှတ်မိသလောက် ပြောရရင် ဘာတွေပြနေမှန်းမသိတဲ့ အဖြူအမဲ ပိတ်ကား နှစ်ခု၊ ဆူဆူညံညံ သံစုံတီးဝိုင်းတခု၊ အောက်ကပုံမှာ တွေ့တဲ့အတိုင်း မျက်နှာကြက်မှာ ချိတ်ထားတဲ့ မီးဆိုင်း ရှစ်ခုက ရှေ့ထိုး နောက်ငင် လွှဲယမ်းနေကြတဲ့ ပြကွက်...


ပြီးတော့ အမှောင်ခန်းတွေမှာ ပြထားတဲ့ သူတို့အခေါ် ရှေးဟောင်းပစ္စည်းတွေ…
ရှေးဟောင်းပစ္စည်း ဆိုလို့ ဘာတွေလဲ မှတ်တယ်… ကိုယ်တို့ဆီမှာ ဟိုးရှေးရှေးက သုံးတဲ့ အုန်းခြစ်တွေ၊ ကြွေရည်သုတ်ချိုင့် အရွယ်စုံ၊ ရေခဲခြစ် ခြစ်တဲ့ လက်လှည့်စက်၊ ငြုတ်ဆုံ အရွယ် အမျိုးမျိုး၊ ကြိမ်နဲ့ ယက်ထားတဲ့ စကော စကာ တောင်းပလုံးလေးတွေ၊ စင်းကားတံဆိပ် အပ်ချုပ်စက် နဲ့ ပုံစံ ဟောင်းဟောင်း ဒါးစက်၊ လမ်းမှာ ရေခဲမုန့်လည်ရောင်းတဲ့ ဆိုက်ကားလိုဟာမျိုးတွေကို တခုတ်တရ ပြထားကြတယ်။ ပြီးတော့ ဟိုးရှေးရှေးက ရုပ်ရှင်ရိုက်တဲ့ ကင်မရာ နဲ့ ဓါတ်ပုံရိုက်တဲ့ ကင်မရာတွေ၊ ပိတ်ကားကြီး ထောင်ပြီး ပြတဲ့ ရုပ်ရှင်ခေတ် က နာမည်ကြီး မင်းသား မင်းသမီးတွေရဲ့ ဓါတ်ပုံတွေ၊ ဟိုရှေးခေတ်က ဝတ်စားဆင်ယင်ပုံတွေနဲ့ အဝတ်အစား တချို့ကို တွေ့ခဲ့ရပါတယ်။


(ဟိုးရှေးရှေးက ကင်မရာ)


ဓါတ်ပုံတွေ တော်တော်များများတော့ ရိုက်လာပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ မတင်တော့ဘူးနော်… အဲဒီကို ရောက်ဖူးတဲ့သူတွေ အများကြီး ရှိကြမှာပါ။ ကိုယ်သာ တောသူမလိုပဲ အခုမှ ရောက်ဖူးပြီး အထူးတဆန်း ဖြစ်နေတာ…။

ဒါကတော့ ခါတိုင်းဆို အခုလို မှောင်မှောင် မဲမဲ ညမျိုးမှာ တွေ့ရင် ကြောက်လန့်ပြီး မျက်နှာလွှဲထားမိမှာ ဖြစ်ပေမယ့် အခုတော့ အများသူငါတွေကလဲ ဓါတ်ပုံတွေ တဖျတ်ဖျတ် ရိုက်နေကြတာက တကြောင်း၊ ပိုစ့်လေး ရေးဖြစ်ရင် သုံးရအောင်ဆိုတာက တကြောင်းတို့ကြောင့် (ဇွတ်) ရဲဆေးတင်ပြီး ရိုက်ခဲ့တဲ့ ဓါတ်ပုံပါ။ ခုံတန်းပေါ်မှာ (မျက်စေ့ပျက် မျက်နှာပျက်နဲ့) ထိုင်နေကြတဲ့ အဲဒီလူတွေကို ရောင်စုံအဝတ်စတွေနဲ့ လုပ်ထားပါတယ်။ Creative Art လို့ ဆိုကြတယ်…။

(မျက်စေ့ မျက်နှာ ပျက်နေကြသူများ)


အခုပြောပြချင်တာကတော့ သူတို့က Night Festival လို့ ကြွေးကြော်ပြီး လူတွေ အများကြီး လာကြည့်ကြတဲ့ စနေနေ့ ည ၁၂ နာရီမှာ ပြတဲ့ Paraboles 2.0 ဆိုတဲ့ ပြကွက်လေးကိုပါ။ ဒီပုံမှာ ကြည့်ပါ…။

(Paraboles 2.0 နှင့် ရွှေပွဲလာများ)


National Museum ရှေ့မှာ ပုံထဲမှာတွေ့ကြတဲ့အတိုင်း ဂြိုလ်တု စလောင်းလို အဝိုင်းပြားကြီး ၆ ခုရှိပါတယ်။ အဲဒီ အဝိုင်းတွေကို အနောက်ဖက်ကနေ အတို အရှည် ပြောင်းလဲလို့ရတဲ့ တိုင်အကြီးကြီးတွေနဲ့ ထောက်ထားပါတယ်။ အဲဒီအဝိုင်းပြားတွေကလဲ အနေအထား အမျိုးမျိုး လှည့်လို့ ပြောင်းလို့ ရတာ တွေ့ရပါတယ်။ အဝိုင်းပြားတွေရဲ့ အရှေ့ဖက် အလယ်ခေါင်ကနေ မီးရောင်စုံတွေလဲ လင်းပါသေးတယ်။ ပြီးတော့ လမ်းမရဲ့ တဖက်ခြမ်းကနေ ဆလိုက်ထိုးပြီး အဲဒီ အဝိုင်းပြားတွေပေါ်မှာ အရုပ် ထင်စေပါတယ်။ အဝိုင်းပြားတွေရဲ့ အောက်ခြေမှာ တူရိယာ တမျိုးစီနဲ့ တီးနေ မှုတ်နေတဲ့သူ တွေရှိတယ်။ သူတို့တွေရဲ့ မျက်နှာချင်းဆိုင် စင်အမြင့်တခုမှာ Conductor လို့ ခေါ်ရမယ့် အမျိုးသမီး တယောက်ရှိတယ်။ သူက အရှေ့ကနေ လက်ဟန် ခြေဟန်နဲ့ ပြနေတာကို အတီးသမားတွေက တီးနေကြတာမျိုး...။

ပြီးတော့ ဆလိုက်နဲ့ထိုးပြတဲ့ ပုံတွေက အာကာသက ကြယ်တွေ လတွေ စိတ္တဇ ဆန်ဆန် အရောင်တွေ၊ အဆင်တွေနဲ့ မျက်စေ့ကို လှည့်စားတဲ့ အဝိုင်းတွေ အခွေ အလိပ်တွေ၊ ကယ်လီဒို စကုတ်တ် မှာကြည့်ရင် မြင်ရတဲ့ ပုံမျိုးတွေ၊ ရေဒီယို လှိုင်းတွေ၊ အနိမ့်အမြင့် အတက်အကျတွေနဲ့ ECG Graph လို လှိုင်းတွေ၊ ပြီးတော့ လက်ဗွေရာလို ပုံမျိုးတွေပါ။ ဒီမှာကြည့်ပါ...။



အောက်မှာတွေ့ရတဲ့ ပုံကတော့ အဝိုင်းပြားတခုရဲ့ အလည်မှာ စတီးရောင် ပြောင်ပြောင် အလုံးတခုထည့်ထားပါတယ်။ အမျိုးသမီးတယောက်က အဲဒီအလုံးထဲ ခြေထောက်တွေ ဒူးခေါင်းကျော်ကျော်လောက်အထိ ဝင်နေပြီး အဲဒီအလုံး ၃၆၀ ဒီဂရီနီးနီး လည်နေသ၍ သူကလဲ ပုံစံအနေအထား အမျိုးမျိုးနဲ့ အလိုက်သင့် လိုက်လည်နေတာပါ။ လက်နှစ်ဖက်လုံးကို လေထဲမှာ ဝှေ့ယမ်းပြီး မူးနောက်နေအောင် လည်နေရတာ အတော်မချောင်တဲ့ ကိစ္စပါပဲ…။ တီးလုံးကလဲ ခြောက်ခြားစရာ အသံဆန်းဆန်းတွေ ဆူဆူညံညံတီး၊ သူကလဲ ရုန်းထွက်လို့မရတော့ ကူရာ ကယ်ရာမဲ့သလို လွင့်မျောရင်း သရုပ်ဆောင်… အဟဲ… ညကြီးမှောင်မှောင် ဟိုကြည့် ဒီကြည့်နဲ့ နဲနဲတောင် ကြောက်မိသေးတယ်…။


အော်… သူတို့ရဲ့ New World Night Festival ဆိုလို့ ဘာများပါလဲ လို့… ။ တကယ်ကတော့ ညကြီး ၁၂ နာရီမှာ လမ်းပိတ်ပြီး တီးလုံး ဆန်းဆန်းတွေတီးပြီး အရုပ် ဆန်းဆန်းတွေကို အဲဒီ အဝိုင်းပြားတွ အပေါ်မှာ မီးထိုးပြီး ပြတာပါပဲ...။ ဘာနဲ့တူသလဲ ဆိုတော့ ကိုယ်တို့ ငယ်ငယ်က ရန်ကုန်မှာ ဘုရားပွဲတွေရှိရင် လမ်းလည်ခေါင် ပိတ်ကားကြီး ထောင်ပြီး မြန်မာရုပ်ရှင်တွေကို ၃ ကား မိုးလင်း ပြသလိုပါပဲ၊ အခု ပိတ်ကားကတော့ အဝိုင်းတွေပေါ့... ဒါပါပဲ…။

အဲလိုအချိန်မတော်ကြီးမှာ လာကြည့်ကြတဲ့ လူတွေကလဲ အများကြီးမှ အများကြီးပဲ…။ အင်း… သူ့အရပ်နဲ့ သူ့ဇာတ် ကိုက်လဲ ကိုက်ပါတယ်လေ လို့ တွေးမိတယ်။ အဲဒီလို လာကြည့်ကြတဲ့သူတွေထဲမှာ ကင်မရာတွေ၊ ထရိုက်ပေါ့ထ်တွေနဲ့ ဝါသနာရှင်တွေကိုလဲ အများကြီး (အများကြီး) တွေ့ခဲ့ရပါတယ်။ ကိုယ်ကတော့ ထုံးစံအတိုင်း ထရိုင်ပေါ့ထ် ပါမသွားပါဘူး… ဒါကြောင့် ပုံကောင်းကောင်းတွေ မရခဲ့ပါ။ ပြီးတော့ ဝေးလဲ ဝေးပြီး တော်တော်လဲ မှောင်နေတဲ့အတွက် ကိုယ့်ရဲ့ ကင်မရာက Built-in Flash က မနိုင်ပါဘူး…။ (ဒါ အကွက်ပဲ…)

အဲဒီပွဲပြီးတော့ ၁ နာရီ ကျော်ကျော်ရှိနေပြီ… ၂ နာရီပွဲကို စောင့်ရမှာ ညောင်းတာရော ပျင်းလဲ ပျင်းလာတာကြောင့် ပြန်လာခဲ့ကြတယ်…။ အပြန်လမ်းမှာ နဲနဲ အိပ်ငိုက်ချင်သလိုလို ဖြစ်နေတဲ့ သူ့ကို မျက်စေ့ကျယ်သွားစေခြင်း အလို့ငှာ (စကားမစပ် ဘာမစပ်နဲ့) နောက်ကို ညမှောင်မှောင်မှာ ဓါတ်ပုံရိုက်ဖို့အတွက် ကိုယ့်မှာ ဝယ်ရမယ့် ပစ္စည်းတခု ထပ်တိုးလာပြန်ပြီ လို့ ပြောလိုက်မိပါသေးတယ်။

သို့သော် သူ မျက်စေ့ ကျယ် မကျယ်တော့ ကိုယ် မသိပါဘူး… ကိုယ်ကတော့ ဟို မျက်စေ့ပျက် မျက်နှာပျက် လူအရုပ်တွေရယ်၊ အလုံးထဲ ခြေထောက်စုံဝင်ပြီး လွင့်မျောနေတဲ့ စိတ္တဇ ဆန်ဆန် မိန်းမရယ်ကို ပြန်မြင်ယောင်ရင်း မိုးစင်စင်လင်းခဲ့ရကြောင်းပါ…။




Sunday, July 18, 2010

အရောင်များနှင့် တညနေ















အရောင်တွေနဲ့ တွေ့ခဲ့ရတဲ့ ညနေခင်းတခုအတွက် အမှတ်တရပါ...



Wednesday, July 14, 2010

စိတ် အကိုက်ခံရခြင်း


သူတို့ကို သတိထားမိသည်မှာ အတော်လေး ကြာခဲ့ပြီ။ ကြာဆို ဒီအိမ်ကို ပြောင်းလာကာစထဲကပင် ဖြစ်သည်။ အရင်အိမ်မှာတုန်းက သူတို့တွေကို တခါတလေတောင် မတွေ့ခဲ့ရဖူးပါ။ သည်အိမ်ကို ပြောင်းလာပြီးနောက် ရက်အနည်းငယ်အကြာမှာ အိမ်အဝင်ဝနားတွင် လှုပ်လှုပ်ရွရွနှင့် စီတန်း လှည့်လည်သွားလာနေသော သူတို့တွေကို မမျှော်လင့်ပဲ တွေ့လိုက်ရသည်။

သူတို့သည် တဦးချင်း တယောက်ချင်း၏ အရွယ်အစားအားဖြင့် သေးကွေးသလောက် စုပေါင်းလိုက်လျှင် ခွန်အား ကြီးထွားလာကြသူများ ဖြစ်သည်။ မြင်ရ တွေ့ရသလောက် အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိကြသည်။ ဇွဲ လုံ့လ ဝီရိယ ရှိကြသည်။ သူတို့သည် တနေရာမှ တနေရာသို့ ညီညီညာညာ စီတန်းသွားလာတတ်ကြသည်။ တဦး တယောက်၏ ခေါင်းဆောင်မှုကို အများစုက ကျေကျေနပ်နပ် လက်ခံ ကျင့်သုံးသည် (ဟု ထင်ရသည်)။ တယောက် အားနှင့် မရသည်ကို စုပေါင်းအားနှင့် ဆောင်ရွက်တတ်ကြသည်။

ကိုယ်သည် အင်းဆက်ဆိုလျှင် မည်သည့် အင်းဆက်မျိုးကိုမဆို သေမတတ် ကြောက်ရွံ့သူတယောက် ဖြစ်သည်။ သို့သော် သည်အသေး အကွေးကောင်လေးများကိုတော့ ကြောက်သော်လည်း သူတို့၏ အရွယ်အစားကိုကြည့်ရင်း သနား ကြင်နာသော စိတ်ကလေး အနည်းငယ် ဝင်လာသောကြောင့် အရမ်းကာရော မနှိမ်နင်းချင်။ သည်အတိုင်းသာ ကြည့်နေလိုက်မိသည်။ လွန်လွန်ကဲကဲတွေ ဖြစ်မလာလျှင် တော်လှပြီဟု တွေးထားသည်။ သူတို့ကို စေ့စေ့စပ်စပ် ငုံ့ကြည့်ပြီး နင်တို့ ဒီအိမ်မှာ နေချင်ရင် ကောင်းကောင်းနေ လိမ်လိမ်မာမာနေကြ၊ ငါ့ကို ဒုက္ခမပေးကြရင် နင်တို့ကိုလဲ ငါ ဘာမှ မလုပ်ဘူး ဟူ၍ စိတ်ထဲကနေ ခပ်တိုးတိုး ပြောမိသည်။

သူတို့… သူတို့…
သူတို့ ဆိုသည်မှာ အရောင် နီကျင်ကျင်နှင့် ပုရွက်ဆိတ်ကလေးများ ဖြစ်ကြသည်။

သို့သော် သူတို့သည် ကိုယ့်ပြောစကားကို နဲနဲမှ အလေးမထား၊ နားမထောင်ကြပါ။ သူတို့သည် တအိမ်လုံး နေရာအနှံ့ လျှောက်သွားကြသည်။ ထမင်းစားပွဲနားသို့လဲ လာကြသည်။ မီးဖိုအနားမှာလဲ ဘာပဲ ချထား ချထား ရစ်သီ ရစ်သီ လုပ်တတ်ကြသည်။ အဆိုးဆုံးကတော့ ကိုယ်စားနေကျ သကြားလုံးများ ချောကလက်များ ထည့်ထားသောဗူးနှင့် အာလူးကြော်ထုပ်များကို အပိုင်စီးကြခြင်းပင်။ သူတို့ကို မနှစ်သက်သော ကိုယ်သည် ကိုယ်ထိလက်ရောက် နှိမ်နင်းရန်လဲ အမှန်တကယ် သတ္တိမရှိခဲ့ပါ။ ပြီးတော့ အစုလိုက် အပြုံလိုက် သေကြေပျက်စီးကြခြင်းကိုလဲ နဲနဲမှ မလိုလားသောကြောင့် အတတ်နိုင်ဆုံး ရှောင်ကွင်း ဖယ်ရှားကာ သည်းခံနေခဲ့သည်။ သူတို့ကို ကိုယ်ပေးခဲ့သော အပြင်းဆုံး အပြစ်ဒါဏ်မှာ လေနှင့် မှုတ်ထုတ် ဖယ်ရှားခြင်းမျှသာ။

သို့သော် ညနေခင်းတခုမှာ သူတို့အားလုံးကို နာကျည်းမုန်းတီးမိပြီး မေတ္တာထားမရစေသော အကြောင်းတခု ပေါ်လာခဲ့သည်။ ထိုနေ့က သူငယ်ချင်းတယောက်နှင့် ဖုန်းပြောအပြီးမှာ ဖုန်းကို ထမင်းစားပွဲပေါ်တွင် ချထားခဲ့မိသည်။ အနားမှာ စားလက်စ ကျောက်ကျော တပန်းကန်လဲ ရှိနေသေးသည်။ တိုတိုပြောရလျှင် ထိုကျောက်ကျောကို သူတို့ လာစားကြသည်။ သည်လောက်နှင့်ဆို ကိုယ် ခွင့်လွှတ်နိုင်ပါသေးသည်။ သို့သော် ထိုမှတဆင့် ကိုယ်မသိလိုက်ခင်မှာ ကျောက်ကျောပန်းကန်အနီးမှာ ချထားသော ဖုန်းကို လာတက်ပြီး လေ့လာကြသည်။ အဆိုးဆုံးက နောက်တကြိမ် ဖုန်းမြည်လာသောကြောင့် ထိုဖုန်းကို နားဖြင့်ကပ်ကာ ပြောအပြီးမှာ… ... ...

ဖုန်းနံပါတ် မှားခေါ်ခြင်း ဖြစ်သောကြောင့် စုစုပေါင်း တမိနစ်ပြည့်အောင် မပြောဖြစ်လိုက်ပါ။ သို့သော် ဖုန်းချအပြီး နားထဲမှာ တစီစီ မြည်သံတွေ ကြားနေရသလိုလို... ယားကျိကျိ ဖြစ်လာသလိုလို...။ အား…. တစုံတခုသော အသိကြောင့် မှန်ရှေ့သို့ အမြန်ပြေးကြည့်လိုက်ရာ ကိုယ့် နားရွက် အနီး အနားတဝိုက်မှာ သူတို့တွေကို တွေ့လိုက်ရလေသည်။ တချို့က နားရွက် အဝမှာ… ဒါဆို သေချာနေပြီ… သူတို့တွေထဲက တချို့က နားရွက်ထဲသို့ ဝင်သွားသည်မှာ သေချာနေပြီ။

ထိုတခဏမှာ နားထဲမှ အသံမျိုးစုံ ကြားလာရတာ… တဒုန်းဒုန်းနဲ့ လှမ်းလျှောက်နေသော ခြေသံတွေ၊ အားရပါးရ ရယ်မောသံတွေ၊ ခိုးခိုးခစ်ခစ် ခပ်ကျိတ်ကျိတ် ရယ်မောသံတွေ၊ တခါတခါမှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သော အသံတွေ၊ တခုခုကို လွှဖြင့် ပွတ်တိုက်ဆွဲနေသလို တဂျစ်ဂျစ် မြည်သံတွေ၊ တခုခုကို လှုပ်ခါယမ်းနေသော ကလောက် ကလောက် မြည်သံတွေ၊ ပစ္စည်းတွေကို တရွတ်တိုက် တွန်းရွှေ့သံတွေ၊ ပြီးတော့ တစစ်စစ် ကိုက်ခဲလာသလိုလို ခံစားမှုတခု… သေချာနေပါပြီ။ သူတို့တွေ နားထဲက တခုခုကိုတော့ ကိုက်ဖြတ်နေကြပြီ။ နားစည်ကို ကိုက်ဖြတ်နေကြတာလား… ဒါဆို မကြာခင် ကိုယ် နားမကြားသူတယောက် ဖြစ်သွားနိုင်သည်။ နားစည်မှာ အပေါက်သေးသေးလေး ဖြစ်သွားရင်တောင် အကြားအာရုံတွေက ၂၀ ကနေ ၃၀ ရာခိုင်နှုန်း လျော့ကျသွားတတ်သတဲ့။ ပြီးတော့ နားထဲမှာ ရှိနေတဲ့ သဘာဝကပေးထားတဲ့ ပစ္စည်းတွေလဲ သူတို့တွေ ဟိုရွှေ့သည်ပြောင်းလုပ်နေတာ အခုလောက်ဆို နေရာထိုင်ခင်း အထားအသိုတွေ မှားယွင်းကုန်လောက်ပြီ ထင်ပါရဲ့…။

ထိုမျှနှင့် မပြီး… မီးခိုးကြွက်လျှောက် ဆက်ကာ ဆက်ကာ စဉ်းစားမိသည်။ ထိုသတ္တဝါလေးတွေသည် နားထဲမှ တဆင့် ဦးနှောက်ဆီသို့ ဆက်လက်ကူးသန်း သွားနေကြပြီလား… ပိန်ပါး သေးကွေးကာ ပေါ့ပါးလှသော သူတို့တွေသည် သွေးကြောတွေ အာရုံကြောတွေ နာ့ဗ်ကြောတွေမှတဆင့် နေရာအနှံ့အပြားကို ဥဒဟို ကူးသန်း သွားလာနေကြလောက်ပြီ…။ ဘုရား… ဘုရား… ခေါင်းနဘမ်းတွေ အတော်ကြီးလာသည်။ ချက်ချင်းပဲ ခေါင်းတွေက တစစ်စစ် ထိုးကိုက်လာကြသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် သူတို့တွေ ကိုယ့်ခေါင်းထဲ ဦးနှောက်ထဲ ရောက်ကုန်ကြတာ သေချာသလောက် ရှိနေပြီ။ ကြောက်အား လန့်အားနှင့် မျက်စေ့ကို စုံမှိတ်ချလိုက်သည်။ အဲဒီအချိန်မှာပဲ မျက်စေ့ထဲမှာလဲ ခိုးလိုးခုလုနှင့်… ထိုအခါ မရဲတရဲနှင့် မျက်စေ့ကိုဖွင့်… ကြည့်မှန်ရှေ့ကိုသွား…။ အားးးးး ကိုယ့်မျက်စေ့ဘေးနားမှာ တရွရွသွားနေသော အသေးကောင် တကောင်… သူက ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ…။ သေချာတာကတော့ နားထဲမှ ဝင်ပြီး မျက်စေ့ထဲမှ ပြန်ထွက်လာခြင်းပဲ ဖြစ်ရမည်။ သွားပြီ… သွားပြီ…။ သူတို့တွေ လုပ်နေပုံနှင့် ကိုယ့်ဘဝတော့ ရစရာမရှိ၊ တတိတိနှင့် ဆုံးပါးတော့မည်။ အလွယ်တကူ အသက်မပျောက်နိုင်သော်လည်း အနည်းဆုံး အကြားအာရုံ အမြင်အာရုံတွေ ချို့ယွင်းကာ လူစဉ်မမှီ ဖြစ်သွားနိုင်သည်ပဲ။

စောစောက ပြာလဲ့လဲ့ ညနေခင်းသည် ယခုအခါ မှောင်မိုက်သော ညအဖြစ်သို့ အသွင် ကူးပြောင်းသွားပြီ။ မကြာခင် ကိုယ့်ဆီမှာလဲ အလားတူ မှောင်မိုက်သော အပြောင်းအလဲ ဖြစ်သွားနိုင်သည်။ ဧည့်ခန်းထဲမှ ဆိုဖါပေါ်တွင် မလှုပ်မယှက် ထိုင်နေရင်း တခုခုကို တိတ်တဆိတ် စောင့်ဆိုင်းနေမိသည်။ တယောက်တည်း ဤသို့ ငြိမ်တွေနေသည်မှာ အချိန်အားဖြင့် မည်ရွေ့မည်မျှ ကြာသွားသည် မသိ…။ ကိုယ် သိလိုက်သောအချိန်မှာ မျက်စေ့ကို ဖွင့်ကြည့်လိုက်သောအခါ အပြင်ဖက်တွင် နေရောင်တွေ အလင်းရောင်တွေ နှင့် မိုးစင်စင်လင်းနေပြီ။

ကိုယ် အိပ်ပျော်သွားတာပါလား…။ မအိပ်ခင်က အဖြစ်အပျက်ကို ချက်ချင်း သတိရသွားသည်။ သတိရရချင်း နား အကြားအာရုံကို သတိထားမိသည်။ အခန်းထဲမှ ရေဒီယိုသံ ခပ်တိုးသဲ့သဲ့ကို ကြားနေရသည်ပဲ။ စူးစူးစိုက်စိုက် နားထောင်ကြည့်မိသည်… တိုးသဲ့သော်လည်း ပီပီသသ ကြားနေရသည်က ကိုယ်အလွန်နှစ်သက်သော Celine Dion ၏ Because you Loved me သီချင်းသံ…။ ပြီးတော့ အိမ်အပြင်ဖက်ကို လှမ်းကြည့်လိုက်သောအခါ တိမ်ပြာပြာတွေကြားမှာ ဟိုဟို ဒီဒီ လူးလာ ပျံသန်းနေကြသော အရောင်စုံ ငှက်ငယ်ပိစိလေးများကို တွေ့လိုက်ရသည်။ သည်သို့ဆိုလျှင် ကိုယ့်ရဲ့ အကြားအာရုံ အမြင်အာရုံတွေ ပုံမှန်အတိုင်း ရှိနေသေးသည်ပဲ။ ကိုယ် ဝမ်းသာသွားသည်မှာ ဆိုဖွယ်ရာ မရှိ။

သည့်နောက်တွင်မတော့ မနက်ခင်း၏ လတ်ဆတ်သော လေကို တဝကြီး ရှုရှိုက်ကာ မရောက်ဖူးသော နေရာ အသစ်တခုကို ရောက်နေသူတယောက်ပမာ တအိမ်လုံး ဟိုလျှောက် သည်လျှောက် နေရာအနှံ့ လျှောက်ကြည့်မိသည်။ ဘယ်နေရာမှာများ သူတို့တွေကို တွေ့ရအုံးမလဲဟု မရဲတရဲ ရှာဖွေကြည့်မိသေးသည်။ သည်တခါ သူတို့တွေကို တွေ့လိုက်လျှင် အရင်ကလို မသိကျိုးကျွန်ပြုကာ လက်ပိုက် ကြည့်နေမိမည်လား… သို့မဟုတ် ကိုယ်ထိလက်ရောက် တခုခု လုပ်ဖြစ်မည်လား… သိပ်တော့ မသေချာလှပါ။ သေချာတာတခုကတော့ အရွယ်အစား သေးငယ်သော်လည်း အစွမ်းထက်လှသော သူတို့တွေကို ကိုယ် အရင်ကထက် ပို၍ ကြောက်ရွံ့သွားခြင်းပင် ဖြစ်သည်။ အမှန်ကတော့ သူတို့တွေသည် ကိုယ့်အသားကို ကိုက်သွားခြင်း မဟုတ်၊ ကိုယ့်စိတ်ကို ကိုက်သွားခြင်းသာ…။ အသားကို ကိုက်လိုက်လျှင် တခဏသာ နာကျင်မည်ဖြစ်သော်လည်း စိတ်ကို ကိုက်သွားသောအခါ အချိန် အတော်ကြာကြာအထိ ခံစား နာကျင်နေအုံးမှာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ညနေဈေးသွားဝယ်ရန် ရေးမှတ်ထားသည့် ဈေးစာရင်းထဲတွင် ပုရွက်ဆိတ် နိုင်သော ဆေးဗူး တဗူးကို နောက်တိုး စာရင်းအဖြစ် ဖြည့်စွက် ရေးသားထား လိုက်မိသည်။ အနည်းဆုံးတော့ အရေးကြုံလျှင် သုံးနိုင်ရင် အဆင်သင့် ဆောင်ထားသော် မမှားနိုင် ဟု ထင်မြင်ယူဆ မိပါသည်။



မှတ်ချက်။ ။ ဤပိုစ့်အတွက် ပုရွက်ဆိတ်ပုံလေး ချက်ချင်းရေးဆွဲပေးခဲ့သော ပန်ပန့်ကို ချစ်ခင်စွာ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ထားပါသည်။


အတူတူ ဖတ်စရာ - ခြားနားခြင်း



Tuesday, July 13, 2010

ကမ္ဘာ့ဖလား မှတ်တမ်း

ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးပြီးသွားပြီ…။
ကိုယ်အားပေးသော အင်္ဂလန်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ အီတလီ စသည့် အသင်းကြီးတွေ တသင်းပြီး တသင်း ထွက်ကုန်ပြီး ကိုယ် သိပ်မနှစ်သက်လှသော အသင်းတွေသာ ကျန်နေခဲ့သောကြောင့် ကြည့်ရတာ အားမရလှ။ အင်း… ရှိပါစေတော့လေ… ကိုယ်တိုင်လဲ ဝင်မှ မကန်နိုင်တာ… ။ သည်နှစ်ပွဲမှာ ထူးထူးခြားခြား အမှတ်တရ ဖြစ်စေသော အကြောင်းတခုကတော့ ကိုယ့်လို ဝါသနာတူ သူငယ်ချင်း မိတ်ဆွေများနှင့် မျက်နှာစာအုပ်မှာ အတူ ဝေဖန်ရင်း လေကန်ရင်း ဘောလုံးပွဲတွေ ကြည့်ခဲ့ရခြင်းပင်။ အမှန်တကယ်ကို အမှတ်တရနှင့် အလွန် ပျော်စရာကောင်းခဲ့သည်။

ပြောပြရရင် ယုံမယ်မထင်... ဘောလုံးပွဲကို မျက်နှာစာအုပ်နှင့် အတူတူ ကြည့်ရှုအားပေးသူများအနက် အများစု (အများစု) မှာ မိန်းကလေးများ ဖြစ်ကြသည်။ ယောင်္ကျားလေးတွေ ဘယ်ဆီ ဘယ်ဝယ် ရောက်နေကြသည် မသိ…။ (တကယ် မသိပါ… ကာယကံရှင်များနှင့် သိသူများ ပြောပြကြပါရန်…)

ဘောလုံးပွဲ မစခင် ညဦးပိုင်းတွေမှာ တယောက်ကို တယောက် ကြည့်မယ် မကြည့်ဖူး သတိပေး သတင်းမေးကြသည်။ ဘောလုံးပွဲကြည့်ရင်း အပျင်းပြေ အိပ်ချင်ပြေ စားစရာ အစားအသောက်လေးများ စီစဉ်ပြီး မျက်နှာစာအုပ်ပေါ်တွင် (မစားရ ဝခမန်း) မျှဝေ ကျွေးမွေးကြသည်။ မနက်စောစော နှစ်နာရီခွဲပွဲတွေမှာ တယောက်ကို တယောက် နိုးပလားဟေ့ ဟု လှမ်းမေးကြသည်။ ပြီးတော့ ဘောလုံးပွဲကို သဲသဲမဲမဲ ကြည့်နေရတာက တဖက်၊ အိပ်ချင်ပြေ စားစရာ သောက်စရာတွေ စားနေ သောက်နေရတာက တဖက်၊ ပြီးတော့ လက်ထဲမှ ဖုန်းဖြင့် (အလွယ်တကူ) Twitter က တဆင့် Status Update လုပ်ရတာက တမျိုး၊ ပထမပိုင်းအပြီး အားလပ်ချိန်များမှာ မိမိ၏ ထင်မြင်ယူဆချက်များ၊ မကျေနပ်ချက်များကို မျက်နှာစာအုပ်မှာ ကော်မန့်တွေရေးပြီး ပေါက်ကွဲရသည်က တဖုံ၊ ပွဲပြီးသွားချိန်များ၊ နောက်တနေ့ မနက်တွေမှာလဲ မိမိတို့ စိတ်ထဲ ကျန်ရှိနေသေးသည်များကို အခဲမကြေနိုင်သေးပဲ အပြန်အလှန် ပြောကြ ဆိုကြနှင့်… ညကြီးအချိန်မတော်မှာ ကိုယ့်တွေထက် အလုပ်များသူတွေ ရှိနိုင်မည် မထင်။ အဲဒီဘောလုံးပွဲတွေက တလထဲ မို့သာပဲ... နှစ်လလောက်ဆိုရင် လူတွေလဲ ရူးကြောင် မူးကြောင် ဖြစ်သွားနိုင်သည်...။

ကိုယ့်အတွက်ကတော့ ဒါတွေတင်မက… နောက်တနေ့ အိပ်ချင်မူးတူးနှင့် ရုံးကိုရောက်… အားပေးသော အသင်းချင်း မတူသော လုပ်ဖေါ်ကိုင်ဖက်များနှင့်လည်း အငြင်းပွားရင်း ရန်လုပ်ရသေးသည်။ KFC ကျွေးကြေး အလောင်းအစား ပြုကြသေးသည်။ ဆိုးသည်ဟု ဆိုချင်ဆို… ဂျာမဏီကိုတော့ နဲနဲလေးမှ မေတ္တာမရှိ။ သူတို့ အသင်းက ဘောလုံးကန် ကောင်းသော်လည်း အလိုလိုနေရင်း အကြောင်းမဲ့ အသားလွတ် ဂျာမဏီကို မုန်းသောသူထဲမှာ ကိုယ်က ထိပ်ဆုံးက…။ သူကလွဲလျှင် ဘယ်သူနိုင်နိုင် ဟု သဘောထားသည်။ ရုံးမှ ဂျာမဏီကို အမာခံ အားပေးသူတယောက်နှင့်ဆို အချိန်ရသ၍ ရန်ဖြစ်နေမိသည်။ သူ ဂျာမဏီအသင်း၏ အမှတ်တံဆိပ်ပါသော ဘောလုံးအင်္ကျီ ဝတ်လာသောနေ့က လုံးဝကို အခေါ်အပြော မလုပ်ဖြစ်…။ ဂျာမဏီအသင်း ပြုတ်သွားပြီးမှ သနားပါတယ်… တတိယနေရာလောက်ကတော့ ပေးလိုက်ပါ့မယ်လေ ဟု တွေးကာ ပြန်ခေါ်လိုက်သည်…။




ဘယ်လိုပဲ ဖြစ်စေကာမူ သည်နှစ်အတွက် ကိုယ့်အကြိုက် အသင်းများ မနိုင်သော်လည်း ဟော်လန်နှင့်စာလျှင် စပိန်အသင်း နိုင်သည်ကို ဝမ်းသာမိသည်။ အရေးထဲ ခြေကားယား လက်ကားယား ရေဘဝဲကောင်လေးကလဲ ဒီနှစ်ကမ္ဘာ့ဖလားမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသေးသည်…။ သူလေးကို မေတ္တာထားကြသူများကလဲ အများသား… ကံကောင်းထောက်မ၍ ခုထိတော့ ဘာဘီကျူး ရေဘဝဲ မဖြစ်သေး…။ ကိုယ်သာ ဘောလုံးသမားဆိုလျှင်လည်း မကန်ရသေးခင် ကိုယ့်ကို နိုင်မည် ရှုံးမည်ဟု ဦးဦးဖျားဖျား ကြိုတင် နမိတ်ဖတ်နေသော သည်အကောင်ကို အမှုန့်ခြေချင်မည်မှာ မလွဲ…။ တော်တော်ဆိုးတဲ့ အကောင်လေး…

ဘယ်လိုပဲ ဖြစ်ဖြစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး သည်တချီတော့ ပြီးသွားခဲ့လေပြီ။ အသင်းလိုက်ကို သော်လည်းကောင်း၊ ဘောလုံးသမားများ တယောက်ချင်းစီကို သော်လည်းကောင်း ကန်သူမသိတဲ့ အချစ်တွေနှင့် လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ပြီးပြီ။ နောက် လေးနှစ်အကြာ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကို ၂၀၁၄ မှာ ဘရာဇီးမှာ ကျင်းပမည်တဲ့…။ ဝါသနာ မပါရှာပုံကတော့ အချိန်တွေ ကန့်လန့်တိုက်ပြီး ရုံးချိန်တွေ ဖြစ်နေလျှင် ကြည့်ရခက်နေမယ်လေဟု ဆိုကာ ဘရာဇီး နှင့် စကာင်္ပူ အချိန်ကွာခြားချက်ကို ရှာဖွေကာ တွက်ချက် ကြည့်လိုက်မိသေးသည်။ သူတို့က စလုံးထက် ၁၁ နာရီ တိတိ နောက်ကျသည်။ နေ့နဲ့ ည ပြောင်းပြန်နီးပါးပင်…။ သည်တော့ ကြည့်ရတာ အဆင်ပြေလောက်သည်…။

အဲဒီ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ ကျရင်လဲ ဝါသနာတူ ဒီသူငယ်ချင်း ဒီမိတ်ဆွေတွေနဲ့ ဒီနေရာမှာ ဒီလိုပဲ လူစုံ တက်စုံ အတူတကွ ပျော်ပျော်ပါးပါး ကြည့်နိုင်ကြစေရန် ဆုတောင်းမိပါသည်။ တို့ ပြန်လည် ဆုံတွေ့ကြပါစို့…။


မှတ်ချက် ။ ။ ဘောလုံးပွဲ အမှတ်တရ နှင့် အမာခံ ဝါသနာတူ သူငယ်ချင်း မိတ်ဆွေများအတွက် မှတ်တမ်းတင် ဂုဏ်ပြုစကားကို ဒီမှာ လဲ ဖတ်ကြည့်နိုင်သေးသည်။